Tag: News

  • လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    မုံရွာမှာ အလုပ်သွားအလုပ်ပြန်ချိန် စစ်အုပ်စုက ပေါ်တာဆွဲ၊ လေးရက်အတွင်း ပြည်သူ ၅၀ ပေါ်တာဆွဲ ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက ပြည်သူတွေ အလုပ်သွား၊ အလုပ်ပြန်ချိန်ကို စောင့်ဆိုင်းကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်နေပြီး လေးရက်အတွင်း အမျိုးသား လူငယ် ၅၀ ၀န်းကျင် ပေါ်တာဆွဲ ဖမ်းဆီး စစ်သားသစ် စုဆောင်းခံလိုက်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၁ရက်ကနေ ဒီကနေ့ ၁၄ရက်အထိ လေးရက်တာအတွင်း မုံရွာ မြို့တွင်းနေရာအနှံ့နဲ့ မြို့အဝင်အထွက် လမ်းမတွေမှာ စစ်အုပ်စုက စောင့်ဆိုင်းကာ လူငယ်အမျိုးသားတွေကို အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းတာလို့ ဆိုပါတယ်။

    “အဓိကတော့ ညနေပိုင်း အလုပ်ပြန်တဲ့ အချိန် ဖမ်းတာ များတယ်။ မြို့ပြင်ထွက်တဲ့ လမ်းမကြီး နေရာတွေက စောင့်ဖမ်းတာတို့၊ အရက်ဆိုင်တို့ ၀င်ဆွဲတာတို့၊ လုပ်တာ၊ ဒီရက်ပိုင်းကို တော်တော်များများ ပါသွားတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၁ရက် တစ်ရက်တည်းမှာကိုပဲ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး၊ ရွှေဇလုပ်ရပ်ကွက် တောင်ဘက်က ကွမ်းခြံ အလုပ်သမား ငါးဦး၊ မုံရွာမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ အင်းရွာသစ်ရပ်ကွက်က လူငယ် ၂၀ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကာ စစ်သားသစ် စုဆောင်းခံရသလို ဒီဇင်ဘာလ ၁၂ရက် ညနေပိုင်းမှာလည်း မုံရွာမြို့ ဇလုပ်ရပ်ကွက်က ပြည်သူ ငါးဦ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာလ ၁၂ရက် ညနေပိုင်းမှာလည်း မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက် ချင်းတွင်မြစ်ကမ်းအနီး အရက်ဆိုင်ကို စစ်အုပ်စုက စီးနင်းကာ အလုပ်က အပြန် အရက်ထိုင်သောက်နေတဲ့ လူငယ် ၂၀ ၀န်းကျင်ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

    “ဇလုပ်တောင်ဘက် ကွမ်းခြံထဲအထိ ၀င်ဖမ်းခံရတာ ရှိတယ်။ ပြီးတော့ ဇလုပ်ကပဲ အလုပ်ပြန် ဖမ်းခံရတာ သုံးယောက်၊ ရွာထဲ ဖမ်းခံလိုက်ရတာက နှစ်ယောက်။ အဲ့ဒီ နှစ်ယောက်ကတော့ ပြန်လွတ်လာတယ်” လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

    မုံရွာမြို့ ဇလုပ်အဝိုင်းပတ်မှာ ဖမ်းဆီးမိရသူတွေကို စီးပွားရေးတက္ကသိုလ်အတွင်း ထားရှိပြီး မြို့တွင်းမှာ ဖမ်းဆီးခံရသူတွေကိုတော့ မြို့တော်ခန်းမမှာ ယာယီထိန်းသိမ်းကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခထဲ ကို ပို့တာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    မုံရွာမှာ စစ်အုပ်စုက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီးတိုင်း ငွေနဲ့ ရွေးထုတ်သူကို လွှတ်ပေးကာ ငွေမပေးနိုင်သူကိုသာ စစ်သားသစ် စုဆောင်းလေ့ ရှိပေမယ့် ယခုတစ်ကြိမ်မှာတော့ ငွေနဲ့အရွေးမခံဘဲ ငွေမလိုတော့ဘဲ လူလိုနေတာလို့ ပြောဆိုကာ ပေါ်တာဆွဲ ဖမ်းဆီးထားသူတွေရဲ့ မိသားစုတွေကို အ၀တ်အစားနဲ့ မှတ်ပုံတင်တွေ ပို့ဆောင်ခိုင်းတာ ရှိတယ်လို့လည်း မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စုဟာ မတ်လက စလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး မုံရွာမြို့မှာတော့ သင်္ကြန်ကာလအပြီး မေလက စတင်ကာ ပေါ်တာဆွဲဖမ်းဆီး၊ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ယခုလတွေအတွင်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုမို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

