Category: News

  • တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅လုံးအောင်မြင်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

    “ထိခိုက်ပျက်စီးမှုအတော်ကြီးတယ်လို့ သိရတယ်၊ အသေးစိတ်ကိုနောက်ဆက်တွဲအနေနဲ့ ကြေညာပါ့မယ်” ၎င်းက ပြောသည်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်အပြီး ၂ရက်အကြာတွင် နောက်ထပ်စစ်ဌာနချုပ်စခန်းဟာ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်သည်။

    အဆိုပါစစ်ဆင်ရေးကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တပခသည် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိတော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင် နေသည့် စစ်ဌာနချုပ် ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

    အထက်ပါ မဟာမိတ်အဖွဲ့များသည် ဒီဇင်ဘာ ၁၁ရက်က တောင်ငူလေတပ်စခန်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သေးသည်။

    လက်ရှိတွင် စစ်ကောင်စီမှာ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ ဆုံးရှုံးလက်လွှတ်ထားရသည်။

    ထို့အပြင် ကျန်သည့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တို့ကိုလည်း တော်လှန်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုခံနေရသည်။

    (တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – MKCDF)

  • တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး

    မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး

    မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု

    ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရှေ့တန်း ပို့ဆောင်လိုက်၍ နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူက မိုးညိုမြို့နယ် ထွေ/အုပ်ရုံး၌ မိခင် ဖြစ်သူက သားဖြစ်သူ သတင်းကို သွားရောက် စုံစမ်းပြီး တွေ့ခွင့် တောင်းစဉ် တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့ဆောင်လိုက်ပြီဟု စစ်သားများက ပြောဆိုကြောင်း ၊ ရှေ့တန်းပို့ဆောင်ခံရသည်ကို ကြားသည်နှင့် မိခင်ဖြစ်သူမှာ နေရာတွင်ပင် စိုးရိမ်မှုများဖြင့် ငိုကြွေးကာ နှလုံးရောဂါအခံဖြင့် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် မိခင်ဖြစ်သူ၏ နာရေးကို သဂြိုလ်ရာတွ် တပ်သားအဖြစ် စုဆောင်းခံထားရသော သားဖြစ်သူကို လက်ထိပ်ခတ်၍ စစ်သားတချို့က ၀ိုင်းလျက် လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့ကြောင်း၊ မိခင် နာရေးပြီးဆုံးချိန်တွင် စစ်တပ်က ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

    “ဗောဓိကုန်းကျေးရွာက လူငယ် ၁ ဦးကို စစ်ခွေးတွေက နေအိမ်ထဲထိ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတာကို မိခင်ဖြစ်သူက မိုးညိုထွေအုပ်ရုံးမှာ သားဖြစ်သူရဲ့ သတင်းကို သွားစုံစမ်းပြီး တွေ့ခွင့်တောင်းတာကို တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့လိုက်ပြီလို့ စစ်ခွေးတွေက ပြန်ပြောဆိုလိုက်လို့ မိခင်ဖြစ်သူ နှလုံးရောဂါအခံကြောင့် နေရာမှာပဲ လဲကျသေဆုံးသွားပါတယ်။ မိခင်ရဲ့ နာရေးကိုလည်း သားဖြစ်သူက လက်ထိပ်တန်းလန်းနဲ့ လိုက်ပို့ရပါတယ်။ တကယ့်ကို ရင်နာစရာ ဘဝတွေပါ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    လတ်တလော မိုးညိုမြို့နယ်တစ်ခုလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် ဖြစ်ပွားနေပြီး လူငယ်များမှာ တောတောင်များနှင့် လယ်တောများထဲတွင် ညပိုင်း သွားရောက်အိပ်စက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရှမ်းပြည်တောင်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၈ တက်ရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။

  • အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    ရေကြည်မြို့ အ​​​​ခြေစိုက် အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်အချို့ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

    ရခိုင်ပြည်နယ်၊ ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်နက်အချို့ပို့ဆောင်ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

