Author: Admin-501

  • အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ

    အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ

    ကရင်ပြည်နယ်က ကရင်နယ်ခြားစောင့်တပ် (BGF) နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပမယ့်ပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ သာဒီးလူ၊ Bobby Soxer နဲ့ ယွန်းမြတ်သူ တို့ သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

    အဆိုပါပွဲဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ကျားဖြန့်တွေ လည်ပတ်နေတယ်လို့ နာမည်ကြီးနေတဲ့ ရွေကုက္ကိုလ်မြို့က ရထိုက်ဟော်တယ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ကျင်းပမှာဖြစ်ပြီး ပွဲအစီအစဉ်ကို တရုတ်လိုပဲ ကြေညာထားတာ တွေ့ရပါတယ်။

  • မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း

    မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း

    မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည်

    မွန်ပြည်နယ်တွင် တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်း၍ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တပ်ဖွဲ့ ၄ ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    ” ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေ မကြာခင် စနိုင်မှာပါ”ဟု ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။

  • အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့  တက်ရောက်ခွင့်မပြု

    အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု

    အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု၊ ပဋိပက္ခများအတွင်း ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဟု စစ်ကောင်စီကို သတိပေး

    “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ ”

    အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ဆက်လက် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါအစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်သည်။

    အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့ မလေးရှားနိုင်ငံ၊ လန်ကာဝီတွင် ကျင်းပ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ စစ်အာဏာ သိမ်း စကတည်းက စစ်ကောင်စီကို အာဆီယံက အရေးယူထားသည့် မူဝါဒကို ဆက်လက် သက်တမ်းတိုး ကျင့်သုံးခြင်းလည်းဖြစ်သည်။

    ထို့ပြင် မြန်မာနိုင်ငံမှ စစ်ကောင်စီကိုယ်စား နိုင်ငံရေးရာထူး ရယူထားခြင်းမဟုတ်သော အဆင့်နှိမ့်ချထားသော စစ်ကောင်စီ နိုင်ငံခြားရေး အရာရှိတစ်ဦးက အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်ခဲ့ပြီး ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီားများသို့ ရှင်းပြခဲ့ကြောင်း၊ သို့ရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြည်တွင်းစစ် ပြင်းထန်နေချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန်မှာ ဦးစားပေး မဖြစ်သင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်နှင့် ပစ်ခတ်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းပြောဆိုသည်။

    “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲက ကျနော်တို့ရဲ့ ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ရဲ့ ဦးစားပေးက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ပါပဲ။ မလေးရှားအနေနဲ့ မြန်မာက ဘာတွေ စိတ်ထဲရှိနေလဲ သိချင်ပါတယ်။ ကျနော်တို့ သူတို့ကို ပြောတာက ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

    မြန်မာနိုင်ငံအနေဖြင့် တိုက်ပွဲများ ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်ကို ခွင့်ပြုပေးရန် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို အသိပေး ပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။

  • အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်

    ၂၀၂၄ ခုနှစ် စစ်ကောင်စီ၏ အခြေအနေကို သုံးသပ်ရမည်ဆိုပါက စစ်ကောင်စီ၏ သေရေး၊ ရှင်ရေးကို အဆုံးအဖြတ်ပေးသည့် မြန်မာစစ်တပ်၏ စစ်ရေးအခြေအနေကို ဦးစွာ သုံးသပ်ရပေမည်။

    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က ဟိုင်ဂင်သဘောတူညီချက်ဖြင့် တရုတ်တို့ ကယ်လိုက်သဖြင့် ရှမ်းမြောက်တွင် အပစ်ရပ်သွားပြီး စစ်တပ် အနည်းငယ် အသက်ရှူချောင်သွားခဲ့သော်လည်း ကျန်သည့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတို့တွင် စစ်ပွဲများ မရပ်တန့်ခဲ့ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။

    ရှမ်းမြောက်တွင်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်မှစ၍ ပြန်လည် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသည် စစ်ရေးအရ ထပ်မံ အထိနာခဲ့ပြန်၏။

    ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်အင်္ဂါစဉ်ထဲမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှစ်ခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ငါးခု အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့ ၁၆၄ ခု စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဗန်းမော်၊ မံစီ၊ ဖလမ်းတို့ ကျသွားပါက နောက်ထပ် စကခ ဌာနချုပ်တခုအပါအဝင် တပ်ရင်းတပ်ဖွဲ့ ၂၀ ခန့် စစ်အင်္ဂါစဉ်ထဲမှ ထပ်မံပျောက်ကွယ်ဦးမည်ဖြစ်၏။ (၂၀၂၅ နှစ်ဆန်းတွင် မံစီကျသွားပြီး တပ်ရင်းဌာနချုပ် သုံးခု စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်၏။)

