Author: Admin-501

  • စစ်ကောင်စီထိပ်သီးခေါင်းဆောင် ၂ ဦး လူမြင်ကွင်းမှ ရက်အတန်ကြာပျောက်

    စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးအနက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအများပြည်သူမြင်ကွင်းမှပျောက်ကွယ်ပြီးနောက်ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ပျောက်လျက်ရှိနေသည်။

    ပုံမှန်အားဖြင့် တဦးမဟုတ် တဦး အများမြင်ကွင်းထွက်ပြလေ့ရှိသော်လည်း ဒုခေါင်းဆောင်စိုးဝင်းပေါ်မလာသည်မှာ ခြောက်ရက်ကြာမြင့်ပြီဖြစ်ပြီး သူ၏အကြီးအကဲဖြစ်သူ လူလုံးထွက်ပြခြင်းကိုအားသန်သော စစ်ခေါင်းဆောင်ကတော့ ငါးရက်ကြာမြင့်ပြီဖြစ်သည်။

    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပညာရေးဆိုင်ရာညီလာခံ ဂုဏ်ပြုညစာစားပွဲ တက်ရောက်ပြီးနောက်ပိုင်း မည်သည့်အခမ်းအနားမှတက်ရောက်ခဲ့ခြင်းမရှိတော့ပါ။ စစ်တပ်ထိန်းချုပ်ထားသော မြ၀တီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့တွင် သူ၏ပုံရိပ်များပျောက်ကွယ်နေသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြင်ဦးလွင်သို့သွားရောက်လည်ပတ်သည့်ခရီးစဉ်အဖြစ်နောက်ဆုံးတွေ့ခဲ့ရသည်။

    ဒုချုပ်စိုးဝင်းသည် ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) နေ့က လွိုင်ကော်မြို့တွင်ကျင်းပသော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်ရောက်သည်ဟု စစ်ကောင်စီထိန်းချုပ်ခြင်းကင်းသော သတင်းမီဒီယာအများအပြားက ပုံရိပ်များမပါဘဲ ဖော်ပြခဲ့သော်လည်း စစ်အုပ်စုထိန်းချုပ်ထားသော မီဒီယာများတွင် ထုတ်ပြန်ချက်တွင် ဒုတိယဝန်ကြီးချုပ်တဦးဖြစ်သော ဗိုလ်ချုပ်ကြီး တင်အောင်စန်းသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    အသက် ၆၃ နှစ်အရွယ် ဒုတိယခေါင်းဆောင်စိုးဝင်းအနေဖြင့် ကာလတာရှည် အများမြင်ကွင်းကပျောက်ကွယ်ခြင်း ယခင်ကလည်းဖြစ်ခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းကလည်း ပုံမှန်တက်ရောက်နေကျ အစည်းအဝေးများပင် တက်ရောက်နိုင်ခြင်းမရှိခဲ့သည်မှာ တလနီးပါးကြာသွားခဲ့သည်။ နေပြည်တော်ရှိသတင်းရင်းမြစ်များက မဇ္ဈိမသို့ ထိုစဉ်က အသေးစိတ်မပါသော ပြောကြားချက်တွင် ကျန်းမာရေးကြောင့် ဆေးရုံတက်ကုသမှုခံယူနေခဲ့ရသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်တွင် အရေးပေါ်အခြေအနေဖြစ်သည့် ရှေ့တန်းနယ်မြေများကို ဒုစစ်ခေါင်းဆောင်သွားရောက်လေ့ရှိပြီး အသက် ၆၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ လတ်တလော ပိုမိုလုံခြုံသော စစ်တိုင်းဌာနချုပ်များသို့သာ သွားရောက်လေ့ရှိသည်။

    ဒုချုပ်စိုးဝင်းသွားရောက်သည်ဟု သတင်းထွက်ပေါ်လေ့ရှိသည့် ရှေ့တန်းနယ်မြေများတွင် တိုက်ခိုက်မှုရှိသည်ဟုလည်း သတင်းများထွက်ပေါ်လေ့ရှိသည်။

