Tag: News

  • ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ

    ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာ

    ICJ တရားရုံးတွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာဘက်မှ ကွန်ဂိုနှင့်အိုင်ယာလန်နိုင်ငံတို့ ပါဝင်လာပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခုရှိလာ

    ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ကွန်ဂိုနှင့် အိုက်ယာလန်နိုင်ငံတို့ကပါ ပါဝင်ရန် လျှောက်ထားနေပြီဖြစ်ပြီး ဂမ်ဘီယာနှင့်အတူ ရပ်တည်သော နိုင်ငံပေါင်း ၁၀ ခု ရှိလာကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်နှင့် အိုင်ယာလန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) က တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာကြောင်း ICJ တရားရုံးက သတင်းထုတ်ပြန်သည်။

    ထို့ပြင် အိုင်ယာလန်အစိုးရကလည်း ICJ တရားရုံးရောက်ရှိနေသော ဂမ်ဘီယာနှင့်မြန်မာအမှုတွင် ဂမ်ဘီယာဘက်မှ ကြားဝင်ပါဝင် စွက်ဖက်မည်ဖြစ်ကြောင်း အိုင်ယာလန်အစိုးရဘက်က သတင်းထုတ်ပြန်သည်။

    မူလကတည်းက တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ဆလိုဗေးနီးယားနှင့် မော်လ်ဒိုက်တို့ဖြစ်ကြောင်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) နှင့် အိုင်ယာလန်တို့ပါ ဂမ်ဘီယာဘက်မှ တရားဝင် ပါဝင်လာပါက စုစုပေါင်း မြန်မာကို ICJ တရားရုံးတွင် ဂမ်ဘီယာအပါအဝင် တရားစွဲဆိုထားသော ပြည်ပနိုင်ငံပေါင်း ၁၁ ခုရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

    မွတ်စလင်အများစုနေထိုင်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့သည်။

    မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

    ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။

    ဓာတ်ပုံ- ICJ တရားရုံး၏ တရားစီရင်မှု မြင်ကွင်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ဗန်းမော်မြို့ ဧရိယာ အများစု KIA ထိန်းချုပ်၊ စကခ(၂၁)နှင့် ခလရ(၄၇)ကိုဆက်လက်ခိုက်​နေ

    ဗန်းမော်မြို့ ဧရိယာ အများစု KIA ထိန်းချုပ်၊ စကခ(၂၁)နှင့် ခလရ(၄၇)ကိုဆက်လက်ခိုက်​နေ

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက ဗန်းမော်မြို့သိမ်း တိုက်ပွဲဆင်နွှဲလျက်ရှိရာ မြို့ဧရိယာ အများစုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

    ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့် မံစီ မြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို KIAနှင့် မဟာမိတ်တပ်များက တပြိုင်တည်း ထိုးစစ်ဆငိတိုက်ခိုက်နေခြင်းဖြစ်သည်။မြို့သိမ်းတိုက်ပွဲ ၉ ရက်ရှိလာချိန်တွင်စစ်ကောင်စီတပ်စွဲရာနေရာအများအပြားကို KIAက သိမ်းပိုက်ထားနိုင်ပြီဖြစ်​ကြောင်း စုံစမ်းသိရသည်။

    “မြို့တွင်း ၇၅ရာခိုင်နှုန်းလောက်ပဲ သိမ်းနိုင်သေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဗန်းမော်မြို့ရဲ့ အဓိက စကခ(၂၁)နဲ့ ခလရ(၄၇) တော့ ဝင်ရောက်နိုင်တာ မကြားသေးပါဘူး။ တိုက်ပွဲ ဆက်ဖြစ်နေဆဲ။ မြေပြင် အခြေအနေကို စောင့်ကြည့်နေဆဲပါ” ဟု ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

    အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဒီဇင်ဘာ ၁၁ရက် တိုက်ပွဲတွင် KIA သိမ်းပိုက်ထားပြီးဖြစ်သည့် ဗန်းမော် တက္ကသိုလ်မှ ရှေ့ဆက်တိုးနိုင်ခဲ့ပြီး ၊မြို့တွင်း အောင်မြေချဲ့နေဗကာ စစ်သုံ့ပန်းနှင့် လက်နက်များထပ်မံရရှိခဲ့ကြောင်း ဖော်ပြသည်။ ၎င်းက ဗန်​မော်မြို့သိမ်းတိုက်ပွဲအ​ခြေအ​နေကို​နေ့စဥ် ​အသိ​ပေး​နေခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ခြေကုပ် ယူထားသည့် နေရာ ၈နေရာကိုသိမ်းထားနိုင်ခဲ့ပြီး စစ်ကောင်စီ ခြေကုပ်ယူရာ ဟိုတယ်အချို့ကိုလည်း ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု အထက်ပါစစ်​ရေးရင်းမြစ်ကဆိုသည်။

    ဗန်းမော်-မိုးမောက်ကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အလောင်းနှင့်ခဲယမ်းများ ရရှိခဲ့ဟုလည်း သိရသည်။

    KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေစဉ် တရုတ်အစိုးရသည် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့သည်။KIO ဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ် ဆွေးနွေးမှု အခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ တရုတ်အစိုးရသည် မြစ်ကြီးနားနှင့် ဗန်းမော်ကို တိုက်ခိုက်ခြင်းမပြုရန် KIA အား ဖိအားပေးမှု ရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ယခင်ပြောကြားထားသည်။

    ထိုသို့ တရုတ်ဘက်က ဖိအားရှိသော်လည်း KIA အနေဖြင့် ဗန်းမော် အပါအဝင် မြစ်ကြီးနား၊ ဖားကန့်၊ ဝိုင်းမော်မြို့များကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြေရှိကြောင်း ကချင်စစ်ရေးလေ့လာသူ ဦးဇော်ဆန်ကသူ၏အမြင်ကိုပြောသည်။

    “တရုတ် ဘာပြောပြော KIO ဘက်ကတော့ သူလုပ်စရာရှိတာကို ဆက်လုပ်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားနဲ့ လွှမ်းမိုးမှုဟာ ဘယ်လောက်အထိ သက်ရောက်မှု ရှိမရှိဆိုတာ ဗန်းမော်တိုက်ပွဲ အခြေအနေ ကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ သိနိုင်မှာ ဖြစ်တယ်။” ဟု ဦးဇော်ဆန်က ဆက်ပြောသည်။

    KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ ဆင်နွှဲနေသည့် မံစီမြို့ လက်ကျန် စစ်ကောင်စီတပ်များကိုလည်း ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

    (ဗန်း​မော်မြို့ကို Google Earth တွင်​တွေ့ရပုံ)

  • လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ကဖွင့်သော်လည်း KIA ပိတ်ထား

    လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ဘက်ကဖွင့်သော်လည်း KIA ပိတ်ထား

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထားသည့် လွယ်ဂျယ်မြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်အစိုးရဘက်က ဒီဇင်ဘာ ၁၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

    လွယ်ဂျယ်မြို့အပါအဝင် KIA ထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြီးခဲ့သည့် လပိုင်းများအတွင်း တဖက်သတ်ပိတ်ပင်ခဲ့ပြီးနောက် KIA ဘက်ကလည်း အတားအဆီးများ ပြန်လည်ချထားခဲ့ခြင်းဖြစ်သည်။

    တရုတ်ဘက်က ဂိတ်ပြန်ဖွင့်သော်လည်း KIAဘက်က ဖွင့်ပေးခြင်းမရှိသေးဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(ဒီဇင်ဘာ ၁၂ ရက်) ပြောသည်။

    ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ တစ်ဦးကလည်း “လွယ်ဂျယ်ဂိတ်ကျတော့ တရုတ်ဘက်က မနေ့ကနေ စပြီးဖွင့်ထားတာတော့ရှိတယ်။ ဒါပေမဲ့ ဒီဘက်က KIA ဘက်က ဖွင့်လှစ်ထားခြင်းမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောဆိုထားတာရှိပါတယ်”ဟု ပြောသည်။

    KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအား တရုတ်အစိုးရက ဖိတ်ခေါ်ခဲ့ရာ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ဒီဇင်ဘာ ၈ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ယခု တရုတ်ဘက်က နယ်စပ်ဂိတ် ပြန်ဖွင့်ခြင်းသည် KIOဥက္ကဋ္ဌ ခရီးစဉ်နှင့် သက်ဆိုင်မှုရှိ၊မရှိ မသိရဘဲ ဗိုလ်ချုပ်ကြီး အင်ဘန်လ ခရီးစဉ်အတွင်း တရုတ်နှင့် ဆွေးနွေးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

