Tag: News

  • “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ

    “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ

    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင်

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

    ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု” အမည်ဖြင့် ပရုတ်ဆီဖြင့် မည်သည့်ရောဂါမဆိုပျောက်စေနိုင်သော ဆေးဆရာအဖြစ် သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အဆိုပါ ဇာတ်လမ်းတွင် မယ်တော်ဟောင်စုက အမြှောက် ကြိုက်၊ အချော့ကြိုက်၊ ပရုတ်ဆီဖြင့် ဆေးလိမ်ကုသသူ၊ အခြွေအရံများဖြင့် သွားလာသူအဖြစ် ပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။

    ၁၅ မိနစ်ဝန်းကျင်ကြာမြင့်သော “မယ်တော်ဟောင်စု” ဇာတ်လမ်းသည် ပရုတ်ဆီကြော်ငြာသော ဇာတ်လမ်းဖြစ်သည်ဟု ဖြူဖြူထွေးက တုံ့ပြန်ထားသော်လည်း ဇာတ်လမ်း၊ ဇာတ်ကွက်နှင့် လှုပ်ရှားဟန်များမှာ ဒေါ်အောင်ဆန်းစုကြည်ပုံစံ လိုက်လံတုပကာ အခြွေအရံများဖြင့် သွားလာသည့်ပုံစံများကိုပါ လိုက်လံတုပ သိက္ခာချရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ပြည်သူများက ဝေဖန်ကြသည်။

    “သူက ပရုတ်ဆီကြော်ငြာလို့ပြောပေမယ့် ပရုတ်ဆီကို အဲဒီလို မယ်တော် နာမည်တပ်ပြီး ကြော်ငြာတာလား။ မယ်တော်ဟောင်စု လို့ နာမည်ပေးထားတယ်။ မယ်တော်ဆိုတာ အမေ။ ဟောင်တာက ခွေး။ စုဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်နေတာ။ ဟောင်တဲ့ စုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာမျိုး ရည်ညွှန်းတယ်လို့ ခံစားရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပြီးစော်ကားလိုစိတ်အပြည့်နဲ့ ရိုက်ထားတယ်ဆိုတာ တစ်ကားလုံး ကြည့်လိုက်ရင် သိသာပါတယ်” ဟု အဆိုပါ ဇာတ်ကားကို ကြည့်ရှုခဲ့သော ပြည်သူ တစ်ဦးက ပြောဆိုသည်။

    ရန်ကုန်အခြေစိုက် ရုပ်ရှင်လောကသားတစ်ဦးကလည်း ဖြူဖြူထွေး၏ မယ်တော်ဟောင်စု ဇာတ်လမ်းမှာ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးခြင်းဖြစ်ပြီး လက်ရှိ ခေတ်အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်မှုဟု ဆိုနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

    “ပရုတ်ဆီနာမည်က ဟောင်စုလို့ အသံထွက်ရင်တောင် နားလည်လို့ရပါတယ်။ အခုက ဟောင်စု ပရုတ်ဆီကြော်ငြာမှာ ဒေါ်အောင်ဆန်းစုကြည်လို ဝတ်စားတယ်။ ပန်းပန်တယ်။ တစ်နိုင်ငံလုံးက အမေလို့ မြတ်မြတ်နိုးနိုးခေါ်တဲ့ စကားလုံးကို မယ်တော်အဖြစ် သုံးပြီး မယ်တော်ဟောင်စု ဆိုပြီး နာမည်ပေးလိုက်တယ်။ ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဆိုပြီး နာမည်ပေးတယ်။ ခြံစည်းရိုးကြီးနဲ့ ပရုတ်ဆီက ဘာဆိုင်လဲ။ အမေစုပုံဝတ်ပြီး မယ်တော်ဟောင်စုဆိုပြီး လုပ်နေတဲ့အပြင် ၂လုံးဂဏန်းပေးတော့လဲ ၇၉ ဆိုပြီး အမေစုအသက်ကိန်းဂဏန်းကို ပုံအောထိုးဖို့ ပြောတာက ရည်ရွယ်ချက်ရှိရှိပါ။ ကျနော်တို့ မြန်မာတွေမှာ ကျနော်တို့ မကျေနပ်တဲ့ လူတစ်ဦးသေသွားလို့ရှိရင် သူ့အသက်ကို ဝမ်းသာအားရ ချဲထီး ထိုးကြတဲ့ ဓလေ့လည်းရှိတယ်။ အမေစု အသက် ၇၉ နှစ်ရောက်တော့မှာဖြစ်တဲ့အပြင် ၇၉ ကို ချဲထိုးခိုင်းတာက သေတော့မယ် ချဲထိုးလိုက်လို့ ပြောတာပဲ” ဟု ရန်ကုန်အခြေစိုက် ရုပ်ရှင်လောကသား တစ်ဦးက ရှင်းပြသည်။

