Tag: News

  • မြကျွန်းသာတွင် အမျိုးသား ၁ ဦး ရေထဲခုန်ချ သတ်သေ

    မြကျွန်းသာတွင် အမျိုးသား ၁ ဦး ရေထဲခုန်ချ သတ်သေ

    ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာ၊ ကမ္ဘာအေးကန်ဘောင် ၁ ဘက်မှာ ဩဂုတ် ၁၃ ရက် ည ၁၀ နာရီကျော်က အင်းလျားကန်ရေပြင်ထဲ လူတယောက်ရဲ့ရုပ်အလောင်း ပေါ်လာတာကြောင့် ဆယ်ယူခဲ့ရတယ်လို့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းက ပြောပါတယ်။

    သေဆုံးသူဟာ အသက် ၇၈ နှစ်အရွယ် အမျိုးသားကြီးတယောက်ဖြစ်ပြီး အဆိုပါနေ့ ညနေ ၄ နာရီကျော်ကတည်းက ကန်ထဲကို ခုန်ချသွားတာလို့ သိရပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ည ၁၀ နာရီကျော်လောက်မှာ DB (ရုပ်အလောင်း) သွားကောက်ရတာ။ မြန်မာပလာဇာရှေ့တည့်တည့်က အင်းလျားကန်ထဲမှာပါ။ ကမ္ဘာအေးတစ်လို့ ခေါ်တယ်။ အသက်က ၇၈၊ ၇၉ လောက်ရှိပြီ။ အမျိုးသားတဦးပါ။ မိသားစုတွေ ရောက်နေကြပါပြီ” လို့ ပြောပါတယ်။

    ရေကန်ထဲခုန်ချရတဲ့ အကြောင်းအရင်းနဲ့ သေမှုသေခင်းဖြစ်စဉ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

    လက်ရှိမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိထားပြီး ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

    Photo: မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်း

  • ရခိုင်စစ်မျက်နှာမှာ စစ်တပ် တန်ပြန်ထိုးစစ်များ တိုးမပေါက်

    ၂၀၂၅ ခုနှစ်တွင် စစ်တပ်က ပြန်လည် ထိုးစစ်ဆင်လာပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မိုးဗြဲ၊ နောင်ချို၊ သပိတ်ကျင်း မြို့သုံးမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ စစ်တပ်က ထိုမြို့များသာမက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများကိုလည်း ပြန်လည် ထိုးစစ်ဆင်နေသည်။ AA ရော စစ်တပ်ကပါ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်းတွင် တွေ့ရသည့် ရခိုင်စစ်မျက်နှာအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

    ရခိုင်စစ်မျက်နှာတွင် စစ်တပ်က ထိုးစစ်ဆင်နေသည်ကို ကျောက်ဖြူမြို့တွင် တွေ့ရသကဲ့သို့ စစ်တွေမြို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ တွေ့ရ၏။ ထို့ပြင် အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွ-ငသိုင်းချောင်း ကားလမ်းများမှ ထိုးဖောက်ဝင်ရောက်လာသည့် AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကို ဟန့်တားသည့် ခံစစ်များအပြင် ပြန်လှန်ထိုးစစ်ဆင်မှုများကို တွေ့နေရ၏။

    ထို့ပြင် တရုတ်၏ အကူအညီရရှိမှုနှင့် တပ်သားသစ် အဓမ္မ စုဆောင်းမှုများကြောင့် အတန်ငယ် ခေါင်းထောင်လာနိုင်သည့် စစ်တပ်သည် AA သိမ်းပိုက်ထားသည့် မြို့နယ်များအား ရခိုင်ကမ်းရိုးတန်းတလျှောက် ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု လေသံလွှင့်လျက်ရှိသည်။

    AA သည် စစ်တပ်နှင့် ရင်ဆိုင်ထားသည့် စစ်မျက်နှာများစွာရှိသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လည်း မကြေညာသည့် စစ်ပွဲတပွဲအတွက် ပြင်ဆင်ထားရသည်ကို တွေ့ရ၏။ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းကို အခြေပြု၍ လူသူလက်နက် စုဆောင်းနေကြသည့်၊ စစ်တပ်နှင့် ပူးပေါင်းခဲ့ကြသည့်၊ စစ်တပ်လက်အောက်ခံ ပျူစောထီးများဖြစ်ကြသည့် မွတ်စလင်လက်နက်ကိုင်များ၏ နောက်ကျောမှ ဓားနှင့်ထိုးမည့် စစ်မျက်နှာကိုလည်း ဂရုပြုနေရသည်ကို တွေ့ရသည်။

