Category: News

  • တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ  အလွန်သဘောထားတင်းမာသူဖြစ်

    တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်

    ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို

    ရခိုင်ပြည်၊ ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် အလွန် သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်၊ ဂွမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

    သေဆုံးသူ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် တပ်မ ၁၁ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် လဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ထားပြီးဖြစ်ကာ အပွင့်တင်ရန် စောင့်ဆိုင်းနေသူ ဖြစ်ကြောင်း၊ စစ်ဘက်ရေးရာ ထူးချွန်သူအဖြစ် မှတ်တမ်းရှိ၍ တပ်မ ၁၁ တပ်မမှူးအဖြစ် မင်းအောင်လှိုင်က တိုက်ရိုက် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် စစ်တပ်ကသာ ကြီးစိုး အုပ်ချုပ်ရမည်ဆိုသော အလွန်တင်းမာသော သဘောထား ရှိသူဖြစ်ကြောင်း၊ တပ်တွင်းတွင် လက်အောက်ငယ်သားများအပေါ် မညှာမတာ ဖိနှိပ်ရက်စက်သူအဖြစ်လည်း နာမည်ကြီးကြောင်း သိရှိရသည်။

    “သူက ဗိုလ်မှူးချုပ်ရာထူး ဖြစ်နေပါပြီ။ လစာကတော့ ဗိုလ်မှူးချုပ် ရာထူးလစာ စားနေပြီ။ အပွင့်တင်ဖို့ပဲ စောင့်နေတာ။ အဲဒီလို တပ်မမှူးတွေကို စစ်ရာထူးခန့်ချုပ်ရုံးက အဆိုပြု တင်ပြပြီးတော့ တပ်ချုပ်ကနေ တိုက်ရိုက် ရွေးချယ်ခန့်အပ်တာပါ။ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းက စစ်ဘက်ဆိုင်ရာ ထူးချွန်သူဆိုပြီး မှတ်တမ်းရှိတယ်။ ဘာသာရပ်ပိုင်းဆိုင်ရာ မှာ ထူးချွန်တာ။ အထက်က ပေးအပ်တဲ့ တာဝန်ကိုတော့ တသွေမတိမ်း လိုက်နာတဲ့နေရာမှာလည်း အင်မတန် စည်းကမ်းကြီး လိုက်နာသူလို့ နာမည်ကြီးပါတယ်။ တပ်မ ၁၁ တပ်မမှူးဆိုတာက ရှေ့ကို တပ်မှာ အနာဂတ်ရာထူးအလားအလာ သိပ်ကောင်းတဲ့သူမျိုးတွေဖြစ်တာပါ။ ဥပမာဆိုရင် တပ်မ ၁၁ တပ်မမှူးထဲမှာ ထူးချွန်သူဖြစ်တဲ့ ဗိုလ် ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဆိုရင် နံပါတ် ၃ ညှိကွပ်ရာထူးအထိ ရောက်ခဲ့ဖူးတယ်။ တပ်မ ၁၁ တပ်မမှူးဆိုတာ တပ်မှာ တကယ့်ကို ထူးချွန်ပြီး စည်းကမ်းသေဝပ်သူတွေ၊ အစဉ် အလာကြီးသူတွေကိုပဲ ခန့်တာပါ။ တကယ်သာ ဂွတိုက်ပွဲမှာ သူ ကျသွားတာဆိုရင်တော့ တပ်အတွက်တော့ အင်မတန်မှ ကြီးတဲ့ ဆုံးရှုံးမှုကြီးတယ်လို့ ပြောရနိုင်တယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

    တပ်မ ၁၁ သည် ရန်ကုန်တိုင်း၊ အင်းတိုင် တွင်တည်ရှိသည့် ခြေမြန်တပ်မဌာန ချုပ် တစ်ခု ဖြစ်ပြီး နေပြည်တော်စစ်ရုံး(ကက-ကြည်း)၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော တိုက်ခိုက်ရေးတပ်မတစ်ခုလည်းဖြစ်သည်။

    AA က ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ကာ ဂွမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့်  စစ်ကိုင်းတိုင်း တပ်မဟာသစ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာသစ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာသစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင်အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က တရားဝင်ဖိတ်ခေါ် လိုက်သည်။

