Tag: News

  • ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ

    ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ

    ရခိုင်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်း

    စစ်တွေလည်း AA နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်နေ

    ရခိုင်ပြည်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ကြောင်း AA က ယမန်နေ့ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။

    AA က ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ရက္ခိုင်ပြည်၊ တောင်ကုတ်မြိုနယ်နှင့်အစပ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်း ရက္ခိုင်ရိုးမတောင်တန်းရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းနှင့် အလောင်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန် ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ ပွိင့် ၂၆၃ စခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းကို ဇန်နဝါရီလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

    ထို့အတူ ဇန်နဝါရီလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ဧရာ၀တီ-ရက္ခိုင်အစပ် (သို့မဟုတ်) ဧရာ၀တီတိုင်းအတွင်းရှိ ပွိုင့် (၃၆၉) စခန်းကိုလည်း AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ် ငဖဲမြို့ နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်း တွင် စစ်ကောင်စီ၏ တမခ ၉၉ လက်အောက်ခံ ခမရ ၄၁၉ ၊ ၁၄ တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် AA တို့အကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ AA ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော စစ်ကောင်စီတပ်များက ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်များကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ စစ်သား အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

    AA က သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်တွေမြို့ အနီးပတ်ဝန်းကျင်တွင်လည်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့ကြောင်း သိရှိရသည်။

  • တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ

    တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ

    တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လာကြည့်

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များအသုံးပြုရန် ဆိုင်ကယ်များကို ဘေးတွဲများတပ်ဆင်နေကြောင်း သိရှိရသည်။

    ပုသိမ်မြို့နယ် ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုတွင် ရှိသော အမှတ် ၁၀ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်းတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။

    “ကမ်းခြေဘက်က ကားမရောက်နိုင်တဲ့ရွာတွေမှာ တိုက်ပွဲတွေအတွက်သုံးဖို့လို့ပြောတယ်။ ရိက္ခာ၊ ခဲယမ်းနဲ့ ဒဏ်ရာရသူတွေကို အမြန်သယ်ဖို့ ခုလိုလုပ်နေတာလို့သိရတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။

    လက်ရှိတွင် ဆိုင်ကယ်ဘေးတွဲ အစီး ၃၀ နီးပါး ပြင်ဆင်ထားပြီး ဇန်နဝါရီ ၂၀ ရက်နေ့က အဆိုပါလုပ်ငန်းခွင်သို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးကျော်ထက် လာရောက်ကြည့်ရှု့သွားကြောင်း သိရှိရသည်။

    ဇန်နဝါရီလအတွင်း အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်မှ ငသိုင်းချောင်းမြို့နယ်ရှိစစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်၊ ရွှေသောင်ယံမြို့မှ မကျီးဇင်နှင့်ဘောမိကျေးရွာများကို၀င်ရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းရဟတ်ယာဥ်ကွင်းများတည်ဆောက်ခြင်း၊ လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ကင်းလှည့်ခြင်းနှင့် ကျေးရွာများတွင် တပ်စွဲခြင်းဖြင့် ခံစစ်ကိုပိုမိုပြင်ဆင်လာကြောင်းသိရှိရသည်။

    ဓာတ်ပုံ- ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေသောအမှတ်(၁၀) လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်း ဂိတ်၀င်ပေါက်

  • စစ်ကောင်စီတပ်သားများ  ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    ဖာပွန်ရှိ စစ်ကောင်စီ၏ ကတိုင်တိစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

    ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းသို့ ထွက်ပြေးသွား၍ အဆိုပါစခန်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

    ဖာပွန်- ကမမောင်း လမ်းပေါ်ရှိ ကတိုင်တိ ဗျူဟာစခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ကတိုင်တိရွာအနီးရှိ အမှတ်(၁၀၁၃) BGF တပ်ရင်းသို့ ဆုတ်ခွာသွား၍ အဆိုပါစခန်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယခုအချိန်အထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

    “ကတိုင်တိ စကစတပ်စခန်းကို ဒီလ ၂၃ ရက်နေ့မှာပူးပေါင်းတပ်ဘက်က ရှင်းနိုင်ခဲ့တယ်။ ဒါပေမည့် စကစ(စစ်ကောင်စီ) တပ်တွေက ရွာအနောက်ခြမ်းမှာရှိတဲ့ BGF(1013) တပ်ရင်းစခန်းမှာပြစုပြီးခုခံနေလို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတုန်းဖြစ်တယ်။ အဲဒီ BGF စခန်းမှာတိုက်ပွဲပြန်ဖြစ်နေတယ်” ဟု တပ်မဟာ-၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

