ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် စုစုပေါင်းရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဟု ဒေသခံများကပြောသည်။
“ရှာဖွေရေးလုပ်ငန်းတွေကို မနေ့ညနေကစပြီး ရပ်လိုက်ပါပြီ။ ဒီနေ့(ဇန်နဝါရီ ၁၆ ရက်)နေ့ သင်္ဂြိုလ်ပါမယ်။ တချို့ကလည်း မိသားစုဝင်တွေကို စောင့်ပြီးမှ သင်္ဂြိုလ်ရပါမယ်” ဟု ဖားကန့်အခြေစိုက် လူမှုကူညီအသင်းတခုမှအဖွဲ့ဝင်တဦးကပြောသည်။
နွံကန်ပြိုကျမှုသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟုသိရသည်။
နေအိမ် ၅၇ လုံး နစ်မြုပ်ပျက်စီးသွားပြီး ပျောက်ဆုံးနေသူများကို ယင်းနေ့မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ကြသည်။
ဇန်နဝါရီလ ၁၃ ရက်မှ ဇန်နဝါရီလ ၁၅ ရက်ညနေအထိ သုံးရက်ကြာရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၅ ဦး၏ ရုပ်အလောင်းများကိုရှာတွေ့ခဲ့သည်ဟုသိရသည်။
“အသက်ရှင်ရက်ကယ်နိုင်တာ ကားညှပ်နေတဲ့ တယောက်ပဲရှိတယ်။ ရွာခံတွေကကယ်ထားတာ။ အပေါက်ဝမှာ ကားကခံနေတော့ ထွက်ချိန်မရလိုက်ဘူး။ ဒါပေမယ့် နွံက ဖုံးမသွားတော့ အသက်ရှင်လျက်ဆေးရုံမှာလို့ပြောတယ်။ စကားပြောနိုင်ဆိုနိုင်တယ်။ သူ့မိဘတွေဘယ်မှာလဲမေးတယ်။ ဒါပေမယ့် သူ့မိဘတွေက မြေပိတဲ့အထဲ ပါနေတာ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
သေဆုံးသူကလေးငယ်များမှာ မောင်အောင်မျိုးထက် (၂နှစ်)၊ မောင်ပြည့်စုံအောင်(၅နှစ်)၊ မစစ်မေဝင်းပန်(၅နှစ်)၊ နန်းဆိုင်ဟွမ်(၆နှစ်)၊ မောင်စိုင်းအွမ်ဆိုင်းမိန်း(၉နှစ်)၊ နန်းမွှေလင်း(၇နှစ်) တို့ဖြစ်ကြောင်း သိရသည်။
မြေပိသေဆုံးမှုအတွင်း မိသားစုလိုက် သေဆုံးခဲ့ကြရသူများလည်းရှိကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတဦးက ပြောသည်။
၎င်းက “ ကိုယ်တိုင်ဆောင်ရွက်နိုင်ခဲ့တာကတော့ မိသားစု လေးစုပေါ့။ အဲ့ဒီထဲကမှ ကိုယ်ဝန်ဆောင်ပါမယ်။ လင်မယားပါမယ်။ ကလေးနဲ့ မိခင်နဲ့ အဲ့လိုမျိုးတွေ တွေ့ရပါတယ်” ဟု ဆိုသည်။
ပျောက်ဆုံးကြောင်းစာရင်းပေးထားပြီး ရှာမတွေ့သူ သုံးဦးကျန်သေးသော်လည်း ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် ပျောက်ဆုံးစာရင်းတွင်သာ ထည့်ထားရကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
သေဆုံးသူနှင့် ပျောက်ဆုံးသူများသည် ဖားကန့်မြို့နယ်တွင်နေထိုင်သူများအပြင် အခြားမြို့နယ်များမှ လာရောက်၍ အလုပ်လုပ်ကိုင်နေသူများပါဝင်သည်ဟု သိရသည်။
လက်ရှိတွင် ကုမ္ပဏီဘက်မှ သေဆုံးသူများအတွက် တဦးကို သင်္ဂြုလ်စားရိတ် ကျပ် ၁,၅၀၀,၀၀၀ စီ ပေးထားကြောင်း ဒေသခံတဦးကပြောသည်။
နွံကန်ပြိုကျမှုတွင် သေဆုံးသူများနှင့် နေအိမ်ဆုံးရှုံးခဲ့ရသူများအတွက် သင့်တော်သည့် လျော်ကြေးပမာဏများကို ကုမ္ပဏီဘက်မှ တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
ပုံအညွှန်း- ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နံနက်အစောပိုင်းတွင် ဖားကန်းမြို့ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှုအတွင်း ထိခိုက်ဆုံးရှုံးရမှုများ။
ယင်းနွံကန်ပြိုကျမှုတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ခြောက် ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် အမျိုးသမီး ၁၃ ဦး၊အမျိုးသား ၁၂ ဦး စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး သုံးဦး မြေပြိုမှုအတွင်း ပျောက်ဆုံးခဲ့ရသည်။
Leave a Reply