Category: News

  • ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ကြေညာ

    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယနေ့တရားဝင် ထုတ်ပြန် ကြေညာသည်။

    ချင်းညီ​နောင်က ချင်းညီ​နောင်စစ်ဆင်​ရေး (Operation CB)အဖြစ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယ​နေ့(ဒီဇင်ဘာ ၂၂) ရက်တွင်စတင်ပြီဖြစ်​ကြောင်း၊ ယမန်နေ့တွင် မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော ခလရ ၂၇၄ စခန်းကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် ကန်ပက်လက်မြို့ကို စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့ကို ယမန်နေ့ သိမ်းပိုက်ခဲ့ပြီး လက်နက်ချ အညံ့ခံသူ ရာချီ၍ ရှိကြောင်း၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာမူ ဆက်လက် ဆင်နွှဲနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရှိရသည်။

    Breaking News: ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အား စစ်ကောင်စီတပ်ဖွဲ့များက စွန့်ခွာသွားကြောင်း အသိပေးထုတ်ပြန်။

    Chinram, Kanpetlet khuapi cu SAC ralhrang nih 21 December 2024 zan ah an chuah taak dih cang.

    22 December 2024

    ချင်းညီ​နောင် ကန်ပက်လက်မြို့ကိုသိမ်းပိုက်

    စစ်ကောင်စီတပ်နှင့် ရဲဆုတ်ခွာသွား၍ ​သေနတ်တစ်ချက်မပစ်ရဘဲမြို့ကိုသိမ်းပိုက်ထိန်းချုပ်

    မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းပိုက်နိုင်မှုနှင့်အတူ ချင်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီ ကင်းစင်ပြီဖြစ်

    ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်သားများနှင့် ရဲများ ဆုတ်ခွာသွားပြီဖြစ်၍ ယနေ့ ဒီဇင်ဘာ ၂၂ရက်မနက်မှစ၍ ချင်းညီနောင် မဟာမိတ်တပ်များမြို့ကို ဝင်ရောက်နေရာယူကာ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

    “ဒီဇင်ဘာ ၂၁ ညမှာ စကစတွေဆုတ်ခွာသွားပြီ။ မြေပြန့်ယောနယ်ဘက်ကို။ ဒီမနက်မှာ ချင်းညီနောင် CB ဘက်က မြို့ထဲမှာ နေရာယူလိုက်ပြီလို့ ပြောတယ်။ ဆောဘက်ကို ဆုတ်သွားပြီ။ ချင်းပြည်တောင်ပိုင်းကို စကစ လုံး၀ စွန့်လွှတ်လိုက်ပါပြီ။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

    ချင်းညီနောင်က တိုက်ပွဲ ဖော်ဆောင်ရန် ပြင်ဆင်နေချိန် စကစ တပ်များ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ချင်းညီနောင်သည် ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂၂ရက်တွင်ကန်ပက်လက် မြို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

    “စကစ ဆုတ်ခွာသွားပြီးမှ အဲဒါကို သတင်းကြားပြီး ချက်ချင်း သွားပြီး မှ မြို့ထဲကို နေရာယူတာဖြစ်ပါတယ်။ဘယ်သူက သိမ်းတာလဲ ဘယ်သူက လုပ်တာလဲဆို ချင်းညီနောင်က သိမ်းတယ်လို့ ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့ စကစ မရှိတဲ့ဟာကို သူတို့က မြို့ကို ထိန်းချုပ်နိုင်တယ်ဆိုတော့လေ။ ” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

    ချင်းညီနောင်ကလည်း ယနေ့ ဒီဇင်ဘာ ၂၂ရက်မှစ၍ ကန်ပက်လက်မြို့သိမ်း တိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

    ကန်ပက်လက်မြို့တွင် ယခင်က ရဲစခန်းသာရှိပြီး စစ်တပ်အာဏာသိမ်းမှု အပြီးမှသာ စစ်ကောင်စီတပ်က လာရောက်တပ်စွဲနေရာယူထားခြင်းဖြစ်သည်။

    ကန်ပက်လက်ဒေသ သတင်းရင်းမြစ်တစ်ဦးကလည်း “အခုက ကန်ပက်လက်မြို့ပေါ်က ဖုန်းလိုင်း မရတော့ ဆက်သွယ်မရဘူးဖြစ်နေလို့။ မနက်ကတော့ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ နောက်တချက်ကလည်း မနေ့ည ကတည်းက စစ်သားနဲ့ ရဲသားတွေက စခန်းကနေ လက်နက်ချပြီး စွန့်ခွာတယ် လို့လည်း ကြားတယ် ဆိုတော့ သတင်း ၂မျိုးကို အတည်ပြုမရသေးလို့ပါ”ဟု ပြောသည်။