    ကျောက်ဖြူ စစ်မျက်နှာ

    ကျောက်ဖြူမြို့၌ စစ်တပ်၏ ထိုးစစ်များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လခန့်မှစ၍ တဖြည်းဖြည်း အရှိန်မြင့်လာသည်ကို တွေ့ရ၏။ ကျောက်ဖြူမြို့ အနောက်ဘက်ရှိ သဘာဝဓာတ်ငွေ့ သိုလှောင် ပို့ဆောင်စက်ရုံ (OGT) မှ မလကျွန်းသို့ ဦးတည်၍လည်းကောင်း၊ ဒိုးတန်းတောင်ရှိ ရဲတပ်ရင်း ၃၂ မှ ပြိုင်စေ့ကေသို့ ဦးတည်၍လည်းကောင်း၊ သစ်တောင်ရေတပ်စခန်းမှ အနောက်တောင်ဘက် ကပ်သပြေရှိ ကလဘာရွာသို့ ဦးတည်၍လည်းကောင်း စစ်ကြောင်းများ ထိုးနေသည်ကို တွေ့ရသည်။

    ကျောက်ဖြူတွင် အဆိုပါစစ်မျက်နှာသုံးခု၌ တိုက်ပွဲများ ဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီလ၊ မတ်လမှ စတင်တွေ့ရပြီး တဖြည်းဖြည်း ပြင်းထန်လာသည်။

    AA တပ်များက စစ်တပ်ထိုးစစ်ကို ချေဖျက်ပြီး တဖြည်းဖြည်း ရှေ့တိုးလာကာ စစ်တပ်က ခံစစ်ပြန်ယူပြီး စစ်အင်အားများ ဖြည့်တင်းနေ၍ ဇွန်လကုန်မှစပြီး ဇူလိုင်လ တလလုံး ကျောက်ဖြူစစ်မျက်နှာတွင် တိုက်ပွဲများ လျော့ကျနေသည်ကို တွေ့ရ၏။ သို့သော် ဇူလိုင်လ တလလုံး စစ်အင်အားဖြည့်တင်းပြီးနောက် ဩဂုတ်လ ၃ ရက်နေ့မှစ၍ ကျောက်ဖြူထိုးစစ်ပြန်လည် စတင်သည်ကို တွေ့ရသည်။

    ကျောက်ဖြူတွင် စစ်တပ်က အင်အားအလုံးအရင်းသုံး၍ ထိုးစစ်ဆင်နေသော်လည်း ရှေ့သို့ မတိုးနိုင်ဘဲ နောက်သို့ တဖြည်းဖြည်းဆုတ်နေရသည်ကို တွေ့ရ၏။ AA ဘက်က အင်အားသုံးပြီး ဖွင့်၍ထိုးစစ်ဆင်ခြင်းကို မတွေ့ရသေးပေ။ တရုတ်တို့က ကျောက်ဖြူကို မတိုက်ရန် AA အား ဖိအားပေးနေ၍၊ ကျောက်ဖြူပတ်ဝန်းကျင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မထိခိုက်ရန် ဂရုပြု ထိုးစစ်ဆင်နေ၍ AA သည် ထိုးစစ်မဆင်ဘဲ ခံစစ်ဆင်နေရသည်ဟု တွက်ဆကြသည်။

    သို့သော် ယခုအခါ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာသည်နှင့်အမျှ ကျောက်ဖြူစစ်မျက်နှာတွင် AA ဘက်က တိုက်စစ်အား မြှင့်တင်လာဖွယ်ရှိ၏။ ယခုနှစ်အတွင်း ကျောက်ဖြူ၌ စစ်တပ်က စစ်အင်အား၊ ပစ်ကူအင်အား အလုံးအရင်းနှင့် အကြိမ်ကြိမ်ဖြည့်တင်းပြီး ထိုးစစ်ကို မြှင့်တင်နေသော်လည်း AA ၏ ခံစစ်ကြောင်းကို တိုးပေါက်နိုင်ကြောင်း မတွေ့ရသေးပေ။

    စစ်တွေ စစ်မျက်နှာ

    စစ်တပ်သည် စစ်တွေ၌ ခံစစ်ပြင်ထားသည်မှာ ကြာမြင့်ပြီဖြစ်၏။

    ၁၀၂၇ စစ်ဆင်ရေး စပြီးနောက် စစ်တပ်က ရခိုင်ပြည်နယ်၌ အစောဆုံး တံတားချိုးသည်မှာ စစ်တွေမြို့အဝင် မင်းချောင်းတံတား ဖြစ်သည်။ ပုဏ္ဏားကျွန်းဘက်မှ စစ်တွေသို့ ကားလမ်းဖြတ်တောက်ပြီး စစ်တွေ၌ ခံစစ်ပြင်ခဲ့၏။ ၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ကျန်သည့်မြို့များ တမြို့ပြီးတမြို့ လက်လွှတ်ရပြီးနောက် စစ်တပ်သည် စစ်တွေမြို့ပတ်လည်ရှိ ရွာများကို ဖျက်ဆီးပြီး စစ်တွေမြို့တွင်း၌ အခိုင်အမာ ခံစစ်ပြင်သည်ကို တွေ့ရသည်။

