Author: Admin-501

  • ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့

    ပြည်တွင်းကနေ စစ်မှုထမ်း ရှောင်ဖို့ cb မှာ လာမေးထားတဲ့သူ အားလုံးအတွက် ဒီကနေပဲ ပို့စ်တင်ပြီး ပြောပါမယ်။

    ခုရက်ပိုင်း အလုပ်မအားလို့ တစ်ယောက်ချင်းတော့ သေချာ မပြောပြပေးနိုင်တော့ပါဘူး။ လိုင်းတောင် ညသန်းခေါင်မှ ဝင်သုံးရတာပါ။

    ရွေးစရာနည်းလမ်း ၃ ခု ရှိပါတယ်။

    ၁။ တော်လှန်ရေး တပ်တွေထဲ ဝင်မလား။

    ၂။ လွတ်မြောက် နယ်မြေကို သွားမလား။

    ၃။ ပြည်ပကို ထွက်မလား။

    စစ်တပ်ကို မကြိုက်ဘူး၊ ပြန်ချချင်တယ်၊ တခြားနိုင်ငံကို ထွက်သွားနိုင်တဲ့ အခြေအနေလည်း မရှိဘူး ဆိုတဲ့သူတွေ အတွက် တော်လှန်ရေး တပ်တွေထဲ ဝင်တာကတော့ အကုန်အကျ အသက်သာဆုံး နည်းလမ်းပါ။ လက်ရှိလည်း တပ်တော်တော် များများက လူသစ် လက်ခံနေပါတယ်။ အဆင်ပြေရင် ဆက်သွယ်ရမယ့် လင့်တွေ စုပြီး တင်ပေးပါမယ်။

    လွတ်မြောက်နယ်မြေ သွားမယ်ဆိုရင်တော့ ကချင်၊ ရှမ်းမြောက်နဲ့ ကရင်နီဘက် သွားလို့ ရပါတယ်။ ရခိုင်ကတော့ အခုချိန် သွားဖို့ နည်းနည်း ခက်ပါသေးတယ်။ တောင်ပိုင်းကတော့ မြို့ပေါ်မှာ နေလို့ မရနိုင်သေးပါဘူး။ လွတ်မြောက် နယ်မြေတွေမှာ သွားနေရတဲ့ အားသာချက်က ပြည်ပထွက်သလောက် ကုန်ကျစရိတ် မများတာနဲ့ သွားရလွယ်တာပဲ။ အားနည်းချက်က အချိန်မရွေး ဗုံးကျဲ ခံရနိုင်တာနဲ့ EROs တွေရဲ့ စစ်သား စုဆောင်းတာ ခံရနိုင်တာပါ။ သွားမယ်ဆို တတ်နိုင်သလောက် တကိုယ်ရေသုံး ပစ္စည်း နည်းနည်းပဲ သယ်သွားပါ။ စီးစရာ ကား၊ ဆိုင်ကယ် တစ်ခုခု ဝယ်ထားရင် ပိုကောင်းတယ်။ နေရာ ရွှေ့ပြောင်းစရာ ရှိရင် မြန်မြန်ဆန်ဆန် ရွှေ့လို့ ရအောင်။

    ပြည်ပထွက်တဲ့ သူတွေအတွက် လတ်တလော အလွယ်ဆုံးက ထိုင်းပေါ့။ ဒါတောင် အရင်ကထက် အများကြီး ပိုခက်သွားပြီ။ မလေးရှားတို့၊ လာအိုတို့ သွားလို့ရတဲ့ လမ်းကြောင်းတွေလည်း ရှိတယ်။ အဲဒီ ဘက်တော့ ကျွန်တော် အများကြီး မသိဘူး။ စုံစမ်းကြည့်ပါ။ ထိုင်းကိုတော့ အခုချိန်ကူးရင် မြဝတီကနေ ကူးတာထက် တာချီလိတ်နဲ့ ကရင်နီဘက်က ကူးတာ ပိုအဆင်ပြေ လိမ့်မယ်။ တောင်ပိုင်းမှာ ခုရက်ပိုင်းက ကျားဖျန် ကိစ္စနဲ့ တော်တော်လေး ကြပ်ထားလို့လေ။ သွားမယ့် ကုန်ကျစရိတ် ကတော့ ဘတ် ၇၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင် ရှိနိုင်တယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၅ သိန်း ဝန်းကျင်ပေါ့။ စိတ်ချရတဲ့သူတော့ ရွေးပါ။

    အရင်လကသာ ရောက်လာကြရင် ပန်းရောင်ကတ် ဘတ်ဖွင့်ချိန်နဲ့ ကွက်တိပဲ။ ဘတ်တစ်သောင်းခွဲ လောက် အကုန်ခံ ဘတ်ရိုက်လိုက်ရင် ၂ နှစ်တော့ အေးဆေး နေလို့ရတယ်။ အထောက်အထား ရှိတော့ အလုပ်လည်း ကောင်းကောင်း လုပ်လို့ရတယ်။ အခုတော့ VIP လမ်းကြောင်း မီသေးလား မမီလား မသိတော့ဘူး။ ဘဝတူတွေ အခန်း စုငှါးပြီး စုနေ၊ စုစားကြရင် အကုန်အကျ နည်းနည်း သက်သာမယ်။ မဟုတ်ရင်တော့ မြန်မာပြည်ထက် အကုန်အကျ အရမ်းများတယ်။ အလုပ်တစ်ခုခု ရသွားမှ နည်းနည်း ခံသာတာ။ အလုပ်တော့ သိပ်ရွေးနေလို့ မရဘူး။

    အဓိက ပြောချင်တာက ဘယ်လမ်းကို ရွေးရွေး ကိုယ့်အိမ်မှာလို နေလို့တော့ မရတော့ဘူး ဆိုတာ သိထားရမယ်။ ကိုယ့်အိမ်မှာပဲ ဆက်နေရင်လည်း အိမ်တံခါး လာခေါက်ပြီး ဒီထက်ဆိုးတဲ့ နေရာကို အပို့ခံရမှာ။ ဟိုရောက်မှ ထွက်ပြေးမယ် မတွေးနဲ့။ အခုထက် နှစ်ဆ ပိုခက်မယ်။ ဟိုအရှေ့မှာ ဝိုင်းသတိပေးနေကြတုန်းက ထွက်ခဲ့ရင်တော့ ခုထက် ပိုလွယ်ခဲ့မှာ။ လမ်းကြောင်းကို ကိုယ်က အရင် စမရွေးရင် သူများ ရွေးပေးတာ ခံရမယ်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီး အခုပဲ သွားဖို့လုပ်ပါ။ ကိုယ့်အသက်ထက် ဘယ်အရာကမှ ပိုပြီး အရေးမပါဘူးလို့ တွေးလိုက်ရင် ဘာမဆို စွန့်လွှတ် နိုင်သွားမှာပါ။

    ဇင်သော်နိုင်

  • တောင်ပိုင်းစစ်ဒေသ၌ တော်လှန်ရေးတပ်များကတစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၆ ကြိမ် တိုက်ခိုက်

