Category: News

  • ဧရာဝတီ ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ

    ဧရာဝတီ ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ

    ဧရာဝတီတိုင်းသို့ အရက္ခတပ်တော်(အေအေ)ဝင်တိုက်မည်ကြောက်သဖြင့် ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ

    ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

    ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အခြားဝန်ကြီးများအပါဝင် တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းတို့က မော်တင်စွန်းသို့ဘုရားသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကသွားရောက်ပြီး ယတြာချေမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးထံမှ သိရသည်။

    ” အဓိကတော့ ပီဒီအက်တွေဝင်လာမှာထက် အေအေ တွေဝင်လာမှာကို ဝန်ကြီးချုပ်က ကြောက်နေတာ၊ ခုက ငါးသိုင်းချောင်းတို့ သာပေါင်းတို့ အဲ့ဘက်တကျောမှာ အင်အားတွေပို့ပြီး ပိတ်ထားပေမယ့် သူနောက်ကျောမလုံသလိုဖြစ်နေပုံရတယ်။ သူရော အသစ်ရောက်လာတဲ့ နတခမှူးရော ပေါင်းပြီး ယတြာတွေချေနေတာ ၂ ခါရှိပြီ၊ ခုအခေါက်ကတော့ နတခမှူး မပါဘူး ဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူး ပေါင်းလုပ်တာ” ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးမှ ပြောသည်။

    ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် အသစ်ရောက်ရှိလာသည့် စစ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်တို့သည် ပုသိမ်မြို့နှင့် ဧရာဝတီတိုင်းအတွင်း တိုက်ပွားမဖြစ်ပွားရေးအတွက် ရည်ရွယ်ပြီး ဂျိုးဖြူငှက်များလွှတ်ကာ ၂ ကြိမ်တိုင်တိုင် ယတြာချေခြင်းများပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

    ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများ ဧရာဝတီတိုင်းသို့ ရောက်ရှိဖို့နီးကပ်လာချိန်တွင် ယခုလဆန်းပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား ရခိုင်စစ်မျက်နှာပြင်အတွေ့အကြုံရှိသည့် ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် အစားထိုးခြင်းပြုလုပ်ခဲ့သော်လည်း လက်တွေ့တွင် ရခိုင်စစ်မျက်နှာပြင်အကြောင်းသိသည့် ရခိုင်ပြန် ဗိုလ်မှူးချုပ် စိုးကျော်ထက်မှာ ဧရာဝတီတိုင်းသို့ အရက္ခတပ်တော်ဝင်ရောက်လာမည်ကို ၎င်းကိုတိုင်း ကြောက်ရွံနေကြောင်း တပ်တွင်းသတင်းများအရသိရသည်။

    ထို့ကြောင်း တိုင်းဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့မှာ ၎င်းတို့၏ ဇနီးများလမ်းညွှန်သည့်အတိုင်း ဗေဒင်နှင့် အဆောင်လက်ဖွဲ့များပြုလုပ်ထားပြီး မကြာခဏဆိုသလို ဂျိုဖြူငှက်များ လွှတ်ကာ ယတြာချေခြင်းများပြုလုပ်နေကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

    လက်ရှိအချိန်တွင် အရက္ခတပ်တော်(အေအေ)မှ ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဂွမြို့နယ်ကို တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရေးအရ အသာစီရနေသလို စစ်ကောင်စီတပ်သားများလည်း နေ့စဉ် ထိခိုက်မှုများနှင့် အလင်းဝင်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

  • မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်တပ်ရင်း (၃)မှရဲဘော်ခုနစ်ဦး ကျဆုံး

    မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်တပ်ရင်း (၃)မှရဲဘော်ခုနစ်ဦး ကျဆုံး

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင်အမှတ် (၃)တပ်ရင်းမှ ရဲဘော်ခုနစ်ဦး ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်သည်။

    ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army (YA)နှင့် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။

    မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ (၂၇၄)တပ်ရင်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး မြို့လုံးကျွတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မင်းတပ်မြို့ စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း ၁၆၀ဦးခန့်အား ဖမ်းဆီးရမိထားကြောင်း အသိပေးသည်။