    သို့သော် ၂၀၂၅ ခုနှစ်အတွင်း AA သည် မင်းဂံတဖက်ကမ်းအထိ တပ်များလှုပ်ရှားခြင်း၊ စစ်တွေမြို့ရှိ စစ်ကောင်စီစခန်းများအား လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းအချို့ရှိသော်လည်း စစ်တွေမြို့အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိပေ။

    AA သည် စစ်တွေမြို့အား ချဉ်းကပ်တိုက်ခိုက်ရန် ဥမင်လိုဏ်ခေါင်း တူးနေပုံရသည်ဟူသည့် မှန်းဆချက်တချို့ကို တွေ့ရသကဲ့သို့ စစ်တွေမြို့သို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုအချို့ ပြုလုပ်ခြင်းသည် စစ်တပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ကြီးများအား လေ့ကျင့်ခြင်းနှင့် ပစ်မှတ် သေချာအောင်လုပ်ခြင်း ဖြစ်နိုင်သည်ဟု မှန်းဆကြသည်ကို တွေ့ရသည်။

    ယခုအခါ စစ်တွေမြို့ပေါ်တွင် စစ်တပ်က စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးပါ အခြေပြုပြီး တပ်သားသစ်များ ဖြည့်တင်းထား၏။ ထို့ပြင် ရဲနှင့် ပျူစောထီးများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အသုံးပြု၍ ပူးတွဲအင်အားဖြည့်ထား၏။

    ၂၀၂၅ ခုနှစ် နှစ်လယ် မြန်မာပြည်ဒေသအချို့၌ စစ်တပ် ပြန်လှန်ထိုးစစ်ဆင်လာသည်နှင့်အတူ စစ်တွေမြို့မှ ပုဏ္ဏားကျွန်းဘက်သို့ ပြန်လည် ထိုးစစ်ဆင်မည်ဟု ဝါဒဖြန့်သည်ကို တွေ့ရသည်။ ပုံမှန်လည်း မကြာခဏဆိုသလို စစ်တွေမှ ပုဏ္ဏားကျွန်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်သာဖြစ်သည်။

    စစ်တွေမြို့အထွက် တံတားကို စစ်တပ်က ကိုယ့်ဘာသာကိုယ် ချိုးထားသည်ဖြစ်ရာ ထိုးစစ်ဆင်ပါက ရေကြောင်းကိုသာ အသုံးပြု ချီတက်ထိုးစစ်ဆင်ရမည်ဖြစ်၏။ လက်ရှိ စစ်တွေအခြေအနေမှာ အချိန်မရွေး စစ်ပွဲဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ တဖက်နှင့်တဖက် အကဲစမ်းနေကြသည်။ ချိန်ဆနေကြသည်။ နှစ်ဖက်လုံးက ထိုးစစ်ဆင်သည်ထက် တဖက်ဖက်က ထိုးစစ်ဆင်သည်ကို ခံစစ်ဖြင့် အရင်ချေမှုန်းသည်က ပိုကောင်းသည်ဟု တွက်ဆနေပုံရ၏။

    အမ်းတောင်ကြား စစ်မျက်နှာ

    အမ်းမြို့ကိုသိမ်းပြီး အမ်းတောင်ကြားလမ်းအတိုင်း ချီတက်လာသော AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် စစ်တပ်၏စခန်း တခုပြီးတခု သိမ်းလာပြီးနောက် စစ်တပ်က မင်းဘူး-ပဒါန်းအနီး နတ်ရေကန်စခန်းတွင် အခိုင်အမာ ခံစစ်တည်ဆောက်ပြီး AA ကို ပြန်လှန်ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ပြန်လည် ဖွဲ့စည်းထားသည့် တပ်မ ၉၉ တခုလုံး အသုံးပြုနေသည်ဟု သိရသည်။

    သို့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်သည် တိုးမပေါက် နောက်သို့ ပြန်လန်ကျပြီး နတ်ရေကန်ခံစစ်တွင် ပြန်လည်အခြေပြုကာ စစ်အင်အား အကြိမ်ကြိမ် ထပ်မံဖြည့်တင်းပြီး ပြန်လည် ထိုးစစ်ဆင်နေသည်ကို တွေ့နေရ၏။ သို့သော် AA နှင့် ပူးပေါင်းတပ်များသည် စစ်တပ်၏ ထိုးစစ်ကို ကောင်းစွာ တုံ့ပြန်နိုင်သည်ကို တွေ့ရသည်။

