Tag: News

  • မိုးညှင်းမြို့နယ်ရှိ လက်လွှတ်ခဲ့ရသည့် စခန်း ၂ ခု KIA ပြန်သိမ်း

    မိုးညှင်းမြို့နယ်ရှိ လက်လွှတ်ခဲ့ရသည့် စခန်း ၂ ခု KIA ပြန်သိမ်း

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အနီး မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာရှိ စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ထံက သိရသည်။

    “အရင်က ကျွန်‌တော်တို့ KIA/KIO တပ်စွဲထားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီနေရာကို စကစ နဲ့ SNA ပူးပေါင်းတပ်တွေထိုးစစ်ဆင်ပြီးမှ ကျွန်‌တော်တို့ ရှောင်ထားရတဲ့ စွန့်လွှတ်ထားရတဲ့ စခန်းတွေဖြစ်ပါတယ်။ ခုကျွန်‌တော်တို့ ပြန်သိမ်းတဲ့သဘောဖြစ်ပါတယ်” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    မိုးညှင်းတိုက်ပွဲတွင် KIAပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်နှင့် SNA ပူးပေါင်းတပ်၏ ဂျန်မာ(Jammer)တင်ယာဉ်

    စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (ရှမ်းနီပြည်သူ့စစ်) (SNA) ပူးပေါင်းတပ်ဖွဲ့က မိုးညှင်းမြို့ နယ်၊ အင်းတော်ကြီးကန်အနောက်ခြမ်းကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး မမုန်ကိုင် နှင့် မိုင်းနောင်ကျေးရွာအနီးရှိ KIA တပ်စခန်းများကို ဝင်ရောက်တပ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် KIA နှင့်ပူးပေါင်းတပ်ဘက်မှ ဩဂုတ် ၁၆ ရက်နေ့မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်ပြီး စွန့်လွှတ်ခဲ့ရသည့် တပ်စခန်းနှစ်ခုကို ပြန်လည်သိမ်းပိုက််နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ထိုစခန်းသိမ်းတိုက်ပွဲအတွင်းတွင် စစ်ကော်မရှင်တပ်၏ ဒရုန်းတခုကို ဖျက်ချနိုင်ခဲ့ပြီး ဒရုန်းဖျက်စက် (ဂျမ်မာ) ကားတစီးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရရှိသည်။ KIA ကမူ ထိုဖြစ်စဉ်ကို ကြားသိရသော်လည်း အတည်မပြုနိုင်ဟု ဆိုသည်။

    “ရှေ့တန်းကတယောက်ပြောတာကတော့ ဟုတ်တယ်လို့ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အတည်ပြုမပြောနိုင်ဘူး။ အဲ့ဒီ(ရုပ်သံ)မှာပြောနေတဲ့ အသံတွေကလည်း ကျနော်တို့ အဖွဲ့သားတွေရဲ့ အသံနဲ့တူတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဌာနအနေနဲ့ ဒါကို အတည်မပြုပေးနိုင်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    မိုးညှင်းတိုက်ပွဲတွင် KIAပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင်နှင့် SNA ပူးပေါင်းတပ်၏ ဂျန်မာ(Jammer)တင်ယာဉ်

    လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် SNA ပူးပေါင်းတပ်သည် လုံးတုံကျေးရွာဘက်တွင် စုဖွဲ့မှုလုပ်နေပြီး စစ်အုပ်စုဘက်က လှုပ်ရှားလာပါက ထိုဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု သတင်းရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    အင်းတော်ကြီးအိုင် အနောက် မိုင်းနောင်၊ မမုန်ကိုင်အပြင် အရှေ့ဘက် ဟဲပု၊ ဟဲပါး ဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသဖြင့် ထိုကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံအများစု တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

  • ဆယ်ကျော်သက်ကောင်လေးကို ချစ်သူမိန်းကလေးက မြဝတီကျားဖြန့်သို့ ရောင်းချ

    ဆယ်ကျော်သက်ကောင်လေးကို ချစ်သူမိန်းကလေးက မြဝတီကျားဖြန့်သို့ ရောင်းချ

    တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် ကောင်လေးတဦးဟာ ၁၇ နှစ်အရွယ် ချစ်သူ မိန်းကလေးရဲ့ လှည့်ဖျားခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကျားဖြန့်လုပ်ငန်းတခုဆီ လူကုန်ကူးခံခဲ့ရတဲ့အကြောင်း The Standard (HK) News သတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။

