Tag: News

  • စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

    စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

    စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အရည်အသွေးသတ်မှတ်ချက်များကိုပါ ဖယ်ရှား

    အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း နှင့် ထိုကော်မရှင်၏ အရည် အသွေး သတ်မှတ်ချက်များကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ (GANHRI) က ဆုံးဖြတ်လိုက်ကြောင်း Progressive Voice ထံမှ သိရှိရသည်။

    Global Alliance of National Human Rights Commission – GANHRIက စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အရည်အသွေးအဆင့်သတ်မှတ်ချက်ကို အပြီးသတ်ဆုံးဖြတ်ချက်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆိုထောက်ခံပြီး APF နှင့် SEANF တို့ကိုလည်း အလားတူ လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုကြောင်း သိရှိရသည်။

    စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန်နှင့် အရည်အသွေးအဆင့် သတ်မှတ်ချက်အား ဖယ်ရှားလိုက်သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Commission – GANHRI)[1] ၏ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အပေါ် လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာအရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) နှင့် အာရှဒေသနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) တို့က ကြိုဆိုထောက်ခံလိုက်ကြောင်း သိရှိရသည်။

    ထိုကဲ့သို့ ဆုံးဖြတ်ချက်ကို နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့ကလည်း အခြေခံမူများအပေါ် ရပ်တည်ချမှတ်ခဲ့သော GANHRI ၏ ဆုံးဖြတ်ချက်ကို လိုက်နာပြီး MNHRC အား သက်ဆိုင်ရာ၎င်းတို့၏လူ့အခွင့်အရေးကွန်ရက်များမှ ချက်ချင်းဖယ်ရှားရန် တိုက်တွန်း တောင်းဆိုထားသည်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာလ အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) က “ စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင် သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံးလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင်ဆောင်ရွက်မှု မရှိကြောင်း” အတည်ပြုပြောကြားကာ စစ်ကောင်စီ၏ လူ့အခွင့်အရေး အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် အကြံပြုခဲ့သည့် ၎င်း၏ ၂၀၂၃ ခုနှစ် အကြံပြုတိုက်တွန်းချက်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

    သို့ရာတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က ယင်းဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ကြောင်း၊ သို့သော်လည်း အခြား GANHRI ဗျူရိုအဖွဲ့ဝင်များထံမှ လုံလောက်သော ပံ့ပိုးကူညီမှု မရခဲ့ကြောင်း၊ GANHRI သည် ယခုအခါ MNHRC ၏ အဆင့်သတ်မှတ်ချက်နှင့် အဖွဲ့ဝင်ဖြစ်နေခြင်းကို ၎င်းတို့ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှ ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

    GANHRI ၏ ဆုံးဖြတ်ချက်ကို ထောက်ခံရသည့်အကြောင်းရင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က စစ်အုပ်စုနှင့် လုံးလုံးလျားလျား လက်တွဲပူးပေါင်းနေခဲ့ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အစဥ်တစ်စိုက် နှုတ်ဆိတ်နေခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊ လွတ်လပ်အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်းသတ်မှတ်ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာလူ့အခွင့်အရေး ကော်မရှင်က စစ်အုပ်စု၏ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေပြီး စစ်အုပ်စု၏ မှားယွင်းသော ထုတ် ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများမှ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေး နေကြောင်း၊ နောက်ဆုံးအနေဖြင့် MNHRC သည် စစ်အုပ်စု၏ ရာဇ ၀တ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေကြောင်း ထောက်ပြထားသည်။

    ရှေ့ပြေးအသံအဖွဲ့၏ဥက္ကဌ ဒေါ်ခင်ဥမ္မာ က “စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC(လူ့အခွင့်အရေးကော်မရှင်) ကို ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ GANHRI ရဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ကျမတို့က ကြိုဆိုတယ်။ ပါရီအခြေခံမူတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာကို GANHRI အနေနဲ့ လက်မခံဘူးဆိုတာကို ဒီဆုံးဖြတ်ချက်က မြန်မာပြည်သူတွေကို အတည်ပြုပေးလိုက်တာပဲ ဖြစ်တယ်။ APF နဲ့ SEANF တို့လည်း GANHRI ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတကွ ရပ်တည်ပြီး MNHRC ကို သူတို့ရဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေးကွန်ရက်တွေကနေ ဖယ်ရှားပြီး တူညီတဲ့ အခြေခံမူနဲ့ အနှစ်သာရကို အချိန်ဆိုင်းမနေဘဲ ထုတ်ဖော်ပြသရပါမယ်။”ဟု သုံးသပ်ပြောဆိုထားသည်။