  • စစ်အုပ်စုနဲ့ ပျူတွေအထိုင်ချထားနဲ့  ကျွန်းလှနယ် မဒေါင်ရွာစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

    စစ်အုပ်စုနဲ့ ပျူတွေအထိုင်ချထားနဲ့ ကျွန်းလှနယ် မဒေါင်ရွာစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

    စစ်ကိုင်းတိုင်း ကျွန်းလှနယ် မြောက်ခြမ်းက မဒေါင်ရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ ကို စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့ စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဒီဇင်ဘာလ ၁၃ ရက် မနေ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

    မဒေါင်ရွာ စစ်အုပ်စုနဲ့ပျူစောထီး အထိုင်စခန်းကို ကန့်ဘလူခရိုင် တော်လှန်ရေးအဖွဲ့တွေက အချိန် ၅ နာရီကျော်ကြာ တိုက်ခိုက်ပြီး သိမ်းယူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

    မဒေါင်ရွာတိုက်ပွဲမှာ စစ်အုပ်စု တစ်ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး အနီးအနားက ပျူစောထီးစခန်းတွေရရှိနေရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။

    အဲဒီတိုက်ပွဲကနေ MA 1 တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၄၆၀ တောင့်၊ ကျည်ဘောက် ငါးဘောက်၊ နင်းမိုင်းအကြီးတစ်လုံး၊ အသေးခြောက်လုံး၊ ဦးထုပ်နှစ်လုံးနဲ့ icon တစ်လုံး သိမ်းတည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

    နိုဝင်ဘာလ ၂၀ ရက်က ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကနေ အင်အား ၂၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေဟာ ကျွန်းလှမြို့နယ်မြောက်ခြောက်က ကုက္ကိုကုန်းရွာကိုခြေကုပ်ယူကာ လွှတ်တိုက်၊ သံပုရာပင်စု၊ မြဘုံသာ၊ ဆွဲလှဲ၊ မဒေါင်စတဲ့ရွာတွေကို စစ်ကြောင်းထိုးစီးနင်းပြီး အထိုင်ချထားခဲ့တာဖြစ်ပါတယ်။

    စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ အဲဒီရွာတွေမှာ တစ်ရွာကို အင်အား ၃၀၊ ၄၀၊ ၇၀ စသဖြင့် ဖြန့်ဝေချထားတာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ မဒေါင်ရွာစခန်းမှာ အင်အား ၆၀ ကျော် ချထားတာဖြစ်တယ်လို့ ဆိုပါတယ်။

    “၂၀ ရက်နေ့ စစ်ကြောင်းထိုးကတည်းက။ ကုက္ကိုကုန်းထိုင်တဲ့ အင်အား ၂၀၀ ကျော်ကျော်လောက်ပေါ့။ နောက်တိုးတွေနဲ့ဆို ၂၀၀ ကျော်မယ်။ ကုက္ကိုကုန်းကို အထိုင်ချပေမယ့် အဲဒီနားရွာအကုန်လုံးကို ခွဲပြီးကင်းချတယ်”လို့ ကျွန်းလှမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

