Category: News

  • ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူစာရင်း စစ်ကောင်စီတောင်းယူ

    ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူစာရင်း စစ်ကောင်စီတောင်းယူ

    ပြည်မြို့ရှိ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူစာရင်း စစ်ကောင်စီတောင်းယူ၍ မိဘများစိုးရိမ်နေ

    ပဲခူးတိုင်း၊ ပြည်မြို့ရှိ ပုဂ္ဂလိကစာသင်ကျောင်းများမှ ကျောင်းသူ၊ကျောင်းသားမျာအား မျက်မှန်တပ်သူနှင့် မတပ်သူစာရင်းနှင့်ကျန်းမာရေးကောင်းမွန်ခြင်းရှိ၊မရှိကို စစ်ကောင်စီက လာရောက်တောင်းယူသွား၍ ကျောင်းသားမိဘများ စိုးရိမ်နေကြသည်။

    ပုဂ္ဂလိကစာသင်ကျောင်းများကို စစ်ကောင်စီက ခရစ္စမတ်ကာလ ကျောင်းပိတ်ရက်မတိုင်မီ ရောက်ရှိလာပြီး အဆိုပါစာရင်းများ တောင်းယူသွားခြင်းဟု ဆိုသည်။

    “အသက် ၁၅နှစ်အထက်ကနေ စကောက်တာ။ ပေါ်တာတွေလည်း အရမ်းဆွဲနေသလို အခုလို စာရင်းတောင်းသွားတော့ ကျောင်းသားမိဘတွေအားလုံး လန့်နေကြတယ်”ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။

    ပြည်မြို့သည် အာရက္ခတပ်တော်(AA)ထိန်းချုပ် ထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် ဆက်စပ်သလို အမ်း – ပဒါန်းလမ်းမှတဆင့် အမ်းမြို့နှင့်လည်း ချိတ်ဆက်ထားသည်။

    တောင်ကုတ်နှင့် အမ်းမြို့ကို လက်လွတ်ရပြီးနောက် စစ်ကောင်စီက ပြည်ခရိုင်အတွင်း လူငယ်များအား ဖမ်းဆီးခြင်း၊ စစ်မှူးထမ်းဥပဒေအကြောင်းပြ၍ စစ်သားစုဆောင်းခြင်းများပြုလုပ်နေသည်။

    ယခုအခါ ပြည်မြို့ပေါ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများစာရင်းနှင့် ကိုယ် ရေးအချက်အလက်များကို စစ်ကောင်စီက လိုက်လံကောက်ယူနေခြင်းဖြစ်သည်။

    “ပြည်မှာ အခြေအနေအရမ်းဆိုးနေတယ်။မြို့ပေါ်မှာတင် အိမ်ထဲတွေထိ ဝင်ဖမ်းတာ။ အဲ့ဒါကကောလဟာလမဟုတ်ဘူး။ ကျနော်တို့ရပ်ကွက်ထဲမှာတင်ဝင်ဖမ်းသွားတာ”ဟု ပြည်မြို့ပေါ်ဒေသူတစ်ဦးက ပြောသည်။

    ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ပဲခူးတိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပြီး လူငယ်များ ဖမ်းဆီးမှုများရှိနေသလို ဧရာဝတီတိုင်းအတွင်း ပုသိမ်နှင့်ဟင်္သာတမြို့ကဲ့သို့ ခရိုင်မြို့များတွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်နေသည်။

    ပုသိမ်မြို့တွင် ညမထွက်ရနှင့် လူငါးဦးထက်ပို၍ လူစုခြင်းမပြုရန် ကြေညာချက်ကို စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ရခိုင်ပြည်နယ် ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းယူထားသည်။

    ၂၀၂၂ မတ်လ ၁၀ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့လာရောက်မည်ဆိုသည့် သတင်းကြောင့် မြို့လယ်ခေါင်နေရာတချို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲထားစဉ်။ ဓာတ်ပုံ – Pyay Underground News (PUGN)

  • တာဝန်ယူဦးဆောင်လုပ်နိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိဟု NUG ယာယီသမ္မတ ပြော

    တာဝန်ယူဦးဆောင်လုပ်နိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိဟု NUG ယာယီသမ္မတ ပြော

    ဝန်ကြီးဌာနများပြုပြင်ပြောင်းလဲမှုလုပ်ပြီး တာဝန်ယူဦးဆောင်လုပ်နိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိဟု NUG ယာယီသမ္မတ ပြော

    “၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြီး သတ်ဖြတ်ဖယ်ရှားနိုင်ဖို့ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုပြီးလက်တွေ့ပြသဖို့ အချိန်တန်ပြီလို့မြင်ပါတယ်” – ယာယီသမ္မတ ဒူဝါလရှီးလ

