Author: Admin-501

  • စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်

    စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး စစ်မှုမထမ်းသူနှင့် ထွက်ပြေးရန် အားပေးသူများကို ထောင်ဒဏ်ချမှတ်မည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ

    စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံး နည်းဥပဒေအရ စာရင်းသွင်းမှတ်ပုံတင်မည်ဖြစ်​ပြီး တရားဝင်ကင်းလွတ်၊ ရွှေ့ဆိုင်း၊ လျှော့ပေါ့ခွင့်မရှိလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်

    အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး ထွက်ပြေးသူ၊ တိမ်းရှောင်သူလူငယ်များနှင့် စစ်ထဲမဝင်စေရေး အားပေးသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ နည်းဥပဒေတွင် အခန်း ၁၀ ခန်း ပါဝင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် လက်အောက်ခံ အဖွဲ့များကို လုပ်ပိုင်ခွင့်တာဝန်များ အသီးသီးပေးအပ်လိုက်ကြောင်း သိရှိရသည်။

    စစ်မှုထမ်းနည်းဥပဒေတွင် အခန်း ၁၀ ခန်း၊ နည်းဥပဒေ ပြဋ္ဌာန်းချက် ၅၉ ခု ၊ နောက်ဆက်တွဲ ပုံစံ ၁၂ ခု ပါဝင်ပြီး အခန်း ၁ တွင် အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း ၂ တွင် ပြည်သူ့စစ်မှုထမ်းရန် အသက်နှင့်ကာလတွက်ချက်ခြင်း၊ အခန်း ၃ တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း ၄ စစ်မှုထ်းစာရင်း ပြုစုခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း ၅ တွင် ဆေးစစ်ခြင်းနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖြစ်စေ၊ စစ်မှုထမ်းရမည့်ကာလအပိုင်း အခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခြင်း၊ အခန်း ၆ တွင် အမိန့်စာ ဆင့်ခေါ်ခြင်း၊ အခန်း ၇ တွင် ဆေးစစ်ရေးဘုတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း ၈ တွင် ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ အခန်း ၉ တွင် စစ်စည်းရုံးခြင်းနှင့် အခန်း ၁၀ တွင် ​အထွေထွေ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် လက်အောက်ခံအဖွဲ့များသည် နည်းဥပဒေအရ လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို ဆက်တိုက် ထုတ်ပြန်နိုင်ပြီး နည်းဥပဒေပါ အတိအကျ ပြဋ္ဌာန်းချက်များအရ ဥပဒေနှင့်အကျုံးဝင်ထားသည့် လူငယ်များအားလုံးသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ရှောင်တိမ်းသူများ၊ ထွက်ပြေးသူများနှင့် ထွက်ပြေးရန် အားပေးကူညီသူများသည် စစ်မှုထမ်းနည်းဥပဒေနှင့်အညီ ထောင်ဒဏ်ချမှတ် အရေးယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံးသည် ခရီးသွားလာရာတွင်လည်း ကောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ကောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်လက်မှတ်များ လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမှုမှ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် ကင်း လွတ်ခွင့် လက်မှတ်များကို သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ထုတ်ပေးမည်ဖြစ်ပြီး ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် နှင့်ရွှေ့ဆိုင်းခွင့် မရရှိသူများသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရသည်။

    အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

    စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း သိရှိရသည်။

  • ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

    ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

    ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂‌၆) လုံးနဲ့ ၈၁ မမ ၆ လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    SRM (၁၇) လုံးနဲ့ ဝါဇီစက်ရုံကို တိုက်ခိုက်ရာမှာ ၁၃ လုံး အောင်မြင်ခဲ့ပြီး စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီးတွေ၊ အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု ရှိပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့ မကွေးတိုင်း ပကဖ က ဆိုပါတယ်။

    အဲဒီ တိုက်ခိုက်မှုတွေကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F)၊ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (N.S.P)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) နဲ့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း၊ တပ်ခွဲ (၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

  • စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်

    ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆုံရွာ ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မိုးတောင်ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက ပြုလုပ်ခဲ့ပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ကို ဒရုန်းဖြင့် ၃ ကြိမ်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်။ စ်ခွေးတွေ သေဆုံးမှု အခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို 925ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမှာ နေ့ခင်းအချိန် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်

    မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

    ချမ်းမြသာစည်မြို့နယ် ၊ အနောက်မြို့သစ် ၆၉ အေလမ်း ၊ ၁၁၅ လမ်းနဲ့ ၁၁၆ လမ်းကြားမှာ ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ် စီး အမျိုးသား ၆ ဦးက အခြားသောဆိုင်ကယ်စီးအမျိုးသားကိုရန်ပြုကာ ဆိုင်ကယ်လုယက်သွားတာပါ။