    ထို့ပြင် ကျန်သည့် တပ်မ ၁၀ ခု၊ စကခ ၁၅ ခုနှင့် တိုင်းစစ်ဌာနချုပ် ၁၂ ခုတို့မှ တပ်အားလုံးနီးပါးမှာလည်း အထိနာနေသည်ကို တွေ့ရ၏။

    ထို့ပြင် ပြည်နယ်ခွဲရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ ရဲကင်းများ ရာနှင့်ချီ၍ ဆုံးရှုံးသွားခဲ့ပြီး ဖွဲ့စည်းပုံ ပျက်သွားပြီဖြစ်၏။ ရဲစခန်းများ ဆုံးရှုံးသွားခြင်းသည် နယ်မြေအများအပြား၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ပျက်သွားခြင်းကို ပြ၏။

    ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် တနှစ်လုံးတွင် ရမခ၊ နပခ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှ တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီးချုပ်၊ ဒကစမှူး၊ တပ်မ ၁၁၊ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၅၅၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁၊ စကခ ၁၊ စကခ ၇၊ စကခ ၉၊ စကခ ၁၂၊ စကခ ၁၄၊ စကခ ၁၅၊ စကခ ၁၆၊ စကခ ၁၇၊ စကခ ၁၉ တို့မှ တပ်မမှူး၊ စကခမှူးများ အပါအဝင် ဗိုလ်မှူးချုပ်နှင့် ဗိုလ်ချုပ်အဆင့် ၃၀ ခန့် စစ်မြေပြင်တွင် သေဆုံး၊ ဖမ်းမိ၊ လက်နက်ချ၊ ထွက်ပြေး၊ ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြသည့်အပြင် စစ်ရှုံးခြင်းကြောင့် နတခ၊ နပခ၊ လပခ တိုင်းမှူးသုံးဦးနှင့် စစ်တွေ ဒကစမှူးတဦး ရာထူးမှ ဖယ်ရှားခံခဲ့ရ၏။

    ဤသို့ ထိပ်တန်း ‌ဗိုလ်မှူးချုပ်အဆင့်နှင့်အထက် ၃၀ ကျော်ခန့် စစ်မြေပြင်တွင် အထိနာနေသည့်အပြင် စစ်သည်အင်အား သောင်းချီ သေဆုံးပြီး၊ သောင်းချီ၍ လက်နက်ချ အဖမ်းခံခဲ့ရ၏။

    ထို့ပြင် စစ်တပ်ထံမှ သံချပ်ကာကား၊ တင့်ကားများ၊ ၁၀၅ မမ၊ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များ၊ ၁၂၀ မမ မော်တာများအပါအဝင် မော်တာ အများအပြား၊ အတွဲလိုက်ပစ် ဒုံးပစ်စင်နှင့် ဒုံးကျည်များ၊ လေယာဉ်ပစ် စက်အမြောက်များ၊ ပုခုံးထမ်းလောင်ချာ RPG များ၊ လက်နက်ငယ်မျိုးစုံနှင့် ကျည်အများအပြားကို အစုံလိုက်အပုံလိုက် တော်လှန်ရေးတပ်ဖွဲ့များက ရရှိသွားခဲ့၏။

    အဆိုပါ စစ်ရေးအောင်ပွဲနှင့်အတူ တော်လှန်ရေးအင်အားစုများက မြို့ပေါင်း ၉၄ မြို့ သိမ်းထားပြီး တပြည်လုံး အတိုင်းအတာအရ စစ်တပ်၏ အလုံးစုံ ထိန်းချုပ်နိုင်စွမ်းမှာ တဝက်ပင် မရှိတော့ပေ။

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်သည့် သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် အစီရင်ခံစာအရ နိုင်ငံတဝန်း မြို့နယ် ၃၃၀ ရှိသည့်အနက် စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ပြီး သန်းခေါင်စာရင်း ကောက်နိုင်သည်က ၁၄၅ မြို့နယ်၊ ရာခိုင်နှုန်းအားဖြင့် ၄၄ ရာခိုင်နှုန်းသာ ရှိသည်ကို‌ တွေ့ရ၏။