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးခဲ့ပြီး အစိုးရအဖွဲ့ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာဦးဆောင်နိုင်မည့်သူများ လိုအပ်နေ၍ အစားထိုးတာဝန်ယူနိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိကြောင်း ဖိတ်ခေါ်လိုက်သည်။

    ယနေ့ ယာယီသမ္မတက နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    လူထု၏တာဝန်ပေးချက်အရ တော်လှန်ရေး တာဝန်များကို ထမ်းဆောင်နေရသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ရာထူးထိုင်ခုံနေရာများကိုဖက်တွယ်ခြင်း မဟုတ်သကဲ့သို့ အစိုးရ အခန်းကဏ္ဍကို တိုးချဲ့ခြင်းမဟုတ်ကြောင်း ယာယီသမ္မတက ရှင်းလင်းသည်။

    ” ဒါကြောင့် အစိုးရအဖွဲ့ထဲမှာ ယခုတည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေကို လိုအပ်နေပါတယ်။ အကယ်၍ တည်ဆဲရာထူးနေရာတွေမှာ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ကျနော်တို့က ပခုံးထမ်းလွှဲပြောင်းပေးအပ်ဖို့ အမြဲအသင့်ရှိကြောင်း လူထုကို အသိပေးစေချင်ပါတယ်။အဲဒီအတွက်ကျနော်တို့ဟာ အမြဲလမ်းဖွင့်ထားကြောင်းလည်း ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

    လူထုအတွက်တော်လှန်ရေးတာဝန်များ စွမ်းစွမ်း တမံ ထမ်းဆောင်နိုင်မည့် ခေါင်းဆောင်များကို လှိုက်လှဲစွာ ကြိုဆိုနေသည်ဟုလည်း ထပ်လောင်း ပြောကြားသည်။

    “ကျနော်တို့နဲ့အတူ လူထုတာဝန်တွေကိုထမ်းဆောင်ဖို့ လေးစားစွာ ဖိတ်ခေါ်ချင်ပါတယ်။ဒါကြောင့် ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြီး သတ်ဖြတ်ဖယ်ရှားနိုင်ဖို့ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုပြီးလက်တွေ့ပြသဖို့ အချိန်တန်ပြီလို့မြင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

    နွေဦးတော်လှန်ရေးတစ်ခုလုံး၌ညီညွတ်သောစုစည်းမှု အင်အားသည်များစွာ အရေးကြီးသည်ဟု၎င်းက ဆိုသည်။ နွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်သည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဖြစ်သည်ဟု ပြောပြသည်။

    “အာဏာ လုပ်ပိုင်ခွင့်နဲ့တဖွဲ့ချင်းရဲ့ နယ်မြေပိုင်စိုးရေးဆိုတာတွေဟာ လူထုရဲ့ လွတ်မြောက်မှု လူထုရဲ့ အကျိုးစီးပွားနဲ့နှိုင်းယှဉ်ရင်သာမညကိစ္စတွေတာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

    စစ်အာဏာရှင်စနစ်ဆိုးဖျက်သိမ်းရေး အကြမ်းဖက်စစ်ကောင်စီကို ဦးဆောင်နေသည့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အမြစ်ပြတ်ဖြုတ်ချရေးသည် တော်လှန်ရေးအင်အားစုများအားလုံး၏ ဗဟိုဦးတည်ချက်ဖြစ်သည်ဟုဆိုသည်။

    “ဒါကြောင့် ကျနော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ်ဆိုး ဖျက်သိမ်းရေးအတွက် တက်စွမ်းနိုင်သူတို့ စုစည်းနိုင်ဖို့ လေးနက်စွာစဉ်းစားကြရမှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

    စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် NUG တွင် အပြည့်အ၀ တာဝန်ရှိသကဲ့သို့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များ၌လည်းတာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

    “လူမျိုးတမျိုးလွတ်မြောက်ရေးသပ်သပ်နဲ့တင်မဟုတ်ဘဲ တနိုင်ငံလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားကာ အစိုးရအဖွဲ့အတွင်း ပိုမိုကျယ်ပြန့်စွာ ဦးဆောင်နိုင်မည့်သူများကို ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

    NUG အနေဖြင့် မဟာမိတ်ရေးရာကဏ္ဍကို ယခုထက်ပိုမိုအားစိုက်သွားမည်ဟုလည်း အသိပေးပြောကြားခဲ့သည်။