    ယမန်နေ့ ဒီဇင်ဘာ ၂၂ရက်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေး စတင်သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ကန်ပက်လက်မြို့ကို ရရှိခြင်းဖြစ်၍ တိုက်ဆိုင်ကြောင်းလည်း ဒေသခံက ပြောသည်။ ချင်းညီနောင်သည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဦးစွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတူပီ၊ မင်းတပ်မြို့များကို သိမ်းပိုက်ထားရာ ယခု ကန်ပက်လက်သည် စတုတ္ထမြောက်သိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာသည်။

    “CDF ကန်ပက်လက် အတွက်လည်း အရမ်းအဓိပ္ပါယ်ရှိပါတယ်။ ကျင်ဒွေးမှာ CDF Kanpetletက ချည်းကိုပဲ ၁၄ ဦးလား သေချာ မမှတ်မိဘူး ကျဆုံးခဲ့လို့ အရမ်းကို အထိနာခဲ့ရပါတယ်”ဟု ကန်ပက်လက် ဒေသ သတင်းရင်းမြစ်က ပြောသည်။

    တစ်ဖက်တွင်လည်း ကန်ပက်လက်မြို့နယ်တွင် ချင်းညီနောင် အဖွဲ့ဝင် CDF ကန်ပက်လက် တပ်ဖွဲ့ရှိသကဲ့သို့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ကန်ပက်လက်လည်း ရှိနေပြီး ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား စစ်ရေး၊နိုင်ငံရေး ကွဲပြားမှုနှင့်အတူ ပြဿနာအချို့ရှိခဲ့သည်။

    “ကန်ပက်လက်မြို့နယ်ထဲမှာ ချင်းလဲန်းကောင်စီအဖွဲ့နဲ့ ချင်းညီနောင်အဖွဲ့ရှိတယ်။ ချင်းညီနောင်တွေက AAနဲ့ လက်တွဲထားတယ်။ AA ဦးဆောင်မှုနဲ့ သွားတယ်။ နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ ပြဿနာရှိဖူးတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

    ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ကန်ပက်လက်နှင့် ကန်ပက်လက်ကောင်စီကလည်း ယနေ့ ကြေညာချက် ထုတ်ပြန်ထားရာ ကန်ပက်လက်၌ တပ်စွဲထားသည့် စစ်ကောင်စီ နှင့် ရဲများသည် ပြည်သူများ၏ ညှိနှိုင်းပေးမှု ဖြင့် ဒီဇင်ဘာ ၂၁ရက် ည ၁၂နာရီ ဝန်းကျင်တွင် ကန်ပက်လက်မြို့အား စွန့်ခွာသွားကြသည်ဟု ဖော်ပြကာ ကန်ပက်လက်မြို့အား ကန်ပက်လက် ပြည်သူများ ထိန်းချုပ်ပြီးဖြစ်ကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှု အကျိုးသည် ယနေ့ ဒီဇင်ဘာ ၂၂ရက် တွင် သမိုင်းသက်သေ ထူခဲ့ပြီဖြစ်သည်ဟု ဖော်ပြသည်။

    ဓာတ်ပုံ-မတူပီမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။

  • အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး

    ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး

    မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင်စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင် တပ်စွဲနေ‌သော စစ်တပ်နှင့် က.ပ.စ ၁၀ မှလည်း စစ်ကူစစ်ကား ၄ စီး ထွက်လာကြောင်း၊ နှစ်ဖက်ညှပ်၍ စစ်ကူလာသဖြင့် နယ်မြေရှင်းလင်းရေး လက်နက်နှင့် အလောင်းများ သိမ်းဆည်းမှုများ မလုပ်နိုင်တော့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိကြော်း၊ အရှိုချင်းကာကွယ် ရေးတပ်(ACDF)မှ ရဲဘော် ၁ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

  • တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅လုံးအောင်မြင်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

    “ထိခိုက်ပျက်စီးမှုအတော်ကြီးတယ်လို့ သိရတယ်၊ အသေးစိတ်ကိုနောက်ဆက်တွဲအနေနဲ့ ကြေညာပါ့မယ်” ၎င်းက ပြောသည်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်အပြီး ၂ရက်အကြာတွင် နောက်ထပ်စစ်ဌာနချုပ်စခန်းဟာ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်သည်။

    အဆိုပါစစ်ဆင်ရေးကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တပခသည် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိတော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင် နေသည့် စစ်ဌာနချုပ် ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

    အထက်ပါ မဟာမိတ်အဖွဲ့များသည် ဒီဇင်ဘာ ၁၁ရက်က တောင်ငူလေတပ်စခန်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သေးသည်။

    လက်ရှိတွင် စစ်ကောင်စီမှာ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ ဆုံးရှုံးလက်လွှတ်ထားရသည်။

    ထို့အပြင် ကျန်သည့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တို့ကိုလည်း တော်လှန်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုခံနေရသည်။

    (တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – MKCDF)

  • တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး

    မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး

    မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု

    ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရှေ့တန်း ပို့ဆောင်လိုက်၍ နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူက မိုးညိုမြို့နယ် ထွေ/အုပ်ရုံး၌ မိခင် ဖြစ်သူက သားဖြစ်သူ သတင်းကို သွားရောက် စုံစမ်းပြီး တွေ့ခွင့် တောင်းစဉ် တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့ဆောင်လိုက်ပြီဟု စစ်သားများက ပြောဆိုကြောင်း ၊ ရှေ့တန်းပို့ဆောင်ခံရသည်ကို ကြားသည်နှင့် မိခင်ဖြစ်သူမှာ နေရာတွင်ပင် စိုးရိမ်မှုများဖြင့် ငိုကြွေးကာ နှလုံးရောဂါအခံဖြင့် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် မိခင်ဖြစ်သူ၏ နာရေးကို သဂြိုလ်ရာတွ် တပ်သားအဖြစ် စုဆောင်းခံထားရသော သားဖြစ်သူကို လက်ထိပ်ခတ်၍ စစ်သားတချို့က ၀ိုင်းလျက် လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့ကြောင်း၊ မိခင် နာရေးပြီးဆုံးချိန်တွင် စစ်တပ်က ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

    “ဗောဓိကုန်းကျေးရွာက လူငယ် ၁ ဦးကို စစ်ခွေးတွေက နေအိမ်ထဲထိ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတာကို မိခင်ဖြစ်သူက မိုးညိုထွေအုပ်ရုံးမှာ သားဖြစ်သူရဲ့ သတင်းကို သွားစုံစမ်းပြီး တွေ့ခွင့်တောင်းတာကို တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့လိုက်ပြီလို့ စစ်ခွေးတွေက ပြန်ပြောဆိုလိုက်လို့ မိခင်ဖြစ်သူ နှလုံးရောဂါအခံကြောင့် နေရာမှာပဲ လဲကျသေဆုံးသွားပါတယ်။ မိခင်ရဲ့ နာရေးကိုလည်း သားဖြစ်သူက လက်ထိပ်တန်းလန်းနဲ့ လိုက်ပို့ရပါတယ်။ တကယ့်ကို ရင်နာစရာ ဘဝတွေပါ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    လတ်တလော မိုးညိုမြို့နယ်တစ်ခုလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် ဖြစ်ပွားနေပြီး လူငယ်များမှာ တောတောင်များနှင့် လယ်တောများထဲတွင် ညပိုင်း သွားရောက်အိပ်စက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရှမ်းပြည်တောင်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၈ တက်ရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။

  • အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    ရေကြည်မြို့ အ​​​​ခြေစိုက် အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင်

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်အချို့ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

    ရခိုင်ပြည်နယ်၊ ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်နက်အချို့ပို့ဆောင်ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

    “လေယာဥ်တွေပို့တာတော့ ခုရက်ပိုင်းမှာပဲ၊ လေယာဥ်ဆင်းဖို့လည်း လမ်းဖောက်ပြီး အဆောက်အအုံအချို့လည်း လုပ်နေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒါတွေလုပ်လာကြတာပါ”ဟု မြောက်စမ်း အမြောက်တပ် ၃၄၄ နှင့် နီးစပ်သူက ပြောသည်။

    ရေကြည်အ​ခြေစိုက် မြောက်စမ်း အမြောက်တပ် ၃၄၄တွင် ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ အရေးပေါ် လေယာဥ်ကွင်း ဖောက်လုပ်လျက်ရှိပြီး လက်ရှိတွင်လည်း အဆောက်အုံအချို့လည်း ထပ်မံဆောက်လုပ်လျက်ရှိကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူကပြောသည်။

    ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ဒေသခံများကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ရက်နှင့် ၁၉ရက်နေ့များတွင် နောက်ဆုံးထား၍ မြောက်စမ်း အမြောက်တပ် ၃၄၄ က ရွေ့ပြောင်းခိုင်းထားကြောင်း ဒေသခံများကပြောသည်။

    ထို့အပြင် ရေကြည်မြို့နယ်ရှိ ဆင်​သေကျေးရွာ၊ သက္ကယ်ပြင်ကျေးရွာ၊ ကုန်းမြင့်ကျေးရွာအပြင် ငါးသိုင်း​ချောင်းမြို့နယ်အတွင်းရှိကျေးရွာ​အချို့မှာလည်း စစ်ရှောင်ရန်အသင့်ပြင်ဆင်ထားကြောင်း ဒေသခံများကပြောသည်။

    လက်ရှိ ဂွမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊ သာပေါင်းစသည့် မြို့နယ်များမှ ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံများက​ပြောသည်။

    ဓာတ်ပုံ-စစ်ကောင်စီ၏ အမြောက်တပ် (ပုံဟောင်း)ကို ပြန်လည်အသုံးပြုထားသည်