    တောင်ပိုင်းစစ်ဒေသ၌ တော်လှန်ရေးတပ်များကတစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၆ ကြိမ် တိုက်ခိုက်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။

    ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ ၇ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်း၍ စစ်ကောင်စီတပ်အား (၁၆) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

    တစ်ပတ်အတွင်းတိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ကြောင်း အသိပေးသည်။

    တိုက်ပွဲများအနက် ဇန်နဝါရီ ၂၃ ရက်က ဖြစ်ခဲ့သည့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပဇွန်မြောင်းကျေးရွာ တိုက်ပွဲ ဖြစ်စဉ်ကို ဖော်ပြခဲ့သည်။

    ပုဇွန်မြောင်းကျေးရွာ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း အသိပေးသည်။

    အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂၊ တပ်ရင်း ၃၇၀၃၊ တောကျီးကန်း ၇ ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrior Drone Team၊ ကွန်မန်ဒိုတပ်ရင်း ဒရုန်းအဖွဲ့၊ တပ်ရင်း ၃၇၀၃ ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ MAအမျိုးအစားသေနတ် ၄လက်၊ G3 ၂လက်၊ အူစီ ၁လက် နှင့် ကျည်ဘောက်များ၊ ကျည်များ သိမ်းရခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

    ဇန်နဝါရီ ၂၃ရက်ကလည်း တောင်ပိုင်းစစ်ဒေသ PDFနှင့် မွန်တပ်များ ပူးပေါင်း၍ မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရှိ စစ်ကောင်စီ​၏ ခလရ(၃၁)တပ်ရင်း မီးတိုင်တပ်စခန်းကို သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်သည့်မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောကြားထားသည်။

    ထို့ပြင် မဟာဗျူဟာမြောက်စစ်ရေးလုပ်ငန်းများ ဆင်နွှဲလာရန်ရှိ၍ ပြည်သူများ ခရီးသွားလာမှုကို တက်နိုင်သမျှရှောင်ရှားကြရန် နိုင်နဂါးက တိုက်တွန်းထားသည်။

    “ပြည်သူတွေ ဘေးဆင်းရဲ ဒုက္ခက အမြန်ဆုံးလွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းဟာ ဒီစစ်ကောင်စီကို အမြန်ဆုံးဖြတ်ချဖို့ပဲရှိတဲ့အတွက်ကြောင့် ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပါ။ ကူညီပါဝင်ကြဖို့လို ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်”ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှ ရဲဘော်များအား တွေ့ရစဉ်။(ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ)

  • ရေရှည်ပဋိပက္ခအထိ ဦးတည်နေတဲ့ ခေတ်သစ်ပျူစောထီး

    ရေရှည်ပဋိပက္ခအထိ ဦးတည်နေတဲ့ ခေတ်သစ်ပျူစောထီး

    မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဦးဝင်းနိုင် (အမည်လွှဲ)တို့ အင်မထီးရွာဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီး တနှစ်တိတိပြည့်တဲ့နေ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။

    အဲဒီနေ့က စစ်တပ်နဲ့ရဲ အင်အား ၂၀ လောက်ရောက်လာပြီး စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် – PDF ရန်ကနေ ကာကွယ်ဖို့ဆိုကာ ရွာက အနည်းငယ်သော စစ်တပ်လိုလားသူတွေနဲ့ ပျူစောထီးစဖွဲ့ရာကနေ နောက်ပိုင်းမှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရွယ်ရောက်အမျိုးသားမှန်သမျှ ၁ အိမ် ၁ ယောက် မဖြစ်မနေမဲနှိုက်ပြီး ဝင်ရတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

    “အကြောင်းသင့်တဲ့လူတွေနဲ့ စဖွဲ့တယ်။ နောက်ပိုင်းကျ ကိုယ့်ဆန္ဒနဲ့ကိုယ် ဝင်ကြဆိုတော့ ဝင်မယ့်သူမရှိဘူး။ အဲဒီမှာ မဲမနှိုက်နေရ နှိုက်ခိုင်းပြီး ဝင်ခိုင်းတယ်။ မဲပေါက်တော့ တချို့လူတွေက ကိုယ့်ကိုကိုယ်တောင် သတ်သေမယ့်အဆင့်အထိ ဖြစ်ခဲ့ကြတယ်။” လို့ သူက ပြောပါတယ်။

    ပျူစောထီးထဲမဝင်ချင်လို့ သတ်သေမယ်ဆိုလည်း မိသားစုကို ဒုက္ခပေးမယ်ဆိုတဲ့အခြေအနေကြောင့် မိသားစုအရေးငဲ့ကွက်ပြီး ဝင်လိုက်ရတဲ့သူတွေရှိတယ်လို့ ဆိုပါတယ်။

    သူတို့ရွာမှာ အိမ်ခြေ ၄၈၀၊ လူဦးရေ ၁,၇၀၀ ဝန်းကျင်ရှိပြီး အားလုံးရဲ့ဖုန်းတွေကိုလည်း စစ်သားနဲ့ ရဲတွေက သိမ်းယူကာ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

    အဲဒီနောက် စစ်တပ်ထောက်ခံသူ အယောက် ၄၀ နဲ့ ပျူစောထီးစဖွဲ့ရာ ခုဆို ပျူစောထီးထဲပါသွားသူ ၁၅၀ ကျော်ရှိတယ်လို့ သူက ဆိုပါတယ်။

    အတူနေ မိသားစုဝင် ၇ ဦးရှိတဲ့ သူတို့မိသားစုမှာတော့ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေက အများစုဖြစ်ပြီး အရွယ်ရောက်အမျိုးသားဆိုလို့ သူတယောက်ပဲရှိတာပါ။ မြန်မာပြည်တောင်ဘက်ပိုင်းမှာ အလုပ်လုပ်နေတဲ့ သူ့သားအကြီးကတော့ ရွာမှာ ပျူစောထီးဖွဲ့နေပြီဆိုတဲ့ သတင်းကြားကတည်းက ပြန်မလာတော့ဘူးလို့ သူကပြောပါတယ်။ အတူနေ သားအငယ်လေးကတော့ အသက် ၁၀ နှစ်ကျော်သာ ရှိပါသေးတယ်။

    ဒါကြောင့် အိမ်ထောင်ဦးစီးဖြစ်တဲ့ ဦးဝင်းနိုင်တယောက်သာ ပျူစောထီးထဲဝင်ရမှာဖြစ်ပေမယ့် သူဟာ PDF နဲ့ အချိတ်အဆက်ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ စစ်သားနဲ့ရဲတွေ စရောက်လာတဲ့နေ့ကတည်းက ဖမ်းချုပ်ထားတာခံခဲ့ရတယ်လို့ ဆိုပါတယ်။ လအတန်ကြာမှာ ကျောင်းထိုင်ဘုန်းကြီးက ကြားထဲကမေတ္တာရပ်ခံမှုကြောင့် သူ့ကို အကျယ်ချုပ်သဘောမျိုးထားပြီး စစ်သားနဲ့ရဲတွေက မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့တယ်လို့ သူကဆိုပါတယ်။

