Category: News

  • တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်

    တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တဖန် စစ်ရှိန်မြင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီး လက်ရှိမှာ လေယာဉ်ကွင်းအနီးရှိ သံချပ်ကာတပ်ရင်းတစ်ခု နဲ့ စစ်ဗိုလ်တစ်ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

    ဒီကနေ့ မနက် ၆ နာရီ ဝန်းကျင်က စတင်ပြီး ခလရ ၄၇၊ စကခ (၂၁)၊ သံချပ်ကာတပ်ရင်းနဲ့ စစ်ကောင်စီတပ် နေရာယူထားတဲ့ ဗန်းမော်တက္ကသိုလ်အားလုံးကို စစ်အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ နံနက်ပိုင်း ၁၁ နာရီခန့်ဝန်းကျင်အထိ လေယာဉ်ကွင်းအနီးက သံချပ်ကာတပ်ရင်းအပါ တင့်ကား ၄ စီးနဲ့ ဗိုလ်ကြီးတစ်ဦး ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။

    “ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်ကနေ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ပြန်ဖြစ်နေတာဖြစ်တယ်။ ဒီကနေ့ ပြန်ဖြစ်တဲ့ တိုက်ပွဲက KIA ဘက်ကနေ ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ ၄၇ တပ်ရင်၊ စကခ ၂၁၊ တက္ကသိုလ်ကျောင်းဝင်း နေရာအားလုံးကို ပြန်တိုက်နေတာဖြစ်တယ်။ အခုကတော့ သံချပ်ကာ တပ်ရင်းကိုတော့ရပြီ။ တင့်ကားကတော့ ၄ စီးရှိတယ်။ စစ်ဗိုလ်တစ်ဦးဖမ်းဆီးထားတယ်”လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။

    ဗန်းမော်တိုက်ပွဲဟာ ပြီးခဲ့တဲ့ နှစ်ပတ် ဝန်းကျင်အထိ ခလရ ၄၇ တပ်ရင်းနဲ့ စကခ (၂၁) တပ်ရင်း နှစ်ခုစလုံးကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုသိပ် မရှိဘဲ ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

    တစ်ဖက်မှာ စစ်ကောင်စီဘက်က နှစ်ပတ်ဝန်းကျင်ခန့်အကြာ KIA ရဲ့ ပိတ်ဆို့ခံထားရတာကြောင့် KIA တပ်တွေရှိတဲ့ ဘက်ကို လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့အပြင် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ ဒီကနေ့မှာတော့ KIA ပူးပေါင်းတပ်တွေကနေ ဝိုင်းရံပိတ်ဆို့ထားရာကနေ သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ နေရာအားလုံးကို တစ်ကျော့ပြန် ပြန်လည်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်လက်ပြင်းထန်တာဖြစ်ပါတယ်။

    ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

    “တိုက်ပွဲက ဒီကနေ့ ၆ နာရီလောက်ကနေ ဖြစ်နေတာပေါ့လေ။ အခုချိန်အထိတော့ ဘယ်လောက်ထိ အောင်မြင်မှုရရှိနေတော့ အသေးစိတ်မသိရသေးဘူး။ သတင်းစောင့်နေဆဲဖြစ်ပါတယ်။ သံချပ်ကာတပ်နဲ့ တင့်ကား ၄ စီးသိမ်းပိုက်ရရှိတဲ့ အခြေအနေတော့ ကြားနေရတယ်။ ဒါပေမယ့် တရားဝင်ပြောဆိုလာတော့ မရှိသေးဘူး။ တပ်ရင်းမှူးတစ်ဦးက ထိခိုက်ဒဏ်ရာရရှိထားတယ်လို့တော့ ကြားနေရပါတယ်။ လေယာဉ်ကတော့ ဆက်တိုက်ကြဲနေတာတဲ့” လို့ ပြောပါတယ်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့အတွက် စစ်ရေးအခြေအနေသေးစိတ်ကို သိရှိရဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

    ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပထမအကြိမ်စတင်တိုက်ခိုက်ခဲ့ပြီးတော့ ၂၀၂၅ နှစ်ဆန်းပိုင်း ၄ ရက်နေ့မှာ ဒုတယအကြိမ်ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