    တောင်ကုတ်တောင်ကြား စစ်မျက်နှာ

    တောင်ကုတ်မြို့ကျပြီး တောင်ကုတ်တောင်ကြားအတိုင်း ချီတက်လာသည့် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်သည့် နယ်နိမိတ်နေရာရှိ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ ရက်၊ ပုဂံကွဲစခန်းကို ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်၊ နတ်တောင်ကာကင်းစခန်းကို ဖေဖော်ဝါရီလ ၂၄ ရက်၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား ဧပြီလ ၂ ရက်နေ့တို့တွင် အပြီးသတ်သိမ်းယူခဲ့သည်။

    ညောင်ကျိုးကို သိမ်းပိုက်ပြီးနောက် AA ၏ ထိုးစစ် ရပ်တန့်ပြီး ခံစစ်ဆင်‌နေသည်ကို တွေ့ရ၏။ ညောင်ကျိုးဗျူဟာစခန်း ကျပြီး‌နောက် စစ်ကောင်စီဘက်က ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရန်အတွက် ညောင်ခြေထောက်တွင်ရှိသည့် အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) မှတဆင့် ပြန်လည် ထိုးစစ်ဆင်‌နေပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ပြည်၊ ပန်းတောင်းမြို့တို့မှ အင်အားအများအပြား ပို့ဆောင်နေသည်ဟု သိရသည်။

    ၂၀၂၅ ခုနှစ် မေလကုန်ပိုင်းတွင် ညောင်ကျိုးတောင်ဘက် ကပစ ၅ ရှိရာ မသုံရွာ တဝိုက်တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ကပစ ၁၆ အတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲသတင်းများ မကြားသိရပါ။

    စစ်ကောင်စီအတွက်မူ ညောင်ကျိုး၊ ပန်းတောင်းစစ်မျက်နှာသည် AA နှင့် ပူးပေါင်းတပ်များ အလုံးအရင်းနှင့် ထိုးစစ်ဆင်သည်ကို ကြုံတွေ့နေရပြီး ပြန်လှန်ထိုးစစ်ဆင်သော်လည်း လန်ကျနေသည့် စစ်မျက်နှာဖြစ်၏။ စစ်ကောင်စီတပ်မှ စစ်ပြေး များလာသည်ကို တွေ့ရသည်။

    ဧရာဝတီ စစ်မျက်နှာ

    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှစ၍ AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဧရာဝတီ စစ်မျက်နှာသို့ ထိုးဖောက်စစ်ဆင်သည်ကို တွေ့ရသည်။

    သာပေါင်းမြို့နယ်‌၊ ရေကြည်-ငသိုင်းချောင်းမြို့နယ်၊ အင်္ဂပူ-လေးမျက်နှာ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရ၏။

    သာပေါင်းမြို့နယ်တွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တိုက်ပွဲများဖြစ်ပွားပြီး နောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်နေသည်။ ရေကြည်-ငသိုင်းချောင်း မြို့နယ်အတွင်း မြောက်စမ်းအ‌ခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ ၃၄၄) ကို ဗဟိုပြု၍ ‌ဖေဖော်ဝါရီလမှစပြီး ဩဂုတ်လဆန်း အချိန်အထိ စစ်တပ်နှင့် AA, ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည်ကို တွေ့ရသည်။

    အင်္ဂပူ-လေးမျက်နှာ မြို့နယ်အတွင်း ပုသိမ်-မုံရွာ ကားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လမှစ၍ ဩဂုတ်လအထိ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်ကို တွေ့ရသည်။ စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း‌၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို တွေ့နေရ၏။

    စစ်တပ်သည် ပုသိမ်-မုံရွာ ကားလမ်းမြောက်ဘက် ကွင်းကောက်၊ မဲဇလီတို့တွင် ခံစစ်ပြင်ထားသကဲ့သို့ ၎င်းစစ်မျက်နှာ၏ အရှေ့ဘက်ရှိ ဧရာဝတီမြစ်၊ ငဝန်မြစ်တွင်း၌ ရေတပ်သင်္ဘောများ ချထားပြီး ပစ်ကူပေးရန်နှင့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းကြား ဖြတ်တောက်ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။

    တဖက်ကလည်း ရေကြည်၊ ကျုံ‌ပျော်မှတဆင့် မြောက်စမ်းနှင့် ပုသိမ်- မုံရွာ ကားလမ်းတလျှောက် စစ်အင်အားဖြည့်တင်းပြီး ပြန်လည် ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။

    ဩဂုတ်လဆန်း နောက်ဆုံးသတင်းများအရ AA က လေးမျက်နှာမြို့နယ်တွင်းရှိ ပန်းတောကြီး၊ စက်စက်ယိုနှင့် ရွာအချို့၊ ပုသိမ်-မုံရွာ ကားလမ်းမ တစိတ်တပိုင်းတို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်က ပြန်လည် ထိုးစစ်ဆင်သော်လည်း တိုးမပေါက်ဟုသိရသည်။

    ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာ

    ၂၀၂၄ ခုနှစ် မောင်တောကျပြီးနောက် စစ်တပ်နှင့် ပူးပေါင်းခဲ့ကြသည့် စစ်တပ်လက်အောက်ခံ မွတ်စလင်ပျူစောထီးအဖွဲ့များဖြစ်ကြသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) စသည့် မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ဒုက္ခသည်စခန်းများသို့ ဆုတ်ခွာပြီး လူသူလက်နက်စုဆောင်းကာ ဘူးသီးတောင်၊ မောင်တောဒေသ မယူတောင်တန်းကို အခြေပြု၍ AA အား တိုက်ခိုက်ရန် ကြံစည်ကို တွေ့ရသည်။

    လက်တွေ့တွင်လည်း ၂၀၂၅ ခုနှစ်အတွင်း မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်စပ်တလျှောက်မှ စိမ့်ဝင်ခြင်း၊ ဒေသခံအရပ်သားများကို တိုက်ခိုက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။

    သို့ဖြစ်ရာ AA သည် မောင်တောတိုက်ပွဲပြီးကတည်းက ထိုဖြစ်လာနိုင်ခြေကို တွက်ဆပြီး မောင်တော၊ ဘူးသီးတောင်ဒေသ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် လုံလောက်သည့် စစ်အင်အားကို ချထားပြီး နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးအား မပြတ်လုပ်ကိုင်နေရသည်ကို တွေ့ရသည်။ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်ကို တွေ့ရသည်။ ထိုစစ်မျက်နှာတွင် တိုက်ပွဲကြီးများ မတွေ့ရသော်လည်း AA သည် လုံလောက်သည့် စစ်အင်အားကို ချထား၏။ AA အတွက် အလေးထား အာရုံစိုက်ရသည့်၊ ပေါ့ဆမရသည့် စစ်မျက်နှာတခုဖြစ်သည်။

    အခြားစစ်မျက်နှာများ

    ရခိုင်သည် ကီလိုမီတာ ၅၀၀ ကျော် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းရှိရာ စစ်တပ်အနေဖြင့် ရေတပ်ကမ်းထိုးရေယာဉ်များ အသုံးပြု၍ မောင်တောမှ ဂွအထိ ပင်လယ်ကမ်းရိုးတန်းတလျှောက် ထိုးစစ်ဆင်နိုင်သည်။ လက်ရှိတွင်လည်း သံတွဲ၊ ရမ်းဗြဲကျွန်း ကျောက်နီမော်၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မောင်တောတို့ကို ထိုးစစ်ဆင်မည်ဟု ခြိမ်းခြောက်နေသည်ကို တွေ့ရသည်။

    စစ်တပ်သည် လက်တွေ့ စစ်ဆင်မည်ထက် စိတ်ဓာတ်စစ်ဆင်ရေးကို ယခုတလော ပိုလုပ်နေကြောင်း တွေ့ရ၏။ ကျောက်ဖြူတွင် တိုးမပေါက်သည့်အချိန်၌ ရမ်းဗြဲကျွန်းအနောက်ဘက်ရှိ ကျောက်နီမော်ဘက်မှ ကမ်းတက် ထိုးစစ်ဆင်မည်ဟုလည်းကောင်း၊ သံတွဲအား ထိုးစစ်ဆင်မည်ဟုလည်းကောင်း ခြိမ်းခြောက်ဝါဒဖြန့်နေသည်ကို တွေ့ရသည်။ ဩဂုတ်လ ၂ ရက် ညနေက သံတွဲရှိ ဂျိတ္တောအား ရေတပ်မှ လက်နက်ကြီးနှင့် အယောင်ပြပစ်ခတ် အာရုံစိုက်မှု ရယူပြီး ဩဂုတ်လ ၃ ရက်နေ့တွင် ကျောက်ဖြူထိုးစစ် ပြန်လည်စတင်သည်ကို တွေ့ရသည်။

    စစ်တပ်သည် လောလောဆယ်တွင် ပင်လယ်ကမ်းရိုးတန်း ကမ်းတက်စစ်ဆင်ရေးကို ဝါဒဖြန့်စစ်ဆင်ရေး ပြုလုပ်နေသကဲ့သို့ တချိန်တွင် တကယ်တမ်း ပြုလုပ်လာနိုင်သည်။ သို့သော် AA အနေဖြင့် ကမ်းတက်လာနိုင်သည့် နေရာများကို ‌‌မှန်းဆသုံးသပ်၍ သတ်ကွင်းပြင် ချေမှုန်းနိုင်သည့် အခွင့်အရေးရှိ၏။