    ဓာတ်ပုံ- မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်တို့ကို ၂၀၂၄ ခုနှစ် ၇၆ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • မန္တလေး ဆိုင်ကယ်လုယက်မှု အမှုလာဖွင့်သူကို ရဲက အလှုပ်ရှုပ်တယ်လို့ ငေါက်လွှတ်

    မန္တလေး ဆိုင်ကယ်လုယက်မှု အမှုလာဖွင့်သူကို ရဲက အလှုပ်ရှုပ်တယ်လို့ ငေါက်လွှတ်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

    ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။

    CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။

    ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို CCTV မှတ်တမ်းမှာတွေ့ရပါသေးတယ်။

    “လွယ်လို့ လစ်လို့ ဆိုင်ကယ်လုတာမဟုတ်တော့ဘဲ ပေါ်တင်အုပ်စုလိုက် ဓားမြတိုက်ယူတာ၊ မပေးရင် အသက်အန္တရာယ်ကိုပါ ရန်ပြုတဲ့အဆင့်ဖြစ်နေပြီ”လို့ မန္တလေးမြို့ခံ ရဲအရာရှိဟောင်းတစ်ဦးက ဖြစ်စဉ်အပေါ် ပြောပါတယ်။

    လုယက်ခံရတဲ့ ဆိုင်ကယ်အမျိုးအစားဟာ Honda Click 150 Model 2020 ဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း၉၀အထက် ရှိနေပါတယ်။

    ဆိုင်ကယ်လုယက်သူတွေ တန်ဖိုးကြီး ဆိုင်ကယ်တွေကိုသာ ပစ်မှတ်ထားလုယက်လေ့ရှိတာလို့ မြို့ခံတွေဆီကသိရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လုယက်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လာနေကြတာပါ။

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၉လမ်း၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ ရန်ပြုကာ ဆိုင်ကယ် လုယက်မှုနဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားရောက် တိုင်တန်းခဲ့ပေမယ့် ရဲက အမှုမဖွင့်ပေးဘဲ အလှုပ်ရှုပ်နေတယ်လို့ ငေါက်ငန်းပြောဆိုကာ ပြန်လွှတ်လိုက်တယ်လို့ အဲ့ဒီ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

    ဇန်နဝါရီလ ၂၁ရက် ညနေ ၅နာရီခွဲဝန်းကျင်မှာ အထက်ပါအတိုင်း အုပ်စုဖွဲ့ ရန်ပြုကာ ဆိုင်ကယ် လုယက်ခံရပြီးနောက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းပေါ်က စစ်အုပ်စုရဲ့ ချမ်းမြသာစည် အဆင့်ရဲစခန်းကို သွားရောက် အမှုဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုက အမှုမဖွင့်ပေးဘဲ ငေါက်လွှတ်လိုက်တာလို့ ဆိုပါတယ်။

    “လုယက်မှုအပြီး အဆင့်မြင့်ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပေမဲ့ ခုချိန်အခါကြီး အလုပ်လာရှုပ်လို့ ဆိုပြီး အငေါက် ခံခဲ့ရပါတယ်” လို့ အဲ့ဒီ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

  • ဗန်းမော်တိုက်ပွဲအထိနာသည့် စစ်ကောင်စီက ယမန်နေ့ တစ်ရက်လုံး လေကြောင်းတိုက်ခိုက်

    ဗန်းမော်တိုက်ပွဲအထိနာသည့် စစ်ကောင်စီက ယမန်နေ့ တစ်ရက်လုံး လေကြောင်းတိုက်ခိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းက ဒီဇင်ဘာ ၂၄ ရက်တွင် ထိုးစစ်အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီက တစ်နေ့လုံး လေကြောင်းပစ်ကူသုံး အပြင်းအထန်ခုခံခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောပြသည်။