    ဒီနှစ် ၂၀၂၄ မိုးဦးပိုင်းကျမှ စားဝတ်နေရေးအတွက် တောင်ယာလုပ်ပါရစေလို့ ပျူစောထီးခေါင်းဆောင်ကို တောင်းပန်ပြီး တောင်ယာလုပ်ခွင့်ရခဲ့ရာကနေ မိုးအကုန်အောက်တိုဘာမှာ မိသားစုနဲ့အတူ အစီအစဉ်တကျ ထွက်ပြေးခဲ့တာလို့ သူက ပြောပါတယ်။

    “မိန်းမနဲ့ ကလေးတွေနဲ့ အဖွဲ့ခွဲပြီး မရိပ်မိအောင်ထွက်လာတာ။ (ပျူစောထီးတွေ) ကင်းပတ်အပြန်ကို ချိန်ပြီးတော့မှ။ ကျနော့် ချွေးမနဲ့ သူ့အမေကို ပထမလှည်းနဲ့ တောင်ယာထဲကို မနက်လင်းလင်းချင်း လွှတ်လိုက်တယ်။ ကျနော့်မိန်းမနဲ့ မြေးကို သူတို့ဆီ ထမင်းချို့ပို့ဖို့ဆိုပြီး တောင်ယာထဲကို ထပ်လွှတ်လိုက်တယ်။ ကျနော်တို့ သားအဖကျတော့ ပေါင်းရိတ်မလို့ဆိုပြီး ထွက်လာလိုက်တယ်။” လို့ သူထွက်ပြေးတဲ့နေ့က စီစဉ်ခဲ့ပုံကို ရှင်းပြပါတယ်။

    ရွာပတ်ပတ်လည်က ပျူစောထီးတွေထောင်ထားတဲ့ မိုင်းနေရာတွေကိုလည်း တောင်ယာလုပ်နေရင်း မှတ်သားထားခဲ့ရာ အဲဒီနေ့က မနင်းမိအောင် ကွေ့ပတ်ရှောင်နိုင်ခဲ့ပြီးနောက် ရွာနဲ့ ခပ်လှမ်းလှမ်းကို ရောက်သွားခဲ့တယ်လို့ သူက ပြောပါတယ်။

    အဲဒီနောက် ပုလဲမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သူတို့မိသားစုကို လာခေါ်ပြီး လူသူအလှမ်းဝေးတဲ့ တောင်ပေါ်စစ်ရှောင်စခန်းမှာ နေစေပါတယ်။

    ရွာကနေ ထွက်ပြေးသူတိုင်းက သူတို့မိသားစုလို လွတ်လွတ်ကျွတ်ကျွတ် အဆင်ပြေသွားတာတော့ မဟုတ်ပါဘူး။ ဦးဝင်နိုင်တို့ ထွက်မပြေးခင် ၂ လလောက်အလိုက ဆိုက်ကယ်နဲ့ထွက်ပြေးတဲ့ ညီအစ်ကို ၂ ဦးဟာ ရွာပြင်ရောက်ပြီးခါမှ ပျူစောထီးနဲ့တွေ့ပြီး အသတ်ခံခဲ့ရတယ်လို့ တခြားရွာမှာ ထွက်ပြေးခိုလှုံနေတဲ့ အသတ်ခံရသူရဲ့သားက မြေလတ်အသံကိုပြောပါတယ်။

    “ကျနော့်အဖေနဲ့ ပထွေးလေး(ဦးလေး)တို့က ဆိုင်ကယ်နဲ့ ရွာကနေထွက်လာကြတယ်။ ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ လယ်ကွင်းနေရာမှာ ပျူစောထီးတွေက တွေ့ပြီးတော့ ဖမ်းသွားကြတယ်။ PDF နဲ့အဆက်အသွယ်ရှိသူတွေလို့ ပြောပြီး မိုင်းထောင်ဖို့လုပ်နေကြတာလို့လည်း စွပ်စွဲပြောဆိုတယ်။ ပြီးတော့ ကြိုးတုပ်ပြီး အင်မထီးရွာထဲကို ခေါ်သွားကြတယ်။ သူတို့နှစ်ယောက်ကို ပျူစောထီးတွေက စစ်ဆေးတယ်။ တုတ်တွေနဲ့ ရိုက်ကြတယ်။ နောက်ဆုံး ဓားနဲ့ထိုးသတ်တယ်လို့ ရွာက ထွက်ပြေးလွတ်မြောက်လာသူတွေက တဆင့်ပြန်ပြောတော့မှ သိရတယ်။” လို့ သူက ပြောပါတယ်။

    ဦးဝင်းနိုင်တို့လိုပဲ အင်မထီးရွာကနေ ပျူစောထီးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေကို လက်မခံနိုင်လို့ ထွက်ပြေးသူ အရေအတွက်ဟာ ခုဆို လူအယောက် ၇၀၀ ကျော်ရှိလာပြီလို့ ထွက်ပြေးလာသူတွေကို ကူညီနေတဲ့ အင်မထီးတိုက်နယ်က အန်ယူဂျီရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တာဝန်ခံက ပြောပါတယ်။

    အင်မထီးရွာရဲ့ မြောက်ဘက် ၁၀ မိုင်လောက်အကွာက ပျူစောထီးတွေအလားတူစိုးမိုးထားတဲ့ ဇီးဖြူကုန်းရွာကနေလည်း ထွက်ပြေးသူ ၅၀၀ ကျော်ရှိပြီလို့ ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ စစ်ရှောင်စခန်းတာဝန်ခံ ကိုဝင်းသန့်က ပြောပါတယ်။

    မြန်မာနိုင်ငံအလယ်ပိုင်းက မြို့နယ်တိုင်းမှာ အင်မထီးနဲ့ ဇီးဖြူကုန်း ရွာတွေလိုပဲ ပျူစောထီးစိုးမိုးထားတဲ့ ရွာတွေအမြောက်အများရှိနေပြီး ဒီရွာတွေကနေ ထွက်ပြေးသူတွေဟာ ထောင်နဲ့ချီရှိနေပါပြီ။

    သူတို့ဟာ ပျူစောထီးရွာတွေကနေ ထွက်ပြေးပြီး တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေမှာ သွားရောက်ခိုလှုံတဲ့အခါ ဒေသခံတွေရဲ့ သံသယနဲ့မနှစ်မြို့မှုတွေကို ကြုံတွေ့ခံစားနေရတယ်လို့ မြေလတ်အသံက အင်တာဗျူးခဲ့တဲ့ ပျူစောထီးအားကောင်းတဲ့ ရွာတွေကနေ ထွက်ပြေးကြသူ ၁၀ ယောက်ထက်မနည်းရဲ့ ပြောပြချက်အရ သိရပါတယ်။

    ဒီထဲက အသက် ၄၀ အရွယ် အမျိုးသမီးတဦးက “ပျူစောထီးရွာက(ထွက်လာတဲ့သူ)ဆိုတော့ အစပိုင်းမယုံကြဘူး။ ကိုယ်ကလည်း ပျူစောထီးမဟုတ်တဲ့အကြောင်း ရှင်းပြရတာပေါ့။” လို့ ပြောပါတယ်။

