Category: News

  • ရခိုင်နှင့်ချင်းမြို့များလက်လွှတ်လိုက်ရသော စစ်တပ်က မကွေးတွင် စစ်ပြင်

    ရခိုင်နှင့်ချင်းမြို့များလက်လွှတ်လိုက်ရသော စစ်တပ်က မကွေးတွင် စစ်ပြင်

    ရခိုင်ပြည်နယ် အမ်းမြို့၊ ချင်းပြည်နယ်တောင်ပိုင်းဒေသကို အာရက္ခတပ်တော် (AA) နှင့် ၎င်း၏ မဟာမိတ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လက်နက်ခဲယမ်းစက်ရုံများရှိရာ မကွေးတိုင်းတွင် စစ်ရေးပြင်ဆင်လာသည်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ကို AA က ဒီဇင်ဘာလအတွင်း သိမ်းပိုက်လိုက်သလို ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းက ထိန်းချုပ်လိုက်ရာ မကွေးတိုင်းအနောက်မြောက်ဘက်ခြမ်း နယ်စပ်တလျှောက်မှာ တော်လှန်ရေးအင်အားစု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီဖြစ်သည်။

    ထို့ကြောင့် စစ်တပ်က လက်နက်စက်ရုံအများအပြားရှိသော မကွေးတိုင်းအတွင်း အင်အားစုဖွဲ့ကာ ခဲယမ်းများ ဖြည့်တင်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

    လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (မကွေး) PRA ၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က စစ်တပ်သည် တိုက်ပွဲအတွက် ခဲယမ်း ထပ်မံ ဖြည့်တင်းနေသည်၊ စစ်သားသစ်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ၏ လှုပ်ရှားမှုလည်း ရှိနေသည်ဟု သိရကြောင်း ပြောသည်။

    “မင်းဘူးဝန်းကျင်မှာလည်း ပျူနဲ့ သင်တန်းဆင်းအင်အားတွေ စုဖွဲ့နေတယ်လို့ကြားရတယ်။ ဘယ်ဘက်ကို ပို့မလဲ ဆိုတာတော့ မသိရဘူးပေါ့နော်။ နောက်တစ်ခုကတော့ ခဲယမ်းဖြည့်တင်းတာမျိုးတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

    “အဓိကတော့ မစခ (အမြောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်) ၉၀၅ နဲ့ ပဒါန်းတပ်နယ်အတွက် ‌120 မမ လက်နက်ကြီးကျည်ဆန်တွေအပါ အရံလက်နက်ခဲယမ်းတွေ ထပ် ဖြည့်နေတာရှိတယ်”

    အမ်းမြို့ကို လက်လွှတ်ရပြီးနောက်ပိုင်း ကပ်လျက်မကွေးတိုင်းမှ မြို့နယ်များဖြစ်သည့် မင်းဘူး၊ ငဖဲ၊ ပဒါန်းမြို့နယ်တို့တွင် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် ရခိုင်ရိုးမပေါ်တွင် ပိုမိုခြေကုပ်ယူနိုင်ရန်စစ်တပ်က ကြိုးပမ်းနေသည်ဟု ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) ၏ စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာက ပြောသည်။

    “အမ်း ပဒါန်းလမ်းကို အခြေပြုပြီး ရိုးမပေါ်မှာ စစ်စခန်းတွေ တိုးချဲ့ တည်ဆောက်နေပါတယ်။ ရှိပြီးသား စခန်းတွေကို ဗျူဟာကုန်းအဆင့်အထိ တိုးချဲ့တည်ဆောက်နေတာမျိုးရှိပါတယ်၊ နတ်ရေကန်တောင်နဲ့ ကံမြင့်ကန်ဂိတ်စခန်းတွေမှာ တိုးချဲ့ အထိုင်ချ ဖွဲ့စည်းနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

    ထို့ပြင် ချင်းပြည်နယ်နှင့်ထိစပ်နေသည့် ဂန့်ဂေါ၊ ဆော၊ ထီးလင်းမြို့နယ်တို့နှင့်ပါဝင်သည့် ယောဒေသ တွင်လည်း စစ်တပ်က ဘန်ကာ၊ ကတုတ်ကျင်းများ တည်ဆောက်ကာ ခံစစ်ပြင်နေသည့်အပြင် လေကြောင်းမှတဆင့် ခဲယမ်း ဖြည့်တင်းနေသည်ဟု ယောအခြေစိုက် ယောတပ်တော် (Yaw Army) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