    MDY PDF အနေဖြင့် စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းစစ်ဆင်သွားမည်ဖြစ်ကြောင်း ၊လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ၊ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော် လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေး တပ်ဖွဲ့ များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောဆိုသည်။

    “ကျနော်တို့ အနေနဲ့ စစ်ကိုင်းတပ်မဟာသစ်ဖွဲ့စည်းခြင်းပတ်သက်ပြီးတော့ လုံလောက်တဲ့ ကြိုတင် ပြင်မှုတွေဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ ၊ မဟာမိတ်ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင်ကိုမှ ကျနော်တို့ ထပ်ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့ ရှိလာမယ့်၊ ပူးပေါင်း လာမယ့် အင် အားစုတွေအသစ်တွေကိုလည်း တံခါးဖွင့်ကြိုဆိုသွားဖို့ရှိပါ့မယ်။ လက်ရှိ အချိန်မှာတော့ ကျနော်တို့ စစ်ကိုင်းတပ်မဟာနဲ့ပတ်သက်ပြီးတော့ တပ်နေရာချထားရေး၊ စစ်ဆင်ရေးဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အကျယ်တဝင့်ထုတ်ပြန်ဖို့မရှိသေးပါဘူး။” ဟု ၎င်းက ရှင်းပြသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၄ ခု နှစ် တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ကာ ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့သည်ဟု ဆိုသည်။

    “ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ လက်ရှိစိုးမိုးထိန်းချုပ်နယ်မြေအနေနဲ့က စစ်ကိုင်း တိုင်းဘက်မှာ ရှိတဲ့ ဒေသတစ်ချို့က ပထဝီအနေအထားအရ ချိတ်ဆက်နေတာဖြစ်တယ်။ ဒါကြောင့် မို့ကျနော်တို့ဟာ ရှေ့ဆက်ပြီးတော့ ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေမှာ စစ်ကိုင်းဘက်အခြမ်းကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရတာမျိုးတွေရှိလာတယ်။ ဒီအတွက်ကြောင့်မို့ပဲ ကျနော်တို့ဟာ စစ်ကိုင်းတပ်မဟာဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင်တော့ ကျနော်တို့ ရဲ့ ၂၀၂၅ ထဲမှာ အရှိန်မြှင့်ပြီးတော့ စစ်ဆင်ရေး တွေဖော်ဆောင်လုပ်မယ့် လုပ်ငန်းစဉ်တွေထဲက တစ်ခုလို့ ပြောရင်ရပါတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရှင်းပြသည်။

    MDY PDF သည် တအာင်းTNLA နှင့်ပူးတွဲ၍ မိုးကုတ်မြို့သိမ်းတိုက်ပွဲ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့သိမ်းတိုက်ပွဲ အများအပြားတွင် ပူးတွဲ ပါဝင်တိုက်ခိုက်ခဲ့သော တော်လှန်ရေးတပ်မတော်တစ်ခုလည်းဖြစ်သည်။

  • လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် လုပ်မည့် နှစ်သစ်ကူး New Year Countdown ပွဲတွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို ပေါ်တာဆွဲ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးရန်ရှိ

    ရန်ကုန်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် ယနေ့ ပြုလုပ်မည့် နှစ်သစ်ကူးပွဲ New Year Countdown တွင် ခိုက်ရန်ဖြစ်ပွားသူ လူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို စစ်မှုထမ်း တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးရန်ရှိနေကြောင်း ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းတွင် နှစ်သစ်ကူးပွဲ New Year Countdown ပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲအတွင်းတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း၊ ပွဲအတွင်း ခိုက်ရန်ဖြစ်ပွားသူလူငယ်များ၊ မူးယစ်ရမ်းကားသူ လူငယ်များနှင့် အခြေမဲ့ အနေမဲ့ လူငယ်များကို တပ် သားသစ်များအဖြစ် စုဆောင်းဖမ်းဆီးရန်အတွက် ပြင်ဆင်ထားကြောင်း၊ ယင်းပွဲတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက အရပ်ဝတ်များဖြင့်သာမက ယူနီဖောင်းအပြည့်အစုံဖြင့်ပါ လုံခြုံရေးယူကြမည်ဖြစ်ကြောင်း သိရှိရသည်။