    ပျူစောထီးအမာခံအဖွဲ့ဝင်တွေဟာ စစ်တပ်လိုလားသူ ဒေသခံတွေဖြစ်ပြီး မြန်မာစစ်တပ်က သူတို့ကို စစ်သင်တန်းပေးကာ လက်နက်တွေ ထောက်ပံ့ပေးထားတယ်လို့ ရွာကနေထွက်ပြေးကြသူတွေက ဆိုကြပါတယ်။

    သူတို့ပြောပြချက်အရ အဲဒီပျူစောထီးအမာခံအဖွဲ့ဝင်တွေဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူတွေရဲ့ သတင်းကို စစ်တပ်ဆီပေးတာ၊ ရွာတွေကိုပိတ်ဆို့ပြီး ရွာသားတွေကို အဖွဲ့ထဲအဓမ္မဝင်ခိုင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ စစ်တပ်စစ်ကြောင်းတွေနဲ့ လိုက်ပါလမ်းပြတာ၊ နေအိမ်တွေကို မီးရှို့တာ၊ ပစ္စည်းတွေသိမ်းယူတာ စတာတွေကို လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

    “လှည်းတွေနဲ့ မလိုက်မနေရ၊ စစ်ကြောင်းနဲ့ ချိတ်ဆက်ပြီးတော့ ပစ္စည်းတွေယူတယ်။ လက်နက်သံ နည်းနည်းပါးပါးကြားတာနဲ့ အဲဒီရွာကို အကုန်မီးရှို့တာ၊ စစ်သားတွေရော ပျူစောထီးတွေရော။” လို့ အင်မထီးရွာက ပျူစောထီးအဖွဲ့ရဲ့ အလားတူလုပ်ရပ်ကို ဦးဝင်နိုင်က ပြောပါတယ်။

    Data for Myanmar ရဲ့စာရင်းအရ ၂၀၂၁ စစ်အာဏာသိမ်းကတည်းကနေ ၂၀၂၄ ဩဂုတ်လကုန်အထိ စစ်ကိုင်းတိုင်းမှာ လူနေအိမ် ၇၃,၃၅၁ လုံး ပျက်စီးခဲ့ပြီး တနိုင်ငံလုံးက လူနေအိမ်ပျက်စီးမှုစုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်းရှိပါတယ်။

    ပုံစာ – ၂၀၂၂ ဇွန်မှာ ရွှေဘိုမြို့နယ် တိုက်ပွဲအတွင်း မူးကမ်းကြီးရွာကို စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ခဲ့။ ဓာတ်ပုံ – Snakes Eye PDF

    နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG)၊ လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ Fortify Rights နဲ့ Burma Human Rights Network တို့က ပျူစောထီးအဖွဲ့ရဲ့ ဒီလိုလုပ်ရပ်တွေဟာ ဒေသခံချင်း ရေရှည်ပဋိပက္ခဖြစ်မှုကို ဦးတည်နေစေတယ်လို့ ဆိုပါတယ်။

    ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပျူစောထီးတွေရဲ့လုပ်ရပ်တွေကို သတိထားကြည့်ဖို့လိုအပ်ပြီး သူတို့ကို ဘယ်သူတွေက တိုက်ရိုက်ကိုင်တွယ်နေလဲဆိုတာကိုပါ ဖော်ထုတ်အရေးယူဖို့လိုအပ်တယ်လို့ ဒီအဖွဲ့တွေက ဆိုပါတယ်။

    “စစ်တပ်က ကိုယ်တိုင်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိသလို ကိုယ်တိုင်မလုပ်ဘဲ Non State Actors တွေဖြစ်တဲ့ အရပ်သားအချင်းချင်း ပြန်လုပ်ဆောင်နေတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သေချာစောင့်ကြည့်ဖို့လိုပါတယ်။” လို့ မကြာသေးခင်ကမှ ‘Pyu Saw Htee And Pro-Junta Thugs 2024’ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့ Burma Human Rights Network ရဲ့ အမုန်းစကားစောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် ဝေယံက ဆိုပါတယ်။

    Fortify Rights အဖွဲ့က မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ချစ်ဆိုင်းကလည်း ကျူးလွန်သူတွေကို တာဝန်ခံခိုင်းစေဖို့ ပျက်ကွက်ခဲ့ရင် ရေရှည်မှာ ရပ်ရွာအသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းရေးပြန်ရဖို့ ခက်ခဲတဲ့အခြေအနေ ဆိုက်သွားလိမ့်မယ်လို့ ပြောပါတယ်။

    ခေတ်သစ်ပျူစောထီးရဲ့ ခြေလှမ်းအစ

    ပျူစောထီးဆိုတဲ့ အမည်ဟာ မြန်မာရာဇဝင်ထဲက ပုဂံခေတ် သူရဲကောင်းတဦးရဲ့ အမည်ဖြစ်ပါတယ်။ သူဟာ လူတွေကို ဒုက္ခပေးနေတဲ့ ငှက်ဆိုး၊ ကျားဆိုး၊ ဝက်ဆိုးနဲ့ ငှက်လိုအတောင်ပံနဲ့ ရှုးပျံဆိုးတို့ကို လေးမြှားလက်နက်နဲ့ အနိုင်တိုက်နိုင်တဲ့ သူရဲကောင်းအဖြစ် ပုံဖော်ခံရပါတယ်။

    ခေတ်သစ်ပျူစောထီးတွေကတော့ ရာဇဝင်ထဲက သူရဲကောင်းပျူစောထီးနဲ့ ဆန့်ကျင်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာစစ်တပ်ရဲ့ လက်ကိုင်တုတ် အရပ်သားလက်နက်ကိုင်အဖွဲ့တခု ဖြစ်နေပါတယ်။

    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၅၆ ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ ဖဆပလ အစိုးရလက်ထက် သောင်းကျန်းသူနှိမ်နှင်းရေးအစီအစဉ်မှာ စစ်တပ်ကိုအထောက်အကူပြုဖို့ ပျူစောထီး လက်နက်ကိုင်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

    နောက်ပိုင်းမှာ အဲဒီပျူစောထီးအဖွဲ့ဟာ အာဏာရအစုအဖွဲ့ရဲ့ လက်ကိုင်တုတ်တွေဖြစ်လာပြီး အတိုက်အခံတွေကို နှိပ်ကွပ်တဲ့အဖွဲ့အဖြစ် ကျော်ကြားလာခဲ့တယ်လို့ မြန်မာနိုင်ငံက စစ်သွေးကြွတွေအကြောင်းလေ့လာပြုစုခဲ့တဲ့ ပါမောက္ခ JOHN BUCHANAN ရဲ့ ‘MILITIAS IN MYANMAR 2016’ စာတမ်းမှာ ဖော်ပြပါတယ်။

    ၁၉၅၈ ကနေ ၁၉၆၀ အထိ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရအဖြစ်အုပ်ချုပ်တဲ့ကာလမှာ ပျူစောထီးအဖွဲ့ဟာ ဖျက်သိမ်းတဲ့အထဲပါသွားခဲ့ပါတယ်။

