Author: Admin-501

  • AA ရဲ့ ကြေညာချက် ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲ

    AA ရဲ့ ကြေညာချက် ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲ

    နိုင်ငံရေးအရ ဖြေရှင်းဖို့ အသင့်ရှိကြောင်းနဲ့ ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အကျိုးတူပူးပေါင်းဖို့ လိုလာကြောင်း ထုတ်ပြန်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ကြေညာချက်ဟာ လက်တွေ့ကျတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထိုးစစ်ဟာ လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်အပါအဝင် စစ်တပ်စခန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရပ်တည်ချက်တစ်ရပ် အသိပေးလာတာပါ။

    ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ဟာ ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့အတူ ဒေသတွင်းနေ လူမျိုးပေါင်းစုံရဲ့ အမျိုးသားတန်းတူရေး ဒေသတစ်ခုလုံး လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းလို့ ဆိုပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တရုတ်-မြန်မာ နယ်စပ်တည် ငြိမ်ရေးအပါအဝင် ကျားဖြန့်တိုက်ဖျက်ရေးတွေမှာ ကိုးကန့်၊ တအာင်းတို့နဲ့အတူ AA က ဟိုင်ဂင်သဘောတူညီချက်ရရှိတဲ့အထိ ပါဝင်ခဲ့ပါတယ်။

    အခုအခါမှာလည်း လက်ရှိ ပြည်တွင်းရေးအခင်းအကျင်းနဲ့ အဖြစ်ပျက်တွေကို စစ်ရေးအရ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အမြဲတမ်းသင့်ရှိတယ်လို့ AA က ကြေညာချက်မှာ အသိပေးထားတာ ဖြစ်ပါတယ်။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က AA အနေနဲ့ ဒေသတွင်း စစ်ကောင်စီကင်းစင်ရေးအ ပြင် မြန်မာပြည်ကို နိုင်ငံရေးအရ တရုတ်ဖိအားပေးနေမှုအပေါ် ကမ်းလှမ်းလိုက်တာလို့ သုံးသပ်ပါတယ်။

    “ရခိုင်တပြည်လုံး စစ်ကောင်စီကင်းစင်ရေးလှုပ်ရှားမှုမှာ ပြီးမြောက်ဖို့ ၉၀ ရာခိုင်နှုန်းသေချာနေတဲ့အချိန်ဖြစ်တဲ့အတွက် ရခိုင့်တပ်တော်အနေနဲ့ ဒီလိုစစ်ရေးအရ စစ်ကောင်စီ ကင်းစင်ရေးလှုပ်ရှားမှုတွေ လုပ်နေရုံမကဘူး။ နိုင်ငံရေးအရလည်း တွေ့ ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုတာ အထူးသဖြင့် ဒီလမ်းကြောင်းနဲ့ မြန်မာပြည်ကို ဖိအားပေးနေတဲ့ တရုတ်ပြည်ကိုသိစေဖို့ ကမ်း လှမ်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလုပ်ငန်းစဉ်တွေကို AA တပ်တော်အနေနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ သဘောထားကို ဖော်ပြလိုက်တာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

    လက်ရှိမှာ AA အနေနဲ့ ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့အပါအဝင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုစီမံကိန်းတွေ အများအပြားရှိတဲ့ ကျောက်ဖြူမြို့နဲ့ ကျွန်းအဖြစ်တည်ရှိနေတဲ့ မာန်အောင်မြို့နယ်တို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာပါ။

    ရခိုင်ဒေသအတွက် အကျိုးဖြစ်ထွန်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်တဲ့ ဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမဆို အသိအမှတ်ပြုကြိုဆိုသလို လုံခြုံရေးအတွက်လည်း AA အနေနဲ့ အထူးဂရုစိုက် ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ ဆက်လက်လည်ပတ်နိုင်ရေး အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း လိုလားကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် ခံယူထားတဲ့ AA က ဆိုပါတယ်။

    မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ရခိုင်ပြည်လွတ်မြောက်ရေးအ တွက်ရလာတဲ့ အောင်မြင်မှုအပေါ်အခြေခံကာ နိုင်ငံရေးအရ ဖြစ်ပေါ်မှုနဲ့ လူထုအကျိုးစီးပွားအ တွက် ဦးတည်တာလို့ သုံးသပ်ပါတယ်။

    “တကယ်လက်တွေ့ကျတဲ့ သူတို့ရဲ့ သက်ဆိုင်ရာဒေသ ထိန်းချုပ်နိုင်မယ်။ ပြီးသွားရင် ဒေသဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ သူတို့ဆက်လုပ်ဖို့ ပိုပြီး ဦးတည်ထားတယ်။ အားလုံးလွတ်မြောက်ဖို့ဆိုတဲ့ကိစ္စက ဒီလိုမျိုးအဖွဲ့တစ်ဖွဲ့တည်းနဲ့ မပြီးပြတ်နိုင်ဘူးဆိုတာ သူတို့အနေနဲ့ လက်တွေ့ကျတဲ့ စဉ်းစားမှုမျိုး ရှိနေတယ်ဆိုတာ ကျွန်တော်တို့ မြင်ရတယ်။ အဲဒီတော့ဒီဟာက သူတို့နဲ့ သက်ဆိုင်ရာဒေသ နဂိုကတည်းက တော်လှန်ရေးဦးတည်ချက်အဖြစ် ထားခဲ့တဲ့ဟာကို အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရလာတယ်။ ရလာတဲ့အပေါ်မှာ အ ခြေခံပြီး နိုင်ငံရေးဖြစ်ပေါ်မှုနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ကြံစည်ထားတဲ့ ကြံစည်နေတယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ နားလည်လို့ရတယ်ခင်ဗျ”လို့ ဆိုပါတယ်။

    လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းမှုအတွင်း ရခိုင်ပြည်နယ်က တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး အဲဒီထဲမှာ သံတွဲနဲ့ အမ်းမြို့မှာရှိတဲ့ လေအားလျှပ်စစ်စီမံကိန်းကို အပြည့်အဝ ထိန်းချုပ်ထားတာပါ။

    တစ်ဘက်မှာ တရုတ်အစိုးရဟာ စီမံကိန်းအကျိုးစီးပွားအတွက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဝင်ရောက်ညှိနှိုင်းဖိအားပေးမှုတွေရှိလာတဲ့အပေါ် AA ရဲ့ မဟာမိတ် ကိုးကန့် နဲ့ တအာင်းတို့ စစ်ကောင် စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုရှိခဲ့ပါတယ်။

    ဒါပေမယ့် ပြဿနာပြေလည်စေတဲ့ ရလဒ်ကောင်းတွေ မရရှိခဲ့တဲ့အတွက် AA နဲ့ စစ်ကောင်စီတို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလာရင်လည်း ဖြစ်ရပ်တွေက သက်သေပြနေတာကြောင့် အောင်မြင်စရာအကြောင်းမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြကြပါတယ်။

    စစ်ကောင်စီအနေနဲ့ အခုနှစ်ကုန်ပိုင်းအတွင်း နယ်မြေလက်လွှတ်ရမှု ပိုတိုးလာချိန်မှာ တွေ့ဆုံဆွေး နွေးဖို့ အမြဲတံခါးဖွင့်ထားပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြုံးဝါးထားတာပါ။

    AA ကတော့ အဖိနှိပ်ခံ မြန်မာလူထုတစ်ရပ်လုံးရဲ့လိုလားတောင့်တတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ ရရှိစေရေး မားမားမတ်မတ် ရပ်တည်ပြီး တိုင်းရင်းသားညီအစ်ကိုတွေရဲ့ အကောင်းဆုံး ညီအစ်ကို မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ကြေညာထားပါတယ်။

  • ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ

    ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ

    ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းများကို ပင်စင်လစာထုတ်ယူစဉ် ဆေးဝါးနှင့် ကြက်ဥများပေး၍ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

    ယခုနှစ် သြဂုတ်လမှ စတင်ကာ မြန်မာ့စီးပွါးရေးဘဏ်တွင် ပင်စင်လစာထုတ်ယူချိန် ပင်စင်စားဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီချိုတိုင်းပေးခြင်းနှင့် လစဥ်သောက်သုံးနေရသည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့မှုများလုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြောသည်။

    “ပင်စင်သွားထုတ်တိုင်း သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေဆိုရင် တစ်လစာအတွက် တစ်ကဒ်၊ နှစ်ကဒ် အဲ့လိုမျိုးပေးတယ်။ ပင်စင်စထုတ်ထုတ်ခြင်းရက်တွေပဲပေးတာများတယ်။ ပြီးခဲ့တဲ့လက အရင်ဦးတဲ့သူတွေဆို နှစ်ကဒ်ဆီရကြတယ်။ တချို့လည်း ခွဲတမ်းမရတော့ တစ်ကဒ်ပဲရကြတယ်။ တချို့လည်း မရဘူး။ အပြင်မှာ တစ်ကဒ် ကို ၂၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ဝန်းကျင်လောက်ဆိုတော့ တစ်ကဒ်ဖိုးသက်သာလည်း ဟင်းစားအတွက်ရတာပေါ့”ဟု ပုသိမ်မြို့ခံ ပင်စင်စားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

    ယခုလ ပင်စင်လစာထုတ်ယူချိန်မှာလည်း တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်း ပေးခဲ့ပြီး အစောပိုင်းရောက်ရှိသူအများစုသာ ရရှိပြီး နောက်ကျသူများမရရှိကြကြောင်း ၎င်းက ဆိုသည်။

    စစ်ကောင်စီက ပြည်သူ့လုံခြုံရေးဥပဒေဖြင့် အသက် ၃၅ နှစ်မှ ၆၅ နစ်အရွယ်ရှိ အမျိုးသားများကို စစ်သင်တန်းပေး၍ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက်သာမက တပ်သားသစ်အဖြစ်စုဆောင်းပြီး ရှေ့တန်းသို့စေလွှတ်လျှက်ရှိရာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာလည်း အဆိုပါဥပဒေအရ စစ်သင်တန်းတက်ရောက်နေရသူများရှိနေကြောင်း ဒေသခံများက ဆိုသည်။

    အဆိုပါဥပဒေမှာ အကြုံးဝင်သည့် အသက်အရွယ်အပိုင်းအခြားအရ ပင်စင်စားသက်ကြီးရွယ်အိုများ ပါဝင်နေကြောင်း သိရသည်။

    “စစ်မှုထမ်းဥပဒေနဲ့ အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ ဧရာဝတီတိုင်းမှာက တပ်သားသစ်ရဖို့ စုနေတာ။ နောက်ပြီးတော့ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိလည်း စစ်သင်တန်းတက်ရမယ်ဆိုပြီး တက်နေကြရသူတွေရှိတယ်။ ခုပင်စင်စားတွေကို လုပ်ပေးနေတာတွေက အရင်အစိုးရအဆက်ဆက်ကြားဖူးတာမျိုးမရှိဘူး။ Non-CDM ဝန်ထမ်းတွေနဲ့ ပင်စင်စားဝန်ထမ်းတွေကို နှစ်သိမ့်ပေးချင်လို့ လုပ်နေတာလို့ပဲမြင်တယ်”ဟု ပုသိမ်မြို့ခံ အမျိူးသမီးတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ဧရာဝတီတိုင်းအတွင်းမှ လူငယ် ၇၀၀၀ ဝန်းကျင်ကို တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းသို့အများဆုံးပို့ဆောင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ဖော်ပြောဆိုထားသည်။

  • ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်

    ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်

    ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်၊ ကားပေါ်ပါ ၄ ဦးလုံးသေဆုံး

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန်ဂိတ်မှ မြို့ ထဲသို့ ကားဖြင့် ပြန်လာသည့်စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးစလုံး သေဆုံးသွားကြောင်း Young Force UG အဖွဲ့က သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စက်မှုဇုန်ဂိတ်မှ ပခုက္ကူမြို့ဘက်သို့ ပြန်လာသည့် ကား အား စက်မှုဇုန် ဂိတ် အနီးမှာပင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Young Force UG အဖွဲ့ မှ ရဲဘော် တစ်ဦး က ပြောသည်။

    ၎င်းက “ ပစ်ခတ်ခဲ့တဲ့ နေရာက စက်မှု ဇုန် ဂိတ်နဲ့ မီတာ ၃၀၀ လောက်ပဲ ဝေးတာ မြို့နေရာတိုင်းမှာ ကျွန်တော်တို့ ဖြန့်ကျက်ထားပြီး အခုလို မျိုး လုပ်ဆောင်နိုင်ဖို့ အမြဲစောင့်ကြည့် ကြိုးစားနေတာပါ” ဟု ပြောသည်။

    တိုက်ခိုက်မှုအတွင်း ကားပေါ်တွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များထံမှ MA 3 လေးလက် ၊ ကျည်ဘောက် ရှစ်ခု ၊ ကျည် ၁၆၈ တောင့် နှင့် ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသူများသည် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ဖြစ်နိုင်ကြောင်း Young Force UG အဖွဲ့ မှ ရဲဘော် တစ်ဦးက သုံးသပ်ပြောဆိုသည်။

    “ မြို့တွင်းမစ်ရှင်ဖြစ်တယ် နောက်ပြီး ဒီတိုင်းထားခဲ့တာဆိုတော့ ကိုယ်ရေးအချက် အလက်တွေ စစ်လို့ မရသေးဘူး။ သူတို့ ကိုင်တဲ့ သေနတ်တွေက MA 3 တွေဆိုတော့ စစ်သားပဲဖြစ်ဖို့ များတယ်။ မြို့ ထဲ မှာလောက်က ပျူတွေကို အဲ့လို သေနတ်တွေ ပေးမကိုင်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် မြို့ အဝင်၊ အထွက်များကိုပိတ်ချ ပြီး စစ်ဆေးမှုများ ပြုလုပ်ပြီး အခင်ဖြစ်ပွားရာနေ ရာ အနီး ရှိ ဒေသခံများကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများလုပ်ဆောင်မှုများ ရှိ ကြောင်း ဒေသခံများထံသိရသည်။

    ပခုက္ကူမြို့နယ် အတွင်း တွင် စစ်ကောင်စီတပ်ဖွဲ့ သည် မြို့ ပေါ် နေရာများကိုသား စိုမိုးထားနိုင်တော့သည့် အခြေအနေဖြစ်နေပြီး မြို့ ပြင် ပ ဧရိယာများ အားလုံးနီးပါးကို တော်လှန်ရေး တပ်ဖွဲ့ ဝင်များက စိုးမိုးထားသည့် အခြေ အနေဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ များက ဆိုသည်။

    ပြီးခဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ က လည်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာတွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များ မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဘက်တွင် ထိခိုက်သေဆုံးမှု များရှိကြောင်း Young Force UG အဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။

    ရုပ်သံအညွှန်း- ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို Young Force UG အဖွဲ့ က ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းတွင်စီးနင်းတိုက်ခိုက်စဥ် (ရုပ်သံ-Young Force UG)

  • ဂွမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေးအဖွဲ့အစည်းများဖြင့် မှိုင်းတိုက်လာ

    ဂွမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေးအဖွဲ့အစည်းများဖြင့် မှိုင်းတိုက်လာ

    ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေး၊ လူမျိူးရေး မီးမွှေးရန် ၎င်းတို့လက်ကိုင်တုတ်ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)အပါအဝင်စစ်ကောင်စိ လက်ဝေခံအဖွဲ့အစည်း ၂၀ ဖြင့် စတင်မှိုင်းတိုက်လာကြောင်း ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံများထံက သိရသည်။

    အာရက္ခတပ်တော်(AA)သည် ဂွမြို့အခြေစိုက် နောက်ဆုံးလက်ကျန် တပ်ရင်းနှစ်ရင်းကို ဒီဇင်ဘာ ၁၉ ရက်က သိမ်းပိုက်လိုက်ရာ ထိုအရာနှင့် အချိန်ကိုက်၍ AA အား စွပ်စွဲထားသည့် မျိုးချစ်မြန်မာ ရဟန်းတော် များသမဂ္ဂ(ရန်ကုန်)၏ ကြေညာချက်ကို ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    ထိုသဘောထား ကြေညာချက်တွင် စစ်ရှုံး၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံသည်ကို ရခိုင်လူထုအား ငဲ့ညှာ၍ အလံဖြူထောင်သည်ဟု လိမ်ညာသုံးနှုန်းထားပြီး ၎င်းတို့နှင့် စစ်သုံ့ပန်းများကို AA က မြေကျင်းထဲထည့်၍ လည်လှီးသတ်ဖြတ်ခဲ့ဟု စွပ်စွဲဖော်ပြထားသည်။

    “တပ်တော်က သူတို့ဖမ်းမိသမျှ သုံ့ပန်းတွေကို ဘယ်လိုထားတယ်ဆိုတာ အတိအလင်း ရုပ်သံဖိုင်နဲ့ပါ ချပြနေတာ။ ဘယ်တုန်းကမှ ခေါင်းဖြတ်သတ်တာတွေ၊ လူမဆန်တဲ့လုပ်ရပ်တွေ လုပ်လိမ့်မယ် မဟုတ်ဘူး” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ စီးလာသော သင်္ဘောကို ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးများကိုလည်း AA က သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားပြီး ထိုအရာ သည် မဟုတ်မမှန်ကြောင်း ရခိုင်ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

    အလားတူ ယနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်ကောင်စီ အသုံးချ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာ မိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီး စသည့်အဖွဲ့ ၁၉ ဖွဲ့ကလည်း လိုက်လံထုတ်ပြန်ထားသည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

    “မောင်တောက ထွက်ပြေးတဲ့ ကလေးနဲ့ အမျိုးသမီးတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကမ်းစပ် ပုစွန်ကန်တွေနားမှာ အစုလိုက်သေခဲ့ရတာတွေကို ဒေသခံတွေ အသိပါပဲ။ ဒါဟာ ဘာသာရေး၊ လူမျိူး ရေး မီးမွှေးဖို့ ကြံစည်ပြီး အချိန်ကိုက် စာထုတ်လာတာ” ဟု မောင်တော ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    ယခုကဲ့သို့ ထုတ်ပြန်လာသည့် အဖွဲ့များသည် စစ်ကောင်စီလက်ဝေခံ လက်ကိုင်တုတ်ဖြစ်ပြီး စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအားလုံးကို လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ အတင်းအဓမ္မ ပေါ်တာဆွဲ တပ်သားသစ် စုဆောင်းနေမှုများကို အမှန်တကယ် ကျူးလွန်နေသူမှာ စစ်ကောင်စီသာဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက ထောက်ပြသည်။

    အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်မှုနှင့်အတူ အထိနာ၍ စစ်ရှုံးနေသည့် စစ်ကောင်စီက ၎င်းတို့၏ နိုင်ငံရေး ထွက်ပေါက်ရရေးအတွက် လူမျိုးရေးပဋိပက္ခများ မကြာခဏပုံဖော်ဖန်တီး လုပ်ဆောင်နေပြီး ပြည်သူလူထုအား အကြောက်တရားများ ပိုမိုရိုက်သွင်းလာ‌ကြောင်း သိရသည်။