    ယမန်နေ့(ဇန်နဝါရီ ၂၄ ရက်)တွင် KIA ပူးပေါင်းတပ်များက စစ်ကောင်စီ​၏ သံချပ်ကာတပ်ရင်းနှင့် သံချပ်ကာယာဉ် ၄ စီးသိမ်းရခဲ့သည့်တိုက်ပွဲ မှာ အလွန်ပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးထားသည်။

    စစ်ကောင်စီကလည်း တံတားဦး၊ မြစ်ကြီးနား၊ မိတ္ထီလာ လေတပ်စခန်းများမှ တိုက်လေယာဉ်များနှင့် Y12 လေယာဉ်တို့ကို အသုံးပြု၍ ဗန်းမော်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု တစ်နေ့လုံးပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းများအရ ယမန်နေ့ နံနက် ၆နာရီခွဲခန့်တွင် ဗန်းမော်မြို့ကို Y12 လေယာဉ်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်များဖြင့်လည်း ဆက်တိုက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    ထို့နောက် Y12 လေယာဉ်ဖြင့် နံနက် ၁၁နာရီခွဲခန့်တွင် တစ်ကြိမ်၊ နေ့လည် ၁၂နာရီကျော်တွင် တကြိမ် လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ Y12 လေယာဉ် အသုံးပြုတိုက်ခိုက်ရာတွင် ဗုံးသီး အများအပြားပစ်ချတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

    ထို့အပြင် နေ့လည်ပိုင်းတွင်လည်း တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဆက်လက်တိုက်ခိုက်ရာ ည ၇နာရီကျော်အထိ တိုက်ခိုက်ခဲ့သည်ဟု ကချင်သတင်းရင်းမြစ်များက ပြောသည်။

    စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့ကို ရဟတ်ယာဉ်များဖြင့် လာရောက်အင်အားဖြည့်တင်းနိုင်မှု အခြေအနေမရှိကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ဗန်းမော်တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် သည် ယမန်နေ့တွင် KIA ဌာနချုပ် လိုင်ဇာမြို့ကိုလည်း အသေခံဒရုန်းအသုံးပြု၍ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    သို့သော် ဒရုန်းတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိဟု ဆိုသည်။

    စစ်ကောင်စီ၏ လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုကြောင့် ကချင်သတင်းရင်းမြစ်အချို့က လေကြောင်းရန် သတိပြုရန် နှိုးဆော်မှုများ လူမှုကွန်ရက်၌ ကချင်ဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

    “သူပြောထားတဲ့ဟာက ဗန်းမော်က ကျတော့မှာမို့လို့ စစ်ကောင်စီဘက်က လေယာဉ်တွေ ဒရုန်းတွေနဲ့ တိုက်တယ်ပေါ့။ လေယာဉ်ကတော့ အသံကြားရတယ် ဒရုန်းက အသံမကြားရတဲ့အတွက် ပိုပြီးတော့ သတိထားကြဖို့ ပြောထားတယ်”ဟု ကချင်အမျိုးသမီးတစ်ဦးက ကချင်ဘာသာဖြင့်ရေးသားချက်ကို ပြောပြသည်။

    ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း KIA၏ ၂၀၂၄ မတ်လ ၇ရက်က စတင်ခဲ့သည့် ထိုးစစ်အရှိန်မြှင့်တင်မှုတွင် စစ်ကောင်စီစခန်းများ သိမ်းပိုက်မှုများအတွင်း ယခု ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ရက်ပေါင်း ၅၀ ကျော် ဖြင့် အကြာဆုံးတိုက်ပွဲဖြစ်သည်ဟု မှတ်ချက်ပြုသည်။