    ကုက္ကိုကုန်းရွာကို ခြေကုပ်ယူပြီး အင်းအားခွဲဝေချထားတဲ့ ရွာတွေနဲ့ တစ်ရွာနဲ့တစ်ရွာဟာ တစ်မိုင်ကျော်၊ တစ်မိုင်ပတ်ချာလည်မှာသာရှိတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုနဲ့ပျူစောထီးတွေ အဲဒီကျေးရွာတွေမှာ စတင်ခြေကုပ်ယူစဉ် ကာလမှာလည်း နေအိမ်တွေကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့သလို အဖိုးတန်ပစ္စည်းတွေကိုလည်း ကားတွေနဲ့ ကုက္ကိုကုန်းရွာကို သယ်ဆောင်သွားကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    “ရွာတွေမီးဝင်ရှို့လိုက်၊ ပစ္စည်းယူလိုက်၊ ပြန်ထွက်လိုက်။ ဟိုရွာဝင်လိုက်ဒီရွာဝင်လိုက်ပေါ့။ အဲလိုမျိုးတွေလုပ်နေတာ။ အဲဒီပတ်ပတ်လည်ကိုပဲ ရွာတွေကနီးနီးလေးတွေလေ။ တစ်မိုင်ခွဲနှစ်မိုင်။ နှစ်မိုင်ကအလွန်ဆုံးဝေးတဲ့အခါကြတော့ အဲဒီရွာတွေပဲ သူတို့ဝင်လိုက်ထွက်လိုက် အထိုင်ချနေတာပေါ့။ ဒါရက် ၂၀ ကျော်သွားပြီ”လို့ ကျွန်းလှနယ် ဒေသခံတစ်ဦးက ပြောပါတယ်။

    ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တော်ထားတဲ့ ကျွန်းလှမြို့နယ်အတွင်းမှာ စစ်အုပ်စုနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ပြည်သူတွေနေထိုင်နေရာဧရိယာတွေကို ဒရုန်းတွေနဲ့ ဗုံးသီးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

    ကျွန်းလှမြို့နယ်မြောက်ခြမ်းက ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်ကစတင်ပြီး အခုချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရတာကြောင့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ စောင်၊ အနွေးထည်နဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

  • တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကို ပြော

    တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကို ပြော

    မန္တလေးမြို့က စစ်မှုထမ်းပါသွားတဲ့ လူငယ်တစ်ဦး တိုက်ပွဲမှာ သေဆုံးပြီး စစ်အုပ်စုက အကြောင်းမကြားလို့ ဝိဉာဉ် ပူးကပ်ကာ မိသားစုကိုပြော

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက်မှာ နေထိုင်တဲ့ လူငယ်တစ်ဦး လွန်ခဲ့တဲ့ ခြောက်လခန့်က စစ်သားသစ် စုဆောင်းခံရပြီးနောက် ရှေ့တန်း စစ်မြေပြင် ပို့လွှတ်ခံရကာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပေမယ့် စစ်အုပ်စုက အကြောင်း မကြားလို့ ဒီဇင်ဘာလ ၈ရက်က ဝိဉာဉ်ပူးကပ်ကာ မိသားစုကို အသိပေး အကြောင်းကြားတယ်လို့ သတင်းရရှိပါတယ်။

    မန္တလေးမြို့၊ မြို့လယ်ပိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၇၂လမ်း၊ ၃၆လမ်းနဲ့ ၃၇လမ်းကြားမှာ နေထိုင်တဲ့ ဦးခင်မောင်တင်ရဲ့ သားဖြစ်သူ အရပ်အခေါ် မောင်ကြွက်နီဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က စစ်သားသစ်အဖြစ် စုဆောင်း ခံရတာလို့ ဆိုပါတယ်။

    အဲ့ဒီနောက် ဗန်းမော်မြို့ဘက် ပို့ဆောင်ခံရပြီး ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးခဲ့ပေမယ့် စစ်အုပ်စုက အသိပေးအကြောင်းကြားတာ မရှိတဲ့အတွက် ဒီဇင်ဘာလ ၈ရက်က ရပ်ကွက်ထဲက အမျိုးသမီးငယ် တစ်ဦးကို ပူးကပ်ပြီး မိသားစုကို အသိပေးပြောဆိုတာလို့ မန္တလေးမြေပြင်ကင်းထောက်က ဖော်ပြပါတယ်။

