Tag: News

  • စစ်ရှောင်များက်ို  ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ခါးကြားထိုး၍ ခြိမ်းခြောက်ငွေတောင်း

    စစ်ရှောင်များက်ို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ခါးကြားထိုး၍ ခြိမ်းခြောက်ငွေတောင်း

    ချောင်းသာမှ ပုသိမ်သို့သွားမည့် စစ်ရှောင်များက်ို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေနတ်ခါးကြားထိုး၍ ခြိမ်းခြောက်ငွေတောင်း

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာ၊ ရွှေသောင်ယံ၊ ဘောမိ၊မကျည်းဇင် ဘက်မှ ပုသိမ်မြို့သို့ သွားမည့် စစ်ရှောင်များကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ထောက်ခံစာအကြောင်းပြ၍ ခြိမ်းခြောက်ငွေတောင်းနေကြောင်း ဒေသခံများထံကသိရသည်။

    ချောင်းသာမြို့အမှတ်၂ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်၊ အမှတ် ၃ရပ်ကွက် ဦးကိုကိုဦးတို့ထံ စစ်ရှောင်ရန် ထောက်ခံစာပြုလုပ်သည့် ဒေသခံများကို ကျပ်ငွေနှစ်ထောင် တောင်းယူပြီး ဘောမိ၊ မကျည်းဇင် ဒေသခံတစ်ဦးကို ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းထိတောင်းယူကြောင်း ဒေသခံများကပြောသည်။

    “ဘောမိ၊ မကျည်းဇင်ဘက်က လူတွေလာတော့ တစ်ယောက်ကို နှစ်သောင်းပေးရမယ်၊ သုံးသောင်းပေးရမယ်၊ ငါးသောင်းပေးရမယ် အဲလိုခြိမ်းခြောက်တယ်။ ဒေသခံတွေကျတော့ သိပ်မတောင်းဘူး တစ်စောင်ကို နှစ်ထောင်ပဲတောင်းတယ်”ဟု ချောင်းသာမြို့ခံတစ်ဦးက ပြောသည်။

    ချောင်းသာမြို့တွင် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းအပါအဝင် ကျောင်းသုံးကျောင်းရှိပြီး အထက်တန်းကျောင်းသားများကို စစ်ကောင်စီက ကျောင်းတက်ရမည်ဟု ပြောဆိုပြီး ကျောင်းမတက်လျှင် ကျောင်းထုတ်ပြစ်မည်ဟု ခြိမ်းခြောက်နေ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စိုးရိမ်စိတ်များနှင့် ကျောင်းတက်နေရကြောင်း ကျောင်းသားမိဘများထံက သိရသည်။

    လက်ရှိ ချောင်းသာမြို့တွင် စာသင်ကျောင်းအချို့နှင့် ဆေးခန်းများ၊ စျေးများပိတ်ထားသည့်အပြင် ဆေးရုံတွင် ဝန်ထမ်းအင်အားနည်းပါးနေပြီး ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်နေကြောင်း ဒေသခံများကပြောသည်။

    “ကျွန်တော်တို့လည်း လောလောဆယ်ပြေးတော့မပြေးသေးဘူး အခြေအနေကြည့်နေရတာပေါ့နှော်။ စျေးတွေလဲပိတ် ဆေးရုံမှာ ဆရာဝန်တွေလည်းမရှိတော့ဘူး၊ သူနာပြုတွေမရှိတော့ဘူး။ ဆေးခန်းတွေကလည်းပိတ် ကျွန်တော်တို့လည်း အခတ်မသင့်ရင် ပုသိမ်ဘက်က်ိုပြောင်းမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

    ထို့အပြင် ချောင်းသာမြို့ အမှတ် ၂ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ကြိုင်
    သည် စစ်ကောင်စီထံက သေနတ် လေးလက်နှင့် ကျည်ဆံ သုံးရာ ထုတ်ထားပြီး ခါကြားတွင် သေနတ်ချိတ်ကာ စစ်ရှောင်မည့် ဒေသခံများကို အဆက်မပြတ်ခြိမ်းခြောက်နေကြောင်း ဒေသခံများကပြောဆိုသည်။

    လက်ရှိ ချောင်းသာမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများတွင် ပုံမှန်အခြေနေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အင်အား ၆၀ ကျော်အထိ အင်အားဖြည့်တင်းထားမှုကြောင့် မြို့ခံစစ်ရှောင်များလည်း ပို၍များလာကြောင်း ဒေသခံများကပြောသည်။

  • ပကာရီ ရဲစခန်း အနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ပကာရီ ရဲစခန်း အနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်

    ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်း အနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံး

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးခဲ့ကြောင်း YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းခန့်တွင် ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ဆက်ကြေး ကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေး အရှိန်အဟုန်တိုးမြှင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထားသည်။

  • ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအား မွန်တပ်နှင့် PDF ပူးပေါင်းတိုက်ခိုက်

    စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော

    မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    ခေါဇာမြို့အခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်း(ခလရ – ၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRF က ထုတ်ပြန်သည်။

    “ခလရ(၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းလို့ ခေါ်တယ်။ သူက လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဒီစခန်းကို သွားရောက်တိုက်ခိုက်ဖို့ အသွားမှာ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက နာရီဝက်ကျော်ကျော် မိနစ် ၄၀လောက်ကြာတယ်။ အပြန်မှာ ခလရ(၃၁) ရှေ့ကင်းစခန်းကိုလည်း သွားရောက်ပစ်ခဲ့ပါတယ်။ ပထမဖြစ်စဉ် မှာ တပ်မှူးတွေရဲ့ ပြောကြားချက်အရ ရန်သူဘက်က နှစ်လောင်း သေတာမြင်ပြီးတော့ တစ်ယောက်ဒဏ်ရာရတယ်ဆိုပြီး ပထမ သတင်းထွက်ပါတယ်။ နောက်ပိုင်းကျတော့ ပြည်သူတွေရဲ့ သတင်းပေးချက်အရ မျက်မြင်သတင်းပေးချက်အရ ၇လောင်း တန်းစီးထားတာတွေ့ရတယ်။ ဒဏ်ရာရ ရဲဘော် ၃ယောက်ကို ကား ၂စီးနဲ့ ရေးမြို့ ပြည်သူ့ ဆေးရုံကြီးကို သယ်ဆောင်သွားတာတွေ့တယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီထံမှ လက်နက် သိမ်းဆည်းရရှိမှုမရှိကြောင်း နိုင်နဂါးက ဆိုသည်။

    တိုက်ပွဲအပြီးတွင် ခလရ(၃၁) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သကဲ့သို့ ပင်လယ်ပြင်၌ ရပ်ထားသည့် စစ်ကောင်စီသင်္ဘောမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ခေါဇာစစ်ကောင်စီတပ်ကို လွန်ခဲ့သည့် ၂နှစ်ခန့်က MSRFက သွားရောက်တိုက်ခိုက်ခဲ့ဖူးကြောင်းလည်း နိုင်နဂါးက ပြောပြသည်။ ခေါ်ဇာမြို့အတွင်း၌ပင် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဘက်က တပ်ရေးဗိုလ်ကြီး အပါအဝင် ၇ဦးသေဆုံးခဲ့ပြီး MSRF ဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ကာ အချို့ ဒဏ်ရာရခဲ့သည်။

    MSRFသည် လွန်ခဲ့သည့် နှစ်များကတည်းက တိုက်ပွဲဝင်နိုင်သကဲ့သို့ လက်ရှိတွင် မွန်တော်လှန်ရေးတပ်များ အားလုံးပူးပေါင်းပြီး ရာမညစစ်ကြောင်း ဖွဲ့စည်းကာ စစ်ဆင်ရေးများ ဆောင်ရွက်မည်ဟု အသိပေးသည်။

    “မွန်ပြည်နယ် မွန်လူမျိုးများရဲ့ အလံတော် တစ်ခုတည်းအောက်ကနေ တသွေးတမိန့် မဟာဗျူဟာမြောက် စစ်ရေးတွေ ဆင်နွှဲလာဖို့ရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာကို တက်နိုင်သမျှ ရှောင်ရှားကြဖို့ အရေးတကြီး ကိစ္စကလွဲလို့ရှိရင် ခရီးမထွက်ကြဖို့ နဲ့ ပြည်သူတွေ ဘေးဆင်းရဲ ဒုက္ခက အမြန်ဆုံးလွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီစစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ပဲရှိတဲ့ အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါ ကူညီပါ ပါဝင်ကြဖို့လို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    MSRF၊ NMSP/MNLA-AD ၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) တို့ ပူးပေါင်းပြီး ယခု ဇန်နဝါရီ တတိယပတ်တွင် ရာမည ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်အနှံ့ စစ်ရေးဖော်ဆောင်သွားမည်ဟု MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောပြထားသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA)၊ PDF စသည့် မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    ခေါဇာမြို့ရှိ စစ်ကောင်စီတပ်စခန်းအားတိုက်ခိုက်ခဲ့သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ − MSRF)

