Category: News

  • မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး  သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား

    မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား

    မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား၊ စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေ

    နဂါးနန်းတော် ရွှေဆိုင်ကို ဆိုင်ဖွင့်ချိန် လူ ၂ ဦးက လက်နက်များကိုင်ဆောင် ဓားပြတိုက်သွားပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း မန္တလေးမြို့ သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ နံနက် ၈ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၇လမ်း၊ ၃၁×၃၂လမ်း အကြား “နဂါးနန်းတော်”ရွှေဆိုင်သို့ လက်နက်ကိုင်ဆောင်ထားသော လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ပြီး သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း သိရှိရသည်။

    “ဆိုင်ဖွင့်စအချိန်မှာ ဝင်တိုက်တာ။ လူကလည်း လမ်းမှာပါးနေတဲ့အချိန် သေနတ်နဲ့ ဝင်တိုက်သွားတာ။ အခုတော့ လမ်းတွေ ပိတ်ပြီး တပ်နဲ့ရဲက စစ်နေတယ်။ ဆိုင်ကယ် တူးဘောက်တွေပါ ဖွင့်ခိုင်းတယ်။ စစ်ဆေးရေးတော့ တင်းကျပ်တယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

    မန္တလေးအခြေစိုက် ရဲသတင်းရင်းမြစ်ကမူ ဓားပြတိုက်သူများ စီးနင်းသည့် ဆိုင်ကယ်၊ ဝတ်ဆင်သည့် အဝတ်အစားများကို CCTV မှတ်တမ်းရရှိထားပြီး လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း၊ ရွှေဆိုင်မှ ခန့်မှန်းခြေ သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားသည်ဟု ကနဦးသိရှိထားပြီး အတိအကျ ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်း၊၃၆×၃၇လမ်း အကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်သို့ ဆိုင်ကယ် ၂ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာ လာရောက် ဓားပြတိုက်သွားခဲ့ကြောင်း၊ လတ်တလော ရွှေ ၄ ပိဿာဝန်းကျင်ပါသွားသည်ဟုဆိုနိုင်ကြောင်း၊ တရားခံ ဖမ်းဆီးရရှိခြင်းမရှိသေးပေ။

    မန္တလေးတွင် ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး ယခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်း၏ နေအိမ်ကို လူ ၇ ဦးက သေနတ်များဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက်လုယက်သွားခဲ့ကြောင်း၊ ယခုနှစ် မေလ ၃၁ရက်နေ့ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်းနှင့် ၈၅လမ်းကြား ၃၉လမ်းနှင့် လမ်း ၄၀ အကြား မန်းမြို့ဈေးအတွင်းမှ ‘ဆယ်သန်း’ရွှေဆိုင် ဓားပြတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

  • သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်

    သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်

    သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး

    ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်တပ်က စစ်ကြောင်း ထိုးရန် ပြင်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးအတွင်း အကြမ်းဖက် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက သတိပေးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပဲခူးရိုးမအတွင်း လေယာဉ်ဖြင့် ကင်းထောက်ခြင်းများ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆက်တိုက်ပျံဝဲခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    “ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထို့ပြင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် အကြမ်းဖက် စစ်တပ်က နယ်မြေ စိုးမိုးနိုင်ရေး လုပ်ဆောင်ရာတွင် တပ်မ ၇၇ နှင့် ၁၀၁ တို့ကို ညွှန်ကြားချက်ပါ အတိုင်း စစ်ကြောင်း ၄ ကြောင်း ဖွဲ့စည်းပြီး စိုးမိုးနယ်မြေ အဖြစ် ပြန်လည်သိမ်းပိုက်ရန် ကက ကြည်း နှင့် စစ်ဆင်ရေး အထူးအဖွဲ့ တို့က ကွပ်ကဲဆောင်ရွက်နေကြောင်း သိရသည်။

  • ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းမှ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်

    အုတ်ဖို၊ ခမရ ၆ မှ လက်နက်များဖြင့် ထွက်ပြေးသွားသော စစ်သား ၇ ဦးလည်း ဖမ်းမမိတော့

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းတွင် စစ်တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ၍ တပ်သားသစ်ရှာဖွေ ဖမ်းဆီးရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦးမှာ အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းတွင် တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ ဖမ်းဆီး၍ တပ်သားသစ်စုဆောင်းကြရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦး အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

    စစ်သား ၅ ဦးထွက်ပြေး သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွားပြီး လက်ရှိချိန်ထိ တောနင်းရှာဖွေနေကြောင်း သိရှိရသည်။