    တစိတ်တပိုင်းသာ ထိန်းချုပ်ထားနိုင်ပြီး သန်းခေါင်စာရင်း ကောက်နိုင်သည်က ၁၂၇ မြို့ နယ်၊ ၃၈ ရာခိုင်နှုန်းရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်မြို့နယ် ၅၈ မြို့နယ်တွင် လုံးဝ သန်းခေါင်စာရင်း မကောက်နိုင်သည်ကို တွေ့ရ၏။

    ထို့ပြင် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ပြီး သန်းခေါင်စာရင်း ကောက်နိုင်သည်မှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်သာရှိ၏။

    ၁၃ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိ စာရင်း မကောက်နိုင်သည့် တိုင်းနှင့်ပြည်နယ် သုံးခု (ပဲခူး၊ မွန်၊ မန္တလေး)၊ ၄၄ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းအထိ စာရင်းမကောက်နိုင်သည့် တိုင်းနှင့် ပြည်နယ် ငါးခု (တနင်္သာရီ၊ ကရင်၊ မကွေး၊ ရှမ်း၊ ကချင်)၊ ၈၆ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ စာရင်း မကောက်နိုင်သည့် တိုင်းနှင့်ပြည်နယ် လေးခု (ရခိုင်၊ ကရင်နီ၊ စစ်ကိုင်း၊ ချင်း) ရှိသည်ကို တွေ့ရ၏။

    စာရင်း မကောက်နိုင်သည့် စစ်ကောင်စီ မထိန်းချုပ်နိုင်သော နေရာများဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အပါအဝင် နယ်မြေအများအပြား ထိန်းချုပ်နိုင်မှုကို စစ်ကောင်စီ ထပ်မံ လက်လွှတ်ရဖွယ်ရှိ၏။

    စစ်တပ်သည် စစ်လက်နက် ခဲယမ်းမီးကျောက် တပ်ဆင်နိုင်မှု၊ လေတပ်၊ ရေတပ် အသုံးပြုနိုင်မှုများတွင် တော်လှန်ရေးတပ်ဖွဲ့များထက် များစွာ သာလွန်၏။ သို့သော် ရင်ဆိုင်နေရသည့် ပြဿနာမှာ စစ်အင်အား မလုံလောက်မှုဖြစ်၏။

    တိုင်းပြည်အနှံ့၌ တော်လှန်ပုန်ကန်နေကြသည့်အပြင် ကျဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ၊ လက်နက်ချ၊ ထွက်ပြေး၊ ဘက်ကူးပြောင်းမှု များသည့်အတွက် စစ်အင်အား မရှိတော့။

    သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခဲ့ရာ သင်တန်းတပတ်လျှင် အင်အား ၄ ထောင်ခန့်ဖြင့် အပတ်စဉ် ရှစ်ခု ဖွင့်လှစ်ခဲ့၏။ အတင်းအဓမ္မ စုဆောင်းခြင်းကြောင့် တဖက်က လူထုဆန့်ကျင်ခြင်း ပိုခံရပြီး တဖက်ကလည်း တိုက်စိတ်ခိုက်စိတ် သိပ်လည်းမရှိ၊ တိုက်ရည်ခိုက်ရည်လည်း မရှိသည့် တပ်သားသစ်များဖြစ်လာ၏။ ထိုတပ်သားသစ်များကို သင်တန်းဆင်းသည်နှင့် ရှေ့တန်းတိုက်ပွဲပို့သဖြင့် ထွက်ပြေး၊ လက်နက်ချ၊ သေဆုံးသူများပြီး စစ်ရေးအရ အောင်မြင်မှုလည်း မရပေ။

    ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်သင်တန်း တက်ရောက်မည့်သူ နည်းပါးသွားရာ နှစ်စဉ် တပ်များသို့ အရာရှိအင်အား ဖြည့်တင်းခြင်း အပြည့်အဝ မပြုလုပ်နိုင်တော့ဘဲ ရေရှည် စစ်တပ် တည်ဆောက်ရေးအတွက် ပြဿနာကြီး ဖြစ်နေသည်။

    ဤသို့ ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရ ရှုံးနိမ့်မှုသည် စစ်တပ်အတွက် တနှစ်တာ ဆိုးဝါးမှုသက်သက်သာ မကဘဲ ၂၀၂၅ နှစ်တွင် ပို၍ ဆိုးဝါးသည့် အခြေအနေအား ဆက်လက် တွေ့ကြုံရမည့် စစ်ရေးအခင်းအကျင်းသစ်ကို ဖော်ပြနေသည်။ တပြည်လုံးတွင် တော်လှန်ရေး အင်အားစုများက ဆက်လက်ထိုးစစ်ဆင်မည့်အခြေအနေကို တွေ့မြင်နေရပြီး ဆုံးရှုံးသွားသည့်နယ်မြေများကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်နိုင်မည့် အလားအလာ မတွေ့ရပေ။

