Category: News

  • မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

    မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

    အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

    ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာဂိုယာမြို့ Yabacho ပန်းခြံကနေ စတင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

    “အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု့နဲ့ ICC တရားရုံးက အမြန်ဆုံးအတည်ပြုပေးပို့ တောင်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှာရှိတဲ့ မီးရထားဘူတာနားက Yabacho ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်အောင် ပြုလုပ်ခဲ့တာပါ။ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် နံပတ် ၁ အချက်အနေနဲ့ ၂၀၂၅မှာ သူတို့ကျင်းပချင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် အခြားနိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် အသိအမှတ်ပြုလို့မရ ဖြစ်သွားမယ်။ နောက်တစ်ချက်က တရုတ်က မင်းအောင်လှိုင်ကို ဆက်ဆံရေးတွေ လျော့ကျသွားမယ်။ မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း စစ်တပ် တပ်တွင်းမှာ ပြိုကွဲမှုတွေဖြစ်နိုင်တာမို့ အခုလိုပွဲကို စီစဉ်လုပ်ဆောင်ခဲ့တာပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ အိုမိုတာမွန်ချီက ပြောပါတယ်။

    ဂျပန်ရောက်မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူရှိနေတယ်ဆိုတာ ပြသတာလည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

    ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဆန္ဒပြနေကြသလို ဒီနေ့တစ်ရက်တည်းမှာပဲ တိုကျိုမြို့မှာလည်း မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအပေါ် ကူညီနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။

    ဓာတ်ပုံ – ပေးပို့။

  • စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရ

    စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရသည့်အတွက် ဂွမြို့ကို လက်လွှတ်ရတော့မည်ဟု AA ပြော

    စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်သည်။

    ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သား သစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြကြောင်း AA က ဆိုသည်။

    “ခမရ ၅၆၂ ထဲက စုပြီး ခံစစ်ဆင်နေတဲ့ တပ်ဖွဲ့တွေ ထက်ဝက်ကျော်တယ် ထွက်ပြေးတာ။ သူတို့ကို AA က လိုက်ပစ်တော့ ရွာတွေထဲဝင်ပြေးလို့ တိုက်ပွဲက ကျယ်ပြန့်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    ထို့ကြောင့် စစ်ရှုံး စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိ‌ကြောင်း သိရသည်။

    ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က အဆက်မပြတ် လိုက်လံစစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။

    AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကလည်း ဂွအခြေစိုက်တပ်ရင်းနှစ်ခုအနက်မှ စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်ပြီး ခမရ ၅၆၂ တပ်ရင်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။

    စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက် နှင့် ၁၈ ရက်နေ့များတွင် ဂွမြို့နယ်၊ အလယ်ရွာကို မီးရှို့ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း နံနက် ၇ နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

    စစ်ကောင်စီ၏ ထိုသို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း AAက က ဆိုသည်။

    စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်(AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်‌ကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။

  • တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

    တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ AA ထုတ်ပြန်

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများက AA က ယနေ့ ထုတ်ပြန်သည်။

    ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ ၅၄၄ ၊ ခမရ ၃၄၆ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အာရက္ခတပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    AA က ပလက်ဝမြို၊ ပေါက်တောမြို၊ မင်းပြားမြို၊ မြောက်ဦးမြို၊ ကျောက်တော်မြို၊ မြေပုံမြို၊ ပုဏ္ဏားကျွန်းမြို၊ ရမ်းဗြဲမြို၊ ရသေ့တောင်မြို၊ ဘူးသီးတောင်မြို၊ သံတွဲမြို၊ တောင်ကုတ်မြို နှင့် မောင်တောမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

    လက်ရှိအချိန်၌လည်း ဂွမြိုနယ်အတွင်းရှိ စစ်ကောင်စီတပ်များကို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ဂွမြို၏ သုံးပုံနှစ်ပုံခန့်ကိုလည်း AA က သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

    ထိုကြောင့် ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးပါက AA က ဆက်လက်သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင် ၃ မြို့သာ ကျန်ရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

  • မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းမှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံး

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ် စစ်ကူများကို ချေမှုန်းခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ မြိုင်မြို့နယ်၊ သရက်ကွရွာ ပျူစောထီးစခန်းကို တော်လှန် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး၍လည်းကောင်း၊ မြိုင်မြို့၌တပ်စွဲထားသော အင်အား ၁၅၀ ခန့်ပါ စစ်ကူစစ်ကြောင်းလွှတ်၍ လည်းကောင်း အပြင်းအထန်ခုခံခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

    မြိုင်မြို့မှ စစ်ကူပေးရန်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ ၃၀ ခန့်အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မြိုင်မြို့အတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့ပြီး သရက်ကွရွာ ပျူစောထီးစခန်းကို သိမ်းပိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း သိရသည် ။