    တော်လှန်ရေးအဖွဲ့များက ကရင်နီဟုခေါ်ပြီး စစ်အုပ်စုက ကယားဟုသုံးနှုံးသော ပြည်နယ်နေ့အခမ်းအနားမတိုင်မီကပင် ဒုချုပ်စိုးဝင်းလာရောက်မည်ဟု သတင်းထွက်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ညပိုင်းတွင် ပြည်နယ်ခန်းမသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့်တိုက်ခိုက်ခဲ့မှုအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ (လွိုင်ကော်)ကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့တခုဟုဆိုသော MKCDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များက ဒုချုပ်စိုးဝင်း မော်လမြိုင်ရောက်ရှိနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသနေရကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီလော်ဘီများကတော့ သတင်းမှားဟုပယ်ချခဲ့ကြသည်။

  • ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ကချင်ပြည်နယ်၊​ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် စုစုပေါင်းရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဟု ဒေသခံများကပြောသည်။

    “ရှာဖွေရေးလုပ်ငန်းတွေကို မနေ့ညနေကစပြီး ရပ်လိုက်ပါပြီ။ ဒီ‌နေ့(ဇန်နဝါရီ ၁၆ ရက်)နေ့ သင်္ဂြိုလ်ပါမယ်။ တချို့ကလည်း မိသားစုဝင်တွေကို စောင့်ပြီးမှ သင်္ဂြိုလ်ရပါမယ်” ဟု ဖားကန့်အခြေစိုက် လူမှုကူညီအသင်းတခုမှအဖွဲ့ဝင်တဦးကပြောသည်။

    နွံကန်ပြိုကျမှုသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

    နေအိမ် ၅၇ လုံး နစ်မြုပ်ပျက်စီးသွားပြီး ပျောက်ဆုံးနေသူများကို ယင်းနေ့မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ကြသည်။

    ဇန်နဝါရီလ ၁၃ ရက်မှ ဇန်နဝါရီလ ၁၅ ရက်ညနေအထိ သုံးရက်ကြာရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၅ ဦး၏ ရုပ်အလောင်းများကိုရှာတွေ့ခဲ့သည်ဟုသိရသည်။

    “အသက်ရှင်ရက်ကယ်နိုင်တာ ကားညှပ်နေတဲ့ တယောက်ပဲရှိတယ်။ ရွာခံတွေကကယ်ထားတာ။ အပေါက်ဝမှာ ကားကခံနေတော့ ထွက်ချိန်မရလိုက်ဘူး။ ဒါပေမယ့် နွံက ဖုံးမသွားတော့ အသက်ရှင်လျက်ဆေးရုံမှာလို့ပြောတယ်။ စကားပြောနိုင်ဆိုနိုင်တယ်။ သူ့မိဘတွေဘယ်မှာလဲမေးတယ်။ ဒါပေမယ့် သူ့မိဘတွေက မြေပိတဲ့အထဲ ပါနေတာ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

    သေဆုံးသူကလေးငယ်များမှာ မောင်အောင်မျိုးထက် (၂နှစ်)၊ မောင်ပြည့်စုံအောင်(၅နှစ်)၊ မစစ်မေဝင်းပန်(၅နှစ်)၊ နန်းဆိုင်ဟွမ်(၆နှစ်)၊ မောင်စိုင်းအွမ်ဆိုင်းမိန်း(၉နှစ်)၊ နန်းမွှေလင်း(၇နှစ်) တို့ဖြစ်ကြောင်း သိရသည်။

    မြေပိသေဆုံးမှုအတွင်း မိသားစုလိုက် သေဆုံးခဲ့ကြရသူများလည်းရှိကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတဦးက ပြောသည်။

    ၎င်းက “ ကိုယ်တိုင်ဆောင်ရွက်နိုင်ခဲ့တာကတော့ မိသားစု လေးစုပေါ့။ အဲ့ဒီထဲကမှ ကိုယ်ဝန်ဆောင်ပါမယ်။ လင်မယားပါမယ်။ ကလေးနဲ့ မိခင်နဲ့ အဲ့လိုမျိုးတွေ တွေ့ရပါတယ်” ဟု ဆိုသည်။