    စစ်တပ်အသုံးပြုပြီး အာဏာသိမ်းထားသော စစ်ကောင်စီအတွက် စစ်ရေးအရ ရှုံးနိမ့်ခြင်းသည် အရာရာ ဆုံးရှုံးတော့မည့် အစပြုချက် ဖြစ်နေ၏။

    စီးပွားရေး

    ၂၀၂၄ ခုနှစ်တွင် တိုင်းပြည်စီးပွားရေး တိုးတက်မှု မရှိကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံခဲ့ရ၏။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းမှု၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် သုံးစွဲမှု လျော့နည်းမှုများကြောင့် အခက်အခဲများ ရင်ဆိုင်နေရသည်။

    ကုန်ထုတ်လုပ်မှုအတွက် အဓိက လိုအပ်သည့် လျှပ်စစ်စွမ်းအင် မလုံလောက်မှုသည် ၂၀၂၄ ခုနှစ်တွင် ပိုမို ဆိုးဝါးလာသည်။ ရန်ကုန်တွင် တရက် ရှစ်နာရီသာ မီးရမည်ဆိုသော်လည်း ရှစ်နာရီပင် မမှန်ပေ။ နေပြည်တော်တွင်ပင် မီးအလှည့်ကျပေးသည့်စနစ် ကျင့်သုံးရပြီဖြစ်သည်။

    ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို တရုတ်တို့၏ အကူအညီကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း ရပ်တန့်နိုင်ခဲ့သော်လည်း အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုအား ထိန်းချုပ်နိုင်မှု မရှိပေ။ ထိုအခြေအနေသည် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်လျက်ရှိသည်။

    စစ်ကောင်စီသည် လတ်တလောတွင် နိုင်ငံခြားငွေ လဲလှယ်စနစ်များ၊ နိုင်ငံခြားထွက်၍ အလုပ်လုပ်သူများထံမှ နိုင်ငံခြားငွေရှာရန် အလေးထားနေပြီး အတင်းအကျပ် မူဝါဒများအောက်တွင် ငွေလဲနှုန်း ကွာဟမှုများကို အသုံးချနေသည်။

    ထို့ပြင် နိုင်ငံခြားငွေ ရှားပါးမှုကြောင့် သွင်းကုန်များကို ကန့်သတ်ရာ နိုင်ငံခြားမှ တင်သွင်းရသည့် မရှိမဖြစ်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်သည့်အပြင် ရှားပါးနေသည်။ နိုင်ငံခြားကုန်သွယ်မှုများကို ထိခိုက်နေ၏။ စစ်ကောင်စီသည် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ စုပေါင်းထားသည့် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းမှုမှတဆင့် ဖောက်ထွက်ရန် ကြိုးစားနေသော်လည်း ထိရောက်မှုရှိသည်ကို မတွေ့ရသေးပါ။

    စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်ပရင်းနှီးမြှုပ်နှံမှု လောက်လောက်လားလား မဝင်သည့်အပြင် ပြည်တွင်း ဓနဥစ္စာများသည် အများအပြား ပြည်ပသို့ ပြောင်းရွှေ့လျက်ရှိ၏။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး အတင်းအကျပ်စစ်သားစုဆောင်းမှု‌ကြောင့် ပညာတတ်များနှင့် အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်များ ပြည်ပသို့ အလုံးအရင်းနှင့် ထွက်ခွာနေကြ၏။

    ၂၀၂၄/၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ကောင်စီ သတ်မှတ်ထားသည့် ဘတ်ဂျက်မှာ ကျပ် ၄၀ ထရီလီယံကျော် ရှိပြီး ယခင်နှစ်များထက် အမြင့်ဆုံးဖြစ်ပါသည်။ ဘတ်ဂျက်၏ ၃၀ ရာခိုင်နှုန်းကျော်ကို စစ်ရေးဆိုင်ရာ အခြေခံအရင်းအနှီးများ၊ စစ်လေယာဉ်များနှင့် စစ်ပစ္စည်းများ ဝယ်ယူခြင်း၊ စစ်သားများအတွက် လစာနှင့် စားစရိတ်များ အထူးသုံးစွဲထားသည်။