    ထို့ပြင် ၁၂၂ မမလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

    စစ်ဆင်ရေးအတွင်း မုံရွာခရိုင်အမှတ်(၃) တပ်ရင်းမှ ပြင်းထန်စွာဒဏ်ရာရသူ ၃ဦး ၊ ကိုယ်အင်္ဂါ ပြတ်တောက်သူ ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၁၄ ဦး ရှိခဲ့ပြီး ကျဆုံး ရဲဘော် ၇ဦး ရှိခဲ့သည်ဟု အသိပေးသည်။

    တိုက်ပွဲအတွင်းကျဆုံးထိခိုက်အခြေအနေကို ချင်းညီနောင်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

    ထို့အပြင် ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်မှူးတစ်ဦးက မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသည့် တော်လှန်ရေးရဲဘော် ၂၀၀ ခန့်ရှိခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

    ယင်းအနက်မှ သုံးပုံတစ်ပုံသည် ရှေ့တန်းစစ်မြေပြင်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

    ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မုံရွာခရိုင်အမှတ် (၃)တပ်ရင်းအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    အဆိုပါမြို့သိမ်းစစ်ဆင်ရေးအား အာရက္ခတပ်တော်(AA)မှ စစ်ကူ၊ စစ်လက်နက်ခဲယမ်း၊ စစ်ရေးဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးပေးခဲ့ဟု မုံရွာခရိုင်တပ်ရင်း(၃)နှင့် ချင်းညီနောင်က အသိပေးထားသည်။

    ချင်းညီနောင်သည် ဒီဇင်ဘာ ၂၁ ရက်တွင် မင်းတပ်မြို့ကိုသိမ်းပိုက်ပြီးနောက် မင်းတပ်နှင့် နယ်မြေစပ်ဆက်နေသည့် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်များမြို့ကို စွန့်ခွာထွက်ပြေးသွား၍ ဒီဇင်ဘာ ၂၂ ရက်တွင် ကန်ပက်လက်မြို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။

    ချင်းညီနောင်၏မြို့သိမ်းစစ်ဆင်ရေးများအတွင်း မဟာမိတ်များက ပါဝင်ကူညီပြီး ချင်းညီနောင်အနေဖြင့်လည်း အခြားဒေသများ လွတ်မြောက်ရေးအတွက် တက်နိုင်သည့်ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။

    (မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – Chinland News)

  • စစ်တွေတွင် AA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

    စစ်တွေတွင် AA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

    စစ်တွေမြို့အနီးရှိ ကျားမသောက် စစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်(AA)က စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ​ဒေသခံအချို့က​ပြောသည်။

    စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

    “ကျားမသောက်ဂိတ်က စစ်တွေအဝင်ဘက်မှာရှ်ိတာ။ စစ်ကောင်စီအင်အားများတယ်။ ဒီနေ့ တိုက်ပွဲဖြစ်လို့ ဒေသခံတွေရှောင်ရတာရှိတယ်။ အရင်ရက်ကတော့ စစ်တွေနဲ့ပုဏ္ဏားကျွန်းဝန်းကျင်မှာ လေကြောင့်တိုက်ခိုက်မှုရှိတယ်။ ဒီနေ့တော့မရှိသေးဘူး” ဟု ရခိုင်စစ်‌ ရေးသတင်းမြစ်တဦးကပြောသည်။

    ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    AAသည် ရခိုင်ပြည်နယ်တွင် လက်ရှိတိုက်ခိုက်နေဆဲ ဂွမြို့နှင် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူထားနိုင်ပြီဖြစ်သည်။ ဂွမြို့ကိုလည်းမကြာခင်သိမ်းယူနိုင်တော့မည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

    အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်လက်နက်ချရန် ဒီဇင်ဘာ ၂၀ ရက်က နပခအား သိမ်းယူသည့်တိုက်ပွဲတွင်ဖမ်းမိထားသည့်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းသည်ရုပ်သံဖိုင်ကို AAက ဒီဇင်ဘာ ၂၆ ရက်ည တွင်ထုတ်ပြန်သည်။

    ယခုရက်ပိုင်းတွင် ကျောက်ဖြူနှင့်မာန်အောင်မြို့၌ စစ်ရေးလှုပ်ရှားမှုမရှိသော်လည်း စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများရှိသလို AAတပ်ဖွဲ့ဝင်များလည်းရှိနေသည်ဟု သိရှိရသည်။

    AAသည် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင် မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်တွေမြို့သည် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး စစ်ကောင်စီက ရေလမ်းကြောင်းကိုပိတ်ဆို့ထားသလို မြို့တွင်း၌လည်း ခံစစ်ပြင်ဆင်ထားသည်။