    ပျောက်ဆုံးကြောင်းစာရင်းပေးထားပြီး ရှာမတွေ့သူ သုံးဦးကျန်သေးသော်လည်း ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် ပျောက်ဆုံးစာရင်းတွင်သာ ထည့်ထားရကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

    သေဆုံးသူနှင့် ပျောက်ဆုံးသူများသည် ဖားကန့်မြို့နယ်တွင်နေထိုင်သူများအပြင် အခြားမြို့နယ်များမှ လာရောက်၍ အလုပ်လုပ်ကိုင်နေသူများပါဝင်သည်ဟု သိရသည်။

    လက်ရှိတွင် ကုမ္ပဏီဘက်မှ သေဆုံးသူများအတွက် တဦးကို သင်္ဂြုလ်စားရိတ် ကျပ် ၁,၅၀၀,၀၀၀ စီ ပေးထားကြောင်း ဒေသခံတဦးကပြောသည်။

    နွံကန်ပြိုကျမှုတွင် သေဆုံးသူများနှင့် နေအိမ်ဆုံးရှုံးခဲ့ရသူများအတွက် သင့်တော်သည့် လျော်ကြေးပမာဏများကို ကုမ္ပဏီဘက်မှ တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

    ပုံအညွှန်း- ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နံနက်အစောပိုင်းတွင် ဖားကန်းမြို့ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှုအတွင်း ထိခိုက်ဆုံးရှုံးရမှုများ။

    ယင်းနွံကန်ပြိုကျမှုတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ခြောက် ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် အမျိုးသမီး ၁၃ ဦး၊အမျိုးသား ၁၂ ဦး စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး သုံးဦး မြေပြိုမှုအတွင်း ပျောက်ဆုံးခဲ့ရသည်။

  • ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်

    ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်

    စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်၍ ပြည်သူအချို့ထိခိုက်ဟု DPLA အသိပေး

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

    ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏စစ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ အရပ်သားထိခိုက်မှု ရှိခဲ့ကြောင်း DPLAက အသိပေးထားသည်။

    တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု နှင့် တိုက်ပွဲဖြစ်ပွားမှု အသေးစိတ် အချက်အလက် များ အတိအကျ မသိရသေးဟု DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

    ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းတွင် ကျောက်ဂူတိုက်နယ်အတွင်း ၂နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း DPLA က ထုတ်ပြန်သည်။

    ထို့ပြင် ဇန်နဝါရီ ၁၅ရက်တွင်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ယောက် လက်နက်ကြီးစမှန်ပြီး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

    စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ခဲကြားရွာတွင်းသို့လည်းကောင်း၊ ဖက်ရင်းကုန်းရွာတွင်းလည်းကောင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆောက်အဦးပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

    ကျောက်ဂူဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကြားတွင်တည်ရှိသည်။

    ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနှင့်လည်း ကျောက်ဂူတိုက်နယ်သည် မိုင်(၃၀)ခန့်သာကွာဝေပြီး ရပ်စောက် -ကျောက်ဂူလမ်းပိုင်းသည် တောင်းခမ်းရွာဘက်သို့ သွားရောက်နိုင်သည်။

    ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏အမြောက် တပ်(အမတ − ၃၄၉)အခြေစိုက်ထားပြီး ဗထူးမြို့မှ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်း၊ ခြေလျင်တပ်ရင်း ခလရ (၂၉၂)တပ်ရင်းနှင့် ​ဗိုလ်သင်တန်းကျောင်း(ဗထူး)တပ်မှ စစ်ကူလွှတ်ထားရကြောင်း တိုက်ပွဲများတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများက ထွက်ဆိုထားသည်။

    ယခင်နှစ် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၉ရက် အထိ တိုက်ပွဲ ၁၀ရက်တာအတွင်း စစ်ကောင်စီတပ်မှ ၅၀ဦးကျော် သေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်း DPLFက ထုတ်ပြန်ထားသည်။

    DPLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် မဟာမိတ်တအာင်းတပ်မတော်(TNLA)နှင့်အတူ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်ဂူဒေသ၊နောင်ချိုမြို့နယ် တောင်းခမ်းဒေသများ၌လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