    “ကုန်းရွာအုပ်စုက ပျူစောထီးတွေ အားကောင်းတဲ့ ကွင်းချောင်းရွာမှာ တပ်ဆွဲထားသည့် စစ်ခွေးတွေထဲက တပ်သား ၅ ဦး ထွက်ပြေးတာကြောင့် ၂၄ ရက်နေ့ညက လိုက်လံ ပစ်ခတ်တာ ဆူညံနေတာပဲ ပျူစောထီးတွေနဲ့ စစ်ခွေး လိုက်ပစ်တာ ညက ပြေးတဲ့၅ ဦးက သေနတ်မပါဘူး။ လွတ်သွားတယ်လို့တော့ သိရတယ်။ စစ်ခွေးတွေ မနေ့က မွန်းလွဲပိုင်းထိ တောနင်းပြီး ရှာနေတာပဲ ဘာကြောင့် ပြေးတာလည်းဆိုတော့ လူငယ်တွေကို ပေါ်တာမဆွဲချင်လို့ ပြေးတာလို့ပြောတယ်။ စစ်ခွေး အရာရှိက ကလေးတွေကို ပေါ်တာဆွဲဖို့ ပြောတာကို အမိန့်ဖီဆန်ပြီး ပြေးတာလို့ သိရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့ပြင် အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ ခမရ ၆ တပ်ရင်းမှ လက်နက်များ ယူဆောင်သွားပြီး ထွက်ပြေးသွားသည့် စစ်မှုထမ်း တပ်သားသစ် ၇ ဦးကိုလည်း လက်ရှိချိန်အထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် တောင်ပိုင်းတိုင်းမှူးက ခမရ ၆ တပ်ရင်းသို့ ရောက်ရှိလာပြီး အရာရှိများကို ဆဲဆို သွားကြောင်း သိရသည်။

    “ပြီးခဲ့တဲ့ ရက်က ခမရ ၆ ကို တိုင်းမှူးလာသွားတယ်။ အရင်တလောက ခမရ ၆ ထဲကနေ စစ်သား ၇ ဦး လက်နက်တွေနဲ့ ပြေးတာကို ပြန်ဖမ်းမိဖို့ ညွှန်ကြားနေတာ အခုသူ ညွှန်ကြားပြီး ကွင်းချောင်းကလည်း စစ်သား ၅ ဦး ထပ်ပြီး ထွက်ပြေးတော့ အရာရှိတွေ အရေးယူခံရဖို့ သေချာနေတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

  • မံစီမြို့ ခမရ ၃၁၉ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူးနှင့် ဗျူဟာမှူး ပျောက်ဆုံးနေ

    မံစီမြို့ ခမရ ၃၁၉ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူးနှင့် ဗျူဟာမှူး ပျောက်ဆုံးနေ

    ဗန်းမော်တွင်လည်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေပြီး စကခ ၂၁ တပ်မှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဒုတပ်မှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့ ပုန်းအောင်း ခုခံနေ

    ကချင်ပြည်နယ်၊ မံစီမြို့ ခမရ ၃၁၉ တပ်စခန်းတချို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခမရ ၃၁၉ တပ်ရင်းမှူးနှင့် ဗျူဟာမှူးတို့ ပျောက်ဆုံးနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့ ထံမှ သိရှိရသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်အရေးကြီးသော စခန်းကုန်းတချို့ အပါအဝင် ခမရ ၃၁၉ တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိကြောင်း၊ မံစီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်း ၃ ခုကို တပြိုင်နက်တည်း KIA က တိုက်ခိုက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မံစီမှာ တပ်စခန်း အကုန်မရသေးဘူး။ ခမရ ၃၁၉ တပ်ရင်းမှူး သေသလားရှင်သလားမသိဘူး။ သူတို့အထက်အရာရှိတွေနဲ့အဆက််အသွယ်ပြတ်တောက်နေတယ်လို့ကြားတယ်။ ဗျူဟာမှူးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ဗန်းမော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် တပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေကြောင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကိုမူ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြားသကဲ့သို့ တော်လှန်ရေးတပ်များဘက်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    တပ်သတင်းရင်းမြစ်တချို့ကမူ ဗန်းမော်အခြေစိုက် စကခ ၂၁ မှ တပ်မမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့မှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ပုန်းအောင်း နေရာရွှေ့ ခုခံစစ်ဆင်နေကြောင်း၊ စခန်းများကျလျှင် အဖမ်းမခံရရေးအတွက် ထွက်ပေါက်ရှာ ခုခံစစ်ဆင်နေကြောင်း၊ နေပြည်တော်စစ်ရုံးကလည်း စခန်းများမှ စွန့်ခွာရပါက လုံး၀ မည်သည့်နည်းနှင့်မှ အဖမ်းမခံရန် ၊ အောင်မြင်စွာ ဆုတ်ခွာမည့် လမ်းကြောင်းရှာ ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

    KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ အထိ ၂၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

    နတ်မောက်တွင် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

    မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ဥယျာဥ်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့် အကွာတွင် ဆိတ်ကြောင်း နေသော ရုံးပင်ကွက်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးမောင်ဆန်း အသက် ၆၀ ခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တောထဲတွင် အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

    ထိုသို့ သတ်ဖြတ်ပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းပေါ်တွင် ဘထ္ထရီ ၀ါယာကြိုးများဖြင့် မိုင်းဆင်ထားခဲ့ခြင်းကြောင့် ပြည်သူများ လက်ရှိချိန်ထိ အလောင်းလာကောက် နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ ဆက်လက် စစ်ကြောင်းထိုးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    “ရုပ်အလောင်းက အခုထိ မကောက်နိုင်သေးဘူး အကို စစ်ခွေးတွေက အလောင်းမှာ မိုင်းတွေဆင်ထားခဲ့တယ်။ ဥယျာဥ်ကျေးရွာ အနီးက တော်စပ်မှာ ဆိတ်ကြောင်းနေသော ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သက်ဖြတ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ဘထ္ထရီ ၀ါယာကြိုးတွေနဲ့ မိုင်းဆင်ထားတာ ရုပ်အလောင်းနားကိုလည်း ဘယ်သူမှ မကပ်ရဲသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။