Tag: News

  • ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်

    ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်

    မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် စစ်တပ်စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာသို့ ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၆ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ထိ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို ထိတွေ့ တိုက်ပွဲများအတွင်း ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲများသည် ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံးကို တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 နှင့် ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ၅၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများထဲမှာ ၃၀ ဦးသည် အခြေအနေ စိုးရိမ်ရကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှလည်း ရဲဘော် ၇ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “ကန်နီကို ရိက္ခာလာပို့တဲ့ စစ်ခွေး စစ်ကြောင်းကို လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့တာပေါ့။ ၁၇ ရက်နဲ့ ၁၈ ရက် တိုက်ပွဲကတော့ ခွေးစစ်ကြောင်းကို ပိတ်ဆို့ တိုက်တာဆိုတော့ တိုက်ပွဲတော်တော်ပြင်းထန်ခဲ့တယ်။ စစ်ခွေး လေယာဉ်တွေလည်း ၂ ရက်ဆက်ကို လာရောက် ဗုံးကျဲ ပစ်ခတ်တာတွေရှိတယ်။ တိုက်ပွဲမှာတော့ စစ်ခွေးတွေဘက်က ဖရဲသီး သတင်းအရ စစ်ခွေး ၁၀ ကောင် သေတယ်။ အကောင် ၅၀ ဒဏ်ရာရတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့ထဲက စစ်ခွေး အကောင် ၃၀ ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်” ဟု ဗစ်တာ ပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၂ ၊ တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၁၄ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၇ ၊ ပကဖ တပ်ရင်း ၁ ၊ ဒေါင်းနက် MRG ၊ နဂါးနီ ၊ ဆင်ရိုင်း ၊ လင်းမွေ ၊ 8+ ၊ ယင်းမာပင် ၂၈ တပ်ရင်း ၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့ ၊ လျှက်စည်း ပြောက်ကျားတပ်ဖွဲ့ ၊ ဗစ်တာ ပြောက်ကျားတပ်၊ မြိုင် ပကဖ တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၆ နာရီခန့်မှ စတင်၍ ကျောင်းကုန်းရွာမှ နေအိမ် ၂၀ လုံး နှင့် သံပာရာခြံရွာမှ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် သေဆုံးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်

    အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်

    အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့် စစ်တပ်စစ်ကြောင်းကိုပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား

    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တချို့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လက်နက်ခဲယမ်းများ ပါသွားကြောင်း ဒေသခံပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ အုတ်တွင်းမြို့နယ်၊ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး (ခ) ကိုမောင်နှင့် စစ်သား ၅ ဦးက သံဒိုင်ခင်ကျေးရွာသို့ အလှူသွားရောက်ခဲ့ကြပြီး ယင်းအလှူပွဲမှ ပြန်လာကြကြောင်း၊ ယင်းသို့ ပြန်လာစဉ် ရှမ်းရွာနှင့် သံဒိုင်ခင်ကျေးရွာအကြားတွင် တော်လှန်ရေးတပ်တချို့က စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး(ခ) ကိုမောင်နှင့် စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်သားများ ကိုင်ဆောင်သော လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်တချို့က သိမ်းဆည်းသွားကြောင်း သိရှိရသည်။