    မီဒီယာအချို့မှ အချက်အလက်များအရ၊ ဘတ်ဂျက်သည် ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူများအတွက် သုံးစွဲမှုက လျော့နည်းပြီး စစ်ရေးနှင့် အာဏာတည်မြဲ‌ရေးအတွက် အဓိက သုံးစွဲနေသည်။ ထို့ပြင် နိုင်ငံတကာအကူအညီနှင့် ချေးငွေများမှာလည်း အများစု ရပ်တန့်နေပြီး ရရှိနေသည့် အချို့မှာလည်း ပြန်လည် နာလန်ထူလောက်သည့် ပမာဏမျိုး မရှိရာ မြန်မာ့စီးပွားရေးသည် ဆက်လက် ကျဆင်းနေပေလိမ့်မည်။ အဓိက စစ်အသုံးစရိတ်ပိပြီး နာလန်မထူနိုင် ဖြစ်နေပေသည်။

    နိုင်ငံရေး

    စစ်ကောင်စီသည် ကုလသမဂ္ဂတွင်ရော အာဆီယံတွင်ပါ ဘုံပျောက်နေသည်။ စစ်ကောင်စီကို အသက်ဆက်ပေးရန် စဉ်းစားသည့် တရုတ်အစိုးရ၏ ပေါ်လစီကြောင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း တရုတ်တွင် ကျင်းပသည့် မဟာမဲခေါင် အစည်းအဝေး တက်ခွင့်ရပြီး ဒေသတွင်း နိုင်ငံခေါင်းဆောင်အချို့နှင့် ပြန်လည်ထိတွေ့ခွင့်ရ၏။ သို့သော်လည်း တရုတ်တို့ ထောက်ခံနေသည့် ‌စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုသည်ကို အာဆီယံအနေဖြင့် ကြိုဆိုမှုပြုသည်ကို မတွေ့ရပေ။

    စစ်ကောင်စီက ရည်ရွယ်နေသည်မှာ သူ၏ နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာရန် ဖြစ်သည်။

    သို့သော်လည်း ၂၀၂၄ နှစ်ကုန်အထိ နိုင်ငံရေးအကျဉ်းသား ၂၁,၀၀၀ ကျော် အဖမ်းခံထားရဆဲဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အများစု အနိုင်ရခဲ့ကြသည့် သုံးပါတီအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပြန်လည် မှတ်ပုံတင်နိုင်ခြင်း မရှိသကဲ့သို့ ရခိုင်အမျိုးသားပါတီ (ANP) ကိုလည်း ပြန်လည် မှတ်ပုံတင်ခွင့် မပြုခဲ့ပေ။ ဤသို့သော အခြေအနေတွင် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ ထွက်ပေါက် မဖြစ်နိုင်ပေ။

    ထို့ပြင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူနိုင်မှုအရ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်သည့် မြို့နယ် ၄၄ ရာခိုင်နှုန်းတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိ၏။ ထိုထိန်းချုပ်နိုင်သည့် နယ်မြေထဲမှ အချို့အား ၂၀၂၄ နှစ်ကုန်တွင် စစ်ကောင်စီ ထပ်မံ လက်လွှတ်ခဲ့ရသည်ကို တွေ့ရ၏။

    ထို့ပြင် စစ်ကောင်စီသည် စစ်ရေးအရ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်သည့် အခြေအနေ မရှိသည့်အပြင် ထပ်မံ လက်လွှတ်ရမည့် အလားအလာက ပိုများနေ၏။ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ ကရင်နီ၊ မွန်စသည့် တိုင်းရင်းသားပြည်နယ်များ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူးတိုင်းများတွင်သာမက ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူစဉ်က အပြည့်အဝ ထိန်းချုပ်နိုင်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း လာမည့်တနှစ်အတွင်း ထိန်းချုပ်နယ်မြေများ ထပ်မံ စွန့်လွှတ်ရတော့မည်မှာ သေချာသလောက်ရှိ၏။

    သို့ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည့် ၂၀၂၅ နှစ်ကုန်တွင် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်သည့် နယ်မြေသည် ၄၄ ရာခိုင်နှုန်းမှ တဝက်ခန့် ထပ်မံ ကျဆင်းနိုင်သည်ဖြစ်ရာ မြန်မာပြည်၏ နယ်‌မြေတစိတ်တပိုင်းတွင်သာ ပြုလုပ်နိုင်မည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ပေ။

    ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် ကိုယ်တိုင် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနှင့် ဖြေရှင်း၍ မရ၊ နိုင်ငံရေးနည်းဖြင့် အဖြေရှာရမည်ဟု မကြာခဏ ပြောဆိုနေသော်လည်း လက်တွေ့တွင် ဖြေရှင်းနိုင်ခြင်း မရှိပေ။