    လက်ရှိတွင် ကတိုင်တိစခန်းမှ ဆုတ်ခွာလာပြီး BGF ၁၀၁၃ တပ်ရင်းဌာနချုပ်အတွင်း ဝင်ရောက်ကာ ခုခံနေသည့် ကောင်စီတပ်ဖွဲ့များမှာ အင်အား ၁၀၀ ဝန်းကျင်ရှိနေကြောင်းလည်း သိရသည်။

    စစ်ကောင်စီတပ်များ ဝင်ရောက် ခုခံနေသည့် အဆိုပါ BGF စခန်းတွင် BGFတပ်ဖွဲ့ဝင်များမရှိတော့ဘဲ တပ်ရင်းမှူး စောလှကြိုင် ဦးဆောင်သည့် BGF (၁၀၁၃) တပ်ရင်းမှာ KNLA တပ်မဟာ-၅ နှင့် လာရောက် ပူးပေါင်းထားပြီး တော်လှန်ရေးတပ်ဖွဲ့များ နှင့်အတူ တိုက်ပွဲ‌ဝင်မှုများရှိလာကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

    ကတိုင်တိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာ နှင့် နိုဝင်ဘာ အတွင်းက ဖာပွန်ဒေသရှိ တောင်သုံးလုံး၊ ဆင်စွယ်၊ ကူးဆိပ်၊ မထော၊ ငှက်ပျောတော စသည့် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်

  • မောင်တောမြို့ထဲတွင် ပြည်သူများ လုံခြုံရေးအတွက် အာရက္ခတပ်တော် AA က နေ့ ၊ည ကင်းလှည့်

    မောင်တောမြို့ထဲတွင် ပြည်သူများ လုံခြုံရေးအတွက် အာရက္ခတပ်တော် AA က နေ့ ၊ည ကင်းလှည့်

    အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် မောင်တောမြို့ထဲတွင် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် အာရက္ခတပ်တော်က နေ့၊ ည မပြတ် ကင်းလှည့်နေသည်ကို ကွင်းဆင်းတွေ့ရှိခဲ့ရသည်။

    ဘူးသီးတောင် ၊ မောင်တောတွင် အကြမ်းဖက် ARSA ၊ RSO ၊ ARA အဖွဲ့များသည် ပြည်သူများအား ခြုံခိုပစ်ခတ်ခြင်းနှင့် နေအိမ်များသို့ ဝင်ရောက်သတ်ဖြတ်ခြင်းများ ရှိနေသောကြောင့် အာရက္ခတပ်တော်က လုံခြုံရေး တင်းကြပ်စွာ ထားရှိခြင်းဖြစ်သည်ဟု မောင်တော ဒေသခံများက ပြောသည်။

    ယခုလို အာရက္ခတပ်တော် AA က ပြည်သူများလုံခြုံရေးအတွက်နေ့ညမပြတ် ကင်းလှည့် စောင့်ရှောက်ပေးနေသည့် အတွက် လုံခြုံမှုရှိသည်ဟု ခံစားရကြောင်း မောင်တောမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

    ” အခုလို နေ့ရော့ ၊ ညဥ့်ပါ ကင်းလှည့်စောင့်ရှောက်ပေးတဲ့အတွက် အာရက္ခတပ်တော် AA ကို အထူးကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျမတို့က စိတ်ချလက်ချ စျေးရောင်းနိုင်တယ်၊ သွားလာနိုင်တယ်။ ညဥ့်အချိန်လည်း လုံလုံခြုံခြုံအိပ်စက်နိုင်တယ်။ ပိုပြီးတေ့ာ လုံခြုံမှုရှိသလို ခံစားလာရတယ်” ဟု ဆိုသည်။

    အာရက္ခတပ်တော် AA က မောင်တောမြို့ကို ၂၀၂၄ ၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၅ ၊ဇန်နဝါရီလ ၁ ရက်နေ့တွင် အာရက္ခတပ်တော်က မောင်တောမြို့မှ စစ်ဘေးရှောင်ပြည်သူများကို မြို့ထဲသို့ ပြန်ဝင်ခွင့်ပေးခဲ့ရာတွင် မိသားစု၊ နာမည်များကို စိစစ်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

    ဇန်နဝါရီလ ၁ ရက် မှ ၂၆ ရက်နေ့ထိ မောင်တောမြို့ ရပ်ကွက် ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၇ နှင့် အောင်ဗလရွာတို့တွင် အိမ်ထောင်စု ၈၉၉ စုမှ လူဦးရေ ကျား/မပေါင်း ၂၀၀၀ နီးပါး ဝင်ရောက်နေထိုင်နေပြီဟု အာရက္ခပြည်သူ့အစိုးရထံမှ သိရသည်။