    အစိုးရအတွင်း ပြုပြင်ပြောင်းလဲမှုများကို တိုးတက်လာသည့် တော်လှန်ရေး ဒီရေနှင့်အတူ လိုက်ပါပြောင်းလဲရန် အမြဲအသင့်ရှိပြီး အားနည်းချက်များကို ပြုပြင်ရန် မတွန့်ဆုတ် ကြောင်းလည်း ပြောကြားသည်။

    “လူထုအကျိုးကို ထမ်းဆောင်တဲ့နေရာမှာ ဆင်ခြေတွေနဲ့ နားချဖို့လည်း ကြိုးစားနေတာ မဟုတ်ပါဘူး။ လူထုအတွက် ပိုကောင်းတဲ့ တော်လှန်ရေးရလဒ်တွေ သယ်ဆောင်ပေးနိုင်ဖို့ကိုသာ အစဉ်တစိုက် စဉ်းစားလုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

    ထို့ကြောင့် အစိုးရ အဖွဲ့ဝင်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် ပြင်ဆင်နေသကဲ့သို့ လက်ရှိ ပြည်တွင်း အခြေအနေအရ မြေပြင်၌ အင်အား စုစည်းရမည့် လုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်နေသည်ဟု အသိပေးသည်။

  • တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်

    တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်

    တိုင်းပြည် တိုးတက်အောင် သူက ဆောင်ရွက်နိုင်ခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တိုးတက်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း တိုင်းရင်းသားခေါင်းဆောင် တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

    ဒီနေ့ မင်းအောင်လှိုင်က နှစ်သစ်ကူးအဖြစ် ထုတ်ပြန်ပြောဆိုတဲ့ ပြောဆိုချက်မှာ အဲဒီလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။

    မင်းအောင်လှိုင်က သူ့အနေနဲ့ တိုင်းပြည်ကို အတိုင်းအတာတစ်ခု အထိတိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်တာ၊ ၅ ကြိမ်မြောက် အားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်တာတွေက သူရဲ့ တိုင်းပြည်ကို တိုးတက် အောင်လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

    သူက တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ဟာ ပြည်ထောင်စုပြိုကွဲအောင် ဆောင်ရွက်နေတယ်လို့ အပြစ်တင်ပြောဆိုပါတယ်။

    “လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒသက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖနတီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ အချို့သော တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာ၀ကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာလည်းတွေ့နေရပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

    လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မင်းအောင်လှိုင်က ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲ အောင်မြင်အောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ မင်းအောင်လှိုင်က ပြောဆိုပါတယ်။

    လက်ရှိမှာတော့ မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမယ့်လည်း လက်တွေ့မှာတော့ စစ်လေယာဉ်တွေနဲ့ နိုင်ငံတစ်ဝန်း ဗုံးကျဲ သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။

  • နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်

    နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်

    ရန်ကုန်တွင် နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်

    ရန်ကုန်တွင် ယမန်နေ့ နှစ်သစ်ကူးသည့်နေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့များက ပြောဆိုကြသည်။

    ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံတွင် သောက်စားမူးယစ်နေသော စစ်ကောင်စီတပ်ဖွဲ့များကို Yangon Army (YA) က မိုင်း ၃ လုံးကို လက်ပစ်ဗုံးကပ်ပြီး ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    “စစ်ခွေးတွေကို ထိခိုက်စေဖို့ သေချာတိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ်ပစ်မှတ်တွေကိုလည်း အကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပါတယ်” ဟု Yangon Army(YA) မှ တာဝန်ရှိသူက ရှင်းပြသည်။

    အလားတူ ယနေ့ နှစ်သစ်ကူးနေ့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးကင်း တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကူးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူးရူးနေချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အထိအခိုက် အခြေအနေကို လတ်တလော မသိရှိရသေးကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန် ကြေညာသည်။

    “ညပိုင်းကတော့ ရွှေပေါက်ကံမယ် ဗုံးပေါက်သံလိုလို မီးရူးပေါက်သံလိုလိုတော့ အကျယ်ကြီးတော့ ကြားရတယ်။ ဆူညံ့ပွတ်လောရိုက်နေတော့ ဗုံးသံလား၊ မီးရှုး ပေါက်သံလာတော့ မခွဲနိုင်ဘူး။ အသံကတော့ အုန်းကနဲ တော်တော်တော့ ကျတယ်တယ်” ဟု ရွှေပေါက်ကံမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

  • အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်

    အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်

    စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၃၁ ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ကော့ကရိတ်မြို့နယ် မြဝတီမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ မြဝတီကို မရောက်နိုင်ဘဲ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောမှာ ပိတ်မိနေတယ်လို့ KNU က ဆိုပါတယ်။

    လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောင်ဇေယျစစ်ကြောင်းဟာ လက်နက်ခဲယမ်းလျော့နည်းလာပြီး ရိက္ခာလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် အလံဖြူထောင်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆီ ပူးပေါင်းလာသူတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ကေအဲန်ယူ – တပ်မဟာ (၆) အတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ နေ့စဥ်နှင့်အမျှ ဖြတ်တောက်တိုက်ခိုက်ခြင်း ခံရပြီး အမြောက်အများ သေဆုံး၊ ဒဏ်ရာရကာ ရိက္ခာများလည်း ပြတ်လပ်နေ

    ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းသည် မြဝတီမြို့သို့ မရောက်နိုင်ပဲ (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သလို နောက်ပြန်ဆုတ်၍လည်း မရနိုင်တော့ပဲ ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောတွင်သာ ပိတ်မိနေကြသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ကေအဲန်ယူ – တပ်မဟာ (၆) K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ချို့သေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရခဲ့သည်။ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတစ်ချို့ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

    နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်း၏လက်ရှိအခြေအနေသည် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ရှေ့ဆက်တိုး၍ မရတော့သလို နောက်ပြန်ဆုတ်၍လည်း မရတော့ပဲ လက်နက်ခဲယမ်းများ လျှော့နည်းလာပြီး ရိက္ခာများလည်း ပြတ်လပ်နေကြသည်။ ထိုစစ်ကြောင်းမှ စစ်သည်တစ်ချို့သည်လည်း အာဏာဖြင့် ညွန်ကြားလာသော အထက်အမိန့်အား မလိုက်နာနိုင်တော့ပဲ အလံဖြူထောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အများအပြား အလင်းဝင်လာနေကြပြီး နေ့စဥ်နှင့်အမျှ ထွက်ပြေးလာကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

    ထို့အတူ K.N.U တပ်မဟာ (၆) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင်ရှိသော နှစ်ပေါင်းများစွာ ရာဇဝင်တွင်လာခဲ့သည့် စစ်ကောင်စီ၏ အဓိကကျသော အနန်းကွင်းဗျူဟာ စခန်းသည်လည်း (K.N.L.A) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး စခန်းတွင်းရှိ ၎င်းတို့၏ ရိက္ခာများလည်း လျှော့နည်းလာသည်။ ထိုအနန်းကွင်းဗျူဟာ စခန်းသို့စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီပူးပေါင်းတပ်ရင်းများသည်လည်း အနန်းကွင်းဗျူဟာစခန်းသို့ မရောက်နိုင်ကြပဲ (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကို ခံနေရပြီး အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရခဲ့ကြသည်။ ထိုစခန်းတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တစ်ချို့လည်း အထက်အမိန့်အား ဖီဆန်၍ ထွက်ပြေးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

    ထိုအနန်းကွင်းဗျူဟာစခန်း၏ လက်ရှိအခြေအနေသည်လည်း (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ၎င်းတို့စားနပ်ရိက္ခာ အတွက် Y-12 လေယာဥ်ဖြင့်သာ လာရောက်ချပေးနေရသည်။ ထိုလေယာဥ်မှ လာရောက်ချပေးသော ရိက္ခာထုပ်များသည်လည်း ၎င်းတို့၏ စခန်းတွင်းသို့ အားလုံးမကျပဲ စခန်းအပြင်သို့ကျကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းဆည်းရမိခြင်း ခံရသည်။

    ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) မှ ကျန်ရှိနေသေးသော အကြမ်းဖက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်း နှင့် တပ်စခန်းများအား (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေရာအနံ့ နေ့စဥ်နှင့်အမျှ ပိတ်ဆို့တိုက်ခိုက်လျှက်ရှိနေပြီး ရန်သူအား ခြွေစစ်စနစ်ဖြင့် အမြှစ်ပြတ်သည်အထိ ဖော်ဆောင်လျှက်ရှိသည်။

    ခြွေစစ်စနစ်ဖြင့် အထိနာလျှက်ရှိသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လေယာဥ်အပြင် ဒရုန်းများဖြင့် သော်လည်းကောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအား ပြန်လည်ဗုံးကျဲ ပစ်ခတ်လျှက်ရှိသည်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် တစ်ချို့သော လက်နက်ကြီးကျည်များမှာ ပြည်သူနေကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထိုကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ချို့လည်း ထိမှန် သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် ဥယျဥ်ခြံမြေနှင့် အိုးအိမ်ပစ္စည်းများစွာလည်း ထိမှန်ပျက်စီးခဲ့ရသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအား ကော့ကရိတ်မြို့နယ် ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။ (Photo: Cobra Column)