    ဇန်နနဝါရီလ ၈ ရက်နေ့မှာတော့ ဗန်းမော်မြို့နဲ့ တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ မံစီမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပြီးတော့ လက်ရှိမှာ ဗန်းမော်မြို့တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ KIA ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)

  • ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖမ်းဆီးထား

    ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာက ကျောင်းသား ၁၇ ဦးအား အဓမ္မပြု ကျင့်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဒေသခံထံက သိရပါတယ်။

    ကျောင်းသားတွေကို အဓမ္မပြုကျင့်သူဟာ မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲက ယာယီကျောင်းအုပ်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။

    အဓမ္မပြုကျင်ခံရတဲ့ ကျောင်းသားတွေထဲက ကျောင်းသားတဦးဖြစ်သူ အသက် ၁၁ နှစ်အရွယ် ၄ တန်း ကျောင်သားက နေအိမ်မှာရှိနေချိန် အနေအထိုင်မမှန်တာကြောင့် မိဘဖြစ်သူတွေက ခေါ်မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရတာကို သိရပြီးနောက် ဇန်နဝါရီ ၂၃ ရက် မနေ့ မနက်ပိုင်းမှာ ပဲခူးမြို့မရဲစခန်းမှာ အမှုဖွင်ခဲ့တာလို့ ဆိုပါတယ်။

    “၄ တန်းကျောင်းသား မိဘတွေကနေ သိသွားတာ။ ကလေးက ကျန်းမာရေးမကောင်းတဲ့ပုံစံဖြစ်တယ်ဆိုတော့ မိဘတွေက စစ်တော့သိလို့ မိဘတွေကိုယ်တိုင် အမှုဖွင့်တာ။ စုစုပေါင်းဆို ၁၇ ယောက်ရှိတယ်။” လို့ ဖြစ်စဉ်ကို သိထားတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

    ၄ တန်းကျောင်းသားလေးကိုတော့ ဦးသက်ဇော်အောင်က ဇန်နဝါရီ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာ ကျောင်းလွှတ်ချိန် ကျောင်းအုပ်ရုံးခန်းထဲကို ခေါ်ဆောင်ပြီး ရုံးခန်းအတွင်းမှာပင် ၂ ရက်ဆက် အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ကလေးငယ်ရဲ့ ပြောပြချက်ကို ကိုးကားပြီး သူက ထပ်ပြောပါတယ်။

    နစ်နာသူကလေးမိဘတွေရဲ့ တိုင်တန်းချက်အရ ပဲခူးမြို့မရဲစခန်းမှ ရဲအဖွဲ့ဝင်တွေက ကျောင်းဆရာနေထိုင်တဲ့ စိုင်းတီကျေးရွာကနေ အိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးပြီးနောက် ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာ ကျောင်းဆရာရဲ့ထွက်ဆိုချက်အရ ကျန်တဲ့ အသက် ၇ နှစ်ကနေ ၁၅ နှစ်အတွင်းရှိ ကျောင်းသား ၁၇ ဦးကိုပါ ၁ နှစ်အတွင်း အဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ သိရတယ်လို့ ဆိုပါတယ်။

    ဦးသက်ဇော်အောင်က ကျောင်းသားတွေကို ကျောင်းအုပ်ရုံးခန်း၊ သူနေထိုင်တဲ့နေအိမ်တွေကိုခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့တာလို့ သိရပြီး ကျောင်းဆရာကို ပဲခူးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်ဖို့လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

    ပဲခူးတွင် ကျောင်းသား ၁၇ ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းအုပ်ကြီး ဖမ်းဆီးခံရ

    အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီးကို ဇန်နဝါရီ ၂၃ ရက် မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    မုလက္ကအလယ်တန်းကျောင်းခွဲမှာ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသားတယောက်ကို ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်က အလိုမတူဘဲ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် မိဘဖြစ်သူက တိုင်ကြားတာကြောင့် ဖမ်းဆီးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ဖြစ်စဥ်က ၁၅ ရက်ကတည်းကဖြစ်တာ၊ ကလေးကို rape လုပ်တာ နှစ်ရက်ဆက်တိုက်၊ မိဘတွေက ကလေးကပြန်ပြောမှသိတာ၊ အဲဒီကျမှ ရဲစခန်းတိုင်တာ၊ အဲဒီလိုတိုင်မှ rape လုပ်ခံရတာ ၁၇ ယောက်တောင် ရှိပြီဆိုတာ သိရတာ။”

    ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၇ ယောက်ကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ သူနေထိုင်ရာအိမ်မှာ လိင်တူဆက်ဆံခဲ့တာကြောင့် မိဘတွေက အမှုဖွင့်ထားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကျောင်းသားမိဘတွေကိုယ်တိုင် အမှုဖွင့်တာ၊ ကလေးတွေကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ ဆိုင်တီရွာက သူ့နေအိမ်မှာလည်း rape လုပ်တာ၊ ရဲစခန်းဘက်ကတော့ စစ်ဆေးနေတုန်း၊ ဒါမျိုးက နောက်လူတွေ မလုပ်ရဲအောင် ဝန်ထမ်းကနေ အရင်နားပစ်လိုက်ရမှာ။”

    ဒီလိုပြစ်မှုမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိပါက ဆရာနဲ့ ကျောင်းသားမိဘတွေကြား ယုံကြည်မှု ကင်းမဲ့သွားမှာဖြစ်တယ်လို့ မြို့ခံတွေက ဝေဖန်ကြပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း မုဒိမ်းမှု ၁,၂၆၀ ရှိခဲ့ပြီး အဲဒီထဲမှာ သက်ငယ်မုဒိမ်းမှု ၇၂၂ မှု ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

  • ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမှာ သုံးရက်အတွင်း တပ်သားသစ်စုဆောင်းခံရသူ ၃၅၀ ခန့်ရှိ

    ကန့်ဘလူမြို့မှာ စစ်အုပ်စုက အသက် ၁၈ ကနေ ၅၀ နှစ်ကြား အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက်ရွေး ချယ်နေပြီး လက်ရှိမှာ အဲဒီလို ရွေးချယ်စုဆောင်းခံထားရသူ ၃၅၀ ခန့်ရှိနေပြီလို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    “ပေါ်တာဆွဲ မဲနှိုက်ခိုင်းထားတဲ့ မြို့ပေါ်ကလူထုကို အားလုံး ၃၅၀ ရပြီလို့ပြောတယ်။ မနေ့ကထိအောင်။ ဒီနေ့ နမခ ( အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို ပို့မယ်လို့ ကြားတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်စပြီး ကန့်ဘလူမြို့ပေါ်က အမျိုးသားတွေကို တပ်သားသစ်အဖြစ် မဲနှိုက် စုဆောင်းနေတာဖြစ်ပြီး သုံးရက်အတွင်း အမျိုးသား ၃၅၀ခန့် အဓမ္မစုဆောင်းခံထားရတာလို့ဆိုပါတယ်။

    ကန့်ဘလူမြို့ပေါ်မှာ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်၊ ခရိုင်ထွေအုပ်ရုံး၊ မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်း စတဲ့ စစ်အုပ်စု ယန္တရားတွေ လည်ပတ်နေပြီး မြို့ပေါ်မှာကျန်ရှိနေခဲ့သူ အများစုဟာ စစ်အုပ်စုလက်အောက်မှာ လုံခြုံစိတ်ချပြီး နွေ ဦးတော်လှန်ရေးက သူတို့နဲ့မသက်ဆိုင်ဘူးလို့ ခံယူထားကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “သူတို့က လုံခြုံစိတ်ချပြီးတော့မှ ငါတို့နဲ့မဆိုင်ဘူးပေါ့။ နွေဦးတော်လှန်ရေးဟာ သူတို့နဲ့မဆိုင်ဘူး။ အန္တရာယ်ကင်း တယ်ဆိုပြီးတော့မှ အေးအေးဆေးဆေးနေကြတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ” လို့ လက်ရှိ တပ်သားသစ်စုဆောင်းခံရသူ တွေ နဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

    ကန့်ဘလူမြို့မှာ မဲနှိုက်ပြီး တပ်သားသစ်စုဆောင်းခံထားရသူတွေကို မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို ပို့ဆောင်ပြီး စစ်သင်တန်းပေးဆောင်မယ်လို့ သိရကြောင်း ဒေသခံတချို့က ပြောပါတယ်။