    ပထမအချက်မှာ လက်ရှိ မြန်မာပြည် နိုင်ငံရေးအကျပ်အတည်းသည် စစ်တပ်က လက်နက်ဖြင့် အကြမ်းဖက် အာဏာသိမ်း၍ ဖြစ်ပေါ်လာခဲ့သည်ကို ဖုန်းကွယ်ကာ လက်နက်ကိုင် တော်လှန်ရေးသမားများကြောင့်ဟု လိမ်ညာ အပြစ်တင်နေ၍ ဖြစ်သည်။

    ဒုတိယအချက်မှာ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များကို ပြောနေသော်လည်း မြောက်ပိုင်းသုံးဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသည့်အပြင် လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများအား အသိအမှတ်မပြုဘဲ ၎င်းတို့ထံ ပြန်လည်လွှဲပေးရန် တောင်းဆိုနေ၍ ဖြစ်၏။

    တတိယအချက်မှာ စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF ကို အကြမ်းဖက်အဖြစ် ကြေညာထားပြီး ဆွေးနွေးရန် သဘောထား မရှိပေ။

    စစ်ကောင်စီသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် အပစ်ရပ်ပြီး နွေဦးတော်လှန်ရေး အင်အားစုများကို နှိမ်နင်းရန် ရည်ရွယ်သည်ကို တိုင်းရင်းသားတပ်ဖွဲ့များက ကောင်းစွာသိကြ၏။ တိုင်းရင်းသားတပ်ဖွဲ့များ၏ အောင်မြင်မှုသည် နွေဦးတော်လှန်ရေး၏ အကျိုးဆက်ဖြစ်သည်ကိုလည်း ကောင်းစွာ သိကြသည်ဖြစ်ရာ တိုင်းရင်းသားတပ်ဖွဲ့များ၏ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းမှု၊ ကူညီမှုကို ဖျက်ဆီး၍ မရနိုင်ပေ။ ၁၉၈၈ အရေးတော်ပုံအပြီး နဝတ စစ်အစိုးရ၏ လုပ်ရပ်ကို စစ်ကောင်စီ ပုံတူကူး၍ မရနိုင်တော့ပေ။

    စတုတ္ထအချက်မှာ စစ်ကောင်စီ ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘောင်မဝင်သည့် ဝ ဒေသ၊ မိုင်းလားဒေသကဲ့သို့ တိုင်းရင်းသားနယ်မြေများ ယခုအခါ များစွာ ပေါ်ပေါက်ခဲ့ပြီဖြစ်၏။

    ထို့ပြင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား ကဲ့သို့ အင်အားတောင့်တင်းသော လက်နက်ကိုင်တပ်များစွာ ပေါ်ပေါက်လာနေသည့် အခြေအနေတွင် ၂၀၀၈ အခြေခံဥပဒေသည် လက်တွေ့ အကောင်အထည်ဖော်၍ မရတော့ပေ။

    မြန်မာပြည်ကို ပြန်လည်စုစည်းရန် လက်တွေ့ကျသည့် အခြေခံဥပဒေတရပ် ပြန်လည်ရေးဆွဲပြီး မြန်မာပြည်အား ပြန်လည်စုဖွဲ့ရန် လိုအပ်နေပေသည်။

    နိဂုံး

    စစ်တပ်သည် နိုင်ငံရေးရော စစ်ရေးပါ ထွက်ပေါက်မဲ့ပြီး အကျပ်အတည်းဆိုက်နေ၏။ လက်ရှိ စစ်မြေပြင်တွင် စစ်အင်အား မလုံလောက်သည့်အတွက် အင်အား ၇၀ မှ ၁၀၀ ကြား စစ်ကြောင်းတခု ထွက်ဖို့ဆိုလျှင် ခြေလျင်၊ ခြေမြန်တပ်ရင်းများသာမက လက်ရုံးတပ်ဖွဲ့များကပါ တပ်နံပါတ် ၁၀ ခုခန့်က ထုတ်နုတ် စုဖွဲ့ရသည်။

    ထို့ပြင် ရဲနှင့်ပျူစောထီး အင်အားပါ ပေါင်းမှ စစ်ကြောင်းတကြောင်းဖြစ်၏။ တပ်မ တခုခန့် သုံးရမည့် စစ်မြေပြင်တွင်လည်း တပ်မ တခု၊ စကခ တခုကို တာဝန်မပေးနိုင်တော့။ တိုင်းတပ်၊ တပ်မနှင့် စကခတို့မှ နှစ်ရင်း၊ သုံးရင်းစီ ထုတ်ပြီး စုဖွဲ့တိုက်ခိုက်နေရ၏။ သို့ဖြစ်ရာ ထိုစုပေါင်းစပ်ပေါင်း တပ်များသည် စစ်မြေပြင်တွင် ဗရမ်းဗတာဖြစ်ပြီး ချေမှုန်းခံနေရ၏။