    “ရှမ်းရွာအုပ်ကြီးနဲ့ ရဲ/စစ်သား အပါအဝင် ၆ ဦးကတော့ သံဒိုင်ခင်ကျေးရွာ အလှူပွဲကအပြန် တစ်ခါတည်းပွဲချင်းပြီး ကတ်လိုက်ဆွဲအပစ်ခံလိုက်ရတယ်။ သေကုန်တာပေါ့။ ဦးနှောက်တွေတောင် ထွက်နေတယ်။ အနီးကပ် လမ်းမှာ ဝင်ပစ်တာ။ အုပ်ကြီးကတော့ အူအခွေလိုက်ထွက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ရှမ်းရွာရေ သံဒိုင်ခင်ရောက စစ်တပ်ထောက်ခံတဲ့ရွာတွေပါ။ အရင် ကတည်းက ရှမ်းရွာအုပ်ချုပ်ရေးမှူးကို ရာထူးကနေ နုတ်ထွက်ဖို့ နဲ့ ဆက်မလုပ်ဖို့ သတိပေးထားပြီးသားပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အုတ်တွင်းမြို့နယ်မှ တပ်သတင်းရင်းမြစ်ကလည်း ရှမ်းရွာအုပ်ချုပ်ရေးမှူးနှင့် စစ်သား ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် သတင်းကို အတည်ပြုပြီး အနည်းဆုံး သေနတ် ၄ လက်နှင့် ခဲယမ်းများ ပါသွားကြောင်း ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် အုတ်တွင်းမြို့မှ စစ်တပ်စစ်ကြောင်း တစ်ခုရောက်ရှိလာပြီး အလောင်းကောက်ခြင်း၊ နယ်မြေအခြေအနေများ စစ်ဆေးခြင်း အပါအဝင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန် ယင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ကိုဗစ်ကာလ အုတ်တွင်းမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ

    စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ

    စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အထက်အရာရှိကြီးတွေက ဖိအားပေးခြိမ်းခြောက်တာတွေခံနေကြရတယ်လို့ ဝန်ထမ်းတွေက အတည်ပြုပြောပါတယ်။

    အဲဒီဝန်ထမ်းတွေဟာ ရုံးတက်နေ့တိုင်းဖုန်းအပါအဝင် လူမှုကွန်ရက်အားလုံးကိုလည်းစစ်ဆေးနေသလိုသတင်းသမားတွေ၊သတင်းဌာနတွေ၊အာရက္ခတပ်တော်ကို ဆက်သွယ်ထားတာတွေ၊သတင်းပို့နေတာတွေ ရှိ၊မရှိကိုလည်း စစ်ဆေးတယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီအပြင် နေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊အလုပ်ခွင့်မယူကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊ အလုပ်မထွက်ကြဖို့လည်း ဖိအားပေးခြိမ်းခြောက်ခံနေကြရတယ် ဝန်ထမ်းတွေက ဆိုကြပါတယ်။

    “သတင်းတွေတက်လာရင် ဘယ်သူပြောလိုက်တာလဲဆိုပြီး ဖုန်းတွေကိုစစ်ပါတယ်။Facebook ရော့၊Messagerက အစစစ်ပါတယ်။သတင်းသမားတွေနဲ့ Friend ဖြစ်နေရင်တောင်သတင်းပေးတယ်လို့စွပ်စွဲခံရပါတယ်။ဝန်ထမ်း တွေကအမျိုးမျိုးဖိအားပေးခံနေကြရပါတ ယ်။စစ်တွေမှာအရပ်သားတွေမရှိဘဲစစ် သားသက်သက်ကျန်ခဲ့မှာကို ကြောက်နေကြတာပါ။”လို့ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးမှဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အဲဒီစစ်တွေမြို့မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာတွေနေ့စဥ်ရ က်ဆက်ပြုလုပ်နေသလို အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတာတွေလည်း စစ်ကောင်စီတပ်က နေ့စဥ်ပြုလုပ်နေကြတာမို့ အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဆိုကြပါတယ်။

    အဲဒီစစ်ကောင်စီဝန်ထမ်းတွေဟာ ဌာနဆိုင်ရာလူကြီးတွေရဲ့သဘောတူလက်မှ တ်ပါရင်တောင် ခရီးသွားလာခွင့်မရ ကြတော့တာမို့ စစ်တွေမြို့မှတခြားဒေသသို့ စစ်ဘေးရှောင်ထွက်ပြေးလို့မရကြတော့ဘူးလို့လည်း ဆိုကြပါတယ် ။

