Author: Baby Yit Lone

  • စစ်တပ်က ဗုံးကြဲခဲ့သည့် နောင်တခီးကျေးရွာ စာသင်ကျောင်း မြင်ကွင်း

    စစ်တပ်က ဗုံးကြဲခဲ့သည့် နောင်တခီးကျေးရွာ စာသင်ကျောင်း မြင်ကွင်း

    ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ် နောင်တခီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၃ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်း ဗုံးကြဲချခဲ့တာကြောင့် ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေ ကျောင်းတက်နေတဲ့ အချိန်မှာ ကာမီကာဇယ်ဒရုန်းနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ရေးသတင်းရင်းမြစ် ဒေသခံတယောက်က “(KNU) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ နောင်တခီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းရုံးခန်းဘက်ကို ကျ​ခဲ့တာ။ ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကျောင်သားငယ် တယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီက ဗုံးကြဲချခဲ့လို့ စာသင်ကျောင်းရုံးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

  • ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်

    ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်

    ရန်ကုန်မှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးစနစ် ရှင်းပြဖို့နဲ့ အစမ်းမဲပေးဖို့ တအိမ် တယောက် ခေါ်ယူပြီး မလာတဲ့သူတွေကို ဧည့်စာရင်းထုတ်ပေးမှာ မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

    ရန်ကုန်တိုင်းက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တအိမ် တယောက် နှုန်းခေါ်ယူပြီး မဲအစမ်းထည့်ခိုင်းတာတွေကို စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလုပ် တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့ခံတယောက်က “အကုန်လုံးကိုခေါ်တာ။ ဧည့်စာရင်းတိုင်နေရတဲ့သူတွေကို မလာရင် ဧည့်စာရင်းတိုင်ရတာ ခက်မယ်လို့ ပြောတယ်။ မဲက အစမ်းထည့်ခိုင်းတာ။ ၁၈ နှစ်အထက်လူ ကုန်လာရမယ်။ မလာခဲ့ရင် မှတ်ထားတာ။ အဓိကတော့ လာတဲ့သူနည်းမှာ စိုးရိမ်လို့နေမယ်”လို့ ပြောပါတယ်။

    အဲဒီကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးရုံးဘက်က အတည်ပြုတာရှိပြီးတော့ အသက် ၁၈ နှစ် အထက်အားလုံး မလာမနေရ သတ်မှတ်ထားတာမဟုတ်ဘဲ သတ်မှတ်မဲပေးလူဦးရေ ပြည့်မီစေဖို့ လုပ်တာလို့ဆိုပါတယ်။

    ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ”အသက် ၁၈ နှစ်အထက် အကုန်လုံး မလာမနေရ သတ်မှတ်ထားတာတော့ မဟုတ်ဘူး။ ဥပမာ ရပ်ကွက်တခုမှာ လူ ၂၀၀၀ ရှိတယ်ဆိုရင် လူ ၅၀၀ လာပေးရင် မဲပေးတာ အထမြောက်တယ်။ သူတို့က အဲဒီလိုပုံစံမျိုး သတ်မှတ်တယ်။ တချို့ရပ်ကွက်တွေဆို လူမလာဘူး ပြောတယ်။ စမ်းသပ်ခိုင်းပြီး လက်မှတ်ထိုးပြီး ပြန်သွားကြတာပေါ့။ ကြံ့ခိုင်ရေးတွေတော့ ကြည့်ကြတယ်။ မဲစက်မှာ ထည့်ကြတာပေါ့။ သူတို့စက်က မမှားဘူးပေါ့ဆိုတာမျိုး။ လူတွေ မလာမှာကြောက်လို့ ဧည့်စာရင်းသမားတွေကို ဦးစားပေးလာဖို့ သတ်မှတ်တာ။ အလုပ်က ဖွင့်ရက်ဆိုတော့။ မရှိရှိတဲ့ သူကို ခေါ်ခိုင်းတာ”လို့ ပြောပါတယ်။

    အဲဒီမဲပေးစက်တွေဟာ မြို့နယ်ရုံးတွေကို ရောက်ရှိနေပြီဖြစ်ပြီး မြို့နယ်ရုံးတွေကနေတဆင့် ရပ်ကွက်တွေထဲကို သယ်လာပြီး အစမ်းမဲပေးခိုင်းနေတာလို့ ဆိုပါတယ်။

