Tag: News

  • ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်

    ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်

    ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၅ လက် သိမ်းဆည်း ရရှိ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင် စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၃ လက်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၂ ဗျူဟာမှ ကော်ဘရာစစ်ကြောင်း ၊ Venom စစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်းနှင့် Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်နှိမ်နင်းလျက် ရှိပြီး ပြည်သူများအနေဖြင့်လည်း လိုအပ်လျက်ရှိသော ကျည်ကာ၊ ကျည်ကာဦးထုပ်များနှင့် ကျည်များ ကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

  • လပွတ္တာမြို့နယ်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှု များလာ

    လပွတ္တာမြို့နယ်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှု များလာ

    ဧရာ၀တိီတိုင်း၊လပွတ္တာမြို့နယ်တွင် ဒီဇင်ဘာလ အတွင်း ၀မ်းပျက်၀မ်းလျှောရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူပိုများလာကြောင်း ဒေသခံများထံက သိရသည်။

    ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ လပွတ္တာမြို့ပေါ်နှင့်ကျေးရွာများမှ ၀မ်းပျက်၀မ်းလျှောဖြစ်ပွားသူ ၅၀ ကျော်ခန့် ခရိုင် ကုတင် ၂၀၀ ဆေးရုံသို့ နေ့စဥ်တက်ရောက်နေရကြောင်းသိရှိရသည်။

    “တစ်ရက်ခြား တစ်ယောက် ၊နှစ်ယောက် လောက်ဆေးရုံကိုရောက်လာကြတယ် ၀မ်းပျက်၊၀မ်းလျှော က အစားအသောက်မသန့်တာရယ် သောက်တဲ့ရေမသန့်တာကြောင့်ဖြစ်မယ်ထင်တယ်”ဟု ကျန်းမာရေး၀န်ထမ်းတစ်ဦးမှ ပြောသည်။

    လပွတ္တာမြို့ပေါ်အပြင်၊ ဘုန်းကြီးကုန်း၊ ဘိုကုန်း၊ မြယာကုန်း ကုက္ကို၊ ကညှင်ကွင်းနှင့်အမတ်ကြီး စသည့်ကျေးရွာများမှ ဘုန်းကြီး၊အမျိုးသား၊အမျိုးသမီးနှင့် ကလေးငယ်များ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့​ပြီး အချို့မှာ ပြင်းထန်သောကြောင့် အသက်အန္တရာယ်ရှိကြောင်း ဒေသခံများထံမှသိရှိရသည်။

    ယခုကဲ့သို့ ဒေသခံအများစုတွင် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွါးနေသော်လည်း မြို့နယ်ကျန်းမာရေးမှ ဖြစ်ပွားသောဒေသများကို ကွင်းဆင်း ကြည့်ရူခြင်း၊ အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရန် ပြုလုပ်ခြင်းများမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

  • စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    စစ်တိုင်းများသိမ်းပိုက်ခံရသည်အထိ စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    တပ်ဖွဲ့ဝင်များသေဆုံးမှုများပြားကာ စစ်တိုင်းများသိမ်းပိုက်ခံရသည်အထိစစ်ရှုံးနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းခဲ့ကြောင်း သိရသည်။

    ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်ရှိ စိန်မေရီ ကာသီဒြယ်ဘုရားကျောင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲတွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့က “အိုသာယာသော မြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့ ခြင်းဖြစ်သည်။

    ထိုသို့သီဆိုပြီးနောက် စစ်ခေါင်းဆောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

    “အတူယှဉ်တွဲ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုထဲမှာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်း ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်စေမယ်လို့ ယုံကြည်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တောင်းဆိုလိုရင် နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ ရမှာ မဟုတ်ပါဘူး”ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

    လက်တွေ့တွင် စစ်ကောင်စီတပ်များအနေဖြင့် စစ်မျက်နှာဖွင့်ထားသည့် တိုင်းနှင့်ပြည်နယ်အချို့တွင် စစ်ရှုံးကာ စစ်တိုင်းများပင် သိမ်းပိုက်ခံနေရပြီး တပ်ဖွဲ့ဝင်များ သေဆုံးမှုများကာ လက်နက်ချအညံ့ခံ ရမှုများရှိနေသည့်အခြေအနေဖြစ်သည်။

    ထို့ပြင်စစ်ခေါင်းဆောင်က “မိမိတို့အစိုးရအနေနှင့် ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်အပေါ် ပြန်လည် ရောက်ရှိဖို့အတွက် ရှေ့လုပ်ငန်းစဉ်တွေ အမျိုးသားရေးနဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ချမှတ်ပြီး ကြိုးစား ဆောင်ရွက်ပေးနေပြီး အခုလိုလက်နက် ကိုင်အကြမ်း ဖက်လမ်းစဉ်တွေကို ဘယ်လူ့အဖွဲ့အစည်းကမှ လက် မခံသလို မိမိတို့အားလုံးကလည်း ဆန့်ကျင်ဖို့လိုပါတယ်” ဟု ပြောဆိုခဲ့သည်။