    (အမ်းမြို့သိမ်းတိုက်ပွဲ နှင့် နပခ သိမ်းရန် ထိုးစစ်ဆင်​ခဲ့​သော AAတပ်ဖွဲ့ဝင်များ ၊ ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်။ဓါတ်ပုံ-AA)

  • စစ်တပ်မိသားစုတွေ ဗေဒင်၊ ယတြာတွေကို အားကိုးနေကြရ (ရုပ်/သံ)

    စစ်တပ်မိသားစုတွေ ဗေဒင်၊ ယတြာတွေကို အားကိုးနေကြရ (ရုပ်/သံ)

    နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ ဆိုးဆိုးဝါးဝါး ကျရှုံးမှုတွေ ကြုံလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ မိသားစုဝင် တွေဟာ ဗေဒင်တွေ၊ ယတြာတွေကို ပိုပြီး အားကိုးအားထား ပြုလာကြတယ်လို့ စစ်တပ် မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

    စစ်တပ်မိသားစုတွေဟာ စစ်အာဏာရှင် အဆက်ဆက် ဗေဒင်၊ ယတြာတွေကို အစွဲပြု သုံးစွဲခဲ့ကြတာတွေ ရှိခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ကူကယ်ရာအဖြစ် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    မြေပြင်က အခြေအနေတွေ ပိုပြင်းထန်လာတဲ့ အတွက် တပ်နေရာတွေ မကျရေး၊ တပ်သားတွေ မကျရေး၊ စစ်မြေပြင် မထွက်ရရေးနဲ့ ပျောက်နေတဲ့ တပ်သားတွေ ပြန်ရှာတွေ့ရေး၊ ဘေးကင်းရေးတွေအတွက် ယတြာအစီအရင်တွေ လုပ်ဆောင်နေကြရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

    ဗေဒင်၊ ယတြာ လောကီ အစီအမံတွေဟာ ကံ၊ ဉာဏ်၊ ဝိရိယ ၃ပါးကို အထောက်အကူ ပြုနိုင်ပေမယ့် စစ်ရေး၊ တိုက်ခိုက်ရေးတွေ အတွက် ဒီလမ်းစဥ်တွေကို အသုံးပြုတာဟာ လွဲမှားနေပြီး ကဏ္ဍအစုံမှာ ယိုင်နဲ့နေတဲ့ စစ်ကောင်စီအတွက် ဒီဗေဒင်၊ ယတြာတွေ၊ အဆောင်၊ အင်းကွက်တွေဟာ အလုပ် မဖြစ်နိုင်တော့ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

  • ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)

    ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)

    မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။

    တပ်မ ၁၀၁ က အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်သားတွေဟာ ဒီဇင်ဘာ၂၄ ရက်မှာ ကမ္မမြို့၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးကာ ၂၆ ရက်မှာ ကမ္မမြိို့ပေါ်ကိုရောက်လာတာလို့ ဆိုပါတယ်။

    အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ၂၆ ရက် မနက် ၇ နာရီခန့်မှာ ကမ္မမြို့ပေါ် စည်ပင်သာယာဈေးက ဈေးဆိုင်ခန်းတွေကိုဖောက်ပြီး ပစ္စည်းတွေကိုယူဆောင်သွားတာလို့ ဆိုပါတယ်။

    ဈေးဆိုင်ခန်းတွေကို ဖောက်ပြီး ကမ္မမြို့ရဲစခန်းကိုပြန်ချိန် မနက် ၈ နာရီခန့်မှာ ဒရုန်း ဗုံးသီး ၅၀ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမသိရသေးဘူးလို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

    ဖောက်ထွင်းခံခဲ့ရတဲ့ ဈေးဆိုင်ခန်း ၈ ခန်းလောက်ရှိပြီး ငွေကျပ် ၁၀ သိန်းဖိုးလောက် ပါသွားတယ်လို့ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု၊ Three Brothers Drone Force၊ Black Eagle Drone Force၊ ပေါက် ပကဖ Drone Team၊ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြိုင် ပကဖ Drone အဖွဲ့ ၊ MGPDF(ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ မကွေးတိုင်း Drone Team ၊ မဟာမိတ် Drone အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက်မှာ ကမ္မမြို့ပေါ်ရောက်နေတဲ့ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေဟာ ကမ္မမြို့အရှေ့ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။