    ဖြူဖြူးထွေးက ဒီဇင်ဘာလ ၂၃ ရက်နေ့ ဇတ်လမ်းကို ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် တင်ပြီးနောက် ၄ ကြိမ်တိတိ ဇာတ်လမ်းခေါင်းစဉ်ကို တည်းဖြတ်ခဲ့ပြီး ပထမအကြိမ် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” ၊ ဒုတိယအကြိမ်တွင် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀ ကဲပြော ဘာရောဂါကုပေးရမလဲပြော” ၊ တတိယအကြိမ်တွင် “မယ်တော်ဟောင်စုရဲ့ ဟောင်စုဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” ၊ ၄ ကြိမ်မြောက်တွင် ဟောင်စု ဆေးပရုတ်ဆီအစွမ်း ကဲပြော ဘာရောဂါကုပေးရမလဲပြော” ဟု အကြိမ်ကြိမ်ပြင်ဆင်ခဲ့သည်။

    အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကလည်း ဖြူဖြူထွေးက ဆန္ဒပြပွဲများတွင် မပါဝင်သည့်အပြင် ၎င်း၏ လူမှုကွန်ရက်တွင် လာရောက် ဝေဖန်သော ကွန်းမန့်များကို “နိုင်ငံရေးနဲ့ ငါနဲ့ဘာဆိုင်လို့ cmt လာမန့်နေကြတာလဲ… (၁) နှစ်တည်း အာဏာထိမ်းတာကို နင်တို့က ဘာထဖြစ်နေကြတာလဲ” ဟု တုံ့ပြန်ရေးသားကာ စစ်အာဏာသိမ်းမှုကို ထောက်ခံသည့်သဘောမျိုး ပြောဆိုခဲ့ဖူးသည်။

  • တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့  တရုတ်ကြေးစား  ၃၀၀ နဲ့ စစ်ကောင်စီ တပ်သား ၅၀၀ မဒေးကျွန်းမှာ ‌လုံခြုံရေးချထား

    တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ တရုတ်ကြေးစား ၃၀၀ နဲ့ စစ်ကောင်စီ တပ်သား ၅၀၀ မဒေးကျွန်းမှာ ‌လုံခြုံရေးချထား

    ကျောက်ဖြူ က တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ တရုတ်ကြေးစား ၃၀၀ နဲ့ စစ်ကောင်စီ တပ်သား ၅၀၀ မဒေးကျွန်းမှာ ‌လုံခြုံရေးချထား

    ရခိုင်ပြည် ကျောက်ဖြူမြို့ မဒေးကျွန်းမှာ ရှိတဲ့ တရုတ် အစိုးရပိုင် စီမံကိန်းတွေ ကို ကာကွယ်ဖို့ တရုတ် လုံခြုံရေး ( ၃၀၀) နဲ့ စစ်ကောင်စီ တပ်သား( ၅၀၀ )ကျော်ကို ကျွန်းတစ်ခုလုံးမှာ နေရာချထားတယ်လို့ ဒေသခံသတင်းရင်းမြစ် က ပြောပါတယ်။