    ယခင် ပင်လယ်မှ ရေကြောင်းနှင့် လေကြောင်းပစ်ကူ ပေးသော်လည်း ပင်လယ်ကမ်းရိုးတန်းတလျှောက်ရှိ စစ်တပ်၏ အခိုင်အမာစခန်းများကိုပင် ချေမှုန်းခဲ့သည်ဖြစ်ရာ ယခု ကမ်းတက်ထိုးစစ်ဆင်မည့်ဆိုသည့်တပ်များ အခြေမကျမီ၊ အခိုင်အမာခြေကုပ်မယူနိုင်မီ ချေမှုန်းနိုင်သည့် အခွင့်အရေးက ပိုကောင်းသည်ဟု ဆိုနိုင်သည်။

    ကမ်းတက်ထိုးစစ်ဆင်မည့် စစ်တပ်အဖို့ ဆုတ်လမ်းမရှိရာ တပ်သားသစ်များပြားသည့် စစ်တပ်အတွက် အမှားမခံပေ။ AA အနေဖြင့် ကောင်းစွာပြင်ဆင်ခြင်း၊ သတင်းထောက်လှမ်းခြင်းတို့ဖြင့် လက်ဦးမှု ရယူချေမှုန်းနိုင်မည်။ အလွယ်တကူ ချေမှုန်းရန် အခွင့်အလမ်းသာမည်။ စစ်တပ်အတွက် ကမ်းတက်စစ်ဆင်ရေးသည် အပြောလွယ်၍ ဝါဒဖြန့်ရန် ကောင်းသော်လည်း လက်တွေ့တွင် ခက်ခဲ၏။ တတပ်လုံး ပြုတ်သွားနိုင်၏။

    AA ၏ တိုက်စွမ်းရည်

    လက်ရှိတွင် စစ်တပ်သည် ကျောက်ဖြူတွင် စစ်မျက်နှာ သုံးခုဖွင့်၍ AA အား ထိုးစစ်ဆင်နေသကဲ့သို့ အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွတောင်ကြား စစ်မျက်နှာသုံးခုတွင် စစ်အင်အား အများအပြားသုံး၍ ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။

    ထို့ပြင် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိ မြို့များအားလည်း လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ကြည်းတပ်နှင့် ရေတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေ၏။ ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်တပ်လက်ဝေခံ မွတ်စလင်ပျူစောထီးအဖွဲ့များအား ရင်ဆိုင်တိုက်ခိုက်နေရ၏။ ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ မြို့များအား ရေကြောင်းအသုံးပြု၍ ကမ်းတက်ထိုးစစ်ဆင်မည်ဟု ခြိမ်းခြောက်နေသည်ကို တွေ့ရသည်။

    ယခု စစ်တပ်က ပြန်လည် ထိုးစစ်ဆင်‌နေသည့်အထဲတွင် AA သည် နှိုင်းယှဉ်ချက်အရ ပို၍များပြားသည့် စစ်မျက်နှာများ၊ ပို၍ရှည်လျားသည့် စစ်မျက်နှာများတွင် ပို၍များပြားသည့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်နေရ၏။

    စစ်တပ်က တပ်မတခုလုံး အသုံးပြုပြီး ထိုးစစ်ဆင်နေသည်ကို AA အား ထိုးစစ်ဆင်ရာတွင်သာ တွေ့ရ၏။ သို့သော် AA သည် ရန်သူ့ထိုးစစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်သည်ကို တွေ့ရသည်။ သိမ်းပိုက်ထားသည့် စခန်းများ၊ မြို့များ လက်လွှတ်ဆုံးရှုံးရမှု လုံးဝမရှိသေးပေ။

    သို့ဖြစ်ရာ စစ်တပ်၏ လေကြောင်းပစ်ကူကြောင့်၊ လက်နက်ကြီးပစ်ကူကြောင့်၊ ခေတ်မီဒရုန်းတိုက်ခိုက်မှုကြောင့် စသည့် မည်သည့်အကြောင်းပြချက်ကမှ AA အား အနိုင်ယူနိုင်ခြင်း မရှိပေ။ စစ်မြေပြင်များတွင် စစ်တပ်၏ ဒရုန်းများကိုပင် ပစ်ချသည်ကို တွေ့နေရသည်။