    “ကြွက်နီသည် စကစ၏ မတရားသဖြင့် စစ်မှုထမ်းခိုင်းကာ ဗန်းမော် ရှေ့တန်းသို့ ပို့ဆောင်ခြင်းကြောင့် ရှေ့တန်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း ထိုသူနဲ့ နီးစပ်သူများထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၈ရက် မနက်တွင် ၄င်းပတ်ဝန်းကျင်ရှိ အမျိုးသမီးငယ်တစ်ဦးအား ဝင်ပူးစွဲကပ်ကာ စစ်ခွေးများ၏ ယုတ်မာကြောင်းနှင့် မတရား အနိုင်ကျင့် ဗိုလ်ကျမှုများကို ပြောကြားခဲ့သည်ဟု ရပ်ကွက်သတင်းများအရ သိရှိရသည်” လို့ မန္တလေး မြေပြင်ကင်းထောက်က ဆိုပါတယ်။

    အဲ့ဒီ ရပ်ကွက်က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ စစ်အုပ်စုက တောင်းခံတဲ့ခွဲတမ်းအတိုင်း ရပ်ကွက်ခံ လူငယ်တွေကို စစ်သားသစ် စုဆောင်းပေးနေပြီး ရပ်ကွက်မှာ လူကယ်လူရွယ် မကျန်တော့သလောက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    စစ်အုပ်စုဟာ မတ်လကစလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး ကနဦးက မြို့နယ်အလိုက် ရပ်ကွက်နဲ့ကျေးရွာအလိုက် ခွဲတမ်းနဲ့ စစ်သားသစ် စုဆောင်းခဲံာ သင်္ကြန်ကာလပြီး ကတည်းက ခွဲတမ်းနဲ့ မဟုတ်တော့ဘဲ တွေ့သမျှလူကို ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

    မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းအတွင်းက စစ်သားသစ် စုဆောင်းထားသူတွေကို ကနဦးက စဉ့်ကူးမြို့နယ်ရှိ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ်နဲ့ ရမည်းသင်းမြို့ရှိ အမှတ် ၃ စစ်အခြေခံ လေ့ကျင့်ရေးတပ် တို့မှာ စစ်သင်တန်း ပေးခဲ့ပြီး အဲ့ဒီ စဉ့်ကူးမြို့က စခန ၂ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဇူလိုင်လမှာ သိမ်းယူပြီးနောက် စစ်အုပ်စုက မန္တလေးတိုင်းအတွင်း စစ်သားသစ် စုဆောင်းလို့ ရသမျှ လူငယ်တွေကို ရမည်းသင်းမြို့က စခတ ၃ ကို ပို့ကာ သင်တန်း ပေးနေတာ ဖြစ်ပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက အမှတ်စဉ် ၇ စစ်သင်တန်း ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၈ စစ်သင်တန်းအတွက် ဆက်လက် ပေါ်တာဆွဲ လူသစ်စုနေတာလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မတ်လက စစ်သားသစ် စုဆောင်းထားသူတွေကို စစ်အုပ်စုက မန္တလေးမြို့မှာ ကြိုဆိုပွဲ လုပ်ပြီး သပိတ်ကျင်း – စဉ့်ကူး မြို့ဘက် ပို့လွှတ်နေစဉ်/Photo – စစ်အုပ်စု

  • ပြည်သူများကို စစ်တပ်က အဝတ်ပါချွတ်ခိုင်း၍ စစ်ဆေးနေ

    မင်းအောင်လှိုင် တက်မည့် ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲ နှင့် ပန်းပွဲတော် လုံခြုံရေးအတွက် ပြည်သူများကို စစ်တပ်က အဝတ်ပါချွတ်ခိုင်း၍ စစ်ဆေးနေပြီး ကန်တော်ကြီး ဥယျာဉ်သို့ အများပြည်သူများ လာရောက်ခွင့် ပိတ်ပင်

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယား ယနေ့ တက်ရောက် ရန်ရှိနေသည့် မင်းအောင်လှိုင် တက်ရောက်မည့် ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား လုံခြုံရေးအတွက် ပြည်သူများကို စစ်တပ်က အဝတ်အစားများပါချွတ်ခိုင်း၍ စစ် ဆေးနေပြီး ကန်တော်ကြီး ဥယျာဉ်သို့ အများပြည်သူများ လာရောက်ခွင့် ယာယီပိတ်ပင်ထားကြောင်း ပြင်ဦးလွင် ဒေသပြည်သူများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ၁၇ ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုအခမ်းအနားသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လင်မယားတက်ရောက်ရန် ရှိနေကြောင်း၊ ပြင်ဦးလွင်ရှိ မြို့တွင်း အဝင်အထွက် လမ်းများပိတ်ဆို့ထားပြီး ပြင်ဦးလွင်မြို့ပြင်ပတွင် လုံခြုံရေးများ ထူထပ်စွာ ချထားကြောင်း သိရှိရသည်။