    နယ်မြေထိစပ်နေသည့် ကန်ပက်လက်မြို့သိမ်းခံရပြီးနောက် ဆုတ်ခွာလာသောစစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတပ်ဖွဲ့များ ၊ မိသားစုဝင်များ အပါအဝင် အင်အား ၁၅၀ နီးပါးမှာ ဆောမြို့နယ်အတွင်း ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

    ချင်းပြည်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက် လက်လွှတ်လိုက်ရသည့် စစ်တပ်အတွက် ခံစစ် စည်းဖြစ်လာသည့် ယောဒေသတွင် မကြာမီကာလတွင်း စစ်ရေးအရှိန်မြင့်တက်လာနိုင်သည်ဟု ထိုသူက သုံးသပ်သည်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက် တို့ကို ထိန်းချုပ်လိုက်ခြင်းကြောင့် မကွေးတိုင်းအတွင်း စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း နှင့် ကပစဟု အတိုကောက်ခေါ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံများကို အချိန်မရွေး ခြိမ်းခြောက်နိုင်သည့် အခြေအနေဖြစ်ကြောင်း PRA ၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။

    “အဓိကတော့ ရန်သူရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ လက်နက်ခဲယမ်းထုတ်လုပ်နေတဲ့ ကပစ စက်ရုံ တွေကိုတော်လှန်ရေးအဖွဲ့တွေနေနဲ့အချိန်မရွေးခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်မယ်။ နောက် တစ်ခုကတော့ ပြည်မထဲ တော်လှန်ရေးအင်အားစုအနေနဲ့ လွယ်လင့်တကူ ထိုးဖောက်ဝင်ရောက်နိုင်တဲ့အနေအထား ဖြစ်သွားမယ်”

    လက်ပစ်ဗုံး၊ ကျည်ဆန်မှအစ နိုင်ငံအနှံ့ လေတပ်ကလိုက်လံကြဲချနေသည့် ဗုံးများအထိ ထုတ်လုပ်ပေးရာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ခုရှိသည့်အနက် ၁၅ ခုမှာ မကွေးတိုင်းတွင် ရှိပြီး အများစုမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို အခြေပြု တည်ဆောက်ထားသည်။

    မကွေးတိုင်းအတွင်းရှိ ထိုစက်ရုံများကို တော်လှန်ရေးအဖွဲ့များက ရံဖန်ရံခါ တိုက်ခိုက်တတ်ပြီး ၂၀၂၁ နိုဝင်ဘာအတွင်း ကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကျောမြို့အခြေစိုက် ကပစ (၂၃)မှ ဗိုလ်ကြီးသော်ဇင်နှင့် တပ်သား စိုးရာဇာကို PRA က ဖမ်းမိခဲ့သည်။

    အလားတူ ကပစ ၁၄၊ ကပစ ၁၂ တို့ကို ၂၀၂၃ ဖေဖော်ဝါရီတွင် PRA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    လတ်တလော လက်လွှတ်ထားရသည့်မြို့များအနီးတွင် ကပစ စက်ရုံ ၄ ရုံထက်မနည်းရှိနေသည့် အနက် ဆောမြို့နှင့်လောင်းရှည်အနီးရှိ ကပစ ၂၅ မှာ အခြိမ်းခြောက်ခံရနိုင်ဆုံးစက်ရုံ ဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ်သည်။

    “ပထမဆုံး ကျသွားနိုင်တဲ့ ကပစ ဖြစ်လာနိုင်တယ်” ဟု သူက မှတ်ချက်ပြုသည်။

    “သူကနောက်ဆုံးမှလုပ်တဲ့ ကပစ ဖြစ်တဲ့အတွက် လူအင်အားများများ လည်ပတ်နိုင်တဲ့ ကပစ မဟုတ်ဘဲနဲ့ တပ်အသစ်ပေါ့။ အာဏာမသိမ်းခင်ကာလ ရှေ့ပိုင်းလောက်ကမှ သိပ်မကြာခင် လူအင်အား၊ ထုတ်လုပ်မှု အင်အား လုပ်နိုင်နေတာတွေမဟုတ်ဘူး။ တိုက်ခိုက်ဖို့အတွက် အလွယ်ဆုံးနေရာ ဖြစ်တယ်”

    မကွေးတိုင်း အနောက်ခြမ်းကိုဖြတ်သန်းသွားသည့် ပုသိမ် – မုံရွာလမ်းပိုင်းတွင်လည်း တော်လှန်ရေး အင်အားစု၏ စိုးမိုးနယ်မြေ ယခုနှစ်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာကြောင်း ထိုအဖွဲ့များက ဆိုသည်။