    “လေယာဥ်တွေပို့တာတော့ ခုရက်ပိုင်းမှာပဲ၊ လေယာဥ်ဆင်းဖို့လည်း လမ်းဖောက်ပြီး အဆောက်အအုံအချို့လည်း လုပ်နေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒါတွေလုပ်လာကြတာပါ”ဟု မြောက်စမ်း အမြောက်တပ် ၃၄၄ နှင့် နီးစပ်သူက ပြောသည်။

    ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် ၃၄၄တွင် ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ အရေးပေါ် လေယာဥ်ကွင်း ဖောက်လုပ်လျက်ရှိပြီး လက်ရှိတွင်လည်း အဆောက်အုံအချို့လည်း ထပ်မံဆောက်လုပ်လျက်ရှိကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူကပြောသည်။

    ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ဒေသခံများကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ရက်နှင့် ၁၉ရက်နေ့များတွင် နောက်ဆုံးထား၍ မြောက်စမ်း အမြောက်တပ် ၃၄၄ က ရွေ့ပြောင်းခိုင်းထားကြောင်း ဒေသခံများကပြောသည်။

    ထို့အပြင် ရေကြည်မြို့နယ်ရှိ ဆင်​သေကျေးရွာ၊ သက္ကယ်ပြင်ကျေးရွာ၊ ကုန်းမြင့်ကျေးရွာအပြင် ငါးသိုင်း​ချောင်းမြို့နယ်အတွင်းရှိကျေးရွာ​အချို့မှာလည်း စစ်ရှောင်ရန်အသင့်ပြင်ဆင်ထားကြောင်း ဒေသခံများကပြောသည်။

    လက်ရှိ ဂွမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊ သာပေါင်းစသည့် မြို့နယ်များမှ ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံများက​ပြောသည်။

    ဓာတ်ပုံ-စစ်ကောင်စီ၏ အမြောက်တပ် (ပုံဟောင်း)ကို ပြန်လည်အသုံးပြုထားသည်

  • ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်

    ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်

    ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေ

    စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ဖမ်းဆီးရရှိသည်နှင့် ကျူးလွန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်စီရင်မည်ဟု AA က သတိပေး

    ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့သိမ်းတိုက်ပွဲမှာ AA နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေကြောင်း AA က သတင်းထုတ်ပြန်သည်။

    အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြိုလေးမြိုအနက်မှ လက်ရှိအချိန် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း၊ ဂွမြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီဖြစ်ကြောင်း၊ အာရက္ခတပ်တော်တပ်ဖွဲဝင်များကလည်း ဂွ မြို သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

    ဂွမြို့သို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များကို မည်သိုပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲစည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ၊ စစ်ကောင်စီ တပ်ဖွဲဝင်များ မှာ တိုက်တိုင်းရှုးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်ကြောင်း AA က ဆိုသည်။

    စစ်တပ်က ဂွမြိုရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှိဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတိုကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းအတွင်းသို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်တပ်ကို AA က အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီတပ်က ဂွမြို့နယ်၊ “အလယ်ရွာ”ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတိုအခြေစိုက်ရာ ခမရ ၅၆၃ အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှိဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီ၏ ထိုကဲ့သို မီးရှိဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

    စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA က သတိပေးထားသည်။

    ဓာတ်ပုံ- AA က ရခိုင်တွင် သိမ်းပိုက်ထားသော စစ်ကောင်စီတပ်ဌာနချုပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

  • မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်

    စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား

    ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။

    လတ်တလော အချိန်အထိ အဆိုပါ အခမ်းအနား သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည်ဟု စီစဉ်ထားပြီး ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အဝင်လမ်းများကို ပြုပြင် ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ ကမ်းနားလမ်းမှ တပ်ထဲအထိ ဝင်သည့် လမ်းများကိုလည်း ဆေးသုတ်နေကြောင်း၊ ထို့ပြင် လမ်း၌ ရပ်နားထားသော ကွန်တိန်နာကားများကိုလည်း ရှင်းခိုင်း ထားကြောင်း သိရသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ ပြုလုပ်မည့် အခမ်းအနားတွင် စစ်သင်္ဘော ၂ စီး ရေချ၍ တပ်တော်ဝင်မည်ဖြစ်ကြောင်း၊ စစ်သင်္ဘော ၂ စီး တပ်ဝင်တော်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ် ရေချပေးမည်ဖြစ်ကြောင်း သိရှီရသည်။