    အဲဒီလိုအတင်းအဓမ္မရုံးတက်ခိုင်းပြီး စစ်တွေမြို့မှသာလူသားဒိုင်းကာအဖြစ်အတင်းအဓမ္မနေထိုင်ခိုင်းနေတာဟာ အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက် ခိုက်လာရင် အရပ်သားပြည်သူတွေကို အကာအကွယ်ယူလို့ရအောင်မကောင်းတဲ့အကြံနဲ့ကြိုတင်စီစဥ်ထားကြတာလို့ စစ်ကောင်စီဝန်ထမ်းတွေကို ဝေဖန် ပြောဆိုကြပါတယ်။

    “စစ်တွေကဝန်ထမ်းတွေကို ဘယ်သူ့ကိုမှခရီးသွားခွင့်မပေးတော့ပါဘူး။အရာရှိမိသားစုတွေ၊သားသမီးတွေကတော့ ရန်ကုန်ပြောင်းသွားကြပါပြီ။ပိုက်ဆံပေးနိုင်သူတွေလည်း ဘေးလွတ်ရာသို့ပြောင်းသွားကြပါပြီ။စစ်တပ်ကနိုင်တဲ့ဝန်ထ မ်းတွေပဲအသေခံဖို့ကျန်နေတာပါ။တပ်တော်လာတိုက်ရင်ပြည်သူကိုအကာအ ကွယ်ယူဖို့စစ်ဓာတ်ကအကြံဆိုးနဲ့ဝန်ထမ်းတွေကို အတင်းရုံးတက်ခိုင်းနေတာပါ။”လို့ စစ်တွေမြို့မှပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်းလင်းနဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းတွေ၊ပြ ည်နယ်သာသနာရေးဦးစီးဌာနဝန်ထမ်းတွေကိုလာရောက်တွေ့ဆုံခဲ့တယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီလိုတွေ့ဆုံတာမှာနေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊နိုင်ငံတော်အပေါ်သစ္စာရှိကြဖို့၊အာရက္ခတပ်တော်ကို ဆက်သွယ်သတင်းမပို့ကြဖို့ ဖိအားပေးခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီအပြင် စစ်တွေမြို့ရှိတခြားဌာနဆို င်ရာဝန်ထမ်းတွေ၊ကျန်းမာရေး၊ပညာ ရေးဝန်ထမ်းအားလုံးကိုလည်း ဖိအားပေးခြိမ်းခြောက်အတင်းရုံးတက်ခိုင်းနေတာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းအလုပ်ထွက်စာတင်တာတွေ ကိုလည်းလက်မခံဘူးလို့လည်း ဝန်ထမ်းတွေက ဆိုကြပါတယ်။

    “စစ်တွေမှာစစ်ဖြစ်လာရင် သေမှာကြော က်ကြပါတယ်။ဒါကြောင့်စစ်ဘေးရှော င်ဖို့ထွက်စာတင်ပေမယ့်လက်မခံပါဘူး။စစ်တွေက ဝန်ထမ်းစာရင်းအားကိုလေ ဆိပ်မှာပေးထားပါတယ်။အဲဒီစာရင်းထဲမှာပါရင်ဘယ်သူမှလေယာဥ်စီးလို့ မရပါဘူး။လေဆိပ်ကထွက်ခွင့်မပေးပါဘူး။လူသားဒိုင်းကာအဖြစ်အတင်းအဓမ္မအ သေခံခိုင်းနေတာပါ။” လို့ စစ်တွေမြို့ရှိပြည်နယ်သာသနာရေးဦးစီးဌာနမှဝန်ထမ်းတဦးက Border News Agencyသို့ ပြောပါတယ်။

    အဲဒီစစ်တွေမြို့ရှိ စစ်ကောင်စီဝန်ထမ်းတွေကို ရုံးပိတ်ရက်တွေမှာလည်း အ ကြောင်းအမျိုးမျိုးပြခေါ်ယူနေကြသလို ကုန်စျေးနှုန်းကြီးမြင့်နေတာမို့ ရတဲ့လစာငွေနဲ့ရုံးတက်၊ရုံးဆင်းခရီးစာရိတ်၊စားသောက်နေထိုင်စာရိတ်တွေ မဖုံလုံကြဘူးလို့လည်း စစ်ကောင်စီဝန်ထမ်းတွေ ဆိုကြပါတယ်။

