Author: Admin-501

  • မရမ်းကုန်းတွင် စစ်တပ်က စစ်ဆင်ရေးပုံစံဖြင့် ရပ်ကွက်အတွင်းစီးနင်းပြီး ပြည်သူများဖမ်းဆီး

    အရပ်ဝတ်နှင့် ကင်းပုန်းများချထားဟု ဒေသခံများပြော

    ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂) ရပ်ကွက်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှဗိုလ်မှူး ပစ်ခတ်ခံရမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါရပ်ကွက်အတွင်း စစ်ဆင်ရေးပုံစံဖြင့်ဝင်ရောက်စီးနင်းပြီး ပြည်သူအများအပြား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

    ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီကျော်က မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂)ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ အင်အားရာဂဏန်းဖြင့် ရပ်ကွက်အတွင်းရှိ လမ်းများဝင်ရောက်ပြီး နေအိမ်တိုက်ခန်းများ စစ်ဆေးကာ ပြည်သူများဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

    “ညက တစ်ညလုံး မအိပ်ရဘူး။ တစ်ရပ်ကွက်လုံး မဲလို့ ချိတ်လို့။ စစ်ဆင်ရေးတစ်ခုလို ဝင်လုပ်သွားတာ”ဟု စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းဝင်ရောက်ဖမ်းဆီးမှုအခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်သည် (၂)ရပ်ကွက်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခြင်းမပြုမီ ရပ်ကွက်လမ်းအချို့၌ အရပ်ဝတ်ဖြင့် ကင်းပုန်းများချ၍ ကင်းထောက်စေပြီး ည ၁၁နာရီကျော်မှ လက်နက်အပြည့်အစုံပါ စစ်သားများက ယာဥ်အများအပြားနှင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ထို့နောက် စစ်ကောင်စီတပ်က နေအိမ်တိုက်ခန်းများကို အတင်းအဓမ္မဝင်ရောက်ခြင်း၊ နှိုးမရသည့်အခန်းများဆိုလျှင် တံခါးများကို ရိုက်ချိုးဖျက်ဆီးခြင်းများအပြင် မှတ်ပုံတင်၊ စာရွက်စာတမ်းအထောက်အထားများ ရှာဖွေစစ်ဆေးခြင်း၊ အချို့လမ်းများတွင် လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးခြင်းများလုပ်ဆောင်ကြသည်ဟု ဒေသခံပြည်သူများက ပြောသည်။

    မရမ်းကုန်းမြို့နယ်မှ နေရာအချို့ကို ဒီဇင်ဘာ ၂၈ရက် သန်းခေါင်ယံအချိန်၌ ဧည့်စာရင်းအကြောင်းပြ၍ စစ်ဆေးမှုများပြုလုပ်ကာ မတရားဖမ်းဆီးမှုများရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

    “ညက မုဒိတာထဲမှာနေ‌တဲ့ အသိတစ်ယောက်လှမ်းပြောတာတော့ လေးယောက်ပါသွားတယ် ကြားတယ်”ဟု မရမ်းကုန်းမြို့နယ်၌နေထိုင်သူတစ်ဦးကပြောသည်။

    မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ အနီး၊ အလယ်ဗဟိုလမ်းနှင့် အင်းစိန်လမ်းအတွင်းရှိ နေအိမ်များကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကဖော်ပြထားသည်။

    “Apollo ဟိုတယ်နားကိုရပ်ကွက်ကိုမဲနေတာ။ အခုရက်ပိုင်း ဧည့်စာရင်းသတိထားပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

    အိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရဲ ၊ ရပ်ကျေးဝန်ထမ်း နှင့် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသူ ဆယ်ဦးခန့်ပါဝင်ပြီး သန်းခေါင်စာရင်းနှင့် အိမ်ရှိလူများကို တိုက်စစ်ကာ မသင်္ကာသည့် အိမ်များကို အထဲထိဝင်၍ စစ်‌ဆေးမှုများရှိသည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

    “မနေ့ညကလို့ တစ်နေရာထဲကို အင်အားအလုံးအရင်းနဲ့ လိုက်မွှေပြီး စစ်တာမျိုး မလုပ်တာ တော်တော်ကြာပြီဗျ။ ဒီနှစ် ဖေဖော်ဝါရီလတုန်းက တာမွေနဲ့ ပန်းဘဲတန်းဘက်ကို ခုလိုစစ်ခဲ့ဖူးတယ်။ ပြီးတော့ လှိုင်သာယာထဲကိုလည်း အဲ့လို ဝင်စစ်ဖူးတယ်။ စစ်ဘေးရှောင်လာသူတွေ များလာတော့ တလရအင်အားစုတွေပါ ပါလာမှာ ကြောက်ပြီး operation တစ်ခုလို ဝင်မွှေနေတာလို့ ထင်ပါတယ်ဗျ။” ဟု RSN မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူအချို့ ၏ပြောဆိုမှုများအရ ပြီးခဲ့သည့်ရက်ပိုင်းက သမိုင်း(၂)ရပ်ကွက် Apollo Hotel အနီး ပစ်ခတ်ခံရသော စရဖဗိုလ်မှူး၏ ဖြစ်စဥ်၌ ပါဝင်သူအချို့ ရပ်ကွက်အတွင်းရှိနေသည်ဟူသော သတင်းနှင့် စစ်တပ်ဘက်မှမဟုတ်သော ဒရုန်းတစ်စင်းကင်းထောက်ပုံစံ ပျံသန်းနေသည်ဟူသော သတင်းများကြောင့် ယခုလို ပိုက်စိပ်တိုက် ဝင်ဖမ်းခြင်းဟု ဆိုသည်။

    ဒီဇင်ဘာလ ၂၂ ရက်က မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဦးရေခဲလမ်းအနီးရှိ Apollo Hotel အနီးတွင် စရဖမှ ဗိုလ်မှူးဇေယျာမင်းအား Yangon Phoenix နှင့် Together Urban Force ပြောက်ကျားတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်ခံရမှုကြောင့် စရဖဗိုလ်မှူးမှာ ကျည်ရှပ်ထိပြီး ဒဏ်ရာရရှိခဲ့သည်။

    သမိုင်း(၂)ရပ်ကွက်အား စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးစဥ် ဖမ်းဆီးထားသည့် ပြည်သူများကို မြေသယ်ယာဥ် ဖောကားနှစ်စီးဖြင့် နှစ်ခေါက်ထက်မနည်း လာရောက်တင်ဆောင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ စုံစမ်းသိရသည်။