    သူ့ရဲ့ မျိုးရိုးနာမည်ကိုတော့ ဟူအန်လို့ ဖော်ပြပြီး သူ့ကို ချစ်သူမိန်းကလေးရှိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ကို ဖျားယောင်းခေါ်ဆောင်သွားခံခဲ့ရတာလို့ ဆိုပါတယ်။

    ဟူအန်ရဲ့ အစ်မဖြစ်သူရဲ့ ပြောကြားချက်အရ သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဘိလိယက်ခန်းမတခုမှာ ဆုံခဲ့ကြတာဖြစ်ပြီး မိန်းကလေးဖြစ်သူဟာ တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်အသုံး အဆောင်တွေနဲ့ သူ့ကိုယ်သူ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူအဖြစ် ဟန်ဆောင်ခဲ့ တယ်လို့ ပြောပါတယ်။

    သူတို့ ချစ်သူတွေ ဖြစ်ပြီးနောက်မှာ မိန်းကလေးက သူ့မိသားစုက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း ဟူအန်ကို ထပ်ခါတလဲလဲ ယုံကြည် အောင်ပြောခဲ့ပြီး သူ့ကိုပါ အဲဒီမှာ အလုပ်တွဲလုပ်ဖို့ ဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ သူတို့နှစ်ယောက် ထိုင်းနိုင်ငံ ဘန်ကောက်ကို တိတ်တဆိတ် ခရီးသွားခဲ့ကြပြီး ထိုင်း-မြန်မာနယ်စပ်ဒေသကို ရောက်တဲ့အခါမှာတော့ မိန်းကလေးက သူ့ကို စွန့်ပစ်ခဲ့ပြီး ဟူအန်ကို လက်နက်ကိုင်တွေက ချက်ချင်း ဖမ်းဆီးကာ မြန်မာနိုင်ငံက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရှိရာ ခြံဝင်းဆီ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

    အဲဒီနောက် သူဟာ အမှောင်ချထားတဲ့ အကျဉ်းခန်းထဲမှာ ဖမ်းဆီးခံထားရပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့ တွန်းအားပေးခံခဲ့ရသလို ပစ်မှတ်ထားတဲ့ လုပ်ဆောင်မှုတွေ မပြည့်မီတာ ပျက်ကွက်တာတွေကြောင့် နေ့စဉ် ရိုက်နှက်ခံခဲ့ရပြီး သူဟာ မညှာမတာ အကြမ်းဖက်မှုတွေကို ခံခဲ့ရတယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။

    အဲဒီမှာ လအတန်ကြာ အကျဉ်းချခံရပြီးနောက်မှာတော့ ဟူအန်ဟာ မြန်မာ ချောင်ရှန် ကုန်သည်ကြီးများအသင်း (Myanmar Chaoshan Chamber of Commerce) ရဲ့ ကူညီပေးမှုနဲ့ ဇွန်လမှာ နောက်ဆုံးလွတ် မြောက်ခဲ့ပြီး သူလွတ်မြောက်ရေးအတွက် ပြန်ပေးငွေ ယွမ် ၃ သိန်းခွဲနဲ့ ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။

    လတ်တလောမှာတော့ ပြစ်မှုကျူးလွန်သူ မိန်းကလေး ရှိုကို ရဲတွေက ဖမ်းဆီးထား ပြီး သူဟာ လူကုန်ကူးမှုအတွက် ယွမ် ၁ သိန်း ရရှိခဲ့ပြီးနောက် ထိုင်းမှာ အားလပ်ရက်ခရီး ထွက်ခဲ့ကာ ချစ်သူကောင်လေးကို နယ်စပ်မှာ စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

    သူ့ကို လိမ်လည်မှုစွဲချက်တွေနဲ့ တရားစွဲဆိုဖို့ စီစဉ်ထားပြီး ရုံးချိန်းကို အစက ဇူလိုင်လ နှောင်းပိုင်းတွင် ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ လက်ရှိမှာတော့ ရွှေ့ဆိုင်းထားကာ မကြာမီ စတင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

    ဟူအန်ရဲ့ အစ်မဖြစ်သူက “သူဟာ ၁၇ နှစ်ပဲရှိသေးတာ။ ဒီလိုဆိုးယုတ်မှုတွေကို လုပ်နိုင် လိမ့်မယ်လို့ ဘယ်သူက တွေးမိနိုင်မှာလဲ” လို့ သတင်းထောက်တွေကို ပြောလိုက်ပြီး သူ့အတွက် အမြင့်ဆုံးတရားဝင်ပြစ်ဒဏ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