    “ရေတပ် ဘောလုံးကွင်းထဲမှာ ရေတပ် နှစ်ပတ်လည် အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲတွေအတွက် ပြန်ဆောက်နေကြပြီ။ စတိတ်စင်တွေလည်း ဆောက်ထားတာတွေ့တယ်။ ဧရာ၀တီရေတပ်ဌာနချုပ် ထဲဝင်တဲ့ အဝင်လမ်းတွေကို ပြုပြင် ရှင်းလင်းထားတယ်။ ကမ်းနားလမ်းကိုလည်း တပ်ထဲ အဝင်ထိ အလယ် လမ်းတွေ ဆေးသုတ်ပြီး လမ်းမှာ ရပ်၊ အိပ် လုပ်တဲ့ ကွန်တိန်နာကားတွေကိုလည်း ရှင်းခိုင်းထားတယ်။ လုံခြုံရေးကိုလည်း အရင်နဲ့မတူဘူး။ ပိုတင်းကျပ်ထားတယ်။ ပွဲကိုတော့ ဒီဇင်ဘာလ ၂၄ ရက် တစ်ရက်ပဲ လုပ်မယ်။ သန်လျင် ဆိပ်ကမ်းမှာ သင်္ဘော၂စီး ရေချပြီး တပ်တော်ဝင်မယ်။ တပ်ချုပ်တက်ပြီး ဖွင့်လှစ်ပေးမယ်။ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းလုပ်မယ်။ လုံခြုံရေးကြောင့် တပ်ချုပ် တက်၊ မတက်နဲ့ အချိန်အပြောင်းအလဲ ရှိနိုင်တယ်။” ဟု တပ် သတင်းရင်းမြစ်ကပြောဆိုသည်။

    သန်လျင်မြို့နယ်မှ ပြည်သူများကလည်း ယခုရက်ပိုင်းအတွင်း သန်လျင်မြို့နယ်တွင် စစ်တပ်က ၂၄ နာရီ လုံခြုံရေး ပြင်ဆင်နေကြောင်း၊ နံနက်ပိုင်းမှ ညတစ်ညလုံး စစ်ကားများ၊ ဆိုင်ကယ်များဖြင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ကင်းလှည့်နေသည့်အပြင် စစ်ဆေးရေးများကိုလည်း ပိုမို လုပ်ဆောင်လာကြောင်း ပြောဆိုကြသည်။

    ” မအလ သန်လျင်လာမယ်လို့ ကြားတယ်။ စခ၊ ရခနဲ့ ပျူတွေက ကားတွေဆိုင်ကယ်တွေနဲ့ နေ့ရော ညပါ လုံခြုံရေးကင်းတွေလှည့်နေပါတယ်” ဟု သန်လျင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    ရခိုင်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီး ဗိုလ်မှူးချုပ် အဆင့်စစ်ခေါင်းဆောင်များ ဖမ်းဆီးခံနေရခြင်း၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နယ်မြေများ ဆုံးရှုံးနေခြင်းများ ကြုံတွေ့နေရချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင်မင်းအောင်လှိုင်မှာ အမျိုးသားအားကစားပွဲတော် တက်နေခြင်း အပါအဝင် ပွဲများ ကျင်းပ တက်ရောက် နေမှုဖြင့်သာ အချိန်ကုန်နေ၍ ပွဲကြိုက်ခင် စစ်ဗိုလ်ချုပ်အဖြစ် တပ်တွင်း ဝေဖန်နေကြကာ စစ်တပ်၏သမိုင်းတစ်လျှောက်လုံးတွင် အညံ့ဖျင်းဆုံးသော ခေါင်းဆောင်အဖြစ် ပြစ်တင်ရှုတ်ချနေကြသည်။