    KIAသည် တရုတ်-မြန်မာ တရားဝင်ကုန်သွယ်ရေးဂိတ်များဖြစ်သော လွယ်ဂျယ်နှင့် ကန်ပိုက်တီ အပါအဝင် နယ်စပ်မြို့များကို ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ အထူးသဖြင့် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို ယခုနှစ်ကုန်ပိုင်းတွင်သိမ်းပိုက်ပြီး ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ရာတွင် ပန်ဝါ၊ ဖီမော် နယ်စပ်မြို့များလည်း ပါဝင်ပြီး အဆိုပါ နယ်စပ်ဂိတ်များကိုလည်း တရုတ်ဘက်က ပိတ်ထားသည်။

    ကချင်အထူးဒေသ(၁)ကို ပယ်ဖျက်လိုက်ပြီးနောက် ယခင် အထူးဒေသ(၁) အောက်တွင် ရှိခဲ့သော ဌာနေပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIOနှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်ရန် နိုဝင်ဘာ ၂၈ရက်တွင် KIO ဗဟိုကော်မတီက ကြေညာချက် ထုတ်ပြန် ဖိတ်ခေါ်ထားသည်။

    (တရုတ် − မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ်ရှေ့ တွေ့ရသော KIA ရဲဘော်တစ်ဦး။ ဓာတ်ပုံ − CJ)

  • လွိုင်ကော်မြို့ အဝင်၊အထွက်ရှိ စစ်ကောင်စီကင်းပုန်းအချို့ကို KNDF တိုက်ခိုက်

    လွိုင်ကော်မြို့ အဝင်၊အထွက်ရှိ စစ်ကောင်စီကင်းပုန်းအချို့ကို KNDF တိုက်ခိုက်

    စစ်သားအချို့သေဆုံးပြီး လက်နက်များသိမ်းရဟု KNDFပြော

    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အဝင်၊အထွက်ရှိ ကင်းပုန်းအချို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးပြီး လက်နက်များရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက ပြောသည်။

    လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ထိုးစစ်ဆင်မှုကိုစောင့်ကြည်ရန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်ရှိ ဆီဆိုင်နှင့် မိုးဗြဲမြို့များမှ စစ်ကောင်စီတပ်က မြေပြင်အင်အား ဖြည့်တင်းရန် လွိုင်ကော်မြို့အဝင်၊အထွက် နေရာများတွင် ကင်းပုန်းများနှင့် ဝပ်ကင်းများချထားသည်ဟု ဆိုသည်။

    “လွိုင်ကော်မြို့ အဝင်၊အထွက်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စွဲထားတဲ့ ကင်းပုန်းတွေ၊ဝပ်ကင်းတွေ တော် လှန်ရေးတပ်ဖွဲ့ဘက်က ခြုံခိုတိုက်ခိုက်နေပါတယ်။စစ်ကောင်စီဘက်က သေဆုံးတာတွေရှိနေသလို လက်နက်တွေရတာတွေ ရှိပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

    စစ်ကောင်စီကင်းပုန်းနှင့် ဝပ်ကင်းများ တိုက်ခိုက်ခံရမှုသည် လင်းဖုံလေးနှင့် ကုန်းဆွတ်ကျေးရွာတို့တွင်ဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

    “လင်းဖုံလေးက မိုးဗြဲ- လွိုင်ကော်လမ်းပိုင်းမှာရှိတယ်။ ကုန်းဆွတ်ရွာက ဆီဆိုင်-လွိုင်ကော်လမ်းပိုင်း ပေါ်မှာရှိတယ်။တိုက်ပွဲကတော့ ကြီးကြီးမားမားရယ် မရှိသေးဘူး။သက်ဆိုင်ရာလမ်းပိုင်းတွေကိုတော့ သူရှင်း ကိုယ်ရှင်း အနေအထားမျိုးပဲ”ဟု ကရင်နီအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို ထိန်းချုပ်ရေး ယခုနှစ်လယ်ပိုင်းကစ၍ ဆီဆိုင်-လွိုင်ကော်နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော် လမ်းပိုင်းများမှ မြေပြင်စစ်အင်အား ၃,၀၀၀ခန့် ဖြည့်တင်းထားသည်။