    လတ်တလောထွက်ပေါ်နေသော သတင်းများအရ စစ်ကောင်စီတပ်များ ရပ်ကွက်အတွင်းမှ တပ် ပြန်ဆုတ်သွားသည့်နောက်တစ်နေ့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၄ နာရီကျော်အထိ ဖမ်းဆီးခံရသည့်ပြည်သူ ဆယ်နှင့်ချီရှိနိုင်ကာ ယင်းအနက် ရခိုင် တိုင်းရင်းသားလူငယ် ၁၀ဦးထက်မနည်းပါဝင်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

    “ဒီနေ့လည်း ရပ်ကွက်ထဲမှာ ကင်းပုန်းလို့ယူဆရတဲ့သူတွေ ရှိနေသေးတယ်။ တွေ့ရတာတော့ နေရာအစုံပဲ”ဟု သမိုင်း(၂)ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် သမိုင်း(၂)ရပ်ကွက်အတွင်း စစ် ကောင်စီ​၏ ရပ်ကျေးအုပ်ချုပ်ရေးဘက်က စီစဥ်သော ပေါ်တော်မူဘုရားပွဲကို လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများနှင့်တိုက်ဆိုင်ကာ ယနေ့ (ဒီဇင်ဘာ ၂၉ ရက်)မှစတင်ကာ ၅ ရက်ခန့် ကျင်းပသွားရန် ပြင်ဆင်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

    (ရန်ကုန်မြို့ ညဘက် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ် ပါသည်။ဓာတ်ပုံ – အေအပ်ပီ)

  • ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာ

    ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာ

    ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ

    ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေသည့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများသည် လူငယ်များကို တပ်သားသစ်များအဖြစ် ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးသည့် ပစ်မှတ်နေရာများဖြစ်လာကြောင်း ထွေ/အုပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ စုံစမ်းသိရှီရသည်။

    ၂၀၂၅ ခုနှစ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများကို လာရောက်မည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ် ဆောင်ရန်ရှိနေပြီး မကြာသေးမီက စမ်းချောင်းတွင် ကျင်းပခဲ့သည့် စျေးရောင်း ပွဲတော်၊ ရေကျော်တွင် ပြုလုပ်ခဲ့သည့် စျေးရောင်းပွဲတွင် လူငယ် ၅၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး အဆိုပါ လူငယ်များမှာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၈ တွင် တက်ရောက်နေပြီဖြစ်ကြောင်း၊ အဆိုပါ ပွဲစျေးနှင့် ပျော်ပွဲရွှင်ပွဲများတွင် ရဲများ၊ ထွေ/အုပ်နှင့် စစ်တပ် သတင်းပေး ဒလန်များက လုံခြုံရေးယူကာ မူးယစ်သူ လူငယ်များ၊ ခိုက်ရန်ဖြစ်ပွားသော လူငယ်များ၊ အခြေမဲ့ အနေမဲ့ လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်သည် အပတ်စဉ် ၉ စစ်မှုထမ်း သင်တန်းအတွက် လူပြည့်မီရန် ပေါ်တာဆွဲမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ပြီး အပတ်စဉ် ၈ စစ်မှုထမ်း သင်တန်းတွင်လည်း လူပြည့်မီခြင်း မရှိခြင်းကြောင့် ပေါ်တာဆွဲ ဖမ်းဆီးမှု အများအပြား လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    ” အပတ်စဉ် ၉ နဲ့ အပတ်စဉ် ၁၀ အတွက် လူကြိုတင် စုဆောင်းခိုင်းနေပါတယ်။ စျေးရောင်းပွဲတွေမှာ ခိုက်ရန်ဖြစ်ပွားတာ၊ မူးယစ်ရမ်းကားတဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းမယ့် စီမံချက်လည်းရှိပါတယ်။ ” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ ရန်ကုန်မြို့လယ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ လမ်းမတော်ပွဲဈေးကို လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပလျက်ရှိပြီး စစ်တပ်၊ ရဲနှင့် ပျူစောထီးများက အရပ်ဝတ်များဖြင့် လှည့်လည် လုံခြုံရေးယူလျက်ရှိကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင် တပ်သားသစ်စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများအပြင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၁ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်လျှင် ၂ လ တစ်ခါ ငွေကျပ် ၆၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    “ဒဂုံဆိပ်ကမ်းမြို့နယ် ၉၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှူထမ်း အတွက်ဆိုပြီး ၂ လ တစ်ခါ စစ်မှုထမ်ကြေးနဲ့ ကင်းကြေးဆိုပြီး တစ်အိမ်ကို ငွေကျပ် ၆၀၀၀၀ ကောက်ပါတယ်။ ပြည်သူတွေမှာ အဆင်မပြေရတဲ့ကြားထဲ ဟိုဟာကြေး ဒီဟာကြေးဆိုပြီး လိုက်ကောက်တာတွေလည်း ရှိသေးတယ်။ သူတို့လုပ်ချင်တာတွေလုပ်နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

    အလားတူ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့် ရွှေတောင်မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးများကလည်း စစ်မှုထမ်း ထောက်ပံ့ကြေး ဟုဆိုကာ တစ်အိမ်လျှင် လစဉ် ငွေကျပ် ၁၀၀၀၀ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။

    သာယာဝတီမြို့နယ်၊ ဂရံသာယာအေးကျေးရွာတွင် စစ်မှုထမ်း ထောက်ပံ့ကြေး ဟုဆိုကာ လစဥ် တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဘဏ္ဍာရေးမှူး စစ်မှုထမ်းဟောင်း မသန်စွမ် အေးကြည် ၊ အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်လင်း၊ မောင်ဦးတို့ ပူးပေါင်း၍ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း ၊ ၎င်းတို့ တောင်းခံသော ငွေကြေး ပေးနိုင်ခြင်းမရှိသူများကို စစ်တပ်နှင့်ရဲများ ခေါ်ဆောင်လာပြီး ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

    ရွှေတောင်မြို့နယ်၊ ရှားတိုင်းအုပ်စု အုပ်ချုပ်ရေးမှူး လှဟန်က စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကြေး ကောက်ခံမှုများရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ကျင်းပလျက်ရှိသည့် လမ်းမတော်ပွဲစျေး။