    လက်ရှိမှာ ကန့်ဘလူနဲ့ ကျွန်းလှနယ်ထဲ စစ်အုပ်စုနဲ့ ပျူစောထီးတွေက တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းထား တဲ့ ပြည်သူတွေကို ကန့်ဘလူမြို့ အမှတ် (၆၀၀၆)တင့်ကားတပ်ရင်းမှာ စစ်သင်တန်းပေးနေရုံတင်မကတော့ဘဲ က လေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နဲ့ မုံရွာ-နမခတွေဆီ ပို့ဆောင်ပြီး စစ်သင်တန်းပေးနေတာလို့ ဒေသခံ တချို့က ပြောပါတယ်။

  • အဆိုတော်မာရဇ္ဇ ကွယ်လွန်

    အဆိုတော်မာရဇ္ဇ ကွယ်လွန်

    အဆိုတော် မာရဇ္ဇ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ ဗဟိုစည်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။

    အဆိုတော် ဆုန်သင်းပါရ်က “နှမျောဝမ်းနည်းရပါတယ်။ ငါ့အစ်ကိုကြီး ဖျော်ဖြေပွဲခရီးများစွာ အတူသွားခဲ့ကြတယ်။ စည်းကမ်းရှိပြီး ကိုယ့်ကိုယ်ကိုယ် အမြဲဂရုစိုက်နေတတ်တဲ့သူ ကိုယ်ပိုင်ဟန်၊ အသံ သီချင်းကောင်းများစွာ ချန်ထားခဲ့ပေးလို့ ကျေးဇူးတင်တယ်နော်။ သွားနှင့်တော့ အစ်ကိုရေ” ဟု ဝမ်းနည်းကြောင်း ရေးသားထားသည်။

    အဆိုတော် မာရဇ္ဇ ကွယ်လွန်သည့်အပေါ် ဂီတလောကမှ အနုပညာရှင်များစွာက ဝမ်းနည်းကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောကြားထားသည်ကို တွေ့ရသည်။

    အဆိုတော် မာရဇ္ဇသည် ကိုယ်ပိုင်သံစဉ်သီချင်းများကို သီဆိုတန်ဖိုးထားသည့် အဆိုတော်တဦးဖြစ်ပြီး ၎င်းသီဆိုထားသော ဆွဲအား၊ မျှော်လင့်ခြင်းလမင်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင် စသည့် သီချင်းများမှာ လူကြိုက်များကျော်ကြားသည်။

  • မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီးကို နေအိမ်အတွင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး သည် အကြမ်းဖက် စစ်တပ် ထံ မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်း၍ အကြမ်းဖက် စစ်တပ်ထံ သတင်း ပေးခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဒီလူကပြည်သူတွေကို PDF ထောက်ပို့ဆိုပြီး စစ်ခွေးတွေကို သတင်းပေးတယ်။ သူ့ကြောင့် ဖမ်းဆီးခံရတဲ့ သူတွေရှိတယ်။ စစ်ကြောရေး ရောက်နေတဲ့ သူတွေရှိတယ်။ နောက်ပြီးတော့ သူကတော်လှန်ရေး တပ်ဖွဲ့တွေ သွားတာ လှုပ်ရှားတာတွေကို စောင့်ကြည့်ပြီးတော့ စစ်ခွေးတွေကို သတင်းပေးတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ ဘယ်နေရာမှာ မိုင်းထောင်ထားတယ် အဲလိုမျိုးတွေ သတင်းပေးတယ်။ သူ့ကြောင့် တော်လှန်ရေး ရဲဘော်တွေ အလုပ်လုပ်ကိုင်ရတာတွေလည်း တော်တော်ခက်တယ်။ အဲလိုမျိုးတွေ လုပ်နေတော့ သတိပေးလည်း မရတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အရင်ကလည်း သူ့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးတယ်။ အဲလိုဝင်ပစ်တုန်းကလည်း အိမ်မှာမနေဘဲ တခြားမှာသွားနေလို့ လွတ်သွားတာ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    မင်းလှမြို့နယ်တွင် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီ တပ်သားများနှင့် စစ် ထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့ အနီးသွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။