    အဲဒီစစ်တွေမြို့ကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်လာမှာကိုစိုးရိမ်တာမို့ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    စစ်တွေမြို့နယ်အနီးရှိ ရသေ့တောင်မြို့ နယ်၊မိုးစဲကျွန်း၊ကုလားတန်မြစ်ကမ်းအ ရှေ့ဘက်ကမ်းရှိ ပေါက်တောမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြော က်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

    အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့ နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    (ဓာတ်ပုံ-စစ်တွေမြို့ရှိဝန်ထမ်းတွေကိုဖိ အားပေးခြိမ်းခြောက်နေတဲ့ပြည်နယ်စစ်ကောင်စီလူကြီးတွေ /စစ်ကောင်စီ)

  • မူးယစ်ဆေးသုံးပြီး ရွာသားတွေကို လူသားဒိုင်းပြုလုပ်လာတဲ့ စစ်ကောင်စီ

    မူးယစ်ဆေးသုံးပြီး ရွာသားတွေကို လူသားဒိုင်းပြုလုပ်လာတဲ့ စစ်ကောင်စီ

    PNO က ပင်ငို ၊ နောင်ကျော၊ဖြီကျွတ် တိုက်ပွဲမှာ ၁၃၀ ကျော် သေဆုံး

    ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အင်အား ၁၃၀ ကျော်သေဆုံးကြောင်း PNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက အင်အား ၅၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲကာ ထိုးစစ်ဆင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

    စစ်ကောင်စီဟာ လေယာဉ်နဲ့ ပစ်ကူပေးပြီး မြေပြင်မှာ ပအို့ဝ်ရွာသားတွေကို လူသားဒိုင်းပြုလုပ်ကာ မနေ့က (ဇန်နဝါရီလ ၁၇) ဆီဆိုင်မြို့နယ်၊ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ၊ ဖြီကျွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာ အနီးမှာ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

    အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ဘက်က အင်အား ၃၀ ကျော် သေဆုံးကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြီကျွတ်ကျေးရွာအနီးက တောင်နှစ်လုံးကြားမှာ PNLA တပ်ဖွဲ့နဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီနဲ့ PNO ဘက်က ၁၀၀ ကျော် ဖြီကျွတ်ရွာတောင်ယာတဲမှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

    PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက “စစ်ကောင်စီနဲ့ PNO က ဆီဆိုင်မြို့နယ် ပြန်လည်စိုးမိုးရေးအတွက် ထိုးစစ်ဆင်နေတဲ့အနေအထား ဖြစ်ပါတယ်” လို့ မဲခေါင်ကိုပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ PNO ပအို့ဝ်ပြည်သူ့စစ်တွေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ PNLA က နောက်ဆက်တွဲ ဖော်ပြထားပါတယ်။

    တိုက်ပွဲတွေတွင်းမှာ စစ်ကောင်စီနဲ့ PNO ဘက်က စိတ်ကြွဆေးအသုံးပြုကာ တိုက်ခိုက်ကြတယ်လို့ PNLA က ယူဆပါတယ်။

    “မြေပြင်ထိုးစစ်မှာ ပအို့ဝ်လူထုကို အလှည့်ကျနဲ့စေခိုင်းတဲ့အတွက် အကျအဆုံးများနေတာလည်း တွေ့နေရပါတယ်၊ အတင်းအကြပ်ခိုင်းစေခံရတဲ့ ပအို့ဝ်ရွာသားတွေကို စိတ်ကြွဆေးကျွေးပြီး တက်ခိုင်းတဲ့ပုံစံ တွေ့နေရတယ်၊ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ပစ်သတ်တာလည်း ကြားနေရပါတယ်” လို့ ဗိုလ်မှူးကြီးခွန်အောင်မန်းက မဲခေါင်ကိုပြောပါတယ်။