    “မအလတို့ လင်မယား ပန်းပွဲတော်ဖွင့်ပွဲ လာမယ်ပြောတယ်။ မနက်ပိုင်း ပြင်ဦးလွင် မြို့တွင်းဝင်လို့ရမယ့် လမ်းမှန်သမျှ ပိတ်ထားပါတယ်။ မိုးကြိုး၊ သိမ်အင်း၊ ထုံးကုန်း၊ မြိုင်ကြီးဘက်ပဲသွားခွင့်ရှိပြီး မြို့တွင်းမဝင်ရပါ ။ အထူးသဖြင့် ရေငယ်လမ်းဆုံ မဟာအံ့ထူးကံသာဘုရားကြီးအဆင်းလမ်း မြို့ရှောင်လမ်း Xray ဂိတ်ဟောင်းအနီး လမ်းပိတ်ပြီး ပြည်သူတွေကို အဝတ်အစားတွေပါချွတ်ခိုင်းပြီး စစ်ဆေးနေပါတယ်။ ဗိုက်ကြီးသည်ဆိုရင်တောင် ဗိုက်လှန်ပြခိုင်းပါတယ်။ လုံခြုံရေးက အရမ်းကိုတင်းကျပ်ထားတယ်” ဟု ဒေသခံပြည်သူတချို့က ပြောဆိုသည်။

    တပ်သတင်းရင်းမြစ်တချို့ကမူ ပြင်ဦးလွင်သို့ စစ်ခေါင်းဆောင် လာရောက်တိုင်း နေပြည်တော်၊ မိတ္တီလာရှမ်းတဲနှင့် ပြင်ဦးလွင်အကြားတွင် လုံခြုံရေးအတွက် လေတပ်က သယ်ပို့ဆောင်ရေးများ တောက်လျှောက်လုပ်ပြီး ရဟတ်ယာဉ်များဖြင့် ကင်းလှည့်မှုများကို အမြဲမပြတ်လုပ်ဆောင်ပေးရကြောင်း ပြောဆိုသည်။

    “တပ်ချုပ်လာရင် ပြင်ဦးလွင်မှာ အရင်ကလို ညမအိပ်ဘဲ နေ့ပိုင်း ပြင်ဦးလွင်မှာ နေပြီး ညနေဆို လေကြောင်းခရီးစဉ်နဲ့ မိတ္ထီလာ ရှမ်းတဲ ဧည့်ရိပ်သာဖြစ်ဖြစ်၊ နေပြည်တော် အိမ်ကို ဖြစ်ဖြစ် ပြန်လေ့ရှိပါတယ်။ သူ ပြင်ဦးလွင် လာရင် လေတပ်က သယ်ပို့ရော လုံခြုံရေးအတွက်ရော အမြဲတမ်းအသင့် ပြင်ဆင် လုပ်ဆောင်ပေးရပါတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုကဆိုသည်။

    ယနေ့ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားအတွက် ဌာနဆိုင်ရာများနှင့် စစ်တပ်မိသားစုများကို မဖြစ်မနေ တက်ရောက်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး ပြည်သူများကို ယနေ့ ယာယီ လာရောက်ခွင့် ပိတ်ပင်ထားကြောင်း ဌာနဆိုင်ရာ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    “ဖွင့်ပွဲ အခမ်းအနားမှာ လူမရှိဘူးလည်းမဖြစ်ရအောင် လုံခြုံရေးလည်း စိတ်ချရအောင် တပ်မိသားစုနဲ့ ဌာနဆိုင်ရာ မိသားစုတွေအားလုံး ပန်းပွဲတော်ကို လာတက်ခိုင်းပါတယ်။ ကန်တော်ကြီး ပန်းပွဲတော်ကို လူကြီးတွေ လာကြမှာမို့ ပြည်သူတွေကတော့ ယာယီတော့ ဒီနေ့ ကန်တော်ကြီးဝန်းကျင် လာလို့မရဘူး။ လူမစည်ကားဘူး မဖြစ်ရအောင် တပ်မိသားစုနဲ့ ဝန်ထမ်းမိသားစု ပြည်သူအတုတွေကို ကန်တော်ကြီး ဥယျာဉ်မှာ စာရင်းဇယားနဲ့ နေရာချထားတယ်” ဟု ပြင်ဦးလွင်မှ ဌာနဆိုင်ရာ ဖရဲသီးဝန်ထမ်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