    ကျောက်ဖြူမြို့ နယ် က တရုတ်စီမံကိန်းအဆောက်အအုံတွေ တည်ဆောက်ထားတဲ့ မဒေးကျွန်းမှာ အဲ့ဒီလုံခြုံရေး တပ်ဖွဲ့တွေကို ချထားပြီး ရေတပ်ကလည်း ကျွန်းပတ်ပတ်လည် ကို အချိန်ပြည့် ကင်းလှည့်လျှက်ရှိတယ် လို့ ဆိုပါတယ်။

    ” ရေနံလှောင်ကန်တွေရှိတဲ့ ဝန်းထဲမှာ ကုမ္ပဏီဘက်က ငှားထားတဲ့ လုံခြုံရေး ၃၀၀ နဲ့ ဝန်းအပြင် ကျွန်းပေါ်မှာစစ်ကောင်စီ ၅၀၀ ကျော်ချထားပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    မဒေးကျွန်းပေါ်မှာ China National Petroleum Corporation (CNPC) ကုမ္ပဏီဝန်း ရဲ့ စီမံကိန်းအဆောက်အအုံဝန်းတွေထဲမှာ တရုတ်ဘက်က လုံခြုံရေး တပ်တွေ နေရာယူထားတာဖြစ်တယ်လို့ သိရပါတယ်။

    “တိုက်ပွဲဖြစ်လာတဲ့အခါ သူတို့ ဝန်ထမ်းတွေကို ကာကွယ်ဖို့လို့ သတင်းလွှင့်ထားတယ် ” လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ် ။

    တရုတ်စီမံကိန်း ဧရိယာတွေ အတွင်းမှာ အနီရောင်တရုတ် အမှတ်အသားတွေစိုက်ထူထားပြီး မည်သူမှ ကျူးကျော်ဝင်ရောက်လို့မရအောင်တားမြစ်ထားတယ်လို့ ဆိုပါတယ်။

    မဒေးကျွန်းမှာ ရှိတဲ့ (CNPC) ကုမ္ပဏီဝန်းထဲမှာ ရေနံလှောင်ကန်များ၊ သဘာဝဓာတ်ငွေ့ သန့်စင်သည့် အဆောက်အအုံများ နဲ့ တခြားစီမံကိန်းအတွက် လိုအပ်တဲ့ အဆောက်အအုံတွေကို ဧက ရာချီမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။

    တရုတ်၊ အိန္ဒိယ နဲ့ မြန်မာအစိုးရ တို့ ပူးပေါင်းအကောင်အထည်ဖော်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ အထူးစီးပွားရေးဇုံ နဲ့ ဂက်(စ) ပိုက်လိုင်းတို့ ဟာ ကျောက်ဖြူ မြို့နယ် မှာ တည်ရှိကြတာဖြစ်ပါတယ်။

  • ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ

    ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ

    စမ်းချောင်းတွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ၊ FLA တပ်ဖွဲ့က ရှင်းလင်းဟု ထုတ်ပြန်

    ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရပြီး အဆိုပါ အုပ်ချုပ်ရေးမှူးကို Freeland Attack Force (FLA) တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၏အုပ်ချုပ်ရေးမှူး စန်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ့နေစဉ် Freeland Attack Force (FLA) အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရှင်းလင်းစဉ်လက်နက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူ စန်းငွေ၏ ၀မ်းဗိုက်ကို တစ်ချက်သာပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုဆက်လတ်စုံစမ်းဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

    “ဆေးရုံမှာ အသက်လုနေရတာ အခြေအနေကတော့ သိပ်မကောင်းဘူးလို့သိရတယ်။ နောက်ဆုံးအချိန်လို့လည်းပြောနေတယ်။ ပစ်လိုက်တဲ့ ကျည်က ဝမ်းဗိုက်နေ ကလီစာတွေကို အကုန်ဖောက်ပြီး မွှေသွားတဲ့သဘောလို့လည်းပြောတယ်” ဟု ဟုမ်းလမ်းဘူတာရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

