Tag: News

  • တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခုနစ်ဆယ်သေဆုံးကြောင်း ဒေါနတပ်ရင်းထုတ်ပြန်

    တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ခုနစ်ဆယ်သေဆုံးကြောင်း ဒေါနတပ်ရင်းထုတ်ပြန်

    မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား လေးရက်ကြာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က အယောက် ၇၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးလက်အောက်မှာရှိတဲ့ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက ပူးပေါင်တပ်တွေရှိတဲ့နေရာကို စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောပါတယ်။

    “ကျုံလောင်းရွာဟောင်းမှာ သူတို့က စစ်ကြောင်းတွေလာကာတာ။ ဘာဖြစ်လို့လဲဆိုရင် မွန်ပူးပေါင်းလေးဖွဲ့နဲ့ ကျွန်တော်တို့ ဒေါနတပ်ရင်းပေါင်းပြီးတော့ ရှိနေတယ်ဆိုတာကို လာပြီးစစ်ကြောင်းလာထိုးတာ။ ကျွန်တော်တို့နဲ့ စကခ ၁၉ တပ်မနဲ့ဆိုတာ အရမ်းမဝေးတော့ဘူး။ လေးကီလိုမီတာပဲ ကျန်ပြီ။ ရေးမြို့နဲ့ဆို ငါးကီလိုမီတာ၊ အမှတ် ၈ ပြည်ထောင်စုလမ်းဆို လေးကီလိုမီတာပဲရှိတော့တာ။ အဲဒါကြောင့် လာပြီးတော့ ကျွန်တော်တို့ကို စစ်ကြောင်းထိုးပြီး လာရှင်းတာ။ ဒါပေမဲ့မရဘူး တက်လာတဲ့ရက်အားလုံး လန်ပြီး ပြန်သွားရတယ်”

    စစ်ကောင်စီတပ်ရဲ့ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) အနီးက ကျုံလောင်းရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေကြား လေးရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

    တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် အယောက် ၇ဝ နီးပါးသေဆုံးခဲ့ပြီး ၃ဝ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ ပူးပေါင်းမဟာမိတ်တပ်တွေဘက်ကလည်း သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စကခ – ၁၉ လက်အောက်ခံ ခလရ – ၃၁၊ ခလရ – ၆၁၊ ခလရ – ၁၀၆၊ ခမရ – ၂၉၉၊ ခမရ – ၃၄၃၊ ခမရ – ၅၈၆၊ ခမရ – ၅၈၇၊ ခမရ – ၅၈၃၊ ခမရ – ၅၉၁၊ အမတ – ၃၁၆ တပ်တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာတော့ စစ်ကောင်စီတပ်က နောက်ဆုတ်သွားတာကြောင့် တိုက်ပွဲတွေ ရပ်တန့်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့လည်း ဆိုပါတယ်။

    ရေးမြို့နယ်ကတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ မွန်နဲ့ ကရင်တော်လှန်ရေး အင်အားစုတွေပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။

    ဒေါနစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Daw Na Column-P29902)

  • ပွင့်ဖြူမြို့နယ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကစင့်ကလျား တပ်ဆုတ်ပြေးသွားဟုဆို

    ပွင့်ဖြူမြို့နယ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကစင့်ကလျား တပ်ဆုတ်ပြေးသွားဟုဆို

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ၌ လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်အား ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ပျူစောထီးအားကောင်းသည့် ဆင်လူးကျေးရွာတွင် လာရောက်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ယမန်နေ့(ဇန်နဝါရီ ၁၅)တွင် မင်းဘူးခရိုင် တပ်ရင်း(၄)နှင့် မဟာမိတ်တပ်ဖွဲ့များက ၆၀ မမ ဒရုန်းဗုံးသီးများနှင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