    ဒီနေ့(ဇန်နဝါရီ ၁၈) မနက်ပိုင်းမှာလည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ လွယ်ချယ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ ဗုံးသီး လေးလုံး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    စစ်ကောင်စီဟာ ဆီဆိုင်မြို့အရှေ့ခြမ်းက ပအို့ဝ်ကျေးရွာတွေကို ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေကြရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဆီဆိုင်မြို့ ရွှေတဂူကျေးရွာအနီးက စစ်ကောင်စီတပ်နဲ့ PNO တပ်စွဲထားရာ အခြေစိုက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်တွေကို ဆက်တိုက်ပြုလုပ်လာတာပါ။

    ဇန်နဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ PNLA တပ်တွေ ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ငါးဦးကို PNO က သတ်ပစ်ခဲ့တာနဲ့ ဇန်နဝါရီလ ၁၄ ရက်မှာ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာဓမ္မာရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

    ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထဲမှာ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မြေပြင်နဲ့လေကြောင်း ပူးပေါင်းထိုးစစ်ကြောင့် တော်လှန်ရေးဘက်က ပြန်လည်လက်လွှတ်ပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်ကမ်းနေရာတွေမှာ PNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာ သတင်းတစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

  • စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊  ဝယ်မည့်သူမရှိ

    စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊ ဝယ်မည့်သူမရှိ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရီးအလည်အပတ်သွားရောက်ရန်စီစဥ်ထားသူများသည် ၎င်းတို့ ဝယ်ယူထားသည့် ကားလက်မှတ်များနှင့် အခန်းကြိုတင်ဌားရမ်းခငွေပေးချေမှု(ဟိုတယ်ဘိုကင်ကြေး)များကို လျော့စျေးဖြင့် ပြန်လည်ရောင်းချနေကြကြောင်း ရောင်းချနေသူများထံက သိရသည်။

    ငွေဆောင်ကမ်းခြေနှင့် ၉၂ မိုင်ခန့် ( ကားဖြင့်သွားလျှင် လေးနာရီခွဲဝန်းကျင်အကွာအဝေး) အကွာရှိ ရွှေသောင်ယံမြို့၊ မကျီးဇင် ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့ကြောင့် လုံခြုံရေးစိတ်မချရ၍ ပြန်လည်ရောင်းချနေရခြင်းဖြစ်ကြောင်း ရောင်းချနေသူများကဆိုသည်။

    “တိုက်ပွဲကြောင့် အလုပ်ခရီးက ရက်ရွေ့လိုက်ရတာပေါ့။ မိသားစုကလည်း စိတ်ပူနေတာကြောင့်ပါတယ်။ နေ့တိုင်း သတင်းတွေ နားထောင်ပြီး မသွားဖို့ဘဲ ပြောနေတာ နေ့တိုင်းပဲ”ဟု လက်မှတ်ပြန်လည်ရောင်းချနေသူတစ်ဦးက ပြောသည်။

    ရောင်းချရာတွင် ကျပ်သောင်းကဏန်းဝန်းကျင်မှ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ လျော့ချရောင်းနေသည်ကို မြင်ရပြီး ဝယ်ယူလိုသူများအနေဖြင့် စျေးနှုန်းထပ်မံညှိုနှိုင်းနိုင်ကြောင်း ကမ်းလှမ်းထားကြသည်။ ဟိုတယ်ဘိုကင်တဆင့်ပြန်လည်ဝယ်သူများ အဆင်ပြေစေရန်လည်း ဟိုတယ်များဘက်က အဆင်ပြေသည့်ရက်ကို ရွေးချယ်တည်းခိုနိုင်ရန်စီစဥ်ထားကြောင်း ရောင်းချသူများက ကြော်ငြာနေကြသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ငွေဆောင် ကမ်းခြေတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေခဲ့သော်လည်း တိုက်ပွဲသတင်းများကြောင့် ခရီးသွားလာသူများ သိသိသာသလျော့နည်းသွားသည်ဟုလည်း ငွေဆောင်ဒေသခံက ဆိုသည်။