    “ဆေးရုံဆေးခန်း၊ ဘုရားကျောင်းကန်တွေမှာ တပ်ဆွဲပြီးတော့ မီးရှိုးဖျက်ဆီးတာအပြင် စစ်ရှောင် နေရာတွေ၊ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာလည်း ဒီစစ်အုပ်စုပဲဖြစ်တယ်” ဟု သံဃသ မဂ္ဂ-မန္တလေးမှ ဆရာတော် ဦးဓမ္မမေတ္တာက မိန့်သည်။

    တစ်ဖက်တွင်လည်း စစ်ကောင်စီသည် စစ်ရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် ရခိုင်လူမျိုးနှင့် မွတ်ဆလင်များကို ရန်တိုက်ပေးလျက်ရှိပြီး ရခိုင်ဒေသရှိ မွတ်ဆလင် လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ရှေ့တန်းပို့ဆောင်နေကြောင်း ရခိုင်ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

    “စစ်အုပ်စုကတော့ စစ်ရှုံးတာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျပ်အတည်းပဲဖြစ်ဖြစ် သူတို့လုပ်တတ်တာက ဘာသာရေး ပဋိပက္ခနဲ့ လူမျိုးရေး ပြဿနာတွေကို ဖန်တီးတာပဲ။ ကြုံတိုင်း၊ အချိုးအကွေ့တိုင်းမှာ ဒီအကွက်ကတော့ သူတို့လုပ်မှာပဲ”ဟု BHRN မှ မောင်လာနာ၊ ကာရီ ဦးစိုးနေဦးက ပြောသည်။

    စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)ကမူ AA ကို လက်မခံကြသည့် ရခိုင်လူမျိုးများသည် စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ရန်ကုန်မြို့တွင် အခြေချနေထိုင်ပြီး မြန်မာလူမျိုးများကလည်း ရခိုင်တိုင်းရင်းသားများကို ကူညီရိုင်းပင်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

    သို့သော် လက်တွေ့တွင်မူ စစ်ကောင်စီသည် စစ်ပွဲများကြောင့် ရခိုင်မှတစ်ဆင့် ရန်ကုန်၊ ဧရာဝတီ စသည့်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာသော ရခိုင်ဒေသခံ စစ်ဘေးရှောင်များကို နည်းမျိုးစုံဖြင့် ဖမ်းဆီး၊ တားဆီးပိတ်ပင်၊ ငွေညှစ်မောင်းထုတ်မှုများ လုပ်ဆောင်လျက်ရှိသည်ကို ဖော်ပြထားပြီးဖြစ်သည်။

    “လက်ရှိတော့ အမျိုးသမီးဆိုတော့ နေရတာ အဆင်ပြေနေသေးတယ်။ ကြောက်တော့ ကြောက်နေရတာပေါ့လေ။ ရခိုင်တက်တူးတွေ့ရင် ဖမ်းတာတွေ ဘာတွေလုပ်နေတယ်ဆိုတော့ မောင်လေးအတွက်ပဲ ပူ နေရတယ်” ဟု ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

    ယင်းအပြင် မြို့ကြီးများရှိ ပြည်သူပိုင်နေရာများနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်လည်း ရခိုင်စားသောက်ဆိုင်၊ အရောင်းဆိုင်များကို အားပေးခြင်း မပြုရန်အပါအဝင် မုန်းတီးရေး လှုံ့ဆော်စာများ စစ်ကောင်စီဘက်က ဖြန့်ဝေပြောဆိုလျက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ – အင်တာနက်

    ပုံစာ-ဦးဝီရသူ၏ ၅၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က မင်္ဂလာဒုံရှိ ခုတင် ၁၀၀ စစ်ဆေးရုံတွင် သွေးလှူဒါန်းစဉ်