    “ဒီရွာက ပျူစောထီးအားကောင်းပြီး ပျူရွာလုံးလုံးဖြစ်သွားတယ်။ အဲဒီပျူတွေနဲ့ စကစ တွေပေါင်းပြီး နေအိမ်တွေမှာ အထိုင်ချထားထာကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေတော့ အဲဒီအိမ်တွေမှာ မရှိဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က သူတို့အထိုင်ချထားတဲ့အိမ်တွေရဲ့ တည်နေရာအတိအကျနဲ့ ဒရုန်းဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”ဟု မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများနေထိုင်ရာနေအိမ် ၁၀လုံးခန့် မီးလောင်၍ ကင်းတာဝန်ကျနေသော တပ်သားတစ်ဦးသေဆုံးကာ စစ်သားနှင့်ပျူစောထီးအများအပြား ဒဏ်ရာများရရှိသွားကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့ကြောင့် စစ်ကောင်စီဘက်မှ စလင်း-ကံပြားမှ လူနာတင်ယာဥ်သုံးစီးဖြင့် သေဆုံးနှင့် ဒဏ်ရာရသူများကို လာရောက်သယ်ဆောင်သွားခဲ့ကြသည်ဟု မင်းဘူးခရိုင် တပ်ရင်း(၄)က အသိပေးသည်။

    အလားတူ ကျန်စစ်ကောင်စီတပ်သားများသည် ဆင်လူးကျေးရွာ၌ ဆက်မနေရဲတော့ဘဲ ကံပြားကျေးရွာဘက်သို့ ကစင့်ကလျားတပ်ဆုတ်သွားပြီး တော်လှန်ရေးမဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ဝင်များမှာ တစုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင့် အသိပေးထားသည်။

    “ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ စစ်ကောင်စီရှိသမျှနေရာတိုင်းကိုတိုက်ခိုက်သွားမှာ”ဟု အဆိုပါတိုက်ခိုက်မှုအတွင်းပါဝင်သော Earthquake Peoples Defence Forceမှ တာဝန်ရှိသူက ပြောသည်။

    အထက်ပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းနှင့်အတူ ပေါက်-မြိုင် စုဖွဲ့မှု ပ.က.ဖ၊ Yaung Force (PKU)၊ Earthquake Defence Force (PKU)၊ Joker(ပျောက်ကြားတပ်ဖွဲ့)၊ စေတုတ္တရာ ပ.အ.ဖ နှင့် မြိုင်မြို့နယ် ပ.က.ဖ(ဒရုန်းတပ်ဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန် သည်။

    ယခုကဲ့သို့ စစ်ရေးတိုက်ခိုက်မှုများ ဖော်ဆောင်နေဆဲကာလတွင် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ လာရောက်ပူးပေါင်းခြင်း၊ ထောက်ပံ့ကူညီခြင်းများဖြင့် တော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်နိုင်ရေး ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံပန်ကြားထားသည်။

    ဆင်လူးရွာသည် ပုသိမ်-မုံရွာလမ်းပိုင်းဘေး၌တည်ရှိပြီး အိမ်ခြေ ၁,၅၀၀ ခန့်၊ လူဦးရေ ၃,၀၀၀ ခန့်ရှိကာ အဆိုပါကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ကို အုပ်ချုပ်ရေးမှူးဖိုးအောင်က ခေါင်းဆောင်အဖြစ်ဆောင်ရွက်ပြီး ၎င်း၏ ညီဖြစ်သူ ကျော်သက်ဦးက ဒုခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

    ဒေသတွင်းစစ်ရေးအချက်အလက်များအရ ဆင်လူးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၂၀၀ ကျော်ရှိကြောင်း သိရသည်။

    စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပွင့်ဖြူမြို့နယ်အတွင် ပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်လျှက်ရှိရာ ဇန်နဝါရီ ၁၄ရက်က ထန်းတောစု၊ ဖလံတော၊ ကျောက်ကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၄၀ဦးခန့် အတင်းအဓမ္မဖမ်းဆီးခြင်းခံထားရသည်။

    (စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ဆင်လူးကျေးရွာအား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – Earthquake Defence Force)

  • စလင်းနှင့် ရွှေဘိုတို့မှ အတင်းအဓမ္မ တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၂ ဦး သေနတ် ၂ လက်နက် ယူဆောင်လာပြီး အလင်းဝင်

    စလင်းနှင့် ရွှေဘိုတို့မှ အတင်းအဓမ္မ တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၂ ဦး သေနတ် ၂ လက်နက် ယူဆောင်လာပြီး အလင်းဝင်