  • စစ်ကောင်စီ သည် အာဆတ်လို အလျင်အမြန် ပြိုလဲသွားနိုင်သလော

    ဆီရီယား တွင် ဆယ်သုံး နှစ် အကြာ ပြည် တွင်း စစ်ကြီး ဖြစ်ပွားခဲ့ပြီး အာဆတ် အစိုးရ ပြုတ်ကျသွားခဲ့မှု သည် ကမ္ဘာအနှံ့ရှိ တော်လှန် တိုက်ပွဲ ဝင်နေသူ များကလည်း ငါတို့ အလှည့် ဘယ်တော့ လဲ ဟူသော အတွေးများ ဝင်လာကြသည်ဟု အစချီကာ တသီးပုဂ္ဂလိက အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ ဝက်ဆိုဒ် တွင် ပါရှိလာသည့် ဂျိုရှုဝါ ကလန်ဇစ်၏ “Could the Myanmar Junta Rapidly Collapse Like al-Assad?” ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။

    သုတေသီ အချိူ့က အာဏာသိမ်း စစ်တပ် ကို မဖြစ်မနေ တိုက်ပွဲ ဝင်နေသော မြန်မာ တော်လှန်ရေး အဖွဲ့ နောက်ကလိုက်လာဖို့ ရှိနေသည်ဟု ပင် ပြောဆိုလာကြသည်။ ထိုသို့ ပြောနေကြသည် မှာလည်း စစ်အာဏာရှင် များသည် မြို့ကြီး မြို့ငယ် စုစုပေါင်း၏ ၂၀ ရာနှုန်း ကိုသာ ထိန်းချုပ်ထားနိုင်တော့သည့် အဖြစ်ကို ကြည့်၍ တော်လှန်ရေး အဖွဲ့များသာ ရုတ်ခြည်း မြို့တော်သို့ ဦးတည်ချီတက် လာမည် ဆိုလျင် ပြိုလဲသွားနိုင်သည်ဟု တွက်ဆထားသော ကြောင့်ပင် ဖြစ်သည်။

    ထိုသို့ ရုတ်ခြည်း ပြိုလဲသွားနိုင်သည့် အခြေအနေ ပချို့ကလည်း မရှိမဟုတ် ရှိနေသည်။ မြန်မာ လူထုသည် စစ်တပ်ကို အရွံ့မုန်းကြီး ရွံ့မုန်းနေကြပြီ ဖြစ်သည်။ နိုင်ငံ စီးပွားရေး အား ၁၉၆၀ ကျော် နှစ်များကစ၍ ထိုးကျသွားအောင် လုပ်ခဲ့ကြသည်။ စစ်တပ် အတွင်း ယခင်က မရှိသလောက် ဖြစ်ခဲ့သည့်လက်နက်ချ၊ ဘက်ပြောင်းလာသူ အရည် အတွက်လည်း များသည်ထက် များလာနေသည်။

    ဆီရီယား မှာ ကဲ့သို့ပင် မင်းအောင်လှိုင် နှင့် အနီးကပ် ရှိနေသူ များ မှ လွဲ၍ ထိတ်တန်း စစ်ခေါင်းဆောင်များ အကြား ကစင့်ကလျား နှင့် ဘာဖြစ်နေမှန်း မသိရလောက်အောင် သတင်း များ ထွက်ပေါ်မလာဘဲ ရှိနေသည်။ မင်းအောင်လှိုင်ကလည်း တယောက်ပြီး တယောက် ဖြုတ်၊ နေရာပြောင်း လုပ်လာနေ၍ စစ်တပ်အဖို့ ရှေ့‌လျောက် ဘာဆက်လုပ်မည်ကို မခန့်မှန်း နိုင်အောင် ဖြစ်လာနေကြသည်။

    တရုတ် နှင့် နယ်ခြား ဂိတ်များ အားလုံးနီးပါး ဆုံးရှုံးခဲ့ကြပြီး မကြာမီက မင်းတပ်မြို့ကိုပါ လက်လွှတ်ခဲ့ရသည်။ မင်းတပ်သည် မဟာဗျူဟာအရ အချက်အခြာ ကျသော မြို့ဖြစ်နေ၍ တော်လှန်ရေး တပ်များ လွတ်လပ်စွာ လှုပ်ရှား နိုင်လာပြီး တောင်ဖက်ရှိ မြို့တော်သို့ ချီတက် နိုင်ရန် လမ်းပွင့်သွားခဲ့သည်။ မင်းတပ်အား နေ့စဉ် ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေသော်လည်း မြေပြင်တွင် တိုက်မည့် စစ်သားများ မရှိသလောက် ဖြစ်နေသည်။

    သို့သော် လက်ရှိ အနေအထား တွင်တော့ အာဆတ် နှင့် ၎င်း၏ တပ်ဖွဲ့များ နှင့် အနေအထားခြင်း ခြားနားနေဆဲပင် ဖြစ်သည်။ ဆီရီယားကဲ့သို့ပင် မြန်မာ တွင်လည်း အထင်ကရ လက်နက်ကိုင် အဖွဲ့ အသီးသီး ရှိနေသည်။ သို့သော် ယခုအခါ ဗျူဟာ ပိုင်း အရရော စစ်အာဏာရှင် ဖြုတ်ချရေး ရည်မှန်းချက် များ တွင် ပါ တသားတည်း ရှိလာကြသည်။

    နေပြည်တော်သို့ ထိုးစစ် ဆင်နိုင်ဖို့ ကား ယခုထက် ပို၍ ညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်နေသည်။ အကယ်၍ စစ်ကောင်စီ ပြုတ်ကျသွားလျင် အချင်းချင်း ဆက်၍ ညီညွတ်နေဖို့ ဦးဆောင်‌မှု ပေးနိုင်မည့် ပုဂ္ဂိုလ်မျိုး မတွေ့ရသေးပေ၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူမ အုပ်ချုပ်ခဲ့စဉ် ကာလ အတွင်း တိုင်းရင်းသားများ၏ ယုံကြည်မှု မရခဲ့၊ လက်ရှိတွင် အသက်အားဖြင့် ၇၉ နှစ် ရှိနေသော သူမ သည် အကျဉ်းချ ခံထားရဆဲ ဖြစ်ပြီး ကျန်းမာရေး မကောင်းလှဟု ယူဆခံနေရသည်။

    နိုင်ငံတကာကလည်း မြန်မာအား ဆီရီယား လောက် အာရုံစိုက်မှု မရှိ ဖြစ်နေသည်။ မြန်မာ တော်လှန်ရေး အဖွဲ့ များ ဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဆီရီယား အဖွဲ့များလို စစ်ရေး နှင့် ဘဏ္ဍာရေး တွင် နိုင်ငံတကာ၏ အကူအညီ အထောက်အပံ့ မရ ဖြစ်နေသည်။ အာဆီယံ အဖွဲ့သည်လည်း စစ်အာဏာပိုင်များ မှ ၎င်းတို့ စကားနားထောင်လာနိုင်မည့် အ‌ ခြေအနေမျိုး မဖန်တီးနိုင်ခဲ့။