    (ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ရဲဘော်များနှင့် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – DPLA)

  • မူဆယ်တွင်  ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေ

    မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေ

    မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန် စည် သယ်ယူပို့ဆောင်မှုများကို ပြန် လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေကြောင်း ဒေသကုန်သည်များနှင် ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက ပြည်မမှ မူဆယ်ဘက်သို့ ကုန်စည်သယ်ယူခွင့်များကို ပိတ်ပင်ထားသော်လည်း ယခုအခါ မူဆယ်နှင့်မိုင်းယု (၁၀၅) မိုင်လမ်းကို ငွေကြေးများ ကောက်ယူ၍ ပြန်လည် ခွင့်ပြုပေးနေကြောင်း၊ ထို့ပြင် မူဆယ် ဆင်ဖြူဂိတ်မှတစ်ဆင့် တရုတ်ပြည်(ကြယ်ဂေါင်) ဘက်သို့ လာဘ်ငွေယူ၍ လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ပြန်လည် ခွင့်ပြု နေကြောင်း သိရှိရသည်။

    “ဦးအောင်ဇော်မိုးနဲ့ တပ်ဗျူဟာမှူးတွေကတော့ အဓိကတော့ လာဘ်ငွေယူခွင့်ပြုတာ ။ ကုန်စည်သွားလာတာတွေ၊ ဖြတ်သန်းသွားလာတာတွေကို ပြန်ပြီး ခွင့်ပြုပေးနေတာ။ ပြည်တွင်းလမ်းရော၊ တရုတ်-မြန်မာနယ်စပ်ဂိတ်ရော။ ငွေတော့ အရမ်းတောင်းတယ်။ အဖွဲ့လိုက် ဌာနပေါင်းစုံက အတောင်းအရမ်းကြမ်းတယ်။ ငွေမပေးနိုင်ရင်တော့ မရဘူး။ ငွေပေးနိုင်ရင် စားသောက်ကုန်၊ ဆေးဝါး သယ်ခွင့်ရတယ်။ အဲဒီလိုတွေ တရားမဝင် လမ်းကြောင်းတွေက ပေးရတော့ ကုန်စည်နဲ့ ပစ္စည်းတွေက စျေးကြီးကုန်တာ” ဟု မူဆယ်ဒေသမှ ကုန်သည်တစ်ဦးက ပြောဆိုသည်။

    ထို့ပြင် တစ်နှစ်ကျော်ဖြတ်သန်းခွင့်ပိတ်ပင်ထားသည့် မူဆယ်နှင့် မိုင်းယု (၁၀၅)မိုင်လမ်းကို စစ်ကောင်စီတပ်နှင့် လက် အောက် ခံပြည်သူစစ်များက ဒီဇင်ဘာလအကုန်မှစတင်၍ ဖြတ်သန်းသွားလာသူများကို ငွေတောင်းပြီး သွားလာခွင့်ပြုပေးနေကြောင်း၊ ထိုလမ်းမကြီးကို အိမ်စီးကားတစ်စီးလျှင် အသွားအပြန်အားဖြင့် ငွေကျပ် ၂ သိန်း ပေးဆောင်နေရကြောင်း၊ ၎င်တပ်ဖွဲ့ များက ပုံမှန်သတ်မှတ်ထားထက် ပိုပြီးကောက်ခံခြင်းမျိုး ပြုလုပ်လေ့ရှိကြောင်း၊ ဆိုင်ကယ်အားဖြင့် တစ်ကြိမ် ဖြတ်သွား တိုင်း ကျပ်ငွေ (၅၀၀၀) ပေးဆောင်နေရကြောင်း TNLA က ယခု ဇန်နဝါရီလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။