    စစ်တပ်ထဲ အတင်းအဓမ္မ ထည့်သွင်းခဲ့သည့် အုပ်ချုပ်ရေးမှူးကို ပြန်လည် တိုက်ခိုက်မည်ဟုဆို

    မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့မှ အကြမ်းဖက် စစ်တပ်၏ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော စစ်မှုထမ်း ၂ ဦးသည် သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗိုးဗြဲ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်၏ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသူ ၂ ဦးသည် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “အလင်းဝင်လာတဲ့သူတွေကို ဆုချီးမြှင်ဖို့ကတော့ အစီစဉ်တော့ရှိတယ်။ နောက်လာမည့် သူတွေကတော့ အဓိကတော့ ဖုန်းလိုင်းအဆက်အသွယ်တွေ ရအောင် လုပ်ထားပါလို့ ကျွန်တော်တို့ကတော့ မှာချင်ပါတယ်။ လက်ရှိကတော့ သူတို့ နှစ်ယောက်ကို နောက်တန်း ရဲဘော်တွေနဲ့ အတူတူ ကျွန်တော်တို့ တပ်ရင်းရဲ့ လုပ်နည်း လုပ်ထုံးတွေနဲ့တော့ ကျွန်တော်တို့ စီစစ်ထားတယ်။ နောက်တန်းမှာ ရှိနေတဲ့ ရဲဘော်တွေနဲ့ အတူတကွ သူတို့ကို တပ်ရင်းတပ်ဖွဲ့ နေရာတွေမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ပဲ လက်ရှိတော့ ပေးနေနေတယ်” ဟု ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် MA-1 သေနတ် ၁ လက်၊ ၁၄ မိုင်း ၁ လုံး၊ ကျည် ၂၅၈ တောင့် ၊ MA 11 သေနတ် ၁ လက်ယူဆောင်လာခဲ့ကြောင်း၊ ယင်း စစ်မှုထမ်း တပ်သားသစ်များသည် အပတ်စဉ် ၁ နှင့် အပတ်စဉ် ၅ မှ သင်တန်းဆင်းလာသူများ ဖြစ်ကြောင်း သိရှိရသည်။

    ယင်း အလင်းဝင်ရောက်ခဲ့သူ ၂ ဦးကို တော်လှန်ရေး ရဲဘော်များက မေးမြန်းစဉ် ၎င်းတို့ကို အကြမ်းဖက် စစ်တပ်ထဲ အတင်းအဓမ္မ ထည့်သွင်းခဲ့သည့် အုပ်ချုပ်ရေးမှူးကို ပြန်လည် တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

    “အလင်းဝင်လာတဲ့ သူ ၂ ဦးကို ကျွန်တော်တို့က သူတို့ မိဘတွေ ပြန်နေချင်လား။ သူတို့ သားသမီးတွေနဲ့ ပြန်နေချင်လား။ ဒါမှမဟုတ်ရင်လည်း ဒီတော်လှန်ရေးကိုပဲ ကျွန်တော်တို့ ပူးပေါင်းပြီး ဆက်ပြီး ဆောင်ရွက်မလားလို့ သူတို့တော့ မေးထားတာ ရှိတယ်။ သူတို့ကို မေးထားတော့ တစ်ယောက်ကတော့ ကျွန်တော်တို့နဲ့ ဆက်လက်ပြီး ဆောင်ရွက်ပြီးတော့ သူကို စစ်တပ်ထဲ ထည့်ပေးလိုက်တဲ့ အုပ်ကြီးကို ပြန်ပြီး ရှင်းဖို့ပေါ့နော်။ သူတို့ ရွာမှာ ရှိနေတဲ့ စစ်ကောင်စီနဲ့ ဒေါက်တိုင် တွေရှိတဲ့ လူတွေကိုတော့ ပြန်ပြီးရှင်းလင်းချင်တယ်လို့ ပြောတာတွေရှိတယ်။ ကျွန်တော်တို့နဲ့ ပါဝင်ပြီး ပေါင်းပြီးလုပ်မယ်ပေါ့။ တစ်ယောက်ကတော့ သူ့မိသားစု ရှိရာကို ပြန်မယ်ပေါ့ အဲလိုဖြေကြားတာရှိတယ်” ဟု ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

  • တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီခြိမ်း‌ခြောက်၊ တူးပြီးသားကျင်းများကို ဖျက်ဆီး

    တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီခြိမ်း‌ခြောက်၊ တူးပြီးသားကျင်းများကို ဖျက်ဆီး

    တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား စစ်ကောင်စီက ခြိမ်း‌ခြောက်ပြီး တူးပြီးသား ကျင်းများကိုလည်း ဖျက်ဆီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့န​ယ်၊ သရက်ချောင်းမြို့နယ်နှင့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ထိုကဲ့သို့သောဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    မြိတ်မြို့ဒေသခံတဦးက“ သဲအိတ်တွေနဲ့ ဖုံးထားတဲ့ ဗုံးခိုကျင်းတွေ တွေ့ရင် သူတို့က မီးရှို့တယ်။ ဖျက်ဆီးပစ်တယ်။ ပြီးတော့ ရွာထဲ ဝင်လာလို့ ဗုံးခိုကျင်းတူးနေတာတွေမလုပ်ဖို့ တားတယ်” ဟု ပြောသည်။

    တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star ကလည်း စစ်ကောင်စီသည် တိုက်ပွဲနယ်မြေအတွင်း ဒေသခံများအား ယင်းကဲ့သို့ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိသည်ဟု ကြားသိရကြောင်း ပြောသည်။

    “ တချို့ရွာတွေမှာကျရင် ဗုံးခိုကျင်းတွေကို (စကစ က) ပေးမတူးဘူး။ အဲ့ဒါတွေ မလုပ်ရဘူးဆိုပြီး တားမြစ်တာတွေကြားဖူးတယ်” ဟု ရဲဘော်Starက ပြောသည်။

    ဒေသတွင်းအခြေစိုက်သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi က ဇန်နဝါရီလ၁၅ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအတွက် အစီရင်ခံစာတွင် စစ်ကောင်စီက ၎င်းတို့ စစ်ကြောင်းထိုးလာစဉ် ဗုံးခိုကျင်းများတွေ့ပါက ဒေသခံများကို ဖမ်းဆီး၊သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည်ဟု ဖော်ပြထားသည်။

    တနင်္သာရီတိုင်းအတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုများနှင့် လက်နက်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာသဖြင့် ဒေသခံများသည် ဗုံးခိုကျင်း တူးလိုကြသည်။ သို့သော် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဗုံးခိုကျင်းတူးပါက ပိုမိုအန္တရာယ်ကျရောက်နိုင်သည်ဟု ယူဆမှုများလည်း ရှိနေကြောင်း FE5 Tanintharyi အစီရင်ခံစာက ဆိုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများနှင့်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၅,၀၀၀ ကျော် ရှိခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ် ၂၆၀ ကျော် ပျက်စီးခဲ့ကြောင်း FE5 Tanintharyi က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    လက်ရှိတွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလော၊ တနင်္သာရီ၊ မြိတ် စသည့်မြို့နယ်များအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်နေကြောင်း သိရသည်။

    တနင်္သာရီမြို့နယ်၊တကူကျေးရွာအုပ်စုကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံသုံးဦးဒဏ်ရာရခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတင်းထုတ်ပြန်သည်။

    နိုင်ငံတဝန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ဇန်နဝါရီလ ရက်သတ္တပတ် နှစ်ပတ်အတွင်း အရပ်သား ၅၂ ဦးသေဆုံးခဲ့သည်ဟုနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ- လောင်းလုံးမြို့နယ် အတွင်း ဗုံးခိုကျင်းတူးထားသည်ကို ၂၀၂၄ ခု၊ ဖေဖော်ဝါရီလက တွေ့ရစဉ် (ဓါတ်ပုံ- CJ)

  • မြို့တော်စစ်တွေကို အထူးခံစစ်အတွက် ကြည်း၊ရေ၊ လေဖြင့် အင်အားဖြည့်နေသည့် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲနေ

    မြို့တော်စစ်တွေကို အထူးခံစစ်အတွက် ကြည်း၊ရေ၊ လေဖြင့် အင်အားဖြည့်နေသည့် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲနေ

    ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့တော်စစ်တွေကိုသာ အာရက္ခတပ်တော် (AA) သိမ်းယူရန်ကျန်ရှိနေပြီး စစ်ကောင်စီက မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

    စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၁၆ရက်နေ့ နံနက် ၃နာရီခန့်က စစ်‌တွေမြို့၊ ဝါဘိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “ရှေ့လကမှ ဗုံးအလုံး ၂၀ လောက်ကြဲချသွားသေးတယ်။ အခုလာကြဲတာတော့ အရပ်သားထိခိုက်မှု မရှိလောက်ဘူး။ ရွာတွေကနေစစ်ရှောင်ထွက်သွားကြပြီဆိုတော့လေ။ AA ရှိနိုင်တယ် ထင်တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းပြီး ဗုံးကြဲတယ်ပြောတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

    ထို့အပြင် စစ်တွေမြို့ ရဲတပ်ရင်း ၁၂နှင့် ရွှေမင်းဂံဆိပ်ကမ်းတို့မှလည်း ဝါဘိုကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီက အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ဂွမြို့နယ်တို့အသိမ်းခံရပြီးနောက် စစ်တွေနှင့်ကပ်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်အနီးတို့ကို လေကြောင်းမှဗုံးကြဲနေပြီး နေဗီများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    ထို့ပြင် စစ်တွေမြို့ကို ကြည်း၊ ရေ၊ လေတို့ဖြင့် အင်အားဖြည့်တင်းနေပြီး စစ်တွေမြို့ပတ်လည်တွင် ရေယာဉ်ကြီးငယ် အစီး ၄၀ ခန့်ဖြင့် ခံစစ်အတွက် အဆင်သင့်ပြင်ထားကြောင်း သိရသည်။

    စစ်ကောင်စီသည် စစ်တွေပွိုင့်ကမ်းခြေ အမှတ် ၃ဗျူဟာရေယာဉ်အုပ်စုကိုလည်း ကျဆုံး၍ လက်လွှတ် လိုက်ရသည့် နပခ ဌာနချုပ်အဆင့်အထိ တိုးမြှင့်ထားကာ ပါဒလိတ်ရွာရှိ မြစ်ကမ်းနားနီး အိမ်ခြေများကိုလည်း ဖျက်ချပြီး အရေးပေါ်ကာကင်းများ ပြုလုပ်လျက်ရှိကြောင်း တပ်တွင်း သတင်းများအရ သိရသည်။

    ထို့ပြင် စစ်တွေမြို့ရှိ အမြင့်ကျွန်း၊ ချီလည်ပင်း၊ ကျားမသောက်၊ တောကန်ကျေးရွာများတွင် စစ်အင်အားများတိုးချဲ့ထားပြီး စစ်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များကိုလည်း လက်နက် အပြည့်အစုံတပ်ဆင်ကာ အင်အားဖြည့်လျက်ရှိကြောင်း သိရသည်။

    စစ်တွေမြို့တွ င်စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ဒကစ )အခြေစိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ- ၃၅၄ ၊ ခမရ -၃၄၄ ၊ ခြေလျင်တပ်ရင်း ခလရ – ၂၇၀၊ ခလရ- ၂၀ ၊ ခလရ -၂၃၂ နှင့် အမြောက်တပ် အမတ – ၃၇၃ တို့ အခြေပြုထားသည်။

    လက်ရုံးတပ် နှင့် ဝန်ထမ်းတပ်များဖြစ်ကြသည့် အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၈၁၈) ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၈၂၈) ထောက်ပို့တပ်ရင်း၊ အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း ၊ အမှတ် (၉) လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေး သင်တန်း ကျောင်း၊ အမှတ် (၈၆၈) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၄) ဆက်သွယ်ရေးနှင့်အလုပ်ရုံ၊ အမှတ် (၉၆၂) ဆောက်လုပ်ရေးနှင့်အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၁၇) ကုတင် (၁၀၀) တပ်မတော်ဆေးရုံ၊ အမှတ် (၄၃၄) စစ်လက်နက်တပ်ခွဲ၊ အမှတ် (၁၀) နယ်မြေနယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာန၊ အမှတ် (၂) တပ်စုစစ်ဖက်ရေးရာလုံခြုံရေးတပ်စု အပြင်ရေတပ်ဌာနချုပ်နှင့် ရေတပ်စခန်း သုံးထက်မနည်း အခြေပြုထား‌ကြောင်း သိရသည်။