    အမေရိကန် ပြည်ထောင်စုသည်လည်း ပြီးခဲ့သည့်ဆယ်စု နှစ် တစု အတွင်း ဒီမိုကရေစီ ဘက်တော်သားများအား အကူအညီ ဒေါ်လာ ၁.၅ ဘီလီယံ ပေးခဲ့သော်လည်း ယခု အခါ စိတ်မဝင်စားတော့ဘဲ ဖြစ်နေသည်။ ဤသည်ကလည်း ဥရောပ နှင့် အရှေ့အလယ်ပိုင်းတွင် မြန်မာထက် ဦးစားပေးရမည့် အကြောင်းများ ထွက်ပေါ်လာနေခြင်းကြောင့် ဖြစ်သည်။

    ၂၀၂၃ တွင် ပြဋ္ဌာန်းပေးခဲ့သော BURMA ACT သည် ရေရောခံလာရ၍ ၎င်းတို့ စိတ်ဝင်စားလာသည် ဟု ပြော၍ မရ‌ပြန်ပေ။

    မြန်မာ၏ အိမ်နီးချင်းများ ဖြစ်သော ထိုင်း၊ အိန္ဒိယ၊ အထူးသဖြင့် တရုတ် သည် စစ်တပ် ပြုတ်ကျသွားပါက ၁၉၉၀ ကျော် နှစ်များ အတွင်း ဆိုမာလီယာ ကဲ့သို့သွေးချောင်းစီး လာတော့မည်ဟု စိုးရိမ်ကာ လက်ရှိ ပုံစံ အတိုင်း ရှိနေစေချင်ကြသည်။

    အိန္ဒိယသည် မြန်မာ စစ်‌ ခေါင်း‌ ဆောင်များအား လက်နက် နှင့် အခြား အကူအညီများ ပေးလာခဲ့သော်လည်း မကြာမီက အတိုက်အခံများကို တီးခေါက် မေးမြန်းလာကြသည်။ ထိုင်းသည် စစ်ကောင်စီအား ဘဏ္ဍာရေး အရ အသက်ဆက်ပေးနေပြီး သံတမန် ပိုင်းအရလည်း ထောက်ခံမှု ပေးခဲ့သည်။ ရုရှားသည် အရပ်သားများကို ဗုံးကြဲ တိုက်ခိုက်ရာတွင် သုံးသည့်‌ လေယာဉ်များ ရောင်းချ ပေးခဲ့သည်။ သံတမန်ရေး အရ အပယ်ခံလို ဖြစ်မနေစေရန်လည်း ၎င်းတို့ ကမကထ လုပ်သည့် နိုင်ငံတကာ ဖိုရမ်များသို့ ပါ တက်ရောက်စေခဲ့သည်။
    မြန်မာ အတွက် အရေးတကြီး လိုအပ်နေသည့် ရေနံ နှင့် နိုင်ငံတွင်း စွမ်းအင်ပိုင်း အခြေခံ အဆောက်အအုံများ တည်ဆောက်နိုင်ရန်ပါ ကူညီပေးလာခဲ့သည်။

    အရှေ့တောင်အာရှ တွင် ဩဇာတက္ကိမ အရှိဆုံး ဖြစ်သည့် တရုတ်သည် မြန်မာ အရေး တွင် ဩဇာ လွှမ်းမိုးမှု အရှိဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ စစ်တပ်၏ အရေးနိမ့်လာနေမှု ကို သိရှိနေသော် ငြားလည်း ၎င်းတို့ အတွက် ကုန်သွယ်‌ ရေး နှင့် အကျိုး အမြတ် ရှိနိူင်သည့် အပိုင်းများကို ထိန်းချုပ် ထားနိုင်ဆဲ ဖြစ်သည်ဟု လက်ခံထားသည်။

    မြန်မာ၏ အကြီးဆုံး ကုန်သွယ်ရေး ပါတနာ ဖြစ်သည့်အပြင် နိုင်ငံ အတွင်း ရင်းနှီးမြုပ်နှံထားသည်များ နှင့် တူးဖေါ် ယူ၍ ရနိုင်သည် ပရိုဂျက်များ ဘေးမသီ ရန်မခ ရှိနေစေချင်သည်။ ထို့အတွက် သံတမန် ရေးရာအရ အကာအကွယ် ပေးခဲ့သည့် အပြင် အာဏာသိမ်းပြီး နောက်တွင်ပင် သဘောတူညီချက်များ ချုပ်ဆိုလာခဲ့သည်။ သို့သော်လည်း တည်ငြိမ်မှု မရ၍ အဆိုပါ သဘောတူညီချက်များ အကောင်အထည် မဖေါ်နိုင်ဘဲ ရပ်ဆိုင်းနေခဲ့သည်။

    စစ်ကောင်စီသည် စစ်မြေပြင်တွင် ဆက်တိုက်ဆိုသလို အရေးနိမ့်လာသည့် အခါ တွင်တော့ ဒီအတိုင်း ဆက်ကြည့်နေ၍ မရတော့ဆိုကာ အနေအထားကို မသိမသာ ပြောင်းလာခဲ့သည်၊ ၎င်းတို့လုပ်မည်ဟု ကတိပေးထားသော ရွေးကောက်ပွဲ လုပ်ဖြစ်မည် ဆိုက ဒေါ်လာ တစ် ဘီလီယံ အထိ ကူညီမည်ဟုပင် ချပြလာခဲ့သည်။

    တော်လှန်ရေး တပ်ဖွဲ့အသီးသီးက နယ်မြေများကို သူ့နေရာနှင့် သူ သိမ်းပိုက်ထားသည့် အနေအထားတွင် ရွေးကောက်ပွဲ နှင့် တူအောင် လုပ်နိုင်မည်လား ဆိုသည်က မေးစရာ ဖြစ်လာနေသည်။

    သို့သော် တရုတ်က ‌ရွေးကောက်ပွဲကိုသာ လုပ်စေချင်နေသည်။ သို့သော် မရမက လုပ်ပြီး ယုံကြည်လက်ခံ နိုင်လောက်သည့် ရွေးကောက်ပွဲ ဖြစ်မလာက စစ်ပွဲသည် တာရှည်လာဖို့သာ ရှိနေသည်။ နိုင်ငံသည်လည်း ပြည်တွင်းစစ် နွံအိုင်ကြီးထဲ နစ်နေဦးမည်သာ ဖြစ်ပြီး အာဆတ်ကို ပြုတ်ကျသွားစေလောက်သည့် အနေအထားမျိုး ပြတ်ပြတ်သားသား ထွက်ပေါ်လာနိုင်စရာ မရှိပေ ဟု ရေးသားထားသည်။