    အဆိုပါ စစ်ဆင်ရေးကို မြိုင် ပကဖ ၊ပေါက် ပကဖ ၊ (မြိုင် ပေါက် ကမ္မ) ပကဖ တပ်ရင်း အမှတ် ၁ ၊ ၂ တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် ၂ /၆/၇/၁၄/၁၅/၁၇ တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မ တပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပု‌လွေပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ပခုက္ကူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ၊ ပျုစခန်းကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ပြီး အသက်မ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သေလိုသူ ၊ အလင်းဝင်လိုသူ ၊ ကောင်းမွန်စွာ လုပ်ကိုင် စားသောက်လိုသူ ပျုစောထီးများ ၊ စစ်သား များအနေဖြင့် အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြ ရန် တိုက်တွန်းထားသည်။

  • ဒီဇင်ဘာလအတွင်း KNDFထံ စစ်သား ၂၀ကျော် ဘက်ပြောင်းလာ

    ဒီဇင်ဘာလအတွင်း KNDFထံ စစ်သား ၂၀ကျော် ဘက်ပြောင်းလာ

    ယခု ဒီဇင်ဘာလအတွင်း ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) CDM ဌာနမှူး မင်းသားက ပြောသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်မှ အလင်းဝင် ရောက်၍ လုံခြုံအေးဆေးစွာစောင့်ရှောက်ထားသော ဘတ်ပြောင်းလာသူများ၏အခြေအနေအချို့ကို KNDFက ဒီဇင်ဘာ ၂၁ ရက်တွင် ၁၈ မိနစ်ကျော်ကြာရုပ်သံဖြင့် ထုတ်ပြန်ရာတွင် ဌာနမှူးမင်းသားက အထက်ပါအတိုင်း အသိပေးခဲ့သည်။

    “ဒီဇင်ဘာတစ်လတည်းမှာကို ကျွန်တော့်တို့ဆီကို ဘက်ပြောင်းလာတဲ့သူ အယောက် ၂၀ ကျော်သွားပါပြီ။အခုနောက်ပိုင်းက ပစ(စစ်ကောင်စီတပ်ထဲ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဝင်ရောက်ခဲ့ရသူ) တွေ များတယ်။ကျွန်တော်တို့နဲ့အတူ အားလုံးပေါင်း စာရင်းဝင်နေတာက အယောက်၄၀ ကျော် ရှိတယ်”ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီထံမှ ဘက်ပြောင်းလာသူများ၏ လုံခြုံရေးကို အထူးအာမခံပြီး အထူးသဖြင့် မြေပြင်တိုက်ခိုက်ရေး(သို့မဟုတ်) ဆန္ဒမပါဘဲ တိုက်ပွဲသို့ လုံးဝခေါ်ဆောင်ခြင်းမပြုဟုလည်း ကတိပြုသည်။

    “သတ်မှတ်စောင့်ကြည့်ကာလတစ်ခု စောင့်ကြည့်တယ်။အဲဒီကာလမှာပဲ သူတို့နဲ့ကျွန်တော်တို့ အချင်းချင်းယုံကြည်မှုတည်ဆောက်တယ်။ရင်းနှီးမှုတည်ဆောက်တယ်။အဲဒီလိုနဲ့ပဲ ကာလတစ်ခုကျော်သွားမှ တပ်(KNDF)ရဲ့ ဘယ်ဌာနကိုသွားချင်လဲ။ဘာတာဝန် ထမ်းဆောင်ချင်လဲ။ဘယ်ဌာနမှ မသွားချင်ဘူး။ဘယ်တာဝန်မှမထမ်းဆောင်ချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ဌာနမှာပဲအေးအေးဆေးဆေးနေလို့ရတယ်”ဟု KNDF CDM ဌာနမှူးက ရှင်းပြသည်။

    ရုပ်သံဖိုင်မှတ်တမ်းတွင်လည်း ဘက်ပြောင်းလာသူများသည် စစ်ကောင်စီ၏ဝါဒဖြန့်သလိုမဟုတ်ဘဲ KNDF၏ ကောင်းမွန်စွာစောင့်ရှောက်မှုရှိကြောင်း ပြောတိုသည်ကို တွေ့ရသည်။

    “ကျန်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်းဖိတ်ခေါ်ပါတယ်။ကြိုဆိုပါတယ်။လာချင်တယ်လို့ ပြောရင် နည်းအမျိုးမျိုးနဲ့ကြိုးစားကြပါ။ရှေ့တန်းစစ်မျက်နှာပြင်အထိ ကျွန်တော်တို့ဘက်က ကယ်ထုတ်တာတွေလုပ်နေပါတယ်။လူ့အခွင့်အရေးနဲ့အညီ မိသားစုနဲ့ပြန်ဆုံနိုင်ဖို့ အစီအစဥ်တွေကိုလည်း အတက်နိုင်ဆုံးလုပ်ဆောင်နေတယ်။CDM လုပ်ပြီဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက သတ်မယ်ဖြတ်မယ်ဆိုတာတွေကျွန်တော်တို့ တခါမှမလုပ်ဖူးပါဘူး”ဟု မင်းသားက ပြောသည်။

    ၂၀၂၄နှစ်လယ်ပိုင်းအထိ ကရင်နီပြည်သူ့ရင်ခွင် ၏အချက်အလက်များအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၅၀ကျော်ရှိကြောင်းသိရသည်။

    (ဒီဇင်ဘာ ၁၁ရက်က KNDFထံ ဘက်ပြောင်းလာသည့် စစ်သား လေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)