    စန်းငွေသည် ရပ်ကွက်အတွက်သာမက မြို့နယ်ထွေအုပ်တွင်လည်း စစ်တပ် အလိုကျ ဝိုင်းကူပေးနေကြောင်း၊ ရပ်ကွက်‌နေပြည်သူများကိုမောက်မာရိုင်းစိုင်းနေကာခဏခဏပြဿနာရှာလေ့ရှိကြောင်း၊ စစ်မှုထမ်းရန်ကိစ္စရပ်များတွက်လည်း တက်ကြွစွာပါ၀င်နေပြီး ၎င်းနှင့်နီးစပ်သည့်သူများနှင့်ဆွေမျိုးများ စစ်မှုထမ်း မပါစေရန် အခြားရပ်ကွက်နေပြည်သူများ၏သားသမီးများကို စာရင်းလုပ်ပေးနေသူဖြစ်ကြောင်း၊ စစ်မှုထမ်း အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ ကျပ် ကောက်ခံကြောင်း၊ ရဲပြုတ်တစ်ဦးပီပီ ပြည်သူများကိုဒုက္ခပေးနေသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ Freeland Attack Force (FLA) နှင့်မဟာမိတ်များသည်မြို့ပြတွ င်ပြည်သူနှင့်လျှို့ဝှက်စွာအတူတည်ရှိနေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

  • အောက်ခြေစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အရာရှိ အချင်းချင်းပင် အယုံအကြည်မရှိတော့

    ရှုံးနိမ့်နေသည့် စစ်ရေးအခြေအနေများကြောင့် အောက်ခြေစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အရာရှိ အချင်းချင်းပင် အယုံအကြည်မရှိတော့

    တပ်မမှူး၊ တပ်ရင်းမှူး၊ စကခမှူးများသည် မိမိတို့၏ငယ် သားဖြစ်သည့် အောက်ခြေစစ်သည်များကို ပစ်ထားခဲ့ပြီး ထွက် ပြေးနေသည့် အခြေအနေကို ယခုရက်ပိုင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာသည့် ရုပ်သံမှတ်တမ်းများအရ စစ်ကောင်စီအချင်းချင်းပင် အယုံအကြည်မရှိတော့ဘဲ တင်းတွင်း ဂယက်ရိုက်ဆူပူမှုများ ရှိလာကြောင်းသိရသည်။

    ထိုသို့ အောက်ခြေတပ်သားများ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းပြတ်တောက်ပြီး တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်၊ ထွက်ပြေးခြင်းလည်းမပြုနိုင်ဘဲ အစာရေစာ ပြတ်လပ်ကာ ရရှိထားသည့်ဒဏ်ရာများကိုလည်း ဆေးကုသခွင့်မရဘဲ ပိုးဝင် ငတ်ပြတ် သေဆုံးနေသည်များကို တရားဝင် ထုတ်ပြန်လာသည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

    ထို့ပြင် တပ်စခန်းကိုစွန့်ခွာ၍ ထွက်ပြေးသည့် စစ်ဗိုလ်ချုပ်များမှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ဖမ်း ဆီးခံရခြင်းနှင့် အသေဖမ်းဆီးရမိမှုများရှိနေခဲ့သည်။