    နောက်ဆုံးရရှိသော သတင်းအရ
    အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသော နိုင်ငံရေး မျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု အာရက္ခတပ်တော်က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး နိုင်ငံ ရေး အရ ဆွေးနွေးရန် အသင့် ရှိနေသည်ဟု လည်း ပါရှိလာခဲ့သည်။

    ဆိုလိုသည်က အာရက္ခ တပ်တော်သည် ဂွ မြိုကို အပြီး အပိုင် သိမ်းပိုက် ခဲ့ပြီး ချိန် နှင့် ကိုက်၍ ၎င်းတို အသည်းအသန် စိုးရိမ် နေသော ဧရာဝတီ တိုင်း ထဲ အဝင်ခံမလား၊ လက်ရှိ အနေအထားကို အသာတကြည် လက်ခံမည်လား ဟု စိန် ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

    Hla SoeWai

  • ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံး

    ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံး

    ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

    ရခိုင်ပြည်၊ ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

    ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြိုသိုစစ်ကူလာသေ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၄ တပ်ရင်း၊ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ ၂၁၄ တပ်ရင်း၊ ခမရ ၂၁၅ တပ်ရင်း နှင့် ခမရ ၂၁၇ တပ်ရင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ ၃၆ တပ်ရင်း၊ ခလရ ၃၈ တပ်ရင်း၊ ခလရ ၉၃ တပ်ရင်း၊ ခလရ ၂၇၁ တပ်ရင်းနှင့် ခမရ ၃၀၈ တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ကြောင်း သိရှိရသည်။

    ဖမ်းဆီးရမိသော စစ်သုံပန်းများကို စစ်ဆေးချက်အရ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တိုဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်ကို ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတိုအပြင် သံချပ်ကာ ၁၀ စီး၊ စစ်ကူ အမြောက်အမြားတိုဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြိုဖြစ်လာခဲ့ကြောင်း သိရှိရသည်။

    စစ်ကောင်စီက ဂွမြို့ကို အင်အား ၁၂၀၀ ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်ကို မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုးခဲ့ရခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချိုသေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံပန်းအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    ဂွမြို ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရကြောင်း AA က သတင်းထုတ်ပြန်သည်။

    အာရက္ခဒေသ တိုက်ပွဲသတင်းထုတ်ပြန်ချက်

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့သည်။

    သို့သော်လည်း မိမိတို့သည် ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သို့စစ်ကူလာသော-
    (၁) တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း

    (၂) တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း

    (၃) အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

    မိမိတို့ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့ဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်အား ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အမြားတို့ဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်လာခဲ့သည်။

    ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

    တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့သည်။ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့သည်။

    ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်။

    ဂွမြို့သိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်

    ပုံစာ-၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံအချို့

  • သစ္စာစူးကြပြီ

    “ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိ ရိုသေပါမည်”

    စစ်ကောင်စီတပ်အတွင်း မနက်တိုင်းရွတ်ဆိုကြရသည့် သစ္စာလေးချက်ထဲက ပထမဆုံးသော စကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တကယ်ပဲ လိုက်နာကြရဲ့လား။

    သူတို့တွေ ဒီလိုရွတ်ဆိုပြီး သေနတ်ဆွဲကာ ထွက်လာကြတဲ့နောက် ဘယ်သူ့သစ္စာကို စောင့်စည်း ကြတယ်ဆိုတာ စစ်ခေါင်းဆောင် လက်အောက်ခံတပ်ရင်း တပ်မနဲ့တပ်ဖွဲ့ဝင်တွေထဲက စစ်အရာရှိနဲ့ အောက်ခြေစစ်သား တွေ အသိဆုံးဖြစ်ပါတယ်။

    နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာမစောင့်သိခဲ့လို့သာ အာဏာကိုင်ဆောင်ထားတဲ့ လူတချို့နဲ့ စစ်အရာရှိတွေရဲ့ အကျိုးစီးပွားကို မျှော်ကိုးပြီး အထက်အဆင့်ဆင့် ခိုင်းသမျှ ဘယ်နိုင်ငံတော် ဘယ်နိုင်ငံသားတို့ရဲ့ မျက်နှာကိုမှ မကြည့်ဘဲ ရက်စက်ယုတ်ညံ့တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တာ လေး နှစ် ပြည့်ခါနီးကိုပင် ရောက်ရှိလာတော့မှာပါ။

    စစ်ကောင်စီတပ်ဖွဲ့တွေ တကယ်စောင့်သိရိုသေနေတာဟာ အာဏာရှင်လူတစ်စုဖြစ်ပြီး အဲဒီအာဏာရှင် တွေကရော သူတို့အောက်ခြေငယ်သားတွေအပေါ် ပြန်လည် ကြည့်ရှုမှုရှိပါရဲ့လား။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့တဲ့ ဗန်းမော် တိုက်ပွဲမှာ လက်နက်၊ ခဲယမ်းလုံလောက်မှုမရှိတော့ဘဲ စစ်ကူအင်အားလည်း ဖြတ်တောက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ထံ လက်နက်ချအညံ့ခံဖို့ အထက်စစ်အရာရှိတွေထံ တောင်းဆိုခဲ့တယ်လို့ တပ်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

    အဲ့ဒီလို ဆုတ်ခွာပြေးစရာ လမ်းကြောင်းလည်းမရှိတော့ဘဲ ပြန်လည်ပစ်ခတ်ရန် အင်အားပါ ထောက်ကူပေးနိုင်ခြင်းမရှိတော့တာကို သိသွားတဲ့ အထက်အရာရှိတွေဟာ ဗန်းမော်တိုက်ပွဲအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာမိန့်မပေးဘဲ မကြာခင် လေယာဉ်ပစ်ကူလွှတ်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

    တကယ်တမ်း လေကြောင်းပစ်ကူရောက်ရှိလာတဲ့အခါ စစ်ကောင်စီရဲ့ လေယာဉ်မှူးဟာ သူရရှိလာတဲ့ အမိန့်အတိုင်း ဆုတ်ခွာမိန့်တောင်းခံခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအပေါ် ဗုံးအလုံးရေမြောက်များစွာ ကြဲချခဲ့တဲ့အတွက် စစ်ကောင်စီဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလို ကိုယ့်တပ်ကိုယ် ဗုံးပြန်ကြဲပြီး သတ်ဖြတ်ဖို့ တကယ်လိုအပ်သလားဆိုတာ စစ်တပ်ထောက်ခံ သူတွေဆီမှာ တွေးခေါ်ဖို့ ဉာဏ်ရည်တောင် မရှိတော့ပါ ဘူး။

