Category: News

  • စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    စစ်တိုင်းများသိမ်းပိုက်ခံရသည်အထိ စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    တပ်ဖွဲ့ဝင်များသေဆုံးမှုများပြားကာ စစ်တိုင်းများသိမ်းပိုက်ခံရသည်အထိစစ်ရှုံးနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းခဲ့ကြောင်း သိရသည်။

    ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်ရှိ စိန်မေရီ ကာသီဒြယ်ဘုရားကျောင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲတွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့က “အိုသာယာသော မြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့ ခြင်းဖြစ်သည်။

    ထိုသို့သီဆိုပြီးနောက် စစ်ခေါင်းဆောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

    “အတူယှဉ်တွဲ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုထဲမှာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်း ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်စေမယ်လို့ ယုံကြည်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တောင်းဆိုလိုရင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ ရမှာ မဟုတ်ပါဘူး”ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

    လက်တွေ့တွင် စစ်ကောင်စီတပ်များအနေဖြင့် စစ်မျက်နှာဖွင့်ထားသည့် တိုင်းနှင့်ပြည်နယ်အချို့တွင် စစ်ရှုံးကာ စစ်တိုင်းများပင် သိမ်းပိုက်ခံနေရပြီး တပ်ဖွဲ့ဝင်များ သေဆုံးမှုများကာ လက်နက်ချအညံ့ခံ ရမှုများရှိနေသည့်အခြေအနေဖြစ်သည်။

    ထို့ပြင်စစ်ခေါင်းဆောင်က “မိမိတို့အစိုးရအနေနှင့် ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်အပေါ် ပြန်လည် ရောက်ရှိဖို့အတွက် ရှေ့လုပ်ငန်းစဉ်တွေ အမျိုးသားရေးနဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ချမှတ်ပြီး ကြိုးစား ဆောင်ရွက်ပေးနေပြီး အခုလိုလက်နက် ကိုင်အကြမ်း ဖက်လမ်းစဉ်တွေကို ဘယ်လူ့အဖွဲ့အစည်းကမှ လက် မခံသလို မိမိတို့အားလုံးကလည်း ဆန့်ကျင်ဖို့လိုပါတယ်” ဟု ပြောဆိုခဲ့သည်။

    လက်ရှိတွင် စစ်ကောင်စီသည် စစ်အင်အားလိုအပ်ချက်ကြောင့် မြို့နယ်နှင့် တိုင်းသီးသီးရှိ လူငယ်၊ လူရွယ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မဖမ်းဆီးကာ ရှေ့တန်းသို့ပို့ဆောင်နေသော်လည်း နယ်မြေများဆုံးရှုံးကာ အင်အားပြုန်းတီးမှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

    Photo & Video -စစ်ကောင်စီ

  • အမြန်လမ်းမှာ နွားထိုးကြီး PDF က လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

    အမြန်လမ်းမှာ နွားထိုးကြီး PDF က လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

    ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင်(၃၁၈)မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Forceက​ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDF က သတိပေးပါတယ်။

    စစ်ကောင်စီဘက်က ဒီနေ့မနက် ၁၀ နာရီခွဲအချိန် နွားထိုးကြီး PDFက ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၈/၆၈ ဖာလုံမှာ ကားတွေကို စစ်ဆေးပြီး ယာဥ်ငယ်တစီးကို ဇီးတောဆည်ဘောင်ဘက်ကို ခေါ်သွားတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နွားထိုးကြီးမြို့နယ်က တာဝန်ရှိသူတွေကိုမေးမြန်းကြည့်ရာမှာ အမြန်လမ်းပေါ်ကို လုံခြုံရေးအရ တော်လှန်ရေးတပ်တွေက စစ်ဆေးခဲ့တာမှန်ကန်ပြီး အိမ်စီးကားတစီးပေါ်မှာ ပြောက်ကျားအင်္ကျီတွေ့တာမို့ ကားပေါ်ပါလာတဲ့သူတွေကို အောက်ခဏဆင်းခိုင်းကာ ယာယီစစ်ဆေးမှုပြုလုပ်ပေးပြီးပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

    “တပ်ရင်းတစ်ခုက ခ​ဏတင် စစ်လိုက်တာပါ။ ဖမ်းတယ်ဆိုတာမဟုတ်ပါဘူး။ ပြီးတော့ စစ်တဲ့ကားက ပြည်သူတွေကားမို့ အေးအေးဆေးဆေးပြန်လွှတ်လိုက်တာပါ”လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

    တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDF က မေတ္တာရပ်ခံထားပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)က စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့ပါသေးတယ်။

    ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ်

  • ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ လိုက်လံကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသော ရဲဗလ တံဆိပ်ရရှိသူ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့် မိသားစုဝင် ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်၊ ရဲဗလ တံဆိပ်ရရှိထားသူ မောင်လွင်နှင့် မိသားစုဝင် ၂ ဦးကို WTRF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော မောင်လွင်ကို ၂၀၂၁ ခုနှစ်က တော်လှန်ရေး ရဲဘော်များ ပထမ တစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက်မသေဘဲ လမ်းမလျောက်နိုင်သည့် ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက ၎င်းအရှိန်ဖြင့် တမာကန်ရွာ ၊ကျောက်အိုးရွာ၊ မင်းကုန်ရွာနှင့် တောင်ဆည်ရွာမှ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံခြင်း၊ လူငယ်များရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းမှ ၁၀ သိန်းထိ ကောက်ခံခြင်း၊ ပြည်သူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ ပျူစောထီး မောင်လွင်၏ လမ်းစဉ် အတိုင်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ၂ ဦးပါ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ပျူစောထီး ခေါင်းဆောင် မောင်လွင်နဲ့ သူ့မိသားစုက ကျေးရွာတွေအပေါ် အလွန် အကျူး ဖိနှိပ် အနိုင်ကျင့် နေလို့ တော်လှန်ရေးတပ်ဖွဲ့က ပထမ တစ်ကြိမ် ပစ်ခတ်ခဲ့သည့်တိုင် ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ လက်အောက်ခံ ပျူစောထီးတွေကို ကိုယ်ရံတော် အစောင့်အဖြစ်မွေးပြီး တမာကန်အုပ်စုအတွင်းမှာရှိတဲ့ ရွာတွေ အားလုံး အပေါ် ဆက်၍ ပိုတိုးပြီး အနိုင်ကျင့်ဖိနှိပ်နေလို့ မောင်လွင်နဲ့ သူ့မိသားစုဝင်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ” ဟု Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ရေဦးဆီဆိုင်တွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် မြင်းမူမြိုနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းရှင်းရန် လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို မြင်းမူမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ရေး ဗိုလ်ကြီး ကွပ်ကဲ၍ People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် (၇) တပ်ရင်း တပ်ခွဲ ၂ ၊ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝမ်းတွင်းမြို့ နယ်၊ ဒိုင်းကောင်းကုန်းကျေးရွာ စာသင်ကျောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ လက် နက်ကြီး ၂ လုံးအသုံးပြုပြီး အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

    “သင်္ချိုင်းကုန်းကို စစ်သားအပြည့်ပိတ်ဆို့ပြီး သင်္ဂြိုလ်နေတာ၊ ဘယ်သူမှအဝင်မခံဘူး။ အဝေးကနေ ကြည့်ရတာမို့ ၂ ဦးထက်တော့ ပိုနိုင်တယ်။ မနေ့ညက တမာကန်မှာဖြစ်တဲ့ကိစ္စနဲ့အခုအပစ်ခတ်ခံရတဲ့ ကိစ္စတွေကြောင့် စခတွေ ခြေရှုတ်နေတယ်၊ မိဘပြည်သူတွေအနေနဲ့ စခတွေ သတင်းကို ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Wundwin Township Revolution Force – WTRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    ထို့သို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဒိုင်းကောင်းရွာသင်္ချိုင်း ကုန်းကို စစ်သားအပြည့်ဖြင့် ပိတ်ဆို့ကာ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် ခရီးသွားပြည်သူများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ အနေဖြင့် စစ်သား၊ ရဲ ဆိုင်ကယ်၊ ကားတန်းများ တွေ့ရှိပါက တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

    ဓာတ်ပုံ- အညာဒေသတွင် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား

    ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်

    မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား

    အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များ ဆုတ်ခွာသွားဖြင့် ချင်းညီနောင်တပ်များက ကန်ပက်လက်မြို့ကိုလည်း သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

    “ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ပြောလို့ရမယ်။ တီးတိန်၊ ထန်တလန်၊ ဟားခါးကတော့ ကျန်နေသေးတယ်” ဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ကျင်းဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ မဟာမိတ်တပ်များအနေဖြင့် သိမ်းပိုက်ရာတွင် AA ထံမှ အကူအညီများစွာရရှိထားကြောင်း တာဝန်ရှိသူများက ဆိုသည်။

    လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တော့ကြောင်း၊ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချန်းဖေက ဆိုသည်။

    စစ်သုံ့ပန်းများ ဖမ်းဆီးရရှိရာတွင် အဆင့်မြင့်ဆုံးအနေဖြင့် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီး ၁ ဦးကိုလည်း ဖမ်းဆီးရရှိထားပြီး ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်နက်ချသူများလည်းရှိရာ မင်းတပ်မြို့ နှင့်ဖလမ်းမြို့မှ စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခလရ ၂၇၄ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားစဉ်။

    Photo- Yaw Mang