  • ဂွမြို့ကို AA သိမ်းပိုက်ပြီးနောက် ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

    ဂွမြို့ကို AA သိမ်းပိုက်ပြီးနောက် ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

    ဂွမြို့ကို AA သိမ်းပိုက်ရရှိပြီးနောက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာနက အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာနေသည်ဟု ဒေသခံများထံက သိရသည်။

    ပုသိမ်မြို့နယ်အတွင်းတွင် လူငါးဦး သို့မဟုတ် လူငါးဦးထက် ပိုသောသူများသည် အများသူငှါသွားရာလမ်းများတွင် စုဝေးခြင်း ၊ ဟောပြောခြင်း၊ လှုံ့ဆော်စည်းရုံးခြင်း၊ရုန်းရင်းဆန်ခတ်ပြုခြင်း၊ ဖျက်ဆီးခြင်း မပြုကြရန် ဒီဇင်ဘာ ၂၈ ရက်နေ့ရက်စွဲဖြင့် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ခဲ့သည်ဟု ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “လူငယ်နဲ့လူ လတ်ပိုင်းတွေ အသွားအလာအနေအထိုင်ဆင်ချင်ကြပေါ့။ ၁၄၄ ထုတ်တာ အချိန်ကန့်သတ်မထားဘူး။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ဥပဒေအရ ဖမ်းဆီးလို့ရတယ် အကြောင်းအမျိုးမျိုးပြပြီးတော့ပေါ့ ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယင်းကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ပုသိမ်မြို့ပေါ်တွင် ညပိုင်းဖွင့်သည့် ရေပေါ်ဈေးကို ရောင်းချခွင့်ပြုထားပြီး ကန်သုံးဆင့်ရှိ Royal lake ၊ စစ်ကောင်စီနှင့်ဆက်ဆံရေးကောင်းသည့် လွန်ကန်ဟိုတယ်တို့တွင် လူများစည်ကားနေကြသည်ဟု မြို့ခံအချို့ကပြောသည်။

    ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့သည် ပုသိမ်မြို့နယ်အတွင်းပါရှိသော်လည်း နှစ်သစ်ကူးရုံးပိတ်ရက်များတွင် လာရောက်အပန်းဖြေကြသည့် ရာချီသောဧည့်သည်များဖြင့်စည်ကားလျက်ရှိကြောင်း ဒေသခံများကပြောသည်။

    ” ပုသိမ်မြို့ပေါ်မှာ ည ၇ နာရီ‌‌ ကျော်ကျော်ထဲကမြို့အဝင်အထွက်နေရာတွေ၊ လမ်းဆုံလမ်းခွနေရာ‌တွေမှာ ကားတွေဆိုင်ကယ်‌တွေနဲ့ဖြတ်သွားဖြတ်လာ‌တွေကို အစစ်အဆေးကြမ်းတယ် ” ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

    ပုသိမ်မြို့တွင် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီး‌ခေါ်ဆောင်သွားကြပြီး ငွေကြေးတတ်နိုင်သူများက သိန်းဆယ်ဂဏန်းပေးကာ ပြန်လည်ရွေးယူရပြီး မတတ်နိုင်သူများမှာ စစ်မှုထမ်းရန်ပို့ဆောင်ခံကြရသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူများထံက သိရသည်။

    ရခိုင်ပြည်နယ် ဂွမြို့ကို အာရက္ခတပ်တော် AA သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့်နယ်မြေခြင်းထိစပ်သည့် ဧရာဝတီတိုင်းအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များရောက်ရှိလာမည်ကို စစ်ကောင်စီကစိုးရိမ်နေပြီး မြို့နယ်အချို့တွင် ၁၄၄ ထုတ်ပြန်ကာ လုံခြုံရေး တင်းကြပ်ထားသည်။