    နှစ်ပေါင်း ၆၀ ကျော်အကြာ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာတော့ ပျူစောထီးဆိုတဲ့ အဖွဲ့အမည်ဟာ တကျော့ပြန်ခေါင်းထောင်လာပါတယ်။

    ၂၀၂၁ မှာပြန်ပေါ်လာတဲ့ ပျူစောထီးအဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲရှုံး ကြံ့ခိုင်ရေးပါတီဝင်တွေ၊ ထောက်ခံသူတွေနဲ့ အမျိုး၊ ဘာသာ၊ သာသနာရေး အစွန်းရောက်အုပ်စုတွေ အများဆုံးပါဝင်နေတယ်လို့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေ အများစုက ယူဆကြပါတယ်။

    စစ်တပ်အရာရှိဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ပြောခွင့်ရ ဦးနန္ဒာလှမြင့်က ပျူစောထီးဆိုတဲ့ အဖွဲ့နဲ့ သူတို့ပါတီ တစုံတရာပတ်သက်ခြင်းမရှိဘူးလို့ RFA သတင်းဌာနကို ငြင်းထားပါတယ်။

    ဒါပေမဲ့ အမျိုးသားရေးအစွန်းရောက်တွေနဲ့ ကြံခိုင်ရေးပါတီဝင်တွေဟာ တော်လှန်ရေးအင်အားစုတွေရန်ကနေ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ရာ လက်နက်ကိုင်ဆောင်ခွင့်ပြုဖို့ အာဏာသိမ်းစစ်တပ်ကို တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး တောင်းဆိုခဲ့ကြပါတယ်။

    စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ထဲမှာ ပျူစောထီးအဖွဲ့ရဲ့ ညွှန်ကြားစာနဲ့ ကြေညာချက်တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒေသအလိုက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေရဲ့သတင်းကို စုံစမ်းဖို့ ညွှန်ကြားတာ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေဆိုပြီး စာရင်းပြုစု ခြိမ်းခြောက်တာတွေကို အဲဒီစာတွေမှာတွေ့ရပါတယ်။

    ၂၀၂၁ မှာ လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ ပျူစောထီးအဖွဲ့ (မိတ္ထီလာ)ရဲ့ ခြိမ်းခြောက်စာ

    ၂၀၂၁ ဇူလိုင် ၂ ရက် ညပိုင်းမှာ NLD ထောက်ခံသူလို့ ပျူစောထီးရဲ့ ထုတ်ပြန်စာရင်းထဲမှာပါတဲ့ မြင်းခြံမြို့က ကျူရှင်ဆရာနဲ့ သူ့ဇနီးဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ ၂၀၂၁ ဇူလိုင် ၂၈ ရက်ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လက်နက်ကိုင်ပြီး လူသတ်သောင်းကျန်းနေတဲ့ အဖွဲ့တွေထဲမှာ ပျူစောထီးအဖွဲ့ဆိုတာပါဝင်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

    ၂၀၂၁ ဇူလိုင် ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာဖြတ်ပိုင်း

    နောက်တနှစ်အကြာ ၂၀၂၂ ဇူလိုင်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပျူစောထီးဆိုတဲ့ဝေါဟာရကို ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေက ဖန်တီးနေတာသာဖြစ်ပြီး စစ်တပ်ကဖွဲ့ထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစလို့ ပျူစောထီးဆိုတဲ့အဖွဲ့ရဲ့ ကြေညာချက်တွေ ထပ်ထွက်လာတာ မတွေ့ရတော့ဘဲ ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်တပ်က ပေါ်တင်ဖွဲ့စည်းတဲ့ ပြည်သူ့စစ်ဆိုတဲ့နာမည်နဲ့ လှုပ်ရှားလာကြတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

    ပြည်သူ့စစ်ဆိုတာကတော့ မြန်မာစစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားတွေကို စစ်သင်တန်းနဲ့ လက်နက်တပ်ဆင်ပေးပြီး တိုင်းပြည်ကာကွယ်ဖို့ဆိုကာ ဗျူဟာချမှတ် အကောင်အထည်ဖော်တဲ့ နည်းနာဖြစ်ပါတယ်။

    “အစပိုင်းမှာ ပျူစောထီးတွေက တရားဝင်လက်နက်မကိုင်ဘူး။ စစ်တပ်သတင်းပေးလုပ်တယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေကို စစ်တပ်အားကိုးနဲ့ ခြိမ်းခြောက်မှုတွေလုပ်ပြီး စစ်တပ်ရဲ့ ရပ်ကျေးအုပ်ချုပ်ရေးကို မပျက်သွားအောင်ထိန်းပေးခဲ့တယ်။ ခုနောက်ပိုင်းမှာတော့ ပြည်သူ့စစ်အသွင်ပြောင်းပြီး တရားဝင်လက်နက်ကိုင်ဆောင်လာတာရှိပါတယ်။” လို့ BHRN ရဲ့ ‘ပျူစောထီးနှင့် စစ်ကောင်စီ လက်ကိုင်တုတ်များ’ အစီရင်ခံစာအတွက် သုတေသနလုပ်သူ ဝေယံက ပြောပါတယ်။

    ပြည်သူ့စစ်အဖွဲ့ကိုတော့ လူအင်အား၊ လက်နက်အင်အား ပြည့်ပြည့်စုံစုံထောက်ပံ့ပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက၂၀၂၂ ဧပြီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

    ၂၀၂၁ စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာ ထုတ်ပြန်တဲ့ ‘Resisting the Resistance: Myanmar’s Pro-military Pyusawhti Militias’ ဆိုတဲ့ အစီရင်ခံစာကို ပြုစုခဲ့သူ International Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး Richard Horsey က ပျူစောထီးအဖွဲ့ဟာ အစောပိုင်းမှာ ကိုယ့်ရပ်ရွာကိုကာကွယ်မယ်ဆိုကာ ဖွဲ့စည်းခဲ့ကြတာဖြစ်နိုင်ပြီး စစ်တပ်က တိုက်ရိုက်ဖွဲ့စည်းတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ အလားသဏ္ဍာန်တူတူပဲလို့ သုံးသပ်ပါတယ်။

    “ပျူစောထီးမရှိပါလို့ စစ်တပ်က ငြင်းနေတာက မရိုးသားဘူးလို့ ထင်တယ်။ ပျူစောထီးရှိတယ်ဆိုတာကို သူတို့သိပါတယ်။” လို့ သူက ပြောပါတယ်။

    ပြန်လည်စုစည်းဖို့ခက်မယ့် လူ့အသိုက်အဝန်း

    ပျူစောထီးဆိုတဲ့ အသုံးဟာ စစ်တပ်ကဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီထောက်ခံသူတွေက တံဆိပ်ကပ်ခေါ်ဝေါ်တဲ့ အသုံးအနှုန်းသာဖြစ်တယ်လို့ စစ်အာဏာသိမ်းတာကို ထောက်ခံသူတွေက ကာကွယ်ပြောဆိုကြပါတယ်။