    သူတို့ပြောတာက သူပုန်တွေလက်ထဲ ရောက်မယ့်အစား သူရဲကောင်းဆန်စွာ အသက်ပေးသွားခဲ့ရတာက မှန်ကန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် စေခိုင်းသူတွေကလည်း မျက်ရည်နဲ့ရင်းပြီး အသေခံဗုံးကြဲပေးခဲ့ရ တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေခဲ့ ကြတာကို တွေ့ရပါတယ်။

    အဲ့ဒီတွေးခေါ်စဉ်းစားချက်တွေဟာ အလွန်ကြောက်စရာ ကောင်းပါတယ်။ မလိုအပ်ဘဲ ကိုယ့်လူ အချင်းချင်း သတ်ဖြတ်မှုကို အားပေးတဲ့အထိ ယုတ်ညံ့တဲ့ အကြံအစည်နဲ့ အတွေးအခေါ်တွေဟာ ဒီစစ်တပ်အသိုင်းအဝိုင်းမှာ သူရဲကောင်းဆန်တဲ့ သေဆုံးခြင်း၊ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်လို့ ယူဆတာ ဟာ ဘယ်လောက်တောင် ဦးနှောက်ဆေးကြောခြင်းကို ခံထားရပြီလည်းဆိုတာ သိသာနေပါတယ်။

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဗိုလ်လောင်းတက္ကသိုလ် သင်တန်းဆင်းပွဲအခမ်းအနားမှာ စစ်တပ်ဟာ နိုင်ငံတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောဆိုခဲ့သော် လည်း သူ့ရဲ့ပြောဆိုချက်အတိုင်း သူ့ရဲ့လက်အောက်ငယ်သား နိုင်ငံသားတွေအပေါ်မှာတောင် ငဲ့ညှာမှုမရှိခဲ့ ပါဘူး။

    လတ်တလော အာရက္ခတပ်တော် (AA) လက်ထဲကျရောက်သွားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) ကို စစ်ကောင်စီက ပြန်လည်ရယူဖို့ ကြိုးစားတဲ့အခါမှာလည်း ပိတ်မိနေတဲ့ သူ့ရဲ့လက်အောက်ငယ်သားနဲ့ စစ်အရာရှိတွေ ရှိနေခဲ့တာတောင် စစ်ရုံးချုပ်အပေါ်ပြင်းအားမြင့် ပေါင် ၁၀၀၀ ဗုံးတွေနဲ့ ကြဲချ တိုက်ခိုက် ခဲ့တာကို မြင်တွေ့ရပါတယ်။

    “နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိ ရိုသေပါမည်” လို့ ဆိုခဲ့ကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ AAရဲ့ ကယ်တင်မှုနဲ့ ဗုံးတွေဆက်တိုက်ကြဲချခံနေရတဲ့ နပခအတွင်းက လွတ်မြောက် လာစဉ်မှာ မိမိရဲ့စစ်တပ် ကိုပြန်ပြီး ဆဲရေးတိုင်းထွာမှုများ ပြုလုပ်ခဲ့တာကို တွေ့ ရပါတယ်။

    “နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိ ရိုသေပါမည်” လို့ ဆိုခဲ့ကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ AAရဲ့ ကယ်တင်မှုနဲ့ ဗုံးတွေဆက်တိုက်ကြဲချခံနေရတဲ့ နပခအတွင်းက လွတ်မြောက် လာစဉ်မှာ မိမိရဲ့စစ်တပ် ကိုပြန်ပြီး ဆဲရေးတိုင်းထွာမှုများ ပြုလုပ်ခဲ့တာကို တွေ့ ရပါတယ်။

    လွတ်မြောက်လာသူတွေဟာ ရက်နဲ့ချီကြာ အစာနဲ့ရေကို မသောက်သုံးခဲ့ရတဲ့အတွက် အစာရေစာ ပြတ်လပ်ပြီး ပိန်းငေါနေကာ ရရှိထားတဲ့ဒဏ်ရာတွေမှာလည်း ဆေးကုသမှုမခံရတဲ့အတွက် အခြေ အနေဆိုးရွားချိနဲ့ နေကြတာကို AA ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာ မြင်ခဲ့ရပြီး ငြင်းဆိုမရနိုင်တဲ့ မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

    AA ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက် နပခတခုလုံး ၎င်းတို့လက်ထဲ မကျရောက်ခင် နေ့စဉ်လက်နက်ချ အလံဖြူထောင်လာတဲ့ နပခအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ရုပ်သံမှတ်တမ်း တွေနဲ့ ထုတ်ပြန်လာပါတယ်။

    ထုတ်ပြန်တဲ့ ရုပ်သံတွေမှာလည်း AA ဟာ စစ်ကောင်စီ တပ်သားတွေကို “မင်းတို့ကို ဘာမှမလုပ်ဘူး။ အသက်ရှင်စေရမယ်။ မြန်မြန်လျှောက်။ ရှေ့နားရောက်ရင် လွတ်ပြီ။ ရေလည်းတိုက်မယ်၊ အစားစာ လည်းပေးမယ်။ မင်းတို့လုပ်သလို ငါတို့ပြန်မလုပ်ဘူး” လို့ သတိ ပေးနေတာကိုလည်း တွေ့ရပါတယ်။

    အဲဒီလို “မင်းတို့လုပ်ရပ်အတိုင်း ငါတို့ပြန်မလုပ်ဘူး” ဆိုတဲ့စကားဟာ အရှက်တရားသာ ရှိတတ်ခဲ့ရင် စစ်ကောင်စီတပ်သားတွေအတွက် ခေါင်းမဖော်နိုင်စရာ အခြေအနေပါ။

    သစ္စာစကား နေ့တိုင်းဆိုရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့စစ်ကြောင်းထိုးတဲ့ လမ်းကြောင်း တလျှောက်က ရွာတွေမှာ ဒေသခံတွေကို ဖမ်းဆီးပြီး မသတ်ခင် မျက်လုံးတွေဖောက်ထုတ်တာ၊ အသားတွေ ခြစ်ထုတ်တာ၊ ဗိုက်ဖွင့်ပြီး အူတွေဆွဲထုတ် အရှင်လတ်လတ် ခြေလက်တွေခုတ်ဖြတ် နှိပ်စက်ခဲ့တာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ပိုင်း စီပါရွာဖြစ်စဉ်က သက်သေခံလျက်ရှိပါတယ်။