    နိုဝင်ဘာ ၂၆ ရက်က မိုးဗြဲနှင့် လွိုင်ကော်လမ်းပိုင်းထိန်းချုပ်ရန် ကြိုးပမ်းသည့် စစ်ကောင်စီ၏ တပ်မ (၆၆)လက်အောက်ခံ ခလရ(၈၀)တပ်ရင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး ငါးဦး အရှင်ဖမ်းမိခဲ့သည်။ ထို့အပြင် လက်နက် ၂၀ ကျော်သိမ်းဆည်းရရှိခဲ့သေးသည်။

    စစ်ကောင်စီ၏ ကရင်နီပြည်ကို ပြန်လည်ထိုး စစ်ဆင်မှုကို နှစ်ဆင့်တွေ့ရသည်။ယခုနှစ် မေနှင့် ဇွန်လ တို့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ ကရင်နီပြည် လွိုင်ကော်မြို့သို့ မြေပြင်နှင့် ဝေဟင် ပူးတွဲ စစ်ကြောင်းစထိုးခဲ့သည်။

    ထိုစစ်ကြောင်းသည် လွိုင်ကော် အခြေစိုက်တပ်များနှင့် ဇူလိုင်အတွင်းပေါင်းစပ်နိုင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ထိန်းချုပ်နေရာအချို့ကို ပြန်လည်ရယူနိုင်ခဲ့သလို လွိုင်ကော်မြို့ကိုပါ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် ကြိုပမ်းနေသည်။

    ထို့နောက် စက်တင်ဘာလဆန်းပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကတဆင့် ဖယ်ခုံ နှင့် မိုးဗြဲ မြို့မှ ၎င်းတို့ဆုံးရှုံးထားသည့် တပ်စခန်းနေရာများနှင့် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်ခဲ့သည်။

    စစ်ကောင်စီ၏ ဖယ်ခုံနှင့် မိုးဗြဲ မြို့ကိုတိုက်ခိုက်မှုသည် “မြေလှန် လှုပ်ရှားမှု”ဟု ကရင်နီစစ်​ရေးလေ့လာသူများက သုံးသပ်သည်။မြေလှန်လှုပ်ရှားမှုဆိုသည်မှာ အရပ်သားပြည်သူနှင့် အိုးအိမ်များပါမချန် ရှင်းလင်းခြင်းဟု ၎င်းတို့က သတ်မှတ်သည်။

    (လွိုင်ကော်မြို့အဝင်၊အထွက်ရှိ စစ်ကောင်စီကင်းပုန်းများ တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်များ တွေ့ရစဥ်။ ဓာတ်ပုံ − Arker MgLay)

  • ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း  ၂ ခုကို တိုက်ခိုက်သိမ်းပိုက်

    ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်

    ဖာပွန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိ

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီ၏ တောင်သုံးလုံး နှင့်ဆင်စွယ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး ၁၂၀ မမ အမြောက် အပါအဝင် လက်နက်ခဲယမ်းများ ရရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသနှင့် PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

    ဒီဇင်ဘာလ ၇ ရက်နေ့ ဖာပွန်မြို့နယ်၊ ဖာပွန် -ကမမောင်းလမ်းပေါ်ရှိ စစ်တပ်၏ ဆင်စွယ်စခန်းကို လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်သုံးလုံးစခန်း ကိုလည်းကောင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သား အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထို့ပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော ၁၂၀ မမ လက်နက်ကြီး ၁ လက်၊ ၈၁ မမ လက် နက်ကြီး ၃ လက်၊ ၆၀ မမ လက်နက်ကြီး ၂ လက် အပါ အဝင် လက်နက်ငယ်များ၊ ခဲယမ်းများနှင့် မီးစက် ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ စခန်းသိမ်းတိုက်ပွဲများကို ဒီဇင်ဘာလ ၄ ရက်နံနက်ပိုင်းမှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် – KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ ဗမာ့အမျိုးသားလွတ် မြောက်ရေး တပ်မတော် – BPLA နှင့် Force For Federal Democracy – FFD အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့သည့် အကြမ်းဖက်စစ်တပ်စခန်းများသည် ဖာပွန်-ကမမောင်းလမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် စခန်းများဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါသောစခန်းများဖြစ် ကြောင်း သိရသည်။