    လက်အောက်ငယ်သားနှင့် စခန်းကိုစွန့်ခွာကာ ကိုယ် လွတ်ရုန်းထွက်ပြေးကြသည့် အထက်အရာရှိ စစ်ဗိုလ် ချုပ်များကို အောက်ခြေတပ်ဖွဲ့ဝင်များက အယုံအကြည်မရှိတော့ဘဲ လက်နက်ချအညံ့ခံမှု များလည်း ရှိလာခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းက AA ထုတ်ပြန်သည့် နပခဌာနချုပ်မှ အလံဖြူထောင်အညံ့ခံလာသည့် စစ်ကောင်စီတပ်သားအများစုမှာ ဒဏ်ရာရ ချိနဲ့နေကြပြီး တချို့မှာ ထမ်းခေါ်ရသည်ကိုပင် တွေ့ရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက AA လက်ထဲကျရောက် သွားသည့် မောင်တော အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ-၅) မှ အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) မှူး ဗိုလ်မှူးချုပ်သူရိန် ထွန်းသည်လည်း စခန်းနှင့် အောက်ခြေစစ်သားများကို လက်လွှတ်ထားခဲ့ကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားပြီးနောက် AA၏ အရှင်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

    ထို့အတူ ထွက်ပြေးခြင်းမရှိဘဲ ပြန်လည်ခုခံခဲ့သည့် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အာရက္ခတပ်တော် (AA) က အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

    လက်ရှိတွင်လည်း ဂွမြို့၌ တိုက်ပွဲပြင်းထန်နေသည့် တပ်မိသားစု ဝင်များ ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ဧရာဝတီတိုင်း၊ ငါး သိုင်းချောင်းသို့ ပို့ထားပြီး ငါးသိုင်းချောင်းတွင် ခံစစ်အရှင်ပြင်ဆင်လျက်ရှိနေကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။

    ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက တောင်ကုတ် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် တောင်ကုတ်နှင့် နယ်မြေချင်းဆက်စပ်နေသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)-ပြည်ဒကစ၊ကို အင်အားတိုးချဲ့ကာ လေကြောင်းရန် ကာကွယ်‌ရေးတပ်ဖွဲ့များဖြင့် ခံစစ်အင်အား တိုးမြှင့်ထားကြောင်း သိရသည်။

    စစ်ကောင်စီအနေဖြင့် ပြည်နယ်များတွင် စစ်ရှုံးနေပြီး ထိုပြည်နယ်များနှင့် ဆက်စပ်နေသည့် ကျန်ဒေသများရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)များ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များတွင်ပါ ခံစစ်များပြင်ဆင်ကာ လာရောက်တိုက်ခိုက်မည့်အချိန်ကို စောင့်နေရသည့်အနေ အထား ဖြစ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

    အာရက္ခတပ်တော် (AA) သည် အမ်း မြို့နယ်တစ်ခုလုံးအား ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြိုသည် AA က အပြည့်အဝ အလုံးစုံ ထိန်းချုပ်ထားနိုင်သည့် ၁၄ မြို့မြောက် မြိုဖြစ်လာခဲ့သည်။

    “အမ်းကျသွားပြီးရင် AAနဲ့ PDF တွေပေါင်းပြီး မကွေး တိုင်းထဲဝင်လာမယ်။ ဧရာဝတီ အနောက်ခြမ်းတစ်ခုလုံး ပါသွားပြီဆိုရင် အဲဒီမှာ ကပစတပ်(ကာကွယ်ရေးပစ္စည်းစက်ရုံ)တွေချည်းပဲ”ဟု စစ်ကောင်စီတပ် အရာရှိတစ်ဦးက ပြောသည်။

    စစ်ကောင်စီအနေဖြင် ဆုံးရှုံးသွားသည့်နယ်မြေများကို တိုက်စစ်ဆင်ကာ ပြန်လည်တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်ခြင်းကို တစိုက်မတ်မတ်ပြုလုပ်နေသည်ကို တွေ့ရသည်။

    ထို့အပြင် စစ်ကောင်စီသည် တရုတ်အစိုးရ၏ အကူအညီကိုရယူပြီး တရုတ်အစိုးရနှင့်မကင်းနိုင်သည့် လက်နက်ကိုင်အဖွဲ့ အစည်းတချို့ကို ဖိအားပေးကာ ဆုံးရှုံးနယ်မြေများပြန်ပေးအပ်ရန်နှင့် ဆက်လက်ထိုးစစ်မဆင်ရန် ညှိ နှိုင်းအကူအညီတောင်းမှုများကို ၁၀၂၇ စစ်ဆင်ရေး အစကပင် ပြုလုပ်လာသည်မှာ ယနေ့ အထိဖြစ်သည်။

    စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးသွားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို တရုတ်အစိုးရ အကူအညီဖြင့် ကိုးကန့်တပ်မတော် (MNDAA) ထံမှ ပြန်လည်တောင်းယူရန် ကြိုးပမ်းနေသော်လည်း ဆွေးနွေးနိုင်ခြင်းမရှိဘဲ ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့သည်။

    “ရန်သူဘက်က ဘုရားပွဲကကျိုက်ထီးရိုးသေနတ်တွေ ဝယ်လာပြီး အပျော်တမ်းစစ်တိုက်နေတာ မဟုတ်ဘူး။ သူတို့လည်း မြို့တိုင်း မြို့တိုင်းကို အသက်တွေစွန့်ပြီး တိုက်ခိုက်ထားရတာ။ တရုတ်မကလို့ ဘယ်လိုကောင်ကြီးပဲ ဩဇာပေးပေး လိုချင်တဲ့ နိုင်ငံရေးအာမခံချက်မျိုးမရမချင်း ဘယ်သူကဆုတ်ပေးမှာလဲ၊ လက်နက် ချဖို့ ဝေလာဝေး”ဟု စစ်တပ်အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    တစ်ဖက်တွင် ဆုံးရှုံးသွားသည့်နယ်မြေများကို တရုတ်အစိုးရအကူအညီဖြင့် နယ်မြေများ ပြန်လည် ရယူလိုနေသည့် စစ်ကောင်စီသည် ကချင်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ချင်းပြည်နယ်တို့တွင် မြို့နယ်များကိုပါ လက် လွှတ်ဆုံးရှုံးနေရ၍ ကူကယ်ရာမဲ့ အခြေအနေသို့ ရောက်ရှိရန် နီးသထက်နီးနေပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

    စစ်ခေါင်းဆောင်၏ စီမံအုပ်ချုပ်မှုအောက်တွင် စစ်ရေးမှာ ကစဉ့်ကလျားဖြစ်နေပြီး အထက်အဆင့်ဆင့် အုပ်ချုပ်ရေးပျက် ပြားကာ လက်ရှိတွင်‌အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အတွင်း၌ စီမံအုပ်ချုပ်ရမည့် အထက်ခေါင်းဆောင် တစ်ယောက်မှမရှိတော့ဘဲ သေဆုံးနှင့်ထွက်ပြေး အခြေအနေများဖြစ်ကာ အောက်ခြေစစ်သားများမှာ တသုတ်ချင်း AAထံ အလံဖြူထောင်လက်နက်ချလျက်ရှိသည်။

    စစ်အရာရှိအများစုမှာ ဂွနှင့်အမ်း AAလက်ထဲရောက်ရှိ သွားပါက စစ်ရေးမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မကွေးတိုင်းအတွင်း ရောက်ရှိလာမည်ကို အထူးစိုးရိမ်နေပြီး လတ်တလော လမ်းပွင့်သွားသည့် တောင်ကုတ်- ပြည်-ပန်းတောင်း လမ်းကြောင်းအတွက်လည်း စိုးရိမ်မှုများ ရှိနေသည်။

    တရုတ်အစိုးရအကူအညီဖြင့် အထက်စီးကနေ၍ သွား ရောက်ညှိနှိုင်းခဲ့မှုမှာလည်း အဆင်ပြေခြင်းမရှိ၍ ဆုံးရှုံးနယ်မြေနှင့် တန့်ယန်းကဲ့သို့နယ်မြေများတွင် စစ်ခေါင်းဆောင်က တဖက်သတ်စစ်ရေးပြင်ဆင် နေမှုအတွက် ၁၀၂၇ စစ်ရေးအဆက် တတိယလှိုင်းထပ်မံဖြစ်ပွားမည်ကို စစ်ကောင်စီတပ်ဖွဲ့ အရာရှိများက စိုးရိမ်နေကြောင်း သိရသည်။