    လက်ရှိ တပ်သားသစ်များ အတင်းဆွဲပြီး စစ်အင်အား ဖြည့်နေသည်မှာလည်း စစ်မြေပြင်တွင် ပြောင်းပြန်ရလဒ် ထွက်နေ၏။ တပ်သားသစ်များကို ထိန်းနိုင်သည့် လုံလောက်သော ဝါရင့်စစ်သားများ မရှိ။

    တပ်သားသစ်များသည် တိုက်စိတ်ခိုက်စိတ် မရှိသည့်အပြင် တိုက်ပွဲအတွေ့အကြုံ မရှိ၍ စစ်မြေပြင်တွင် ကြောက်လန့်ပြီး ထွက်ပြေးကြရာ စစ်ကောင်စီ စစ်ကြောင်းများသည် တပ်သားသစ်များကို ထိန်းမရဘဲ ဖြစ်နေ၏။

    ထို့ကြောင့် စစ်ကောင်စီတပ်များအား ရင်ဆိုင်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ အတွေ့အကြုံအရ တပ်သားသစ်များ ထပ်ဖြည့်ပြီးမှ စစ်ကောင်စီတပ်များ တိုက်ရည်ခိုက်ရည် ပိုကျသွားသည်ဟု သိရ၏။ ထို့ပြင် ရှုံးပွဲဆက်နေသဖြင့် စစ်တပ်၏ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေမှုကို တားဆီးမရပေ။

    စစ်ကောင်စီ၏ အားကိုးရာမှာ လေကြောင်းတိုက်ခိုက်မှုသာ ဖြစ်၏။ သို့သော် လေကြောင်းမှ လနှင့်ချီ၍ အဆက်မပြတ် တိုက်ခိုက်နေသည့်ကြားမှ မြို့များ၊ စခန်းကြီးများ ကျဆုံးသွားသည်ဖြစ်ရာ လေကြောင်းသည် အဆုံးအဖြတ်ပေးသည့်နေရာတွင် မရှိပေ။

    လက်ရှိတွင် ရုရှားမှ ဝယ်ယူထားသည့် Su-30 အမျိုးအစား လေယာဉ် ခြောက်စင်း ရောက်ရှိနေပြီး မကြာမီ အသုံးပြုဖွယ်ရှိ၏။ Su-30 လေယာဉ်များသည် ပေါင် ၅၀၀ ဗုံး ရှစ်လုံးခန့် သယ်ဆောင်နိုင်သည်ဆိုရာ လေကြောင်းတိုက်ခိုက်မှုများ ပို၍ ပြင်းထန်လာနိုင်သည်။

    ထို့ပြင် ဒရုန်းအသုံးပြုမှု၊ စက်တပ်လေထီး အသုံးပြုမှုများ ပိုသုံးလာနိုင်မည်။ သို့သော် မြေပြင်တပ်များ၏ ဖွဲ့စည်းမှု၊ တိုက်ရည်ခိုက်ရည်နှင့် တိုက်စိတ်ခိုက်စိတ်ကို မြှင့်တင်နိုင်ခြင်း မရှိသည့်အပြင် လူထုထောက်ခံမှု ရရှိနိုင်မည် မဟုတ်ရာ စစ်ကောင်စီ၏ရှုံးပွဲကို ရပ်တန့်နိုင်မည် မဟုတ်ဘဲ အရပ်သား ထိခိုက်သေဆုံးမှုများသာ ပိုများလာဖွယ်ရှိ၏။

    တဖက်တွင် အချိန်ယူ ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသာမက PDF နှင့် နွေဦးတော်လှန်ရေး တပ်ဖွဲ့များသည်လည်း အချိန်တိုအတွင်း တိုက်ရည်ခိုက်ရည် မြင့်တက်လာသည်သာမက လက်နက်ခဲယမ်း တပ်ဆင်မှု မြင့်တက်လာရာ စစ်ကောင်စီတပ်အနေဖြင့် အနိုင်ယူနိုင်သည့်အခြေအနေ လုံးဝ မရှိတော့သည့်အပြင် ရှုံးပွဲဆက်တော့မည်ဖြစ်၏။