    လက်ရှိတွင် စစ်ကောင်စီသည် စစ်အင်အားလိုအပ်ချက်ကြောင့် မြို့နယ်နှင့် တိုင်းသီးသီးရှိ လူငယ်၊ လူရွယ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မဖမ်းဆီးကာ ရှေ့တန်းသို့ပို့ဆောင်နေသော်လည်း နယ်မြေများဆုံးရှုံးကာ အင်အားပြုန်းတီးမှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

    Photo & Video -စစ်ကောင်စီ

  • အမြန်လမ်းမှာ နွားထိုးကြီး PDF က လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

    အမြန်လမ်းမှာ နွားထိုးကြီး PDF က လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

    ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင်(၃၁၈)မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Forceက​ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDF က သတိပေးပါတယ်။

    စစ်ကောင်စီဘက်က ဒီနေ့မနက် ၁၀ နာရီခွဲအချိန် နွားထိုးကြီး PDFက ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၈/၆၈ ဖာလုံမှာ ကားတွေကို စစ်ဆေးပြီး ယာဥ်ငယ်တစီးကို ဇီးတောဆည်ဘောင်ဘက်ကို ခေါ်သွားတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး နွားထိုးကြီးမြို့နယ်က တာဝန်ရှိသူတွေကိုမေးမြန်းကြည့်ရာမှာ အမြန်လမ်းပေါ်ကို လုံခြုံရေးအရ တော်လှန်ရေးတပ်တွေက စစ်ဆေးခဲ့တာမှန်ကန်ပြီး အိမ်စီးကားတစီးပေါ်မှာ ပြောက်ကျားအင်္ကျီတွေ့တာမို့ ကားပေါ်ပါလာတဲ့သူတွေကို အောက်ခဏဆင်းခိုင်းကာ ယာယီစစ်ဆေးမှုပြုလုပ်ပေးပြီးပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

    “တပ်ရင်းတစ်ခုက ခ​ဏတင် စစ်လိုက်တာပါ။ ဖမ်းတယ်ဆိုတာမဟုတ်ပါဘူး။ ပြီးတော့ စစ်တဲ့ကားက ပြည်သူတွေကားမို့ အေးအေးဆေးဆေးပြန်လွှတ်လိုက်တာပါ”လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

    တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDF က မေတ္တာရပ်ခံထားပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)က စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့ပါသေးတယ်။

    ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ်

  • ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ လိုက်လံကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသော ရဲဗလ တံဆိပ်ရရှိသူ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့် မိသားစုဝင် ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်၊ ရဲဗလ တံဆိပ်ရရှိထားသူ မောင်လွင်နှင့် မိသားစုဝင် ၂ ဦးကို WTRF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော မောင်လွင်ကို ၂၀၂၁ ခုနှစ်က တော်လှန်ရေး ရဲဘော်များ ပထမ တစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက်မသေဘဲ လမ်းမလျောက်နိုင်သည့် ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက ၎င်းအရှိန်ဖြင့် တမာကန်ရွာ ၊ကျောက်အိုးရွာ၊ မင်းကုန်ရွာနှင့် တောင်ဆည်ရွာမှ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံခြင်း၊ လူငယ်များရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းမှ ၁၀ သိန်းထိ ကောက်ခံခြင်း၊ ပြည်သူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ ပျူစောထီး မောင်လွင်၏ လမ်းစဉ် အတိုင်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ၂ ဦးပါ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ပျူစောထီး ခေါင်းဆောင် မောင်လွင်နဲ့ သူ့မိသားစုက ကျေးရွာတွေအပေါ် အလွန် အကျူး ဖိနှိပ် အနိုင်ကျင့် နေလို့ တော်လှန်ရေးတပ်ဖွဲ့က ပထမ တစ်ကြိမ် ပစ်ခတ်ခဲ့သည့်တိုင် ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ လက်အောက်ခံ ပျူစောထီးတွေကို ကိုယ်ရံတော် အစောင့်အဖြစ်မွေးပြီး တမာကန်အုပ်စုအတွင်းမှာရှိတဲ့ ရွာတွေ အားလုံး အပေါ် ဆက်၍ ပိုတိုးပြီး အနိုင်ကျင့်ဖိနှိပ်နေလို့ မောင်လွင်နဲ့ သူ့မိသားစုဝင်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ” ဟု Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။