    “ပွဲအတွင်း ပြစ်မှု ကျူးလွန်တဲ့ လူငယ်တွေတော့ ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် စုဆောင်းဖို့ လျာထားတယ်လို့ သိရတယ်။ မူးယစ်ရမ်းကားသူ တွေလည်း တပ် သားသစ်အဖြစ် စုဆောင်းခံရမယ်လို့ သိရပါတယ်။ ကောင်းကောင်းမွန်မွန်လာတဲ့သူတွေတော့ ပေါ်တာဆွဲတာမျိုးတော့ ညွှန်ကြားထားတာမရှိပါဘူး” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ရှင်းပြသည်။

    ၂၀၂၅ ခုနှစ် နှစ်သစ်ကူးပွဲ New Year Countdown ပွဲအတွက် စစ်တပ် ထုတ် ကုန်ဖြစ်သော မြန်မာဘီယာနှင့်အရက်များကိုလည်း ရောင်းချမည်ဖြစ်ပြီး ယင်းနေ့ ညတစ်ညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ထားသော အမိန့်စာလည်း ထွက်ရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

    “ဒီဇင်ဘာလ ၃၁ ရက်နေ့ ည နှစ်သစ်ကူးညအတွက်တော့ ညမထွက်ရအမိန့်ကို ပယ်ဖျက်တဲ့ အမိန့်စာလည်း ထွက်ရှိထားပါပြီ။ အဲဒီညတော့ ဖမ်းတာဆီးတာရှိမှာမဟုတ်ဘူး။ ပွဲအဝင်အဝမှာ မြန်မာဘီယာနဲ့ အရက်တွေလည်း ခွင့်ပြုချက်နဲ့ ရောင်းမယ်လို့ သိရတယ်”ဟု ထွေ/အုပ်သတင်းရင်းမြစ်က ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက လာမည့် ဇန်နဝါရီလတွင် စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူသစ်ကြိုတင်စုဆောင်းနေပြီး အထူးသဖြင့် ပွဲလမ်း သဘင်များသည် တပ်သားသစ် စုဆောင်းရန် ပစ်မှတ်နေရာများဖြစ်လာကြောင်း စုံစမ်းသိရှိရသည်။

  • ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

    စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး

    မကွေးတိုင်း၊ ကံမမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကံမြို့နယ်အတွင်းရှိ လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း လူစားမပေးနိုင်သည့် ကျေးရွာများထံမှ ငွေကျပ် သိန်း ၁၀၀ ယူဆောင်ကာ စစ်မှုထမ်း လူစားထိုး ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    “သူက စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ပေါ်တာလိုက်ဆွဲတယ်။ သူက ပွဲစားလို့ ဖြစ်နေတာပေါ့။ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် လူပေးဖို့တောင်းတာတွေရှိတယ်။ အဲလိုအချိန်မှာ လူမပေးနိုင်တဲ့ ရွာတွေက စန်းဝင်းမောင်အုပ်ကြီးဆီမှာ သိန်း ၁၀၀ နဲ့လူဝယ်ရ တာပေါ့။ တကယ်က သူက ကံမမြို့နယ်စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်စားနေတာ ပြီးရင်သူတို့ကအချိုးကျ ခွဲဝေယူကြတာ နောက်ထပ်ကြားသိရတာတစ်ခုက ကံမမြို့နယ်အပြင် ပန်းတောင်းမြို့နယ်ကပါ သူ့ဆီက လူစားထိုးဝယ်ရတာတွေရှိတယ်လို့ သိရတယ်” သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ကံမမြို့နယ်၊ ကျောက်မဲကျေးရွာနှင့် ဖရုံလှကျေးရွာ အကြားတွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသော အိမ်စီးကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်လက်ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကံမမြို့မှ မုံရွာ -ပုသိမ် လမ်းပိုင်းဘက်သို့ ကံပြား – ပြကြီးလမ်း အတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးခန့်လိုက်ပါလာ သည့် အဖြူရောင် Light Truck ကားကို ကျောက်မဲကျေးရွာနှင့် ဖရုံလှကျေးရွာ အကြား အရောက်တွင် မိုင်းဆွဲ ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို ဥသျှစ်ပင်မြို့ရှိ စစ်ဆေးရုံသို့ သယ်ဆောင်ကာ ဆေးကုသနေကြောင်း သိရ သည်။