    Source: The Standard (HK) News

  • တောင်ကြီးတွင် TNLA နှင့် MNDAA အလိုမရှိကြောင်း စစ်တပ်က ငွေပေးဆန္ဒပြခိုင်း

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ TNLA နဲ့ MNDAA တို့ကို ရှမ်းပြည်မြောက်ပိုင်းဒေသတွေကနေ ထွက်ခွာသွားစေဖို့ ဒေသခံတွေကို စစ်ကောင်စီတပ်က ငွေပေးပြီး ဆန္ဒပြခိုင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သြဂုတ် ၁၉ ရက် မနက် ၁၁ နာရီမှာ ဘောလုံးကွင်းကနေ မိန်းလမ်းတလျှောက်သွားပြီး စူဌာမုနိဘုရားအထိ စီတန်းရင်း “TNLA /MNDAA သီပေါ၊ ကျောက်မဲ၊ သိန္ဒီဒေသများက အမြန်ဆုံးထွက်ခွာပေး” စာသားနဲ့ မြန်မာနိုင်ငံအလံ ကိုင်ဆောင်ဆန္ဒပြကြတယ်လို့ ​သိရပါတယ်။

    မြို့ခံတယောက်က “အောင်သပြေ အေးသာယက ဘောမတွေနဲ့ သူတို့ အတင်းလိုက်ခိုင်းလို့ရတဲ့သူတွေနေမှာပေါ့။ ၁၀,၀၀၀ ရတယ်လို့ ကြားတာပဲ။ လူမျိုးရေး မီးမွှေးတယ်လို့မြင်တယ်။ စစ်ရှုံးနေတော့ နှစ်ဖက်တိုင်းရင်းသားတွေကို ရန်တိုက်ပေးနေသလိုပဲ” လို့ ​ပြောပါတယ်။

    တောင်ကြီးမှာ ဆန္ဒပြဖို့အတွက် လူအယောက် ၁၅၀၀ ကို ခေါ်ယူထားပေမဲ့ လူအယောက် ၃၀၀ လောက်ပဲ လာတယ်လို့ သိရပါတယ်။

    “ရိုးရိုးသာမန်ပြည်သူ ဘယ်သူက အလုပ်ရှုပ်ခံမတုန်း၊ ဆန္ဒပြတာ ထမင်းဘူး၊ ရေသန့်ဝေပေးတယ်။ စိန်ပန်းရွှေတောင်နောက်နားက တအိမ်တယောက် မလိုက်မနေရခေါ်တာ၊ ပိုက်ဆံလည်း ပေးတယ်။”

    သြဂုတ် ၁၈ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်းက မိုးနဲ၊ မိုင်းပန်၊ ကွန်ဟိန်းမြို့တို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ကို ဆန့်ကျင်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပါတယ်။

    တိုင်းရင်းသားအချင်းချင်းကြား သွေးခွဲစေတာမျိုး စစ်တပ်ကလုပ်တာလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကပြောပါတယ်။

    စစ်ကောင်စီတပ်က ဒီဇင်ဘာလထဲ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် စစ်တပ်လက်လွှတ်ထားရတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာ၊ တိုင်းရင်းသားတွေကြားထဲ သွေးခွဲ ရန်တိုက်တာတွေ ပြုလုပ်နေတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

  • စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

    စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ

    ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမြို့ အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူအနီးဝန်ကျင်း၌ တပ်စွဲထားသော စစ်တပ်ကို ဩဂုတ် ၁၇ ရက် ညပိုင်းတွင် တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

    တိုက်ပွဲမှာ ည ၈ နာရီခန့်မှ ၉ နာရီခန့်ထိ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်အပြန်အလှန် ပစ်ခတ်သည့်အသံများကို မြို့ပေါ်နေ ပြည်သူများ အတိုင်းသားကြားခဲ့ရကြောင်း၊ ယင်းပြင် တိုက်ပွဲဖြစ်ပွားသောနေရာအနီး သံဃာ အပါး ၂၀၀ ကျော် သီတင်းသုံးသည့် စစ်ကိုင်းမြို့ မဟာခိုနန်းပရိယတ္တိစာသင်တိုက် ကျည်ဆန်များထိမှန်ခဲ့ပြီး ကိုရင်ငယ် တပါးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