    “လာဘ်ငွေယူ ခွင့်ပြုပေးတာက ပြည်သူအတွက် မဟုတ်ဘူး။ သူတို့ တပ်နဲ့ ပြည်သူ့စစ်အတွက် လိုအပ်တဲ့ ရိက္ခာနဲ့ကုန်စည်တွေရဖို့လည်း ပြည်သူနဲ့ ရောပြီး ခွင့်ပြုနေတာ။ ပြည်သူကို ခွင့်မပြုဘဲ သူတို့ချည်းပဲ ဆိုရင် ဖြတ်တိုက်ခံရတာတို့ ဘာတို့ ဖြစ်မှာစိုးလို့ပါ။ ပြည်သူကို စေတနာရှိလို့မဟုတ်ဘူး”ဟု မူဆယ်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်း ပြောဆိုသည်။

    TNLA ၏ အဆိုအရ မူဆယ်-မိုင်းယု လမ်းကြောင်းကို စစ်ကောင်စီတပ်က တရား ဝင်ဖြတ်သန်းခွင့်ပေးခြင်းထားခြင်းမျိုးမဟုတ်ဘဲ ခွင့်ပြုရက်သာရှိသော် လည်း ၎င်းတိုတောင်းခံသည့်ငွေကိုပေးနိုင်လျှင် ဖြတ်သန်းခွင့်ပြုပေးကြောင်း၊ ကုန်တင်ကား၊ ဓာတ်ဆီနှင့်ဒီဇယ်တင်ယာဥ်များကို လုံးဝဖြတ်သန်းခွင့်မပြုသေးကြောင်း သိရှိရသည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးမှစ၍ ယခုချိန်ထိ ဖြတ်သန်းခွင့်ပိတ်ပင်ထားသည့် ထိုလမ်းကို ၁၅ မိနစ်သာ သွားလာရချိန် ၄ နာရီခန့်ကြာအောင် မူဆယ်-နမ့်ခမ်း-နမ့်ဖက်ကာ-နမ့်ဖက်ကာ-မိုင်းယု ၁၀၅ မိုင်လမ်းကြောင်းကို ကွေ့ပတ်ပြီး သွားလာနေရကြောင်း၊ မိုင်းယု ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် TNLA၊ AAနှင့် MNDAA တပ်ဖွဲ့က အလုံးစုံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူဆယ်နှင့် မိုင်းယု ၁၀၅ မိုင် လမ်းကို စစ်ကောင်စီတပ်က ပိုမိုတင်းကြပ်စွာပိတ်ပင်ထားခဲ့ကြောင်း သိရှိရသည်။

    ရှမ်းမြောက်မှ မြိုနယ်အားလုံးနီးပါး ဆုံးရှုးလိုက်ရသော စစ်ကောင်စီတပ်သည် လက် ကျန်ထိန်းချုပ်နေဆဲဖြစ်သည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ တခြား မြို့ သို ကုန်စီးဆင်းခွင့်မရအောင် ပိတ်ပင်ထားခြင်းသော်လည်း အဆမ တန် ငွေများတောင်းခံ ဖြတ်သန်းခွင့်ပြုမှုများ ရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

    ဓာတ်ပုံ-မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး

  • ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

    ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ကား ၇ စီးလိုက်ပါလာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း ၄ စီးမြောက် မိုင်း၊ ၄၀ မမ ဗုံးသီးနှင့် လက်နတ်ငယ်များ ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကား ၁ စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    “ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ခွေးကား ၇ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပေါ့။ ၄ စီးမြောက် စစ်ခွေးကားကို မိုင်း၊ ၄၀ မမ ဗုံးသီးနဲ့ လက်နက်ငယ်တွေ ထိမှန်ပြီး စစ်ခွေး ၆ ကောင်သေတယ်။ ၃ ဦးထိခိုက် ဒဏ်ရာရတယ်” ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို KNU နှင့် PDF (၇၈၀၅)တပ်ရင်း၊ တပ်ခွဲ(၄)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါတိုက်ပွဲ ဖြစ်ပွားစဉ်ကာလအတွင်း စစ်ကောင်စီက ကျိုက်ထိုမှ ဘီးလင်းလာသော လမ်းများကို ပိတ်ချခဲ့ပြီး ပြည်သူများကို လူသားဒိုင်းသဖွယ် ရပ်တန့်ခိုင်းထားခဲ့ကြောင်း ခရီးသွားပြည်သူတချို့က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။