    ” စစ်ရေးဗျူဟာအရ နှစ်ဖက်တပ်ဖွဲ့ဘက်က ဘာမှ မုတ်ပြန်သောလည်း ထိခိုက်သေဆုံးမှုကများနေတယ်။ ကချင်ပြည်နယ်မှာ ၂၀၂၄ မတ်လကနေ အခုထိ တိုက်ပွဲအကြာဆုံးနဲ့ စကစနဲ့ KIA နှစ်ဖက်ထိခိုက်သေဆုံးမှု အများဆုံးလို့သိထားရပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

    စစ်ကောင်စီက ဗန်းမော်မြို့မကျရေး လေကြောင်း၊ ဒရုန်းများဖြင့် အစွမ်းကုန် ခုခံနေသလို KIAပူးပေါင်းတပ်ကလည်း ယခုရက်ပိုင်းအတွင်းပိုမိုပြင်းထန်သည့် ထိုးစစ်ဖြင့် ဗန်းမော်မြို့ကို ရအောင် တိုက်ယူရန် ကြိုးစားမည်ဟု ယူဆကြောင်း ဦးဇော်ဆန်က သုံးသပ်သည်။

    စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြုနေသော ရုရှားထုတ် YAK-130 တိုက် လေယာဥ်။(ဓာတ်ပုံ – စစ်ကောင်စီ)

  • သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့

    သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့

    မိုင်းတွမ်း ခမရ ၅၅၄ မှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ ရယူ သုံးဖြုန်းနေ

    ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတွမ်းဒေသရှိ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၅၅၄ တပ်ရင်းတွင် တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက ရှေ့တန်းတိုက်ပွဲ၌ သေဆုံးခဲ့သော စစ်သားများ၏ လစာများနှင့် ဘဏ်စုငွေများကို မိသားစုဝင်များထံ ပြန်မပေးတော့ဘဲ သုံးဖြုန်းနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ခမရ ၅၅၄ မှ ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၅၄ ကျောင်းဆင်း ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက တပ်ရင်းရှိ ခွင့်မဲ့ စစ်သည်များ၏ လစာများကို လိမ်လည် ထုတ်ယူသုံးစွဲခြင်း၊ ခွင့်မဲ့များကို အထက်သို့ မတင်ပြခြင်း၊ ကယား-လားရှိုးသို့ ရှေ့တန်း ထွက်တုန်းသည် စစ်သားများ၏ လစာကို ရှေ့တန်းမပို့ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ရှေ့တန်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သော နေအိမ်နှင့် အဆက်အသွယ်မရသော လူပျိုစစ်သည်များက အပ်နှံထားသော လစာများနှင့် ဘဏ်စုငွေများကို လိမ်လည်သုံးစွဲခြင်း၊ ကျဆုံးစစ်သည် အိမ်ထောင်သည်များ၏ ထောက်ပံကြေးငွေများကို ချက်ခြင်းမပေးဘဲ အထက်မှ မပေးသေးဟု ဆိုကာ ကိုယ်ကျိုးအတွက် လိမ်လည်သုံးစွဲခြင်းနှင့် မိုင်းဆက် KBZ ဘဏ်တွင် ပိုက်ဆံများကို တပ်ရင်း ပိုက်ဆံအဖြစ်ထည့်ပြီး ကိုယ်ကျိူးအတွက် သုံးစွဲခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    တပ်ရင်းအနီးရှိ ကျေးရွာများထံမှလည်း တပ်ရင်းအတွက်ဟုဆိုကာ အလှူငွေများ ကောက်ခံပြီး ကိုယ်ကျိုးအတွက် သုံးစွဲခြင်းများလည်း လုပ်ဆောင်ပြီး တပ်ရေး ဗိုလ်ကြီး ဆောင်ရွက်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်းသိရသည်။

    အဆိုပါ ဗိုလ်ကြီး ဟိန်းသော်ဇင်စိုးသည် အမျိုးသမီး စစ်သည်များကိုလည်း မိုက်ရိုင်းစွာ ဆက်ဆံခြင်းများ လုပ်ဆောင်ကြောင်း၊ တပ်ရင်းတွင် ငွေစာရင်း လာစစ်သော သူများကို တပ်ရေးဗိုလ်ကြီးက ထဲထဲဝင်ဝင် မစစ်ဆေးအောင် ပိုက်ဆံနှင့် အရက် အစားအစာများဖြင့် လာဘ်ထိုးခြင်းများလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