  • ဖလမ်းတွင်  စစ်သုံ့ပန်းများ ထားရှိသည့် အဆောက်အအုံကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲချ

    ဖလမ်းတွင် စစ်သုံ့ပန်းများ ထားရှိသည့် အဆောက်အအုံကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲချ

    ဖလမ်းတွင် စစ်သုံ့ပန်းများ ထားရှိသည့် အဆောက်အအုံကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲချ၍ ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် မိသားစုဝင် ၁ ဦးအပါအဝင် ၈ ဦး သေဆုံး

    စစ်ကောင်စီက စစ်သုံ့ပန်းများကို ပြန်လည် ဗုံးကျဲသတ်ဖြတ်မှုအပေါ် ဝမ်း နည်းစိတ်မကောင်းဖြစ်ရဟု စစ်သုံ့ပန်း ဒုရဲမှူးကြီး မိုးနိုင်ပြော

    ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် CNO ၊ CNDF အဖွဲ့က ဖမ်းဆီးထားသည့် စစ် သုံ့ပန်း ရဲတပ်ဖွဲ့ဝင် ၄၄ ဦးရှိသည့် စာသင် ကျောင်း နေရာကို အကြမ်းဖက်စစ် တပ်က ဗုံးကျဲတိုက်ခိုက်သည့်အတွက် ရဲအုပ်၊ ဒုရဲအုပ်များအပါအဝင် ရဲတပ် ဖွဲ့ဝင် ၇ ဦးနှင့် ရဲ မိသားစုဝင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ဖမ်းဆီးခံ ထား ရသည့် ရဲဝန်ထမ်းများက ထုတ်ဖော်ပြောဆိုသည်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်သုံ့ပန်းများကို ၂၀၂၄ ခုနှစ်နိုဝင်ဘာလအတွင်း CNDF တပ်ဖွဲ့ဝင်များက ဖလမ်းမြိုန့ယ် ထွေအုပ်ရုံးအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဂျနီဗာကွန်ဗင်းရှင်းအတိုင်း ညဉ်းပန်းနှိပ်စက်ခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန်နေရာပေး ကျွေးမွေးကြောင်း၊ ၎င်းတို့ကို စာသင်ကျောင်းတစ်ခုတွင် ကောင်း မွန် စွာ ထားရှိကြောင်း ၊ အဆိုပါ စာသင်ကျောင်းနေရာကို အကြမ်းဖက်စစ်တပ်က ယခု ဇန်နဝါရီလအတွင်း လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းများက ပြောဆိုထားသည်။

    “ကျနော် ရှိတယ်ဆိုတဲ့ဟာကို သတင်းပေါက်ပြီးတော့ သတင်းရလို့ လေ ကြောင်း ကနေ လာတိုက်ခိုက်တာလို့ သုံးသပ်မိပါတယ်။ ကျနော့် တပည့်တွေရော အကုန်လုံး မျက်စိရှေ့အောက်တင် ဒဏ်ရာရ သေဆုံးသွားတဲ့အတွက် အခုလို ပစ်ခတ်ခံရတာ စိတ်ထဲမှာတော့ မကောင်းပါဘူး” ဟု စစ်သုံ့ပန်းအဖြစ် ရှိနေသူ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူ ဒုတိယရဲမှူးကြီး မိုးနိုင် က ပြော ဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်သုံ့ပန်းများကို စစ်လေယာဉ်ဖြင့် တမင်ပစ်မှတ်ထားဗုံးကျဲမှုကြောင့် ရဲအုပ် ၁ ဦး ၊ ဒုရဲအုပ် ၃ ဦး၊ အခြား အဆင့် ၃ ဦး ၊ ရဲမိသားစုဝင် အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    CNDF တပ်ဖွဲ့က စစ်သုံ့ပန်းများကို နေစရာ၊ စားစရာ ကောင်းမွန်စွာပေးသည့်အပြင် ရာသီဥတုအခြေအနေရ စောင်များပါ ပေး၍ ကောင်းမွန်စွာ စောင့် ရှောက် ထားကြောင်း ၊ ရဲသုံ့ပန်းများကိုပင် ထိုသို့ ထားရှိသည့်အတွက် CDM ပြုလုပ်လိုသူများ အန္တရာယ် ကင်း၊ ဘေးကင်း စောင့်ရှောက်နေကြောင်း သိရှိရသည်။

  • တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်

    တစ်ကျော့ပြန်ဖြစ်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ သံချပ်ကာ တပ်ရင်းတစ်ခုနဲ့ တင့်ကား ၄ စီး KIA သိမ်းပိုက်