    ထို့ပြင် ရခိုင်ပြည်နယ်နှင့် ပြည်မကို ဆက်သွယ်ထားရာ လမ်းကြောင်းတစ်ခုဖြစ်သည့် တောင်ကုတ်မြို့ကို လည်း AA က ထိန်းချုပ်လိုက်ပြီးနောက် စစ်တပ်က ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း စစ်ရေးပြင်ဆင်နေသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုက ဆိုသည်။

    ရခိုင်ပြည်နယ် တောင်ပိုင်း အစွန်ဆုံးရှိ ဂွမြို့ကို AA က အပြင်းအထန် ထိုးစစ်ဆင်နေချိန်တွင် ရိုးမ တစ်ဘက်ခြမ်းရှိ ဧရာဝတီတိုင်းတွင်လည်း စစ်ရိပ်စစ်ငွေ့သန်းလာပြီး ယခင်ကထက် လုံခြုံရေးပိုမို တင်းကျပ်ထားသည်။

  • ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေး

    ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေး

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရရှိထားသော ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထား

    ဒုတိုင်းမှူးနှင့်တိုင်းစစ်ဦးစီးချုပ်ကို စတင်ဖမ်းဆီးမိချိန် သံခြေကျင်းခတ်ထားသည့် မြင်ကွင်းကိုပါ ထပ်မံ ထုတ်ပြန်

    ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရရှိထားသော ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း AA က ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အဆိုပါ ဓာတ်ပုံနှင့် ဗီဒီယိုများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းများကို စတင်ဖမ်းဆီးချိန်က ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့မှာ သံခြေကျင်းခတ် ခံထားရသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

    နောက်ပိုင်းတွင် စစ်သုံ့ပန်းများကို လိမ္မော်ရောင်ဝတ်စုံများ ဆင်မြန်းပေးထားပြီး ကောင်းမွန်စွာ ကျွေးမွေးထားသည်ကို တွေ့ရှိရသည်။

    စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက “အာရက္ခတပ်တော်အနေနဲ့ လက် လွတ်စပယ် မလုပ်ပါဘူး။ ဥပဒေနဲ့အညီပဲ ဆက်ဆံပါတယ်။ အာရက္ခတပ်တော်က သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အတိုင်းထိန်းသိမ်းထားရှိပါတယ်။ သူတို့တွေဆီမှာရှိတဲ့ ရိက္ခာ ဆေးဝါးတွေနဲ့ အစားအစားအသောက်တွေကို အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်” ဟု ပြောဆိုထားသည်။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒဏ်ရာရရှိထားသော စစ်သုံ့ပန်းများကို AA တပ်တော်က ကောင်းမွန်စွာ ဆေးဝါးကုပေးထားသည်ကိုလည်း AA ၏ ထုတ်ပြန်ချက်တွင် မြင်တွေ့ရသည်။

  • နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ (ရုပ်သံ)

    နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ (ရုပ်သံ)

    ရခိုင်ပြည် အမ်းမြို့တွင်ရှိသော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။

    အဆိုပါ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်းများအား အာရက္ခတပ်တော် AA မှ ထုတ်ပြန်လာခြင်းဖြစ်သည်။

  • မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်

    မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်းပေါ်က အဟောင်းပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးက ဆိုင်အတွင်းထိ ဝင်ရောက် ပစ်သတ်ခဲ့ပြီး ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

    ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းက မုံရွာမြို့ မိုးကောင်းလမ်းပေါ်ရှိ အဟောင်းအစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ဆိုင်အတွင်းထိ ဝင်ရောက်ပြီး ပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အဓမ္မဖမ်းဆီးဖို့ ပြုလုပ်ခဲ့ရာအသာတကြည် အဖမ်းမခံတာကြောင့် သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့ပြီးနောက် ဆိုင်မှာရှိတဲ့ ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

    သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အဟောင်းပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သမီး သုံးယောက်ရဲ့ မိခင်လည်း ဖြစ်တယ်လို့ သိရပါတယ်။

    “တကယ်က ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့လာတာ အဲ့မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတယ်။ ခေါ်မရတဲ့ နောက်ဆုံး သေနတ်နဲ့ ပစ်သတ်ပြီး ဆိုင်က ကားကို ယူသွားတာ။ သူတို့ဆိုင်က အလုပ်သမားတွေကလဲ စောသေးတော့ မလာကြသေးဘူး။ ပစ်သတ်တဲ့သူတွေက အဲဒီကားကြီးမောင်းပြီး ထွက်ပြေးသွားတာ”လို့ ရပ်ကွက်တွေထဲ စျေးလှည့်ရောင်းတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။