    “စကခ ၁၄ ရဲ့ လက်အောက်ခံ တပ်ရင်း ခမရ ၅၅၄ မှာ တပ်ရေးဗိုလ်ကြီး ဟိန်းသော်ဇင်စိုးက တပ်ရင်းထဲမှာရှိတဲ့ ခွင့်မဲ့ စစ်သည်တွေရဲ့ လစာတွေကို လိမ်လည် ထုတ်ယူသုံးစွဲတယ်။ ခွင့်မဲ့တွေကိုလည်း အထက်မတင်ပြဘူး။ ကယားနဲ့ လားရှိုး ရှေ့တန်း ထွက်တုန်းက စစ်သည်တွေရဲ့ လစာကို ရှေ့တန်းမပို့ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းတွေ ရှေ့တန်းမှာ ကျဆုံးသွားတဲ့ လူပျိုစစ်သည်တွေက သူထံအပ်နှံထားတဲ့ လစာတွေကိုလည်း ဘဏ်စုငွေတွေကိုလည်း လူပျိုကျဆုံး စစ်သည်ရဲ့ အိမ်နဲ့ အဆက်အသွယ် မရရှိတဲ့ သူတွေရဲ့ ပိုက်ဆံတွေကို လိမ်လည်သုံးစွဲပါတယ်။ ကျဆုံးစစ်သည် အိမ်ထောင်သည်တွေကို ထောက်ပံ့ကြေးငွေ ချက်ချင်မပေးဘဲ အထက်မှမပေးသေးဆိုပြီး ကိုယ်ကျိုးအတွက် လိမ်လည်သုံးစွဲပါတယ်။ အမျိုးသမီး စစ်သည်တွေ အပေါ်ကိုလည်း မိုက်ရိုင်းစွာ ဆက်ဆံပါတယ်။ အမျိုးသမီး စစ်သည်တွေက မခံနိုင်လို့ တရားမျှတမှု ရရှိနိုင်ရေးအတွက်ပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဓာတ်ပုံ – ခမရ ၅၅၄ တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီး ဟိန်းသော်ဇင်စိုး

  • ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ်

    ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ်

    ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့သော စစ်အရာရှိနှင့်စစ်သည်များကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်၍ သဂြိုလ်

    ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသည့် စစ်အရာရှိ ၂ ဦး သေဆုံးသွားပြီး ရွှေမြင်တင် မီးသဂြိုလ်စက်ကို စစ်တပ်က လုံခြုံရေးယူ၍ သဂြိုလ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူနေသော ဘောမိရွာ တိုက်ပွဲမှ ဒဏ်ရာရ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ သေဆုံးသွားသော အရာရှိ ၂ ဦး၏ မသာ အလောင်းကို ရွှေမြင်တင် မီးသဂြိုလ်စက်တွင် အကြမ်းဖက် စစ်တပ်က FAW ကား ၂ စီး၊ အိမ်စီးကား ဗိုလ်မှူးကား ၁ စီး၊ စစ်သား မိန်းမကား ၊ မီနီဘတ် ၁ စီး၊ ကားအဝါရောင် ၁ စီး စုစုပေါင်း ၈ စီးခန့်ဖြင့် လုံခြုံရေးယူကာ သဂြိုလ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်းဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် အပြန်းအထန် ဗုံးကျဲ ခုခံခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းနေ ညပိုင်းတွင် တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်သား ၆၀ ခန့်ကို စက်လှေများဖြင့် ချောင်းသာသို့ ပို့ဆောင်ပြီးနောက် လူနာတင်ကားများ၊ ကုန်ကားများဖြင့် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဒဏ်ရာရ စစ်သားများကို ပို့ဆောင်ရာ လမ်းတစ်လျှောက်တွင် လည်း အကြမ်းဖက် စစ်တပ်က လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ဗိုလ်ကြီး ၁ ဦး၏ နာရေး ပြင်ဆင်ထားစဉ်။