    မြန်မာစစ်တပ်ကနေ CDM လုပ်ထားတဲ့ ဗိုလ်ကြီး ဘုန်းပြည့် က ပျူစောထီးအဖွဲ့ဟာ ပြည်သူ့စစ်တွေနဲ့ အတူတူဖြစ်ပြီး စစ်တပ်ရဲ့ဝါဒမှိုင်းတွေ ရိုက်သွင်းခံထားရတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ ဖွဲ့စည်းကာ စစ်တပ်ရဲ့အရံအင်အားအနေနဲ့ အသုံးချတာလို့ ပြောပါတယ်။

    “ဥပမာ စစ်တပ်က ၁၀ ယောက်ဆို ပျူစောထီးက ၁၀ ယောက်။ ဒါဆို အင်အားက ၂ ဆဖြစ်သွားပြီ။ စစ်တပ်အတွက် ပိုကောင်းသွားတာက စစ်တပ်ကိုယ်တိုင် ဝင်လုပ်စရာမလိုဘဲ ရွာတွေကိုဝင်တာမှာ သူတို့နဲ့ အရင်လွှတ်လိုက်တာမျိုး။ ဆိုရှယ်မီဒီယာမှာတက်လာတဲ့ ယူနီဖောင်းတွေ မဝတ်တော့ဘဲ အခြားအဖွဲ့တဖွဲ့အနေနဲ့ လုပ်နေတဲ့ အကြမ်းဖက်မှုတွေ အများကြီးရှိတယ်။ ဒါမျိုးတွေမှာ ရှေ့ကခိုင်းဖို့ ပိုပြီးအသုံးချဖို့ လွယ်သွားတာပေါ့။” လို့ သူကရှင်းပြပါတယ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တဝိုက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တခုဖြစ်တဲ့ 96 Soliders တပ်ဖွဲ့ဝင် ဇေယျာလွင်က ပျူစောထီးအားကောင်းလာတဲ့ရွာတွေဟာ တချိန်က ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေ အများစုရှိတဲ့ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလိုရွာတွေက ရွာသားတွေဟာ စစ်တပ်နဲ့အတူယှဉ်တွဲနေထိုင်ရင်း စစ်တပ်ကို သတင်းပေးတာ၊ စစ်သင်တန်းတက်တာ၊ လက်နက်ကိုင်တာ စတာတွေလုပ်ပြီး အဲဒီရွာတွေထဲကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ အိမ်တိုင်းမှာ ကတုတ်ကျင်းတွေ၊ စစ်တပ်နဲ့ဆက်နွယ်တဲ့ ပစ္စည်းတွေကိုလည်း တွေ့ရတယ်လို့ သူကဆိုပါတယ်။

    မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နယ်မြေချင်းထိစပ်နေတဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းကြားက ပျူစောထီးအားကောင်းတဲ့ ရွာ ၁၂ ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ထားတယ်လို့ ကလေးအခြေစိုက် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

    တော်လှန်ရေးအင်အားစုတွေ ပိတ်ဆို့ရိက္ခာဖြတ်ထားတဲ့ ဂန့်ဂေါမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းကြားက ပျူစောထီးအားကောင်းတဲ့ရွာများ

    အဲဒီရွာတွေထဲက တရွာဖြစ်တဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာက ပျူစောထီးခေါင်းဆောင်လို့ သတင်းထွက်သူအမျိုးသားတဦးက သူတို့ရွာသားတွေကို အာဏာသိမ်းစစ်တပ်က လက်နက်တပ်ဆင်ပေးထားတာ ဟုတ်မှန်ကြောင်းဆိုပါတယ်။

    “ပျူစောထီးလို့ ဘာကြောင့်ခေါ်တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကိုယ့်ရွာကို လာရောက်အကြမ်းဖတ်သတ်ဖြတ်မှာကို မလိုလို့ စုပေါင်းကာကွယ်ကြတာပေါ့နော်။ လက်နက်တွေကတော့ အစုံပါပဲ။” လို့ သူက ပြောပါတယ်။

    သူဟာ ၂၀၂၁ စစ်အာဏာမသိမ်းခင် စစ်တပ်အရာရှိဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဌလုပ်ခဲ့သူ ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဦးရွှေမန်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီဝင်တဦးဖြစ်ပါတယ်။

    ဦးရွှေမန်းလိုပဲ စစ်တပ်အရာရှိဟောင်း၊ ကြံ့ခိုင်ရေးပါတီဝင်၊ ဂန့်ဂေါမြို့နယ် အမတ်ဟောင်း ဦးလှဆွေက ၂၀၂၁ စက်တင်ဘာမှာ ကြံ့ခိုင်ရေးပါတီဥက္ကဌထံ လိပ်မူပြီး မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက အရပ်သားတွေကို လက်နက်တပ်ဆင်ပေးဖို့ အကြောင်းကြားတဲ့စာမှာ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ထုတ်ပြန်ကြောင်း တွေ့ရပါတယ်။

    ဦးလှဆွေရဲ့ ဇာတိရွာဟာ ဂန့်ဂေါမြို့နယ်က ပျူစောထီးအားကောင်းတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြောက်ခင်ရန်းရွာ ဖြစ်ပါတယ်။

    အဲဒီမြောက်ခင်ရန်းရွာကို PDF တပ်ဖွဲ့က ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ သွားရောက်တိုက်ခိုက်စဉ် PDF တပ်ဖွဲ့ဝင် လူငယ် ၂ ဦးအဖမ်းခံရပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းဖို့ဖွဲ့စည်းထားတဲ့ The Independent Investigative Mechanism for Myanmar – IIMM က မြန်မာစစ်တပ်ကို အချက်အလက်တွေတောင်းခဲ့ပေမယ့် ခုထိ အကြောင်းပြန်ကြားတာ မတွေ့ရသေးပါဘူး။

    မြန်မာနိုင်ငံအလယ်ပိုင်းက အင်အားထောင်သောင်းချီရှိနိုင်တဲ့ ပျူစောထီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသူတွေထဲမှာ မဘသအဖွဲ့ဝင်ဟောင်း သံဃာတွေပါဝင်တာကို တွေ့ရပါတယ်။

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ဦးဝါသဝ ဆိုတဲ့ သံဃာတပါးဟာ PDF တွေကိုတိုက်ဖို့ ပျူစောထီးတွေလိုက်လံစုဆောင်းနေပြီး အခုအထိ အင်အားထောင်ချီရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ သူ့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး တနှစ်အကြာ ၂၀၂၂ မှာ လူမှုထူးချွန်ဆု ပထမအဆင့် တံဆိပ်နဲ့ ဂုဏ်ပြုခဲ့ပါတယ်။

    နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းအရ ၂၀၂၁ စစ်အာဏာသိမ်းကတည်းကနေ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ စစ်တပ်နဲ့ သူရဲ့လက်ပါးစေတွေကြောင့် သေဆုံးသူပေါင်းဟာ ကလေးသူငယ် ၇၀၀ နီးပါးအပါအဝင် ၆,၀၀၀ ကျော်ရှိသွားပါပြီ။