    ဤအချက်သည် AA စနစ်ကျ လေ့ကျင့် စည်းရုံးစုဖွဲ့ထားနိုင်မှု၊ အမိန့်နာခံမှု အားကောင်းမှု၊ အခြေပြုစခန်းချရာ နေရာတိုင်းတွင် ကတုတ်ကျင်း၊ ဘန်ကာ၊ လိုဏ်ခေါင်းတူးရာတွင် မခိုမကပ်ဘဲ အပင်ပန်းခံနိုင်မှု၊ တိုက်ရည်ခိုက်ရည်ကောင်းမှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိရှိမှုတို့အပြင် ပြီးခဲ့သည့်ကာလများအတွင်း AA ၏ တိုက်စွမ်းရည်ကို ကိုယ်တွေ့ကြုံခဲ့ရသည့် စစ်တပ်၏ တုန်လှုပ်ခြောက်ခြားနေမှုများကြောင့်လည်း ဖြစ်သည်ဟု ဆိုရပါမည်။

    ✍အေးချမ်းဆု

  • ပြည်သူ​တွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံ

    ပြည်သူ​တွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံ

    စစ်တပ်က ပြည်သူ​တွေကို လူသားဒိုင်းဘယ်လိုလုပ်တယ်ဆိုတာ ပြတဲ့ ရုပ်သံအ​ထောက်အထားထွက်​ပေါ်

    လူသားဒိုင်းဆိုတဲ့ စကားလုံးဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ စကားလုံးတစ်ခုပါ။ အထူးသဖြင့် အညာအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ မကြာခဏ ကြားနေကြရတာပါ။

    ထင်တိုင်းကြဲနေတဲ့ အာဏာလု စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးပြီဆိုရင် စစ်ကြောင်းတလျှောက် ရွာတွေက ပြည်သူတွေ ကြီးကြီးငယ်ငယ်၊ ကလေးပါမချန် ကျားမ မရွေး ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းလုပ်လေ့ရှိတယ်။

    ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့ကဆိုရင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့​နေတဲ့ စစ်ကောင်စီတပ်က ဒလမဲရွာကအသက် ၁၆ နှစ်ဝန်းကျင်ဆယ်တန်းကျောင်းသူတွေအပါအဝင် ရွာသူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။

    တကယ်တော့ တိုင်းရင်းသားဒေသတွေမှာ လူသားဒိုင်းဆိုတဲ့ စကားလုံးက နားရည်ဝနေခဲ့တာ နှစ်ပေါင်း ကြာရှည်လှပါပြီ။ မြေပြန့်က ပြည်သူတွေ လူသားဒိုင်း အလုပ်ခံခဲ့ရတဲ့ ရုပ်သံမှတ်တမ်းတစ်ခု ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ထွက်ပေါ်လာခဲ့ပါတယ်။

    အဲဒီ ရုပ်သံမှတ်တမ်းကို မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်း (Meikhtila Special Force)ကနေ ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဇူလိုင်လ ၉ ရက်နေ့က မိတ္ထီလာခရိုင်အတွင်းမှာ အမြန်လမ်း မိုင်တိုင် ၃၁၇ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေချိန် ကျေးရွာတရွာအနီးမှာ ပြည်သူတွေကို လူသားဒိုင်းလုပ်ခဲ့တာဖြစ်ကြောင်း မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

    လူသားဒိုင်းအလုပ်ခံရသူတွေကတော့ တအုန်းအုန်းတဒိုင်းဒိုင်းကြားထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ ကောက်စိုက်နေကြသူတွေ၊ လယ်လုပ်ကြသူတွေ ဖြစ်နေခဲ့ပါတယ်။

    ရုပ်သံမှတ်တမ်းမှာ လက်နက်တွေနဲ့ စစ်ကောင်စီတပ်သားတွေက ပြည်သူ ၅ ဦးထက်မနည်းကို လက်ပြန်ကြိုးတွေတုပ်ပြီး ရှေ့ကပြေးခိုင်းခဲ့တယ်။ ပြည်သူတွေဟာသူတို့ပြေးခိုင်းတဲ့အတိုင်း ကြောက်ကြောက်လန့်လန့်နဲ့ ပြေးနေကြတာတွေ့ရတယ်။

    ထပ်မံရရှိတဲ့ ရုပ်သံမှတ်တမ်းမှာတော့ ပိုဆိုးသွားခဲ့ပါပြီ။ ပြည်သူတွေကို နှစ်ဘက်ပစ်ခတ်နေတဲ့ကြား စစ်မျက်နှာပြင်အလယ်မှာ ထိုင်ခိုင်းထားတာဖြစ်ကြောင်း မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ နောက်မှသိရတာက ထိုင်ခိုင်းထားတဲ့ ပြည်သူတွေဟာ အမျိုးသားငါးဦးတင််မက အမျိုးသမီးနှစ်ဦးပါ ပါဝင်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ပြည်သူပါမှန်းသိတဲ့အခါ တိုက်ပွဲကို ရပ်တန့်လိုက်ရကြောင်း မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