    စစ်ကောင်စီဟာ သူကာကွယ်ရမယ့် နိုင်ငံသားတွေ အပေါ် ဒီလိုနှိပ်စက်သတ်ဖြတ်တာဟာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အဓမ္မအာဏာသိမ်းယူပြီးနောက်ပိုင်း တစ်တိုင်းပြည်လုံး စစ်ကျွန်ဘ၀ ထပ်မံရောက်ခဲ့ကြမှသာ အသက်စွန့်သတင်းရယူကာ တင်ဆက်ပေးနေတဲ့ နိုင်ငံသား သတင်းသမား(CJ)တွေ ၊ သတင်းထာနတွေရဲ့ ဖော်ပြမှုကြောင့်သာ စစ်တပ်က နိုင်ငံသားတွေအပေါ် ထားရှိတဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း သိမြင်ခဲ့ကြတာပဲဖြစ်ပါတယ်။

    စစ်တပ်ဟာ ပြည်သူကို လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ သူ့ကိုမထောက်ခံရင် ရန်သူပဲလို့ သတ်မှတ်ပြီး ကျောင်းနေအရွယ် ကလေးတွေကအစ ရန်သူအဖြစ်သတ်မှတ်နေတာကို ပဇီကြီး၊ လက်ယက်ကုန်း၊ အနန့်ပါစတဲ့ ကျေးရွာတွေက ကလေးငယ်ဒါဇင် နဲ့ချီ သေဆုံးခဲ့ရမှုမှာ ထင်ထင် ရှားရှားပါ။

    စာသင်နေတဲ့ ကလေးငယ်တွေကို လေကြောင်းကနေ ဗုံးကြဲ၊ စက်သေနတ်တွေနဲ့ မွေ့ရမ်းပစ်ခတ်ပြီး သေဆုံးသွားတဲ့ ကလေးငယ်တွေအလောင်းကို သက်သေဖျောက်ဖို့ ယူဆောင်ပြီး အလောင်းဖျောက်တဲ့ အထိ ရက်ရက်စက်စက်လုပ်ခဲ့တာဟာလည်း နိုင်ငံသားတွေအပေါ် သစ္စာစောင့်သိမယ်လို့ ဆိုခဲ့တဲ့စစ်တပ်ပါပဲ။

    အဲဒီလို လူမဆန်တဲ့ သတ်ဖြတ်မှုအပြီးမှာတောင် စစ်ကောင်စီဘက်က ထုတ်ပြန်လာတာက စာသင်ကျောင်းမှာ PDF တွေ အစည်းအဝေးလုပ်မယ် သတင်းရလို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ တယ် ဆိုတာလောက်ပါပဲ။

    ဝလုံးလေး ဝိုင်းအောင်ရေးဖို့အတွက် ခဲတံကိုတောင် မြဲမြဲမကိုင်ဆောင်နိုင်သေးတဲ့ ကလေးတွေခမျာ စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုအောက်မှာ ဘာတာဝန်ယူမှုမှ မရှိဘဲ အသက်ပေးခဲ့ရတာပါ။

    မြောက်ခင်ရန်း၊ တာတိုင်၊ မုန်တိုင်ပင်စတဲ့ စစ်ကိုင်း တိုင်းအတွင်းက ကျေးရွာတွေမှာဖြစ်ပွားခဲ့တဲ့ စစ်တပ် ရဲ့ လူသတ်ပွဲတွေမှာလည်း နိုင်ငံသားတွေဟာ မကြုံဖူး တဲ့ အသေဆိုးမျိုးနဲ့ ကြုံခဲ့ရတာပါ။

    စစ်တပ်ဟာ အမျိုးသမီးတွေအပေါ်မှာလည်း အရှက်ခွဲ မုဒိမ်းမှု ကျူးလွန်ခဲ့တာတွေကို လက်နက် သဖွယ်လုပ် ဆောင်လာပြီး စစ်ရေးရဲ့အရေးပါတဲ့ တိုက်ခိုက်မှုတစ်ခု အနေနဲ့တောင် အစဉ်တစိုက် ပြုလုပ်လာပါတယ်။

    အနည်းဆုံး အရပ်သား ၁၇ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တာတိုင်ရွာဖြစ်စဉ်မှာလည်း စစ်တပ်ဟာ အမျိုးသမီးသုံးဦးကို သူတို့ရဲ့လက်နက်ဖြစ်တဲ့ မုဒိမ်းမှုကျူးလွန်သတ်ဖြတ်ပြီးနောက် အဲဒီအမျိုးသမီးတွေရဲ့ မိန်းမကိုယ်တွေထဲ ကြက်သွန်ဥတွေ၊ အချိုရည်ဘူးတွေ ထိုးထည့်ပြီး အရှက်ခွဲ သတ်ဖြတ်ထားခဲ့ပါတယ်။

    လက်ရှိမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ခြင်းကိုခံထားရတဲ့ အင်းတော်မြို့တိုက်ပွဲမှာဆိုရင် လည်း စစ်တပ်ဟာ ပြည်သူရာချီကို သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထည့်ထားပြီး လူ သားဒိုင်းကာအဖြစ် အသုံးချနေပါတယ်။

    အဖမ်းခံထားရတဲ့အထဲက အမျိုးသမီးအချို့ကိုလည်း ညစဉ်ခေါ်ထုတ်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့် ကြတယ်လို့ မြို့မဘုန်းကြီးကျောင်းအတွင်း ပိတ်မိရာမှ ပြန်လည် လွတ်မြောက်လာသူတွေထံက သိရပါတယ်။

    စစ်တပ်ဟာ ပြည်သူကို ဘယ်တုန်းကမှ မငဲ့ညှာခဲ့ပါဘူး။ သူတို့စောင့်သိရိုသေနေတာဟာ လက်တဆုပ်စာ အာဏာရှင်ကိုပါ။ သူတို့တွေဟာ သူတို့ဆိုခဲ့တဲ့သစ္စာ မမှန်လို့ သစ္စာစူးနေကြတာကိုလည်း အခုချိန်ထိ မသိကြသေးပါဘူး။