    “ အရင်ကဆိုရင် ခရီးသွားဧည့်သည်ကားတွေ အများကြီးပဲလာတာ လမ်းတွေပိတ်လုမတက်ဘဲ။ အခုကျ အိမ်စီးကားတွေနည်းသွားတယ်။ ခရီးသွားကားကြီးတွေလောက်ပဲ လာတော့တယ်။ အရင်က ၁၀ စီးလာရင် အခု တစီးလောက်ပဲ လာတော့တာပေါ့။ ခရီးသွားတွေ နည်းကုန်တာက တိုက်ပွဲသတင်းတွေစကြားကတည်းကနေ အခုထိပဲ”ဟု ၎င်းဒေသခံက ပြောသည်။

    ငွေဆောင် ချောင်းသာ လူမှုကွန်ရက်ဂရုများတွင် အွန်လိုင်းပေါ်က သတင်းများကို မယုံရန်နှင့် လက်ရှိတွင်လည်း ကမ်းခြေများမှာ ခရီးသွားများဖြင့် ပုံမှန်စည်ကားနေကြောင်း လှုံဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

    “အွန်လိုင်းပေါ်က ဂရုတွေမှာ လိုက်မေးကြည့်တော့လည်း ဒေသခံတွေက အေးဆေးပဲလို့ ပြောတယ်ခင်ဗျ။ လူတွေလည်း လာကြတယ်ပြောတယ်။ ပြီးတော့ တနိုင်ငံလုံးလည်း ဖြစ်နေတာဆိုတော့ မထူးတော့ဘူးလို့ပဲတွေးပြီး သွားလိုက်တော့မယ်။ ပိုက်ဆံလည်း နှမျောတယ်လေ”ဟု ခရီးစဥ် ကားလက်မှတ်နှင့် ဟိုတယ်ဘိုကင် ပြန်လည်ရောင်းချနေသူတဦးက ပြောသည်။

    ထိုသို့ပြန်လည်ရောင်းချနေသူများကို လိုက်လံမေးမြန်းရာ ဝယ်ယူသူမရှိကြောင်း ပြန်လည်ဖြေဆိုကြသည်။

    ငွေဆောင်ဒေသခံများမှာ မကျီးဇင်တိုက်ပွဲစဖြစ်သည့်အချိန်ကစ၍ စစ်ရှောင်ရန် အထုပ်အပိုးများ အဆင်သင့်ပြင်ထားသည့် အနေအထားမျိုးဖြင့် နေထိုင်နေကြသည်ဟုလည်း သိရသည်။

    “မကျီးဇင်ဘက်စဖြစ်တော့ အထုပ်တွေသိမ်းပြီး ပုသိမ်ဘက်ဖြစ်ဖြစ် ရွာတွေဘက်ဖြစ်ဖြစ် စစ်ရှောင်ကြမလို့ပါပဲ။ အခုကတော့ နည်းနည်းအေးဆေးဖြစ်သွားတော့ စစ်ရှောင်တာတော့ မလုပ်သေးဘူး။ အထုပ်တွေကတော့ အဆင်သင့်ပြင်ထားပါတယ်။ စစ်ရှောင်တာ မလုပ်သေးတာက ဒီမှာ တော်တော်များများက ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး နေကြတာလည်း ပါသလို တချို့ကျတော့လည်း ဒီအိမ်ကိုစွန့်ပြီး စစ်ရှောင်တာမျိုး မလုပ်ချင်တာလည်း ပါပါတယ်”ဟု ငွေဆောင်ဒေသခံက ပြောသည်။

    ဇန်နဝါရီလ ၉ ရက်က မကျီးဇင်ကျေးရွာရဲစခန်းကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မကျီးဇင်ကျေးရွာမှ ဘောမိကျေးရွာသို့ စွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းအဖွဲ့တို့ ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ရွှေသောင်ယံမြို့နယ်အတွင်းက တိုက်ပွဲများသည် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။