    ထို့ပြင် ဧရာဝတီအနောက်ဘက်ခြမ်းရှိ ‌ဝါဇီ ငွေစက္ကူစက်ရုံနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၆ ခုမှာ AA, PDF, ချင်းညီနောင်တို့အပါအဝင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ ခြိမ်းခြောက်မှု ခံနေရပြီး ၂၀၂၅ ခုနှစ်အတွင်း တိုက်ခိုက်ခံရရန် သေချာသလောက်ရှိ၏။

    ကပစ စက်ရုံများ တိုက်ခိုက်ဖျက်ဆီးခံရပါက စစ်ကောင်စီနှင့် လေကြောင်းတိုက်ခိုက်မှုများအား ထိရောက်စွာ ထိုးနှက်နိုင်မည်ဖြစ်၏။

    လက်ရှိအနေအထားအတိုင်း ဆက်သွားပါက စစ်ကောင်စီတပ်သည် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းမှ ရုန်းထွက်နိုင်ဖွယ် မရှိပေ။ စစ်တပ်ကို အသက်ဆက်ပေးလိုသူများအဖို့ စစ်တပ်အား လူရော၊ မူရော ပြောင်းမှသာ စစ်တပ်အနေဖြင့် နိုင်ငံရေးက ထွက်မှသာ ရပေလိမ့်မည်။

    သို့မဟုတ်ပါက ၂၀၂၅ ခုနှစ်တွင် စစ်တပ်အတွက် အကျပ်အတည်း ပေါင်းစုံ၊ ဆုံးရှုံးမှုပေါင်းစုံကို မျှော်လင့်သည်ထက် ကြုံရမည်ဖြစ်ပေသည်။

    ✍ဗညားအောင်

  • စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်

    စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်

    မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဟု AA က သတိပေး

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက သတိပေး ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြို့ရှိ စစ်သုံ့ပန်းများ ထားရှိနေရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် ၂၈ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်သုံ့ပန်းများလည်းပါဝင်ခဲ့ရာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း၊ ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းလုပ်ရပ်အတွက် တာဝန်ယူ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။

    “လူနေထူထပ်တဲ့မြို့တွေ ရွာတွေ အဲဒီနေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာတွေတွေ့ ရပါတယ်။ ဒီဟာကတော့ ပြောမယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ စစ်ပွဲအတွင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေအားလုံး ကို ချိုးဖောက်ပြီးတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။

    မြောက်ဦးရှိ စစ်သုံ့ပန်းများ ထားရှိနေရာကို ရည်ရွယ်ချက်ရှိရှိ စစ်လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုမှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်သဖြင့် မှတ်တမ်းတင်ထားရှိကြောင်း၊ ယခုအခါ စစ်တပ်က ပြည်သူများကို ပိုမို၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြောင်း၊ ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမို၍ သတိထားရမည့် အချိန်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ဒီအကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေ ယာယီထိန်းသိမ်းထားတဲ့နေရာတွေ၊ စစ်သုံ့ပန်း မိသားစုတွေကို ယာယီ ထားထားတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီတိုက်ခိုက်တယ်ဆိုတာကတော့ ဒါဟာ ဂျနီဗာကွန်းဗန်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက် တာဖြစ်သလို စစ်ရာဇဝတ်မှုကို ကျူးလွန်တာလည်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဒီလပိုင်းတွေမှာ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေ စျေးတွေ ဘာသာရေးအဆောက်အအုံတွေလမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားလာတာရှိတယ်။ ပြည်သူလူထုတွေကို ကျနော်တို့ ပြောလိုတာကတော့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ပြည်သူတွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ တရားလက်လွတ် လူမဆန်တဲ့ တိုက်ခိုက်မှုတွေကို တောက်လျှောက်ကြီး လုပ်လာတဲ့အတွက်ကြောင့်မို့လို့ လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက်ပိုပြီးတော့ သတိထားကြဖို့။ ပြီးလို့ရှိရင် အင်တာနက်သုံးစွဲတာ ဖုန်းသုံးစွဲတာတွေကို သတိထားသုံးစွဲကြဖို့ တိုက်တွန်းချင်တာရှိပါတယ်။ ဒါက အများပြည်သူ လုံခြုံရေးအတွက် အားလုံးက လိုက်နာလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ခိုင်သုခက ရှင်းလင်းပြောဆိုသည်။

    ဓာတ်ပုံ- စစ်တပ်၏ သတ်မှတ်စံချိန်စံညွှန်း အရပ်မမီခဲ့ဘဲ တပ်ချုပ်ဖြစ်လာခဲ့သော မင်းအောင်လှိုင်။