    CCTV မှတ်တမ်းအရ ကလစ် ဆိုင်ကယ် (Click) အမျိုးအစားမောင်းနှင်လာတဲ့အမျိုးသားကို မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ် ၃ စီးနဲ့အမျိုးသား ၆ ဦးက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး ရန်ပြုကာ ဆိုင်ကယ်ကိုလုယက်သွားတာတွေ့ရပါတယ်။

    ဆိုင်ကယ်ပိုင်ရှင်အမျိုးသားက ဆိုင်ကယ်ကို ပြန်ရဖို့ ကြိုးပမ်းရာမှာ ရန်ပြုတိုက်ခိုက်တာကို CCTV မှတ်တမ်းမှာတွေ့ရပါသေးတယ်။

    “လွယ်လို့ လစ်လို့ ဆိုင်ကယ်လုတာမဟုတ်တော့ဘဲ ပေါ်တင်အုပ်စုလိုက် ဓားမြတိုက်ယူတာ၊ မပေးရင် အသက်အန္တရာယ်ကိုပါ ရန်ပြုတဲ့အဆင့်ဖြစ်နေပြီ”လို့ မန္တလေးမြို့ခံ ရဲအရာရှိဟောင်းတစ်ဦးက ဖြစ်စဉ်အပေါ် ပြောပါတယ်။

    လုယက်ခံရတဲ့ ဆိုင်ကယ်အမျိုးအစားဟာ Honda Click 150 Model 2020 ဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း၉၀အထက် ရှိနေပါတယ်။

    ဆိုင်ကယ်လုယက်သူတွေ တန်ဖိုးကြီး ဆိုင်ကယ်တွေကိုသာ ပစ်မှတ်ထားလုယက်လေ့ရှိတာလို့ မြို့ခံတွေဆီကသိရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လုယက်မှုတွေကို ဗြောင်ကျကျ ကျူးလွန်လာနေကြတာပါ။

  • ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF များ စောင့်ကြိုတိုက်ခိုက်

    ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF များ စောင့်ကြိုတိုက်ခိုက်

    စစ်တောင်းမြစ်အနောက်ခြမ်း စိုးမိုးနိုင်ရေးဆောင်ရွက်နေဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြော

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိခဲ့သည်ဟု ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ကြောင်းဖြစ်သည့် တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)မှ ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

    ယမန်နေ့(ဒီဇင်ဘာ၂၂ရက်) ည ၉နာရီ ၄၅မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်းရှိ နှောပင်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေကြသော အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်သားများကို RTCစစ်ကြောင်းမှ ရဲဘော်များက သွားရောက်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာတိုက်ပွဲဖြစ်ခဲ့သည်ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း(RTC)က သတင်းထုတ်ပြန်သည်။

    ထိုသို့တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် နှောပင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများအား စစ်ကူပေးရန် ကျွန်းတောကုန်းကျေးရွာမှ စစ်ကူထွက်လာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ကိုလည်း ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

    RTC စစ်ကြောင်း၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲအပြီးတွင် ကတို့ကုန်းကျေးရွာဘက်မှ မန်ကျည်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်လာကြောင်း သိရ၍ ပြည်သူများ အသွားအလာ အနေအထိုင်ဆင်ခြင်ကြရန် သတိပေးထားသည်။

    “လက်ရှိမှာ မနေ့ညက ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ အနေနဲ့ အကြမ်းဖက် စကစဘက်က အင်အားဖြည့်တင်းတာတွေ စစ်ကူပေးတာတွေ ရှိလာတာကြောင့်မို့ စစ်ရေးလှုပ်ရှားမှုတော့ထပ်မံ ဖြစ်ပေါ်လာစရာ ရှိပါတယ်”ဟု RTC စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

    ယမန်နေ့ညက ဖြစ်ခဲ့သည့်တိုက်ပွဲကို ရဲဘော်သမန်းကျား ဦးဆောင်သောအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားရဲဘော်များနှင့်အတူ အမျိုးသမီးရဲဘော် ၆ဦးလည်း စစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်ခဲ့ဟု RTC စစ်ကြောင်းက ထုတ်ပြန်သည်။

    RTC စစ်ကြောင်း၏ စစ်ဆင်ရေးအတွင်း အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်း ကိုအီဗယ်က ပြောသည်။

    RTC စစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်များအနေဖြင့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဖက်ခြမ်းစိုးမိုးနိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်းလည်း အသိပေးသည်။

    “လက်ရှိ အခြေအနေဟာဆိုရင် ကျနော်တို့အနေနဲ့ သွားရောက် စစ်စကားနေရတဲ့အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပြီး စိုးမိုးထားနိုင်ဖို့အတွက် ကြိုးစားနေကြပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

    (တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − RTC)