Author: Admin-501

  • Bad Shabbos

    Bad Shabbos

    Bad Shabbos (2025)

    ဒီကားလေးကတော့ 2024 ကပဲထွက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ David (Jon Bass) နဲ့ Meg (Meghan Leathers) ဆိုတဲ့ စေ့စပ်ထားတဲ့ စုံတွဲတစ်တွဲရှိပါတယ်။ သူတို့က ဘာသာခြားတွေပေါ့။ Meg က ကက်သလစ်ကနေ ဂျူးဘာသာကို ကူးပြောင်းဖို့ စဉ်းစားနေတဲ့သူပါ။

    သူတို့ရဲ့ မိဘနှစ်ဖက် ပထမဆုံး တွေ့ဆုံမယ့်ပွဲက David ရဲ့ ရိုးရာဓလေ့အတိုင်းလုပ်တဲ့ Shabbos ညစာစားပွဲလုပ်ကြတယ်ပေါ့။ အစကတော့ အေးအေးဆေးဆေး စားသောက်ကြမယ့် မိသားစုတွေ့ဆုံပွဲလေးပါပဲ။

    ဒါပေမဲ့ ဒီပွဲကို David ရဲ့ ညီမ Abby (Milana Vayntrub) ရဲ့ ချစ်သူ Benjamin (Ashley Zukerman) ပါ တက်ရောက်လာတော့မှ ဇာတ်လမ်းက စရှုပ်ပါတော့တယ်။ မထင်မှတ်ထားတဲ့ မတော်တဆသေဆုံးမှုတစ်ခု ဖြစ်သွားပါတယ်။

    ဒီတော့ ဒီ ဂျူးမိသားစုတစ်စုလုံးဟာ မတော်တဆဖြစ်ရပ်ကို ဖုံးကွယ်ဖို့၊ ပြီးတော့ Meg ရဲ့ မိဘတွေ ရောက်မလာခင် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း ရယ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ရှုပ်ထွေးမှုတွေဆက်တိုက် ဖြစ်လာတော့တာပါပဲ။

    ဒီရုပ်ရှင်က မိသားစုပြဿနာတွေ၊ ဘာသာရေး ကွဲပြားမှုတွေနဲ့ ပတ်သက်တဲ့ Dark Comedy အမျိုးအစားပါ။

  • အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်

    အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်

    အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သား ခရီးသွားပြည်သူလူထုများကို ခြုံခိုတိုက်ခိုက်

    အကြမ်းဖက်သတ်ဖြတ်သွားသည့် လုပ်ရပ်များနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏ သား ကိုထွန်းဝင်း (၃၀) နှစ် သည် ၎င်း၏ ခရီးသည်တင်ကားဖြင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး စသည့် အခြေခံလူသုံးကုန်ပစ္စည်းများဝယ်ယူ၍ ပြန်လာသည့် ဒေါ်ဝေဝေစိုး (၃၀) နှစ်၊ ဒေါ်နိုင်နိုင်ဆွေ (၄၀) နှစ်၊ ဒေါ်ဝေဝေစိုး၏သမီး မခိုင်မြတ်မွန် (၃) နှစ် နှင့် မောင်သန်းထွီး (၂၅) နှစ် စုစုပေါင်း ကားသမားအပါအဝင် ခရီးသည် (၅) ဦးကိုတင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်သို့ ထွက်ခွာလာခဲ့သည်။

    အဆိုပါ ခရီးသည်တင်ကားသည် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက် တံတားအနီးတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကားပေါ်၌ပါလာသော ခရီးသည် (၅) ဦးနှင့် ကားမောင်းသမားများအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်သွားခဲ့သည်။

    အာရက္ခတပ်တော်မှ အခင်းဖြစ်ပျက်ရာနေရာသို့သွားရောက်ပြီး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေလျက်ရှိရာ အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ ခရီးသည် (၅) ဦးထဲမှ ဝေဝေစိုး၊ အသက် (၃၀) နှစ်နှင့် နိုင်နိုင်ဆွေ၊ အသက် (၄၀) နှစ်တို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန် အသက် (၃) နှစ်ကို မိခင်၏ အလောင်းဘေးတွင် အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်။

    ထို့နောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသော ကားမောင်းသူ ကိုထွန်းဝင်း၊ ခရီးသည် မောင်သန်းထွီး (၂၅) နှစ် တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့သည်။

    ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်၍ ထွက်ပြေးသွားကြသော စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်များကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းကာ ဒေသအတွင်းအကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိပါသည်။

    အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO လက်နက် ကိုင်အဖွဲ့ဝင်များသည် အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့ အာရက္ခမိဘပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် နယ်စပ်ရှိ မိဘပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာသည့်အချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမည့် အရေးကြီးကိစ္စများရှိပါကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာ အနီးစပ်ဆုံးနေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြပါရန် လုံခြုံရေးအရ ထပ်မံ သတိပေးအပ်ပါသည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်

  • First Moon

    First Moon (2025)

    ဂျက်စီကာလို့ခေါ်တဲ့ ဘားတစ်ခုမှာစားပွဲထိုးတစ်ယောက်အနေနဲ့အလုပ်ဝင်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်ဟာ တစ်ညမှာ ဘာသာရေးဂိုဏ်းတစ်ခုကနေ သူ့ကို သမန်းဝံပုလွေရောဂါကူးစက်ခံထားလို့သံသယဝင်ပြီး ပြန်ပေးဆွဲခဲ့ပါတယ်။

    ဖြစ်ချင်တော့ ဂျက်စီကာနေတဲ့နေရာအနီးအနားတစ်ဝိုက်မှာ လတ်တလော လူတွေပျောက်ပျောက်နေပါတယ်။ ဒါ့အပြင် အဲဒီဘာသာရေးဂိုဏ်းဟာလည်း ဟိုးကတည်းက သမန်းဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကေးလက်ဘ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကိုလိုက်ဖမ်းနေခဲ့တာပါ။

    ကေးလက်ဘ်ဟာ လပြည့်ချိန် ဒါမှမဟုတ် လတစ်လရဲ့ လဆန်းချိန်တွေရောက်လာတိုင်း ရမ္မက်စိတ်ပြင်းပြီး တခြားအမျိုးသမီးတွေနဲ့ အတူလိုက်နေကာ သမန်းဝံပုလွေရောဂါကို ကူးစက်စေခဲ့ပါတယ်။ ဒီလိုနဲ့ ထပ်ဆင့်ထပ်ဆင့်ကူးစက်လာတဲ့ ကူးစက်ရောဂါအကြောင်းသိနေတဲ့ ဘာသာရေးဂိုဏ်းဟာ ဂျက်စီကာ့ကိုပါ အကြောင်းအမျိုးမျိုးကြောင့် ကေးလက်ဘ်နဲ့ဆုံပြီး ရောဂါကူးစက်ခံထားရတယ်လို့ထင်ပြီး ပြန်ပေးဆွဲတဲ့လူတစ်စုထဲခေါ်လာခဲ့ပါတယ်။

    အစမှာတော့ ဂှက်စီကာဟာ စိတ္တဇအစွန်းရောက်ဂိုဏ်းတစ်ခုရဲ့ မသမာမှုကိုခံနေရတယ်လို့ ထင်ခဲ့ပေမယ့် အချိန်ကြလာတာနဲ့အမျှ သူကိုယ်တိုင်မူမမှန်ဘူးလို့ သိလာတဲ့အချိန်မှာ ဒီအဖြစ်ဆိုးကြီးကို သူကိုယ်တိုင် မယုံနိုင်ဖြစ်လာပါတော့တယ်။

  • Bone Lake

    Bone Lake (2025)

    ဒီကားက လူ ၄ ယောက်ထဲနဲ့ ရိုက်ထားပေမဲ့ အတော်လေးကြမ်းတဲ့ Psychology Horror ကားလို့ပြောရမယ်။

    ဇာတ်လမ်းစထဲက ဘယ်သူက လူကောင်းလူဆိုးသိနေပေမဲ့…လူတွေရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ မသိစိတ်တွေ မျက်ကွယ်ရာတွေ မလုံခြုံမှုတွေကို အသက်ရှူကြပ်ချင်စရာကောင်းအောင် ရိုက်ပြထားတယ်။

    ဇာတ်လမ်းမှာ Sage နဲ့ Diego ဆိုတဲ့ လင်မယားက Romantic အားလပ်ရက်ခရီးထွက်လာရင်း အရိုးရေကန်ဆိုတဲ့ ခြံကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးမှာ တစ်ပတ်တာငှားလိုက်ကြတယ်။

    ဖြစ်ချင်တော့ ဒီအိမ်ကို Will နဲ့ Cin ဆိုတဲ့ စုံတွဲကလည်း မကြာခင် ရောက်လာပြီး ဘွတ်ကင်လုပ်ပြီးသားဖြစ်နေတဲ့အတွက်…အိမ်ရှင်အမှားဖြစ်နေတဲ့အတွက် ညှိနှိုင်းပြီး ပေါင်းနေကြဖို့ သဘောတူလိုက်ကြတယ်။