    ရခိုင်ပြည်အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင်မှာ အခမ်းအနားနှင့် ဖွင့်ပွဲများကို နေ့စဉ် မပြတ် တက်ရောက်လျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်များက ဆိုကြသည်။

  • ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း

    ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း ပါလာတဲ့ လက်နက်တွေ အကုန်သိမ်းယူ

    ရခိုင်ပြည် ၊ အမ်းမြို့ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်ကောင်စီဟာ အမ်းတောင်ကြားလမ်းတစ်နေရာမှာ အင်အားစုနေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာတော့ ကားအစီး နှစ်ဆယ် နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အမ်းမြို့ကို မရောက်ခင် ရှစ်မိုင်အလိုက ပတ်ကွေ့ဆိုတဲ့နေရာမှာ အာရက္ခတပ်တော် AA ရဲ့ ချေမှုန်းတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

    “တောလုံးတောင်လုံးဟိန်းပြီး လမ်းမပေါ်က ကားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝိုင်းတိုက်တာ ၊ ကားတွေမီးလောင်တာလောင်ကုန်တယ်။ ကျန်တဲ့ကားတွေကို သိမ်းလိုက်တယ်။ စက်လက်နက်ကြီးတွေ ၊ အမြှောက်တွေ အကုန်သိမ်းထားလိုက်တယ်၊ သူတို့က ခပ်လှမ်းလှမ်းမှာ စခန်းချပြီး မြို့ကို ပြန်တိုက်ဖို့လာကြတာ” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် တစ်မနက်လုံးမှာ အမ်းမြို့ နဲ့ ရှစ်မိုင်အကွာ က ပတ်ကွေ့ဆိုတဲ့ စစ်ဆေးရေးဂိတ်အနီးမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းက ဆက်လက်တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    “သူတို့လူတွေက ကားတွေထားခဲ့ပြီး ထွက်ပြေးပြီး သိပ်မကြာ လေယာဉ်လာပြီးကြဲတယ် အဲ့ဒီအနီးပတ်ပတ်လည် အကုန် ကြဲနေတာ။ ပတ်ကွဲက အိမ်တွေ မီးလောင်နေတယ် ” လို့ ပြောပါတယ်။

    ပတ်ကွေ့ဆိုတဲ့ နေရာဟာ အမ်းမြို့ ပဲပဒုံဂိတ်နဲ့ ရှစ်မိုင်ဝေပြီး အိမ်ခြေ လေးဆယ်ကျော် ရှိတဲ့ စစ်ဆေးရေးဂိတ်ပြုလုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က တောင်စောက်ဂိတ်မှာ အင်အားတွေ စုဆောင်းခဲ့ပြီး အမ်းမြို့ကို အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

    အမ်းမြို့ နပခ ဌာနချုပ်ထဲမှာတော့ တိုက်ပွဲကို ကွက်ကဲမယ့်သူမရှိဘဲ အတွင်းထဲက အဆောက်အအုံ တစ်ခုပြီးတစ်ခုကို အာရက္ခတပ်တော်က သိမ်းပိုက်နေတာဖြစ်ပါတယ်။

    နပခ ဌာနချုပ်ကို ကွပ်ကဲနေတဲ့ တိုင်းစစ်ဦးစီးချုပ်ဟာ တိုက်ပွဲထဲ က ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး လက်ကျန်တပ်သားတွေဟာ အထဲမှာ ပိတ်မိနေတာလည်းဖြစ်ပါတယ်။