    ဆိုင်အတွင်းက အမျိုးသမီးက မလိုက်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးဟာ ဆေးရုံပို့နေချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

    ပြန်ပေးဆွဲခံရသူက အဟောင်းပစ္စည်းတွေကို အရောင်းအဝယ်လုပ်နေတဲ့သူဖြစ်ပြီး ပြန်ပေးဆွဲသူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

    “ဆိုင်က ဂိုထောင်ပုံစံမျိုး၊ ကားထုတ်ခိုင်းပြီး ကားနဲ့လူနဲ့ခေါ်တာ လူက မလိုက်ဘူးပေါ့၊ လူက ပြေးမယ်လုပ်တော့ ပစ်သတ်ခဲ့တာ။ပစ်ခံရတာကြားလို့ ကြည့်ကြတော့ သူတို့ထွက်သွားတာ တွေ့ရတာ” လို့ မုံရွာ မြို့ခံတစ်ဦး က ပြောပါတယ်။

    သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အမျိုးသမီးကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသဖို့ ခေါ်ဆောင်သွားခဲ့ပေမယ့် လမ်းမှာပဲသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

    လက်နက်ကိုင်ဆောင်ထားသူ လူသုံးဦး ဟာ သူတို့လုယက်ယူဆောင်သွားတဲ့ SGG 4D 4110 wishအမျိုးအစား အဖြူရောင်ကားနဲ့အတူ မုံရွာမြို့နယ် အရှေ့ဘက် ကံမရွာဘက်ကို ဦးတည်မောင်းထွက်သွားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီနောက် မုံရွာမြို့၊ အက်တောရပ်ကွက်၊ ကန်သာဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် ကွန်ကရစ်လမ်းမပေါ်မှာ ကားကို ထားရစ်ခဲ့ပြီး ကျူးလွန်သူတွေကတော့ ဒီဇင်ဘာ ၂၆ရက် နေ့လည် ၁၂ ရီကျော်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ မုံရွာမြို့နယ် ပလဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    မုံရွာမှာ စီးပွားရေးရှင်၊ လုပ်ငန်းရှင် စတဲ့ ငွေကြေးချမ်းသာသူတွေကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ပြန်ပေးဆွဲ ငွေညှစ်တောင်းခံတာတွေ ငွေမပေးပါက အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်တာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

  • DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ

    DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ

    နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်ပြီး စခန်းတွေ တခုပြီးတခု အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA ကျောင်းဆင်းပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    အဲဒီပွဲကို ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ၈ မိုင် စစ်ရုံးထဲမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲနေရာအနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။

    စစ်တပ်နဲ့ နီးစပ်သူတယောက်က “အခမ်းအနားတက်မယ့်သူနဲ့ လိုက်မယ့်မိသားစု မှတ်ပုံတင်၊ တော်စပ်ပုံ၊ မိန်းမ၊ သားသမီး၊ မြေးတွေပဲ တက်ခွင့်ရတယ်။ လူနဲ့ မှတ်ပုံတင် လာမယ့်ကားနံပါတ်ကို တပတ်အလိုတည်းက ကြိုပေးထားရတယ်။ တယောက် ၂ သိန်းဖိုး ကျွေးတယ်။ လူ‌စေ့ မဲနှိုက်ခွင့်ရတယ်။ နောက်ဆုံးပေါ် iPhone ကစ​​ပြီး ဘာညာပါ။ ဗလာမပါ ကံစမ်းမဲ လုပ်တယ်၊ မဲက အရင်နှစ်တွေဆို ငွေသားနဲ့ ကားတွေပါ ဖောက်ပေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

    DSA ကျောင်းဆင်းတွေက နှစ်တိုင်း သူတို့အပတ်စဉ်အလိုက် တွေ့ဆုံပွဲလုပ်ကြပြီး ကျန်တဲ့ OTS, OTC တွေလည်း သူတို့အပတ်စဉ်အလိုက် လုပ်ကြတယ်လို့ သိရ​ပါတယ်။

    စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် DSA နှစ်ပတ်လည်အခမ်းနားတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သီချင်းဆို ဖျော်ဖြေလေ့ရှိတယ်လို့ သိရပါတယ်။

    အခုနှစ်မှာတော့ ရခိုင်၊ ကချင်နဲ့ ချင်းပြည်နယ် အပါအဝင် ဒေသတော်များများမှာ စစ်ကောင်စီ တပ်တွေ အရေးနိမ့်နေပြီး စခန်းတွေ အသိမ်းခံနေရချိန်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။