    “ကျွန်တော်တို့ အချိန်မီသိနိုင်ပြီး တိုက်ပွဲ ရပ်တန့်နိုင်တဲ့အခါ တော်သေးတာပေါ့။ မဟုတ်ရင်ကျ တိုက်ပွဲအလယ်မျိုးကော ရှေ့ကနေ ပြေးခိုင်းနေတာမျိုးကတော့ အတော့ကို အန္တရာယ်များတာ”လို့ မိတ္ထီလာခရိုင်တပ်ရင်း ၃ ရဲ့ ဒုတပ်ရင်းမှူး Kellyo က ပြောပါတယ်။

    စစ်တပ်ကပြည်သူ​တွေကိုလူသားဒိုင်းလုပ်တဲ့ အ​ထောက်အထား ရုပ်သံတချို့ကို မိတ္ထီလာခရိုင် အမှတ် (၃)တပ်ရင်း က ဒရုန်းနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ် ။

    အဲဒီနေ့ကတော့ လူသားဒိုင်းအလုပ်ခံရတဲ့ ပြည်သူတွေ ကံကောင်းခဲ့တယ်ဆိုရမှာပါ။ တိုက်ပွဲဆက်မဖြစ်တော့လို့ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ချိန် ပြန်လွှတ်ထားခဲ့တယ်လို့ သိရတယ်။

    ဒါပေမယ့် အခုသြဂုတ်လထဲမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းတွေဆက်ထိုးနေပြီး ထိုးတိုင်းလည်း ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

    “ဒီရက်ပိုင်းစစ်ကြောင်းဆိုအယောက် ၃၀ လောက်ထိ ခေါ်သွားတာမျိုးပါရှိနေပါတယ်”လို့ မိတ္ထီလာခရိုင်အတွင်းက ဒေသခံတဦးက ပြောပါတယ်။

    ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ခပ်ဝေးဝေးနေဖို့ ကာကွယ်ရေးရဲဘော်တွေက အကြံပေးပါတယ်။

    “အခုချိန်ထိလည်း စစ်ကြောင်းထိုးတိုင်းလည်း ပြည်သူကို ဆွဲခေါ်ပြိး လူသားဒိုင်း လုပ်နေဆဲပဲ။ အဲဒီတော့ စစ်က ထီလာခရိုင်အတွင်းလည်း ရောက်လာနေပြီမို့ တဖက်က အဆိုးဝါးဆုံးသော လုပ်ရပ်တွေ ကြုံနိုင်တာမို့ သတိထားပြီး ခပ်ဝေးဝေးကနေဖို့ အသိပေးလိုပါတယ်”လို့ မိတ္ထီလာခရိုင်တပ်ရင်း ၃ ရဲ့ ဒုတပ်ရင်းမှူး Kellyo က ပြောပါတယ်။

    “ပြည်သူတွေကတော့ ဘယ်အချိန် စစ်ကြောင်းထိုးမလဲ၊ ငါ့များ ဘယ်ခေါ်သွားမလဲနဲ့ လယ် တောက် ကျီးလန့်စာစားလုပ်နေရပါတယ်”လို့ဒေသခံအမျိုးသားတဦးက ပြောလိုက်ပါတယ်။ ။

    ရုပ်သံ-မိတ္ထီလာခရိုင် အမှတ် (၃) တပ်ရင်း

  • ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

    ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်

    တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၌ ပျူ စောထီး အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော စစ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ပွဲအတွင်း ပဲ့တိုင်ကျေးရွာ အရှေ့ဘက်ရှိ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “စခသေဆုံးထိခိုက်မှုက မသိရသေးပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် စုံစမ်းလို့ မရ သေးဘူး။ အင်အားက ၂၀ ကျော်ပဲ ရှိတာပါ။ ပျူတွေက ဘန်ကာထဲကနေ နေရာယူထားတာဆိုတော့ တိုက်ခိုက်ရတာ ခက်ခဲတာရယ်၊ သင်္ဘောပေါ်ကလည်း ပစ်ကူအား ကောင်းတာရယ်ကြောင့် ပြန်ဆုတ် ခဲ့ရတာပါ။ လက်နက်ကြီးပစ်ကူကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိပါဘူး” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက တိုက် ခိုက်ခဲ့ ခြင်းဖြစ်ပြီး ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း တိုက်ပွဲ ဖြစ်ပွားပါက သတိဖြင့်ရှောင်ရှားနေထိုင်ကြပါရန်နှင့် စစ်သား၊ ရဲ၊ ပျူစောထီးများနှင့်ဝေးဝေးနေထိုင် ပေးကြပါရန်တိုက်တွန်းထားသည်။

  • စစ်ကြောင်းကို လမ်းပြ ခေါ်ဆောင်လာသည့် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    စစ်ကြောင်းကို လမ်းပြ ခေါ်ဆောင်လာသည့် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို လမ်းပြ ခေါ်ဆောင်လာသည့် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    (more…)