    ဒီထဲမှာ စစ်တပ်သတင်းပေးတွေကြောင့် ဖမ်းဆီးခံရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာ သေဆုံးသူတွေလည်း အများအပြားပါဝင်တယ်လို့ ဆိုထားပါတယ်။

    PDF ကလည်း ရပ်ထဲရွာထဲက စစ်တပ်သတင်းပေး ပျူစောထီးအဖွဲ့ဝင်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထား သတ်ဖြတ်ခဲ့ကြပါတယ်။ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့က ရွာတွေကို စစ်ကြောင်းထိုးရင်း နေအိမ်တွေကို မီးရှို့တာရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ပျူစောထီးအားကောင်းတဲ့ ရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့ကြတာလည်းရှိပါတယ်။

    ပုလဲမြို့နယ်ထဲက ပျူစောထီးနဲ့စစ်တပ် အထိုင်ချထားတဲ့ အင်မထီးနဲ့ ဇီးဖြူကုန်း ရွာ ၂ ရွာကို တော်လှန်ရေးအင်အားစုတွေက မကြာခဏဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲတွေကြောင့် ၂ ရွာလုံးမှာ အိမ်ခြေထက်ဝက်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    အိမ်ခြေ ၂၃၀ ရှိတဲ့ ဇီးဖြူကုန်းရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးတော်စပ်သူတွေရဲ့နေအိမ်တွေကို ပျူစောထီးအဖွဲ့က မီးရှို့ခဲ့ရာ နေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးသွားတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ကိုဝင်းသန့် က ဆိုပါတယ်။

    ၂၀၂၄ ဇူလိုင်မှာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ပျူစောထီးစခန်းအခြေစိုက်ရာ ကျေးရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ရာ ရေတော်ကျေးရွာက စစ်တပ်ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်နိုင်ဆိုသူကို ဖမ်းဆီးရမိခဲ့ပါတယ်။

    ၂၀၂၁ စစ်အာဏာမသိမ်းခင်က သူ့အရင် ရေတော်ရွာ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူကို အာဏာသိမ်းပြီးနောက် စစ်တပ်ကဖြုတ်ချခဲ့ပြီး မောင်နိုင်ကို အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ခဲ့ရာမှာ အစပြုကာ စဉ့်ကူးမြို့နယ်တောင်ပိုင်းတခုလုံးကို သူက ဗိုလ်ကျစိုးမိုးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    “အဲဒီလူကို ဖမ်းမိတုန်းက ပတ်ဝန်းကျင်ကလူတွေက ဓားတွေနဲ့ ဝိုင်းလာလို့ ကျနော်တို့ မနည်းထိန်းသိမ်းပြီး ခေါ်လာရတယ်။ သူ့ကို သိန်း ၂၀ ပေးသတ်ရ၊ ၃၀ ပေးသတ်ရ သတ်မယ်ဆိုတဲ့ လူတွေချည်းပဲ။” လို့ မောင်နိုင်ကို ဖမ်းဆီးစဥ်ပါဝင်ခဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

    သူ့ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်စစ်ဆေးနေရာ လူသတ်အလောင်းဖျောက်မှု၊ အဓမ္မပြုကျင့်မှု၊ ဓားပြတိုက် လုယက်မှု၊ မီးရှို့မှု၊ ပြန်ပေးမှု၊ ခြိမ်းခြောက်ငွေညှစ်မှု စတဲ့အမှုပေါင်း ၃၀ နီးပါးကျူးလွန်ခဲ့ကြောင်း သူကဝန်ခံထားတယ်လို့ နီးစပ်သူတချို့ထံကသိရပါတယ်။

    မြေလတ်အသံက မောင်နိုင်နဲ့ တိုက်ရိုက်အင်တာဗျူးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းထုတ်ပြန်ရေးဌာနကို ၂၀၂၄ စက်တင်ဘာလကတည်းက ကမ်းလှမ်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

    နိုဝင်ဘာ ၂၉ ရက်က မြန်မာစစ်တပ်ရဲ့ ဌာနချုပ်ရှိရာ နေပြည်တော်နဲ့ မကွေးတိုင်း ထိစပ်နယ်မြေတကြောမှာ သတင်းပေးလုပ်နေတဲ့ ပျူစောထီးခေါင်းဆောင် မင်းမင်း ဆိုသူကို မကွေးတိုင်းအခြေစိုက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် Local PDF ရဲ့ တပ်ရင်းတခုက ပစ်သတ်ခဲ့ပြီး ခေါင်းဖြတ်ခဲ့ပါတယ်။

    အဲဒီနောက် အသတ်ခံရသူရဲ့ ခေါင်းကိုဖြတ်ပြီး လှောင်ပြောင်နေတဲ့ရုပ်သံမှတ်တမ်းဟာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ဂရုတွေထဲမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အမျိုးသားရေးအစွန်းရောက် စစ်တပ်ထောက်ခံသူတချို့က သူတို့ဘက်တော်သားမင်းမင်းကို လုပ်ကြံသတ်ဖြတ်သူနဲ့ အပေါင်းအပါတွေကို ပြန်လည်လက်တုံ့ပြန်သွားရမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြပါတယ်။

    ပျူစောထီးမင်းမင်းကိုသတ်ပြီး ခေါင်းဖြတ်လှောင်ပြောင်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေနဲ့ ငြိစွန်းတယ်လို့ဆိုကာ ကျူးလွန်သူ တပ်ဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပျူစောထီးတွေရဲ့ လုပ်ရပ်နဲ့ အပြန်အလှန်လက်တုံ့ပြန်မှုတွေကြောင့် ရပ်ရွာအသိုင်းအဝိုင်းထဲ ရေရှည်ပဋိပက္ခဖြစ်စေမှုကို ဖြေလျှော့ဖို့ စဉ်းစားထားပုံနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကို နိုဝင်ဘာလကတည်းက တိုက်ရိုက်စာပို့မေးမြန်းခဲ့ပေမယ့် ဆောင်းပါးဖော်ပြချိန်အထိ အကြောင်းမပြန်ခဲ့ပါဘူး။

    International Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေး Richard Horsey က ပျူစောထီးဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တယ်ဆိုတာ တခုတည်းကိုသာမက အာဏာသိမ်းမှုကြောင့် ရပ်ရွာအသိုင်းအဝိုင်းထဲမှာ နှစ်ခြမ်းကွဲပြီး အစွန်းရောက်သွားစေတဲ့ အန္တရာယ်ကိုလည်း သတိထားကြည့်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။

    “ဒီအန္တရာယ်တွေက မြန်မာနိုင်ငံမှာပဲကြုံရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာကတော့ အတိတ်မှာ ဖြစ်ခဲ့တဲ့ တခြားတော်လှန်ရေးတွေထဲက ဆိုးကျိုးတွေကို သင်ခန်းစာယူပြီး ရှောင်ရှားနိုင်တဲ့ အခွင့်အရေး ရှိနေပါသေးတယ်။”

  • နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ ဈာပနမြင်ကွင်း

    နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ ဈာပနမြင်ကွင်း

    ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ကွယ်လွန်ခဲ့တဲ့ အဆိုတော် မာရဇ္ဇ (ခ) ကိုသိန်းဇော်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။