    ထို့အပြင် ၂၀၂၅ ခုနှစ် ၊ ဇန်န၀ါရီလ ၂၃ ရက်နေ့မှစတင်ပြီး တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့် မူဆလင်ပြည်သူများကိုလည်း အာရက္ခတပ်တော် AA က နေရပ်ပြန်ခွင့်ပေးခဲ့ပြီး ၂၇ ရက်နေ့အထိ ၄ ရက်အတွင်း မူဆလင်ပြည်သူ အိမ်ထောင်စုအရေအတွက် ၅၄၁ စု၊ လူဦးရေ ကျား၊မပေါင်း ၂၆၀၀ ဦး နေရပ်ပြန်ပို့ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

  • လုံခြုံရေး စိုးရိမ်ရသည့်အတွက် စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းရန် စစ်ကောင်စီ စီစဉ်နေ

    လုံခြုံရေး စိုးရိမ်ရသည့်အတွက် စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းရန် စစ်ကောင်စီ စီစဉ်နေ

    တော်လှန်ရေးအင်အားစုများက အချိန်မရွေးတိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေးစိုးရိမ်နေရသည့်အတွက် ပြင်ဦးလွင်ရှိစစ်တက္ကသိုလ်ကို နေပြည်တော် ရေဆင်းတက္ကသိုလ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံက သိရသည်။

    နေပြည်တော် ဇေယျသီရိမြို့နယ်အတွင်းရှိ ရေဆင်းတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ရှိပြီး အဆိုပါတက္ကသိုလ်များကို ဧရာဝတီတိုင်းအတွင်းရှိ မအူပင်မြို့နယ်ကို ပြောင်းရွှေ့ရန် လျာထားကြောင်း အဆိုပါအစီအစဉ်ကို သိရှိသည့် အရာရှိကြီးအချို့ထံမှ သိရသည်။

    “စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းဖို့ စီစဉ်နေတာပါ။ ဒီနှစ်အတွင်း နေပြည်တော် တက္ကသိုလ် သုံးခုက ကျောင်းသားတွေပြောင်းဖို့ကိစ္စ ကြိုတင်စီစဉ်ခိုင်းထားပါတယ်” ဟု နေပြည်တော်မှ သတင်းရင်းမြစ်က ပြောသည်။

    လတ်တလောတွင် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး ယခင်ကလည်း ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

    “စစ်တက္ကသိုလ်ကို ပြောင်းဖို့ဆိုတာ စစ်ခေါင်းဆောင်တွေမှာ စဉ်းစားချက်က ရှိပြီးသား။ ဒါပေမယ့် ဘယ်နေရာကို ပြောင်းမလဲဆိုတာ တွက်ချက်နေတယ်လို့ထင်တယ်။ မိတ္ထီလာ၊ မှော်ဘီနဲ့ ရန်ကုန်က စစ်ဆေးတက္ကသိုလ်နေရာတွေကို စဉ်းစားတဲ့အခါ အကန့်အသတ်တွေရှိနေတယ်။ နေပြည်တော်ရေဆင်းလိုနေရာမျိုးဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်နေရာ ရွှေ့ရွှေ့ တော်လှန်ရေးအင်အားစုတွေ လက်ကမလွတ်နိုင်ပါဘူး” ဟု စီဒီအမ်ဗိုလ်မှူး နောင်ရိုးက ပြောသည်။

    စစ်တက္ကသိုလ်တစ်ခုအနေဖြင့် စာသင်ဆောင်၊ ပိပ်ဆောင်၊ လေ့ကျင့်ရေးကွင်း နှင့် ရာသီဥတုအခြေအနေများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း ပြင်ဦးလွင်သည် အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့် အခြေအနေတွင် ရှိနေသည့်အတွက် အရေးပေါ်ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်မှာ သေချာကြောင်းလည်း ဗိုလ်မှူးနောင်ရိုးက မှတ်ချက်ပြုသည်။

    နေပြည်တော် ဇေယျာသီရိမြို့နယ်သည် စစ်ရုံးချုပ်တည်ရှိပြီး စစ်ခေါင်းဆောင်များလည်း နေထိုင်သည့် မြို့နယ်ဖြစ်သည်။

    ဓာတ်ပုံ-အင်တာနက် (ပြင်ဦးလွင်စစ်တက္ကသိုလ်)