    ပြီးတော့ စစ်တပ်ဟာ စစ်အင်အား လိုအပ်ချက်ကြောင့် နိုင်ငံထဲက လူသားအရင်းအမြစ် နိုင်ငံ့အနာဂတ်၊ နိုင်ငံ့ ရတနာလူငယ်တွေကို အဓမ္မဖမ်းဆီးပြီး သူတို့ကာကွယ်နေတဲ့ အာဏာရှင်တစုကို ဆက်လက်အကာ အကွယ်ပေးဖို့ တိုက်ပွဲအတွင်း သွတ်သွင်းနေခဲ့တာ လည်း ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းယူပြီး သုံးနှစ်အကြာ ၂၀၂၄ ဖေဖော်ဝါရီမှာ တရားဝင် ပြည်သူကို နှိပ်စက်နိုင်တဲ့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းအာဏာ တည်စေခဲ့ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေပါတယ်။

    အဲ့ဒီလို အဲဒီဥပဒေနဲ့နှိပ်စက်တာတောင် လိုအပ်တဲ့ စစ်အင်အား အလုံအလောက်မရရှိတဲ့အတွက် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ရမယ်ဆိုပြီး နိုင်ငံအတွင်းက ကြီးငယ်အလတ် အရွယ်သုံးပါးမရွေးကို စစ်တပ်ထဲ အတင်းအဓမ္မ ခေါ်သွင်းပြန်ပါတယ်။

    စစ်ခေါင်းဆောင်ဟာ သူပြောတဲ့ စကားတွေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို မရှက်တတ်တာ အံ့ဩစရာမဟုတ်ပါ ဘူး။ မနက်တိုင်း သစ္စာအဓိဋ္ဌာန်ဆိုနေတဲ့ လူတွေကတောင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် ရက်စက်ယုတ်ညံ့နေတာ တပ်အသိုင်းအဝိုင်းတစ်ခုလုံးဟာ ပြည်သူအတွက် တကယ့်ရွံ့မုန်းစရာ အသိုက် အဝန်းကြီးတစ်ခုပါပဲ။

    အခုဆိုရင် မကြုံစဖူး စစ်တပ်ရဲ့ အဓိကစစ်တိုင်းဌာနချုပ်တွေဟာ စစ်တပ်ကသတ်မှတ်ထားတဲ့ သူပုန်ဆိုသူ တိုင်းရင်းသားတွေရဲ့ လက်ထဲကို နေရာမှန်ပြန်လည် ရောက်ရှိသွားတာ တွေ့မြင်ရမှာပါ။

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြီးတော့ စစ်တပ်ဒကစတွေ စကခတွေ ဟာ နေ့မြင်ညပျောက် တော်လှန်သူတွေလက်ထဲရောက်ရှိကုန်တာဟာ စစ်တပ်ရဲ့ မူမမှန်သွေဖည်တဲ့ စစ်ရေးတွေနဲ့ ကိုယ့်နေရာကိုယ်မသိဘဲ အုပ်ချုပ်မှုကို လက်လှမ်းခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

    သစ္စာဆိုတာ သစ္စာတည်မှသာ အဲဒီရဲ့အကျိုးအမြတ်ကို ခံစားရတာပါ။ “ကတိသစ္စာတည်ကြည်ပါက နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏” တဲ့။ သစ္စာမှန်ခဲ့ရင် ဘာမဟုတ်တဲ့ မြက်တစ်ဆုပ်ကတောင် အသက် ကိုကယ် တင်နိုင်သေးတာ။ သစ္စာစူးနေတဲ့ စစ်တပ်အဖို့မှာတော့ ကိုယ့်တပ်ကို ဗုံးကြဲ၊ ကိုယ်ထောင်တဲ့မိုင်း ကိုယ်ပြန်နင်း၊ ကိုယ့်လက်အောက်ငယ်သားက ကိုယ့်ကိုပြန်ပစ် နဲ့ စစ်တပ်တစ်ခုလုံးဟာ ရှက်စရာကောင်း လောက်အောင် ပရမ်းပတာဖြစ်နေတာ မြင်တွေ့ရမှာပါ။

    ဒီအခြေအနေမှာတောင် တိုင်းပြည်အေးချမ်းငြိမ်သက်နေကြောင်း ပြချင်တဲ့ စစ်ခေါင်းဆောင်က လူမြင်ကွင်း ထွက်ဖို့အတွက် သက်တော်စောင့်အင်အားရာချီသုံးပြီး ပျက်စီးဆုံးရှုံးနေတဲ့ နိုင်ငံတော်ကို အဆိုအကပွဲတွေ၊ အားကစားပွဲတွေနဲ့ သကာရည်လောင်းနေပြန်ပါတယ်။

    ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ ချင်း၊ ကရင်နီ၊ ကချင်၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တနင်္သာရီ၊ ပဲခူးအနောက်ခြမ်းတစ် ခုလုံးစတဲ့ နေရာတွေမှာ စစ်မီးတောက်လောင်နေပြီး မြို့ကြီးတွေမှာလည်း လူငယ်ပြောက်ကျား တော် လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် စစ်ရေးဟာအာဏာသိမ်းပြီး ၄ နှစ်ကြာသည်အထိ မရပ်တန့်သွားခဲ့ပါဘူး။

    အခုဆို ဂွမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် စစ်တပ်ဟာ သူတို့အုပ်စိုးထားတဲ့ ဧရာဝတီတိုင်းနဲ့ရန်ကုန်ကို စစ်မီး ကူးလာမှာ ကြောက်နေရပါပြီ။ အဲဒီအတွက်လည်း စစ်အင်အား ၂၀၀ ကျော်ကို ယခု ရက်ပိုင်းအတွင်း ပေးပို့ခဲ့ရာမှာ မကြုံစဖူး အင်အား ၁၈၀ ကျော် ပြုန်းတီးသွားပြီလည်း ဖြစ်ပါတယ်။

    အာဏာရှင်ကို ထောက်ပံ့နေတဲ့ လက်အောက်ငယ်သား တွေဟာ အုံလိုက်ကျင်းလိုက် သေဆုံးမှုကို မျက်ဝါး ထင်ထင်မြင်တွေ့ရတော့ ထွက်ပြေးတိမ်းရှောင်တာတွေလုပ်လာနေပါတယ်။

    တပ်မိသားစုဝင်တွေဟာလည်း အဲဒီလို အလဟဿ အသက်ရင်းနေရတာဟာ သူတို့ဆိုခဲ့တဲ့ နိုင်ငံသားတွေ အပေါ် သစ္စာမစောင့်သိခဲ့လို့ သစ္စာစူးနေပြီဖြစ်ကြောင်း သိမြင်စပြုလာပါပြီ။ သစ္စာဟာ စူးတတ်ပါတယ်။