    စစ်ကိုင်းမြို့ခံတဦးက “ည ၈ နာရီလောက် စဖြစ်တာ၊ လက်နက်ကြီးသံတွေကြောင့် အိမ်တောင် တုန်တယ်၊ တခါမှ မကြုံဖူးတော့ ပြေးရတော့မှာလားဆိုပြီး အရေးကြီးတာတွေ သိမ်းပြီး အထုပ်အပိုးတောင် ပြင်ထားရတယ်၊ တကယ်တမ်း ပြေး ဆိုရင်လည်း ဘယ်ကို ပြေးလို့ပြေးရမှန်းလည်း မသိဘူး လန့်နေကြတာနဲ့၊ မြို့ပေါ်ထိ တိုက်ပွဲတွေ ရောက်လာပြီလို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

    တိုက်ပွဲဖြစ်ပွားသည့် ငါးထပ်ကြီး၊ ဘုရားဖြူသည် စစ်ကိုင်းမြို့ဧရိယာ၌ ပါဝင်သော်လည်း စစ်ကိုင်းအနောက်ခြမ်း ကျေးရွာများနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ပေးထားသော အဓိက ဝင်/ထွက်ပေါက်ဖြစ်ကာ ကျောင်းတော်ကြီး ရပ်ကွက် အတွင်းရှိ ဘုရားဖြူတွင် စစ်ကော်မရှင်လက်အောက်ခံ တပ်သားများ တပ်စွဲထားခြင်းဟု သိရသည်။

    ထိုသို့တပ်စွဲပြီးနောက် အနောက်တာ (ဒေသအခေါ်) တလျောက်ရှိ ကျေးရွာများအား မေလအတွင်းမှ စတင်ကာ စစ်ကြောင်း ထိုးနေခြင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

    စစ်ကိုင်းမြို့ခံနောက်တဦးက “ည ၈ နာရီကျော်လောက်က စပြီး လက်နက်ကြီးသံ လက်နက်ငယ်သံတွေရော စုံနေတာပဲ၊ အဲဒီနေရာက စစ်ကိုင်းမြို့ထဲမှာပါပေမယ့် အနောက်တာရဲ့ ဝင်ပေါက် ထွက်ပေါက်နေရာလို့ ပြောရင် ပိုမှန်တယ်၊ ငါးထပ်ကြီး ဘုရားဘေးက ဘုရားဖြူမှာ သူတို့ စခန်းချ ထိုင်ထားတာ တော်တော် ကြာပြီ၊ အဲဒီကနေမှ အနောက်တာကနေ မြို့ပေါ်ကို လာသမျှ ပိတ်စစ်ဆေးနေတာပဲ၊ ရပ်ကွက်လိုဆိုရင်တော့ ကျောင်းတော်ကြီးပေါ့” ဟု ပြောသည်။

    တိုက်ပွဲဖြစ်ပွားချိန်သည် မဟာခိုနန်း ပရိယတ္တိစာသင်တိုက်တွင် ပဋ္ဌာန်းစာဝါချနေချိန်ဖြစ်ရာ ကိုရင်ငယ်များနှင့် စာသင် သားများ ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ခဲ့ကြသလို ကျောင်းဆောင်တချို့သို့ ကျည်ထိမှန်ခဲ့ပြီး ကိုရင်ငယ်တပါးလည်း နားထင်ဒဏ်ရာရရှိသွားခဲ့ကြောင်း မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်နှင့်စာချ တာဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

    စစ်ကိုင်းမြို့၌ အခြေစိုက်ထားသော အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တမခ ၃၃) မှ စစ်ကူပေးခြင်းမရှိသော်လည်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးမြို့မှ စစ်ကားများဖြင့် စစ်ကူများ စစ်ကိုင်းဘက်သို့ ညတွင်းချင်း ပေးပို့ခဲ့ကြောင်း သိရသည်။

    စစ်ကိုင်းမြို့ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စစ်ကိုင်းမှာ တိုက်ပွဲဖြစ်တာကို မန္တလေးက စစ်ကူလာရတယ်ဆိုတော့ စစ်ကိုင်းတပ်မ ၃၃ မှာ စစ်သားတွေ မလုံလောက်တဲ့သဘောလားပေါ့၊ လက်ရှိအချိန်ထိ ရပ်ကွက်တွေနဲ့ တောင်ရိုးပေါ်မှာ တော့ ပျူတွေ တော်တော်များများ တွေ့နေရသေးတယ်” ဟု ပြောသည်။

    အဆိုပါ တိုက်ပွဲဖော်ဆောင်မှုကို မည်သည့်အဖွဲ့ လုပ်ဆောင်ခဲ့သည်ကို မသိရသေးဘဲ စစ်ကိုင်းမြို့ အနောက်ပိုင်း စစ်တပ်စခန်း တိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

    တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ စစ်ကိုင်းမြို့ပေါ်၌ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

  • နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြော

    ဇွန် ၁၂

    နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ပြင်ဦးလွင်မြို့မှာ ကျောင်းဆရာ/ဆရာမများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန် လိုအပ် မည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူထားရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြဖစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ကောင်းမွန် ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေ လိုသည်”ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်း ထားသည်။

    နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသော စကားရပ်သည် ပြင်ဆင်သင့်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် ပါတီတစ်ခုခုတွင် ပါတီဝင်မဖြစ်ရဆိုသော ပြဋ္ဌာန်းချက်သာဖြစ်သင့်ကြောင်း၊ သို့မဟုတ်ပါက နိုင်ငံ့ဝန်ထမ်း များသည် ပါတီတစ်ခုခုမှ ပါတီဝင် အမျိုးသား/အမျိုးသမီးများဖြင့် အိမ်ထောင်ပြုရန်ပင် မရသည့် အခြေအနေ ဖြစ် သွားနိုင်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

    ထို့နောက် မြန်မာ့တပ်မတော်မှ စစ်သည်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး မည်သည့်အတွက်ကြောင့် လွှတ်တော် အတွင်းမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားရသနည်း မေးခွန်းထုတ်စရာဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။

    စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း လှုံ့ ဆော်၊ တပ်နယ်အားလုံး ဆန္ဒမဲ မဖြစ်မနေ ပေးရမယ့်အပြင် မဲပေးရေး လှုံ့ဆော်မှုတွေမှာလည်း စစ်သားတွေ ပါဝင်ရမယ်

    ဩဂုတ် ၁၉

    အကြမ်းဖက် စစ်သားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်း လှုံ့ ဆော်နေရပါတယ်။

    မနေ့က မကွေးမြို့မှာ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်က မကွေးတပ်နယ်က စစ်သည်၊ အရာရှိတွေနဲ့ တွေ့ဆုံရာမှာ လည်းကောင်း၊ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ မြို့မိမြို့ဖ ဆိုသူတွေနဲ့ တွေ့ဆုံပွဲမှာ လည်းကောင်း လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ မင်းအောင်လှိုင်က တိုက်တွန်းနေတာလည်းဖြစ်ပါတယ်။

    စစ်သားတွေအနေနဲ့ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများရွေးချယ်ချိန် နိုင်ငံအတွက် စေတနာထားပြီး အရည်အချင်းရှိသူများဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲများအား မပျက်မကွက်ပေးပြီး နိုင်ငံသားကောင်းတွေဖြစ်အောင် ဆောင်ရွက်သွားကြစေလိုတယ်လို့ မင်းအောင်လှိုင်က မကွေးတပ်နယ်မှ စစ်သားတွေကို ပြောဆိုပါတယ်။

    ဒါ့အပြင် ဝန်ထမ်းတွေနဲ့ ပြည်သူတွေတချို့ကို တွေ့ဆုံရာမှာလည်း မင်းအောင်လှိုင်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံး ဆန္ဒမဲများပေးနိုင်ဖို့ စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်လို့ မပေးကြဖို့ လိုကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလိုပါက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြဖို့ လိုတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

    “တပ်နယ်တွေအားလုံးကတော့ မဖြစ်မနေ ဆန္ဒမဲပေးဖို့နဲ့ ရှေ့တန်းတာဝန်ထမ်းဆောင်နေတဲ့ သူတွေအားလုံး ကြိုတင်မဲပေးကြဖို့ အဓိကမှာတယ်။ တပ်နယ်အားလုံးမှာ မဲပေးသူ မရှိ မဖြစ်ရလေအောင် စီမံကြဖို့ မှာကြားတယ်။ ပြီးရင် ရွေးကောက်ပွဲမှာ မဲပေးကြရေး လှုံ့ဆော်မှုတွေမှာလည်း တပ်နယ်တွေအားလုံးက တက်တက်ကြွကြွ ပါဝင်ကြဖို့ ပြောပါတယ်”လို့ မကွေးတပ်နယ်နဲ့ တိုက်ရိုက် ဆက်သွယ်မှုရှိနေတဲ့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

    အကြမ်းဖက်စစ်တပ်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်ပြီး ကျန်ရွေး ကောက်တွေကို အခန်းဆက် အပိုင်းလိုက် ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။