    ဈာပနအခမ်းအနားမှာ အဆိုတော် မာရဇ္ဇကိုချစ်တဲ့ ပရိသတ်တွေနဲ့ ဂီတညီအစ်ကိုမောင်နှမတွေက သူ့ရဲ့ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်တာကို တွေ့ရပါတယ်။

    နိုင်ငံကျော် တီးဝိုင်းတစ်ခုဖြစ်တဲ့ iron cross တေးဂီတအဖွဲ့ရဲ့ မန်နေဂျာ ဦးကိုကိုလွင်ကလည်း အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

    “ညီအစ်ကိုလို ရင်းနှီးခဲ့ရသူမို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်၊ အနုပညာနဲ့ပတ်သက်ရင် တော်တော်ခေါင်းမာပြီး သူ ယုံကြည်ရာကို သူ လုပ်တဲ့သူပါ။ အောင်မြင်ကျော်ကြားတဲ့သီချင်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ တေးရေး၊ တေးဆိုတစ်ယောက်မို့ နှမြောမိပါတယ်”

    အဆိုတော် မာရဇ္ဇဟာ မြန်မာပရိသတ်တွေကြား “အလွမ်းမိတ်ဆွေ”၊ “ဆွဲအား” စတဲ့သီချင်းတွေနဲ့ လူသိများတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၅၈ နှစ်ရှိပြီ ဖြစ်ပါတယ်။

    အဆိုတော် မာရဇ္ဇ၏ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo: RFA)

  • စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

    စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်

    စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အရည်အသွေးသတ်မှတ်ချက်များကိုပါ ဖယ်ရှား

    အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း နှင့် ထိုကော်မရှင်၏ အရည် အသွေး သတ်မှတ်ချက်များကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ (GANHRI) က ဆုံးဖြတ်လိုက်ကြောင်း Progressive Voice ထံမှ သိရှိရသည်။

    Global Alliance of National Human Rights Commission – GANHRIက စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အရည်အသွေးအဆင့်သတ်မှတ်ချက်ကို အပြီးသတ်ဆုံးဖြတ်ချက်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆိုထောက်ခံပြီး APF နှင့် SEANF တို့ကိုလည်း အလားတူ လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုကြောင်း သိရှိရသည်။

    စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန်နှင့် အရည်အသွေးအဆင့် သတ်မှတ်ချက်အား ဖယ်ရှားလိုက်သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Commission – GANHRI)[1] ၏ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အပေါ် လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာအရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) နှင့် အာရှဒေသနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) တို့က ကြိုဆိုထောက်ခံလိုက်ကြောင်း သိရှိရသည်။

    ထိုကဲ့သို့ ဆုံးဖြတ်ချက်ကို နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့ကလည်း အခြေခံမူများအပေါ် ရပ်တည်ချမှတ်ခဲ့သော GANHRI ၏ ဆုံးဖြတ်ချက်ကို လိုက်နာပြီး MNHRC အား သက်ဆိုင်ရာ၎င်းတို့၏လူ့အခွင့်အရေးကွန်ရက်များမှ ချက်ချင်းဖယ်ရှားရန် တိုက်တွန်း တောင်းဆိုထားသည်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာလ အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) က “ စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင် သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံးလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင်ဆောင်ရွက်မှု မရှိကြောင်း” အတည်ပြုပြောကြားကာ စစ်ကောင်စီ၏ လူ့အခွင့်အရေး အဆင့်သတ်မှတ်ချက်ကို ဖယ်ရှားရန် အကြံပြုခဲ့သည့် ၎င်း၏ ၂၀၂၃ ခုနှစ် အကြံပြုတိုက်တွန်းချက်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

    သို့ရာတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က ယင်းဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ကြောင်း၊ သို့သော်လည်း အခြား GANHRI ဗျူရိုအဖွဲ့ဝင်များထံမှ လုံလောက်သော ပံ့ပိုးကူညီမှု မရခဲ့ကြောင်း၊ GANHRI သည် ယခုအခါ MNHRC ၏ အဆင့်သတ်မှတ်ချက်နှင့် အဖွဲ့ဝင်ဖြစ်နေခြင်းကို ၎င်းတို့ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှ ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို အပြီးသတ်ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

    GANHRI ၏ ဆုံးဖြတ်ချက်ကို ထောက်ခံရသည့်အကြောင်းရင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အုပ်စုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်က စစ်အုပ်စုနှင့် လုံးလုံးလျားလျား လက်တွဲပူးပေါင်းနေခဲ့ပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အစဥ်တစ်စိုက် နှုတ်ဆိတ်နေခြင်းနှင့် တုံ့ပြန်လုပ်ဆောင်မှုတစ်စုံတရာ မရှိနေခြင်းသည် ယုံကြည်စိတ်ချရသော၊ လွတ်လပ်အမှီအခိုကင်းသော၊ ထိရောက်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များအတွက် စံနှုန်းသတ်မှတ်ထားသည့် ပါရီအခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာလူ့အခွင့်အရေး ကော်မရှင်က စစ်အုပ်စု၏ လက်ဝေခံအဖြစ် အလုပ်လုပ်ပေးနေပြီး စစ်အုပ်စု၏ မှားယွင်းသော ထုတ် ဖော်တင်ပြမှုနှင့် တင်ပြပြောဆိုမှုများကို ထပ်လောင်းသံယောင်လိုက် ပြောဆိုနေခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများမှ တရားဝင်မှုရရှိရေး ဆောင်ရွက်ပေး နေကြောင်း၊ နောက်ဆုံးအနေဖြင့် MNHRC သည် စစ်အုပ်စု၏ ရာဇ ၀တ်မှုများတွင် အလိုတူအလိုပါ ဖြစ်နေကြောင်း ထောက်ပြထားသည်။

    ရှေ့ပြေးအသံအဖွဲ့၏ဥက္ကဌ ဒေါ်ခင်ဥမ္မာ က “စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC(လူ့အခွင့်အရေးကော်မရှင်) ကို ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တဲ့ GANHRI ရဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ကျမတို့က ကြိုဆိုတယ်။ ပါရီအခြေခံမူတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာကို GANHRI အနေနဲ့ လက်မခံဘူးဆိုတာကို ဒီဆုံးဖြတ်ချက်က မြန်မာပြည်သူတွေကို အတည်ပြုပေးလိုက်တာပဲ ဖြစ်တယ်။ APF နဲ့ SEANF တို့လည်း GANHRI ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူတကွ ရပ်တည်ပြီး MNHRC ကို သူတို့ရဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေးကွန်ရက်တွေကနေ ဖယ်ရှားပြီး တူညီတဲ့ အခြေခံမူနဲ့ အနှစ်သာရကို အချိန်ဆိုင်းမနေဘဲ ထုတ်ဖော်ပြသရပါမယ်။”ဟု သုံးသပ်ပြောဆိုထားသည်။

    ဓာတ်ပုံ- မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်တို့ကို ၂၀၂၄ ခုနှစ် ၇၆ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)