    “မိုင်းဆွဲတယ်။ လက်နက်ငယ်နဲ့ဝိုင်းပစ်တယ်။ ၅ မိနစ် ၁၀ မိနစ်လောက်ပဲကြာခဲ့တယ်။ သူတို့ဘက် ပြန်ပစ်ခတ်နိုင်တာမျိုးမရှိဘူး။ ကျနော်တို့ဘက်က ပစ်တယ်။ ပြန်ဆုတ်လာတယ်။ သေဆုံးတဲ့သူတွေ ကိုတော့ ကံမပြန်သယ်တယ်လို့ ကြားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ သူတို့ဦးတည်နေတဲ့ ပုသိမ်-မုံရွာ လမ်းအတိုင်းတက်ပြီးတော့ ဥသျှစ်ပင်စစ်ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သတင်းရထားတယ်၊ အဲဒီဆေးရုံတင်ထားတဲ့အထဲက ၃ ယောက်ကလည်း ဒဏ်ရာအပြင်းအထန်ရထားလို့ သေနိုင်တယ်လို့ သိရတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက် ခရိုင် အမှတ် -၄ တပ်ရင်း တပ်ခွဲ ၂ မိုင်းတပ်စိတ်မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ထပ်ဖြည့်ပြောချင်တာ ပြည်သူတွေထက် စစ်ကောင်စီထောက်တိုင်တွေပေါ့။ ကံမြို့နယ်၊ မင်းတုန်း မြို့နယ်၊ သရက်မြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ပြောချင်တာ။ လက်ရှိ စစ်ကောင်စီက စစ်ရှုံးနေတယ်။ စစ်ရှုံးနေလို့ စစ်မှုထမ်းဖို့အတွက် ဒေသခံပြည်သူတွေကို မတရားဖမ်း ဆီးပြီးတော့ သူတို့တပ်အင်အားကို ဖြည့်နေရတယ်။ စစ်ပွဲတွေမှာ ကျဆုံးနေတာဟာ သေချာတယ်။ သူတို့ဘက်ကို ရပ်တည်နေတယ်ဆိုရင် အခုလိုမျိုး အသက်အန္တရာယ်တွေရှိမယ်။ ကျနော်တို့ ရှင်းလင်း ရတာမျိုးတွေရှိမယ်။ အဲဒါကြောင့် စစ်ကောင်စီနဲ့မပူးပေါင်းဖို့ ၊ စစ်ကောင်စီလက်အောက်ကနေ ရုန်း ထွက်ဖို့ အဓိက သူတို့ကို ပြောချင်ပါတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုမြတ်က ဆက်လက် ပြောဆိုသည်။

  • မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို

    မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို

    ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့က ညဦးပိုင်းအချိန် သားအမိ နှစ်ဦးတည်း ရှိနေတဲ့ နေအိမ်ကို လူသုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့မှုဟာ သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အမျိုးသမီး နှစ်ဦးတည်း ရှိနေချိန် လူငယ်သုံးဦးက ဝင်ရောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    သေဆုံးသူတွေဟာ ဒေါ်တင်မာဝင်း၊ ၅၃ နှစ်နဲ့ သမီးဖြစ်သူ မခိုင်ယဉ်ထွေး၊ ၁၉ နှစ်တို့ ဖြစ်ပြီး သတ်ဖြတ်သူတွေဟာ တောင်သာမြို့နယ်၊ သဘွတ်စုကျေးရွာအုပ်စုနေ ခန့်ဇော်ဟိန်း ၁၇ နှစ်၊ တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်၊ နယ်မြေ ၄ နေ စွမ်းပြည့်ပိုင် ၂၀ နှစ်နဲ့ တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်နေ ထက်မင်းခန့် ၂၂ နှစ်တို့ ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    အဲ့ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ရပ်ကွက်က ဝိုင်းဖမ်းပြီး ရဲလက်အပ်လို့ ရဲက စစ်ဆေး မေးမြန်းရာ သမီးရည်းစားကိစ္စ အဆက်ဖြတ်သွားရာက အခုလို လူသတ်မှု ဖြစ်ပွားကြောင်း ကျူးလွန်သူတွေက ထွက်ဆိုတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