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တဖန် စစ်ရှိန်မြင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီး လက်ရှိမှာ လေယာဉ်ကွင်းအနီးရှိ သံချပ်ကာတပ်ရင်းတစ်ခု နဲ့ စစ်ဗိုလ်တစ်ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။

    ဒီကနေ့ မနက် ၆ နာရီ ဝန်းကျင်က စတင်ပြီး ခလရ ၄၇၊ စကခ (၂၁)၊ သံချပ်ကာတပ်ရင်းနဲ့ စစ်ကောင်စီတပ် နေရာယူထားတဲ့ ဗန်းမော်တက္ကသိုလ်အားလုံးကို စစ်အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ နံနက်ပိုင်း ၁၁ နာရီခန့်ဝန်းကျင်အထိ လေယာဉ်ကွင်းအနီးက သံချပ်ကာတပ်ရင်းအပါ တင့်ကား ၄ စီးနဲ့ ဗိုလ်ကြီးတစ်ဦး ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။

    “ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်ကနေ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ပြန်ဖြစ်နေတာဖြစ်တယ်။ ဒီကနေ့ ပြန်ဖြစ်တဲ့ တိုက်ပွဲက KIA ဘက်ကနေ ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ ၄၇ တပ်ရင်၊ စကခ ၂၁၊ တက္ကသိုလ်ကျောင်းဝင်း နေရာအားလုံးကို ပြန်တိုက်နေတာဖြစ်တယ်။ အခုကတော့ သံချပ်ကာ တပ်ရင်းကိုတော့ရပြီ။ တင့်ကားကတော့ ၄ စီးရှိတယ်။ စစ်ဗိုလ်တစ်ဦးဖမ်းဆီးထားတယ်”လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။

    ဗန်းမော်တိုက်ပွဲဟာ ပြီးခဲ့တဲ့ နှစ်ပတ် ဝန်းကျင်အထိ ခလရ ၄၇ တပ်ရင်းနဲ့ စကခ (၂၁) တပ်ရင်း နှစ်ခုစလုံးကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုသိပ် မရှိဘဲ ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

    တစ်ဖက်မှာ စစ်ကောင်စီဘက်က နှစ်ပတ်ဝန်းကျင်ခန့်အကြာ KIA ရဲ့ ပိတ်ဆို့ခံထားရတာကြောင့် KIA တပ်တွေရှိတဲ့ ဘက်ကို လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့အပြင် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ ဒီကနေ့မှာတော့ KIA ပူးပေါင်းတပ်တွေကနေ ဝိုင်းရံပိတ်ဆို့ထားရာကနေ သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ နေရာအားလုံးကို တစ်ကျော့ပြန် ပြန်လည်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်လက်ပြင်းထန်တာဖြစ်ပါတယ်။

    ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

    “တိုက်ပွဲက ဒီကနေ့ ၆ နာရီလောက်ကနေ ဖြစ်နေတာပေါ့လေ။ အခုချိန်အထိတော့ ဘယ်လောက်ထိ အောင်မြင်မှုရရှိနေတော့ အသေးစိတ်မသိရသေးဘူး။ သတင်းစောင့်နေဆဲဖြစ်ပါတယ်။ သံချပ်ကာတပ်နဲ့ တင့်ကား ၄ စီးသိမ်းပိုက်ရရှိတဲ့ အခြေအနေတော့ ကြားနေရတယ်။ ဒါပေမယ့် တရားဝင်ပြောဆိုလာတော့ မရှိသေးဘူး။ တပ်ရင်းမှူးတစ်ဦးက ထိခိုက်ဒဏ်ရာရရှိထားတယ်လို့တော့ ကြားနေရပါတယ်။ လေယာဉ်ကတော့ ဆက်တိုက်ကြဲနေတာတဲ့” လို့ ပြောပါတယ်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့အတွက် စစ်ရေးအခြေအနေသေးစိတ်ကို သိရှိရဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

    ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပထမအကြိမ်စတင်တိုက်ခိုက်ခဲ့ပြီးတော့ ၂၀၂၅ နှစ်ဆန်းပိုင်း ၄ ရက်နေ့မှာ ဒုတယအကြိမ်ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

    ဇန်နနဝါရီလ ၈ ရက်နေ့မှာတော့ ဗန်းမော်မြို့နဲ့ တပြိုင်နက် တိုက်ခိုက်ခဲ့တဲ့ မံစီမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပြီးတော့ လက်ရှိမှာ ဗန်းမော်မြို့တစ်ခုလုံးကိုပါ သိမ်းပိုက်ဖို့ KIA ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)