    လူငယ်စုံတွဲ ၂ တွဲ ခင်မင်သွားကြပေမဲ့ နောက်ပိုင်းမှာ စိတ်ကစားမှုတွေ၊ မလုံခြုံမှုတွေ အတိတ်က ရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကနေ သူတို့ ၄ ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ စမ်းသပ်ချက်ကြီးတစ်ခုလိုဖြစ်လာတယ်။

    နောက်မှဝင်လာတဲ့ ဝယ်လ်နဲ့ စင်ဒီစုံတွဲကလည်း သာမန်စုံတွဲမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေဖြစ်နေတာကိုသိလိုက်ရတဲ့အခါ၊ ဆေ့ဂ်နဲ့ ဒီယေဂိုကို ဘာဆက်ဖြစ်သွားမှာလဲ စိတ်လှုပ်ရှားစွာကြည့်ရမှာပါ။

    (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • မီးနီဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့  တယောက်သေပြီး  ခြောက်ယောက်ဒဏ်ရာရ

    မီးနီဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့ တယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

    ရန်ကုန်မှာ မီးနီဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့ တယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

    ရန်ကုန် ၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့၊ မနက် ၈ နာရီကျော်လောက်မှာ မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး တယောက်သေဆုံးကာ နောက်ထပ် ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

    ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ နှစ်ယောက်ပါဝင်ကြောင်း ၊ ဦးခေါင်းထိခိုက်မိသူက သုံးယောက်ပါဝင်တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှုတွေခံယူနေရတယ်လို့သိရပါတယ်။

    “အောက်ဆိုက်ကားက မီးနီဖြတ်မောင်းလာပြီး မျက်နှာချင်းဆိုင်ကလာတဲ့တက္ကစီကိုရှောင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းတွေတိုက်ပြီးမှောက်သွားတာ။ယာဥ်မောင်းသေတယ်။ ခေါင်းခန်းထဲက နောက်ထပ်အမျိုးသားက အနီရောင်အဆင့် ၅၀ – ၅၀ ပဲ။အခြေအနေမကောင်းဘူး ။နောက်ခန်းက အမျိုးသမီးတယောက်လည်း အနီရောင်အဆင့်ပဲ။ ကျန်လေးယောက်မှာတော့ သုံးယောက်ကခေါင်းထိတယ်။” လို့ ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောပါတယ်။

    ယာဥ်တိမ်းမှောက်မှု သေဆုံးတဲ့အမျိုးသားက ယာဥ်မောင်းဖြစ်ပြီး အသက် ၄၀ လောက်အရွယ်ဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာရသူတွေကတော့ ခရီးသည်တွေဖြစ်တယ်လို့သိရပါတယ်။

    ဇူလိုင် ၁၆ ရက်ကလည်း အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်း​မပေါ်၊အောင်ဆန်းစျေးအကျော်မှာ ညဘက်အောက်ဆိုက်ပြေးဆွဲတဲ့ အောက်ဆိုက်ကား နဲ့ YBS 77 ကားတို့ တိုက်မိပြီး ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    အောက်ဆိုက်ကား အများစုဟာ ရန်ကုန်မြို့ထဲ နဲ့ ရွှေပြည်သာ ၊လှိုင်သာယာ၊ အင်းစိန်ကို ညဘက်နဲ့ မနက်အစောပိုင်းတွေမှာ ပြေးဆွဲမှုရှိကြောင်း သိရပါတယ်။

    ရန်ကုန်မှာ တရားမဝင်ပြေးဆွဲနေတဲ့ အောက်ဆိုက်ကားအများစုဟာ ယာဥ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုမရှိဘဲ မီးနီးဖြတ်မောင်းခြင်း ၊ ကားအချင်းချင်း လုမောင်းခြင်း ၊ ယှဥ်ပြိုင်မောင်းခြင်း ၊ အပြောအဆိုစရိုက်ကြမ်းခြင်း ၊ ခရီးသည်အပေါ် ရိုင်းစိုင်းခြင်း စတဲ့ ယာဥ်စည်းကမ်းဖောက်ဖျက်မှုအများဆုံးဖြစ်တာကြောင့် အောက်ဆိုက်ကားပြေးဆွဲမှုအပေါ် အရေးယူပေးဖို့ ခရီးသွားပြည်သူတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

    အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်နဲ့ တောင်ဥက္ကလာမြို့နယ်၊ အင်းစိန်မြို့နယ် တို့မှာ ယာဥ်တိုက်မှုဖြစ်ပွားပြီး တယောက်သေဆုံးက ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

    အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းကလည်း ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းမမှာ ယာဥ်သုံးစီးဆင့်တိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

    အောက်တိုဘာ ၁၆ ရက်ကလည်း ရန်ကုန်၊ ပြည်လမ်းမပေါ်မှာ ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။

    ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်း