    “၎င်းတို့အား မေးမြန်ခဲ့ရာ ယင်းနေ့ ည ၇ နာရီအချိန်တွင် စွမ်းပြည့်ပိုင်မှ သစ်သားရိုးတပ် အရိုးအသွား ရှစ်လက်မ ခန့်ရှိ ဓါးဦးချွန် တစ်ချောင်းအား အသင့် ကိုင်ဆောင်၍ လည်းကောင်း၊ ခန့်ဇော်ဟိန်းမှ သံရိုးတပ် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓါးဦးချွန် တစ်ချောင်းအား အသင့်ကိုင်ဆောင်၍ လည်းကောင်း၊ ထက်မင်းခန့် နှင့်အတူ ၎င်းတို့ သုံးဦးသည် စွမ်းပြည့်ပိုင်နှင့် လွန်ခဲ့သော နှစ်လခန့်က လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပြီး အဆက်အသွယ် ဖြတ်သွားခဲ့သည့် မခိုင်ယဥ်ထွေး အား မကျေနပ်သဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ မခိုင်ယဥ်ထွေး၏ နေအိမ်သို့ ရောက်ရှိစဥ် နေအိမ်တံခါး ဖွင့်ခိုင်းရာ ဒေါ်တင်မာဝင်း မှ တံခါးဖွင့်ပေးသဖြင့် နေအိမ်ဧည့်ခန်းအတွင်း စကားများ ရန်ဖြစ်ရာ ဒေါ်တင်မာဝင်း က ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီ တောင်းခဲ့သောကြောင့် စွမ်းပြည့်ပိုင် က အသင့်ပါလာသော ဓါးဖြင့် မခိုင်ယဥ်ထွေး အား ထိုးသတ်ခဲ့ကြောင်း၊ ခန့်ဇော်ဟိန်းက ဒေါ်တင်မာဝင်းအား ထိုးသတ်ခဲ့ပြီး ထက်မင်းခန့်မှ ဝိုင်းဝန်းချုပ်နှောင် ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထွက်ဆိုချက် အရ သိရသည်” လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။

    မိခင်ဖြစ်သူ ဒေါ်တင်မာဝင်းမှာ ယာလည်ပင်းပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာ သုံးချက်၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲ-လက်ခလယ် ပြတ်ရှဒဏ်ရာ၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ဓားဒဏ်ရာ ခုနှစ်ချက်၊ သမီးဖြစ်သူ မခိုင်ယဉ်ထွေးမှာ ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲ-နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဆီးခုံပေါ်ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာ သုံးချက်၊ ဝဲ/ယာခါးထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲ-ပေါင်ရင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ စုစုပေါင်း ဓားဒဏ်ရာ ၁၀ ချက်နဲ့ နေိအိမ်ဧည့်ခန်း ထဲမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    မိတ္ထီလာမြို့ဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုးထားတဲ့ မြို့ဖြစ်ပြီး မိတ္ထီလာမှာ စစ်အုပ်စုရဲ့ အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၉၉)နဲ့ ရှမ်းတဲလေတပ်စခန်း အပါအဝင် စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့ ၄၀ ကျော် အခြေပြုထားတဲ့ မြို့ဖြစ်ပါတယ်။ မိတ္ထီလာမြို့ပေါ် နေထိုင်သူ အများစုဟာ စစ်အုပ်စု လက်အောက်ခံတွေ၊ စစ်အုပ်စုနဲ့ ပတ်သက်ဆယ်နွှယ်သူတွေ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိတ္ထီလာ အပါအဝင် မန္တလေးတိုင်းအတွင်း လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စု ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးနဲ့ သွေးသောက်တွေ ကိုယ်တိုင်ကလည်း လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။