Tag: News

  • ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဗန်းမော်မြို့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၂ နာရီခန့်တွင် ခေတ္တခဏ ငြိမ်သက်သွားကြောင်း သိရသည်။

    “ဗန်းမော်မြို့ဘက်မှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေပါတယ် စစ်တပ်ကတော့ လေကြောင်းနဲ့ တိုက်ခိုက်ခုခံနေတာတွေ ရှိတယ်။ မွန်းလွဲ ၂ နာရီ လောက်မှာတော့ တိုက်ပွဲတွေ ပြန်ငြိမ်သွားတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ဗန်းမော်မြို့နယ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ထိုးစစ်များ အရှိန်အဟုန်မြှင့်တင်လျက်ရှိပြီး စကခ ၂၁ နှင့် ဗန်းမော်လေယာဉ်ကွင်းအနီးကို ဦးတည်၍ ထိုးစစ်ဆင်နေခြင်းကြောင်း၊ စကခ ၂၁ တွင် စစ်ကောင်စီတပ်များ စုဝေး၍ ခုခံနေခြင်းဖြစ်ပြီး ဗန်းမော်လေယာဉ်ကွင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဗန်းမော်မြို့ကိုလည်း ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဗန်းမော်မြို့ စကခ ၂၁ အနီးရှိ ပြည်သူပိုင် နေအိမ်များကိုလည်း အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမီးရှို့နေ၍ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးရှိ နေအိမ်များကို စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ညစဉ် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သော်လည်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ ဗန်းမော်မြို့ပေါ်ရှိ ပြည်သူအားလုံး နီးပါးသည် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

    ဗန်းမော်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရန် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ ၄၇ တပ်ရင်းတို့ ကျန်ရှိနေပြီး KIA က ဗန်းမော်နှင့် မံစီမြို့နယ်တို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မံစီမြို့ နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ – မံစီမြို့နယ်တွင် စစ်ကောင်စီတပ်များကို ယမန်နေ့ အပြီးသတ် သိမ်းပိုက်ပြီးနောက် KIA အလံများ လွှင့်တင်ထားစဉ်။

  • စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်

    စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး စစ်မှုမထမ်းသူနှင့် ထွက်ပြေးရန် အားပေးသူများကို ထောင်ဒဏ်ချမှတ်မည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ

    စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံး နည်းဥပဒေအရ စာရင်းသွင်းမှတ်ပုံတင်မည်ဖြစ်​ပြီး တရားဝင်ကင်းလွတ်၊ ရွှေ့ဆိုင်း၊ လျှော့ပေါ့ခွင့်မရှိလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်

    အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး ထွက်ပြေးသူ၊ တိမ်းရှောင်သူလူငယ်များနှင့် စစ်ထဲမဝင်စေရေး အားပေးသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ နည်းဥပဒေတွင် အခန်း ၁၀ ခန်း ပါဝင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် လက်အောက်ခံ အဖွဲ့များကို လုပ်ပိုင်ခွင့်တာဝန်များ အသီးသီးပေးအပ်လိုက်ကြောင်း သိရှိရသည်။

    စစ်မှုထမ်းနည်းဥပဒေတွင် အခန်း ၁၀ ခန်း၊ နည်းဥပဒေ ပြဋ္ဌာန်းချက် ၅၉ ခု ၊ နောက်ဆက်တွဲ ပုံစံ ၁၂ ခု ပါဝင်ပြီး အခန်း ၁ တွင် အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း ၂ တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း ၃ တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း ၄ စစ်မှုထ်းစာရင်း ပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း ၅ တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖြစ်စေ၊ စစ်မှုထမ်းရမည့်ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း ၆ တွင် အမိန့်စာ ဆင့်ခေါ်ခြင်း၊ အခန်း ၇ တွင် ဆေးစစ်ရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း ၈ တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း ၉ တွင် စစ်စည်းရုံးခြင်းနှင့် အခန်း ၁၀ တွင် ​အထွေထွေ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် လက်အောက်ခံအဖွဲ့များသည် နည်းဥပဒေအရ လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို ဆက်တိုက် ထုတ်ပြန်နိုင်ပြီး နည်းဥပဒေပါ အတိအကျ ပြဋ္ဌာန်းချက်များအရ ဥပဒေနှင့်အကျုံးဝင်ထားသည့် လူငယ်များအားလုံးသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ရှောင်တိမ်းသူများ၊ ထွက်ပြေးသူများနှင့် ထွက်ပြေးရန် အားပေးကူညီသူများသည် စစ်မှုထမ်းနည်းဥပဒေနှင့်အညီ ထောင်ဒဏ်ချမှတ် အရေးယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံးသည် ခရီးသွားလာရာတွင်လည်း ကောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ကောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်လက်မှတ်များ လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမှုမှ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် ကင်း လွတ်ခွင့် လက်မှတ်များကို သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ထုတ်ပေးမည်ဖြစ်ပြီး ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် နှင့်ရွှေ့ဆိုင်းခွင့် မရရှိသူများသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရသည်။

    အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

    စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း သိရှိရသည်။

  • ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

    ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

    ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂‌၆) လုံးနဲ့ ၈၁ မမ ၆ လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    SRM (၁၇) လုံးနဲ့ ဝါဇီစက်ရုံကို တိုက်ခိုက်ရာမှာ ၁၃ လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီးတွေ၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု ရှိပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ မကွေးတိုင်း ပကဖ က ဆိုပါတယ်။

    အဲဒီ တိုက်ခိုက်မှုတွေကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) နဲ့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း၊ တပ်ခွဲ (၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

  • စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆုံရွာ ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မိုးတောင်ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက ပြုလုပ်ခဲ့ပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ကို ဒရုန်းဖြင့် ၃ ကြိမ်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်။ စ်ခွေးတွေ သေဆုံးမှု အခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို 925ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

    ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။

    CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။

    ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို CCTV မှတ်တမ်းမှာတွေ့ရပါသေးတယ်။

    “လွယ်လို့ လစ်လို့ ဆိုင်ကယ်လုတာမဟုတ်တော့ဘဲ ပေါ်တင်အုပ်စုလိုက် ဓားမြတိုက်ယူတာ၊ မပေးရင် အသက်အန္တရာယ်ကိုပါ ရန်ပြုတဲ့အဆင့်ဖြစ်နေပြီ”လို့ မန္တလေးမြို့ခံ ရဲအရာရှိဟောင်းတစ်ဦးက ဖြစ်စဉ်အပေါ် ပြောပါတယ်။

    လုယက်ခံရတဲ့ ဆိုင်ကယ်အမျိုးအစားဟာ Honda Click 150 Model 2020 ဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း၉၀အထက် ရှိနေပါတယ်။

    ဆိုင်ကယ်လုယက်သူတွေ တန်ဖိုးကြီး ဆိုင်ကယ်တွေကိုသာ ပစ်မှတ်ထားလုယက်လေ့ရှိတာလို့ မြို့ခံတွေဆီကသိရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လုယက်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လာနေကြတာပါ။