  • ၀ါးခယ်မမြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ် ကင်းပရိတ်ရွတ်ဖတ်

    ၀ါးခယ်မမြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ် ကင်းပရိတ်ရွတ်ဖတ်

    ဧရာဝတီသို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ ၀ါးခယ်မမြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်

    ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးဆောင်ပြီး အန္တရာယ်ကင်းပရိတ် မြို့လှည့် ရွတ်ဖတ်နေကြောင်း ဒေသခံများထံက သိရသည်။

    စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးစွမ်းထက်ဦးဆောင်၍ လုံခြုံရေးရယူပေးသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယခု ဒီဇင်ဘာလအတွင်း မြို့လှည့်၍ အန္တရာယ် ကင်းပရိတ် ရွတ်ဖတ်နေကြောင်း ဒေသခံများထံကသိရသည်။

    “ဆရာတော်တွေတော့မပါဘူး၊ အသံချဲ့စက်နဲ့ ထွေအုပ်ရုံးကဝန်ထမ်းတွေနဲ့ ရဲတွေရယ် စစ်သားတွေရယ် မြို့လှည့် ပရိတ် ရွတ်ကြတာ။ သူတို့ အရမ်းကြောက်နေတယ်။ ဗေဒါဂိတ်ကို AA သိမ်းပြီးနောက်မှာ ဧရာဝတီကို တိုက်ပွဲတွေဝင်တော့မလားဆိုပြီး သွေးပျက်နေကြတာ”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ပြောသည်။

    ဂွမြို့နှင့် ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်နှစ်ခုဖြစ်သည့် ဒေါင်းချောင်းစစ်ဆေးရေးဂိတ်နှင့် ဗေဒါဂိတ်တို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ပြီးနောက် ဧရာဝတီသို့ တိုက်ပွဲများ ရောက်ရှိလာမည်ကို စိုးရိမ်၍ ယခုလို မြို့လှည့်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်သည်ဟု မြို့ခံများကဆိုသည်။

    ထို့အပြင် ဝါးခယ်မမြို့နယ်၊ သံကြိုးတိုင်ရပ်ကွက်တွင်လည်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းရန် လူရှာမပေးနိုင်သည့်အတွက် စစ်ကောင်စီတပ်သားများနှင့် ရဲများက ဆဲဆို ကြိမ်းမောင်းကာ ယခု ဒီဇင်ဘာလအတွင်း ပေါ်တာဆွဲမည်ဟု ပြောဆိုကြောင်း မြို့ခံများထံက သိရသည်။

    ရခိုင်ပြည်နယ်၊ ဂွမြို့ပေါ်တွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ အကြား လက်ရှိအချိန်ထိ တိုက်ပွဲများပြင်း ထန်လျက်ရှိပြီး အဆိုပါစစ်ပွဲသည် ဧရာဝတီတိုင်း အတွင်းသို့ ရောက်ရှိလာမည် ကိုစိုးရိမ်၍ ဒေသအချို့က စစ်ရှောင်ရန် ပြင်ဆင်နေကြောင်းသိရသည်။

    ဧရာဝတီတိုင်း၊ ပုသိမ်၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့၊ အထောင်၊ ရှားခဲ၊ ဝါးခယ်မ စသည့် မြို့နယ်များအပါအဝင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ပြည်သူ့စစ်များမှ ညပိုင်းကင်းလှည့်ရာတွင် လူငယ်အချို့ကို မသင်္ကာဟုပြောဆိုအကြောင်းပြကာ ဖမ်းဆီးငွေတောင်းယူမှုများ ဆက်တိုက် ပြုလုပ်လာသောကြောင့် ညဘက်တွင် လူအသွားအလာမရှိအောင် နည်းသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။