    ဒေသခံတယောက်ကလည်း “မဲပေးပြီးရင် ၃ စက္ကန့်ကြည့်လို့ရသေးတယ်။ မှားသွားတယ် ဆိုတာကို ပြောလို့ရတယ်။ ပြင်ဆင်ပေးတယ်။ နှိပ်လိုက်တာနဲ့ စာရွက်လေးက ကျလာမယ်။ အဲဒီအချိန်မှာ ၃ စက္ကန့်ရသေးတာ။ ပြီးမှ ချိပ်ပိတ်ထားတဲ့ မဲပုံးထဲ တန်းဝင်သွားမှာ။ မီးအစိမ်းလေးပြတာနဲ့ ထည့်လို့ရပြီ။ ပြီးရင် ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုပဲ မဲပုံးဖွင့်ပြီး မဲရေတွက်မှာ။ မဲမသမာမှုကတော့ မလုပ်နိုင်ပေမဲ့ ပြိုင်မှာက သူတို့ပါတီတွေပဲလေ။ အခုက လုံခြုံရေးမပေးနိုင်တဲ့နေရာကို မလုပ်ဘူး။ ဘယ်နေရာလုပ်မယ် ဆိုတာတော့ မသိရဘူး။ အခုအစမ်းလေ့ကျင့်တာကို အယောက် ၅၀ လောက် ရှိတယ်။ မနက်ဖြန် ဘေးကရပ် ကွက်ကို မဲပေးစက်ရွှေ့မယ်”လို့ ပြောပါတယ်။

    လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းလိုက်ရွေးကောက် ပွဲလုပ်ဖို့ ရည်ရွယ်ထားသလို ရွေးကောက်ပွဲလုပ်မယ့် ဒေသတွေကိုလည်း ထုတ်ပြန်ကြေညာထား ပါတယ်။

    အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက အသီးသီး ထုတ်ပြန်ထားပါတယ်။

    ✍မင်းဆက်

  • ဘေကျင်းမှာ အသိအမှတ်ပြုမှုလိုချင်နေတဲ့ စစ်ကောင်စီခေါင်းဆောင်

    ဘေကျင်းမှာ အသိအမှတ်ပြုမှုလိုချင်နေတဲ့ စစ်ကောင်စီခေါင်းဆောင်

    တရုတ်မှာကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ အခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံတွေ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေနေကြပါတယ်။

    နိုင်ငံခေါင်းဆောင်တွေစုဝေးပြီး ခေတ္တနားနေဖို့ စီစဉ်ပေးထားတဲ့နေရာမှာ စစ်ကောင်စီခေါင်းဆောင်က လိုက်လံ နှုတ်ဆက် တဲ့ ရုပ်သံအတိုတွေကို ဝါဒဖြန့် လူမှုကွန်ရက်ကတွေက ဖြန့်ဝေလာကြတာပါ။

    ဒါကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တို့ စကားလက်ဆုံကြတာ ၊ တွေ့ဆုံဆွေးနွေးကြတာ ဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေတာကိုတွေ့ရပါတယ်။

    ဘေကျင်းမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု နှစ် ၈၀ ပြည့် အခမ်းအနား ကို တရုတ် ရဲ့မဟာမိတ်တွေဖြစ်တဲ့ ရုရှား သမ္မတ ပူတင် ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တို့ တက်ရောက်ကြပါတယ်။

    အဲဒီပွဲမှာ မြန်မာစစ်ခေါင်းဆောင်ဟာ မြောက်ကိုရီးယားအာဏာရှင်ကင်မ်ဂျုံအွန်းနဲ့တွေ့ဆုံခွင့်ရတာကို ဝမ်းပန်းတသာ ဖြစ်နေတာ ရုပ်သံမှာတွေ့ရပါတယ်။

    ရုရှားသမ္မတ ပူတင်နဲ့လည်း စစ်ကောင်စီခေါင်းဆောင်တို့ အခမ်းအနား ရဲ့ နေ့လယ်စာ စားပွဲ တွေ့ဆုံကြပါတယ်။

    အာဏာသိမ်းပြီးနောက်ရုရှားကိုချောင်းပေါက်မတတ်သွားခဲ့တဲ့စစ်ကောင် စီခေါင်းဆောင်ဟာပူတင်နဲ့ တွေ့ဆုံခွင့်ရချိန်ကကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့ဖူးသလို ဗျာဒိတ်တော်လာကြွက်မင်း ဇာတ်လည်း သွင်းခဲ့ပါသေးတယ်။

    အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်း ကိုလည်း စစ်ကောင်စီခေါင်းဆောင်က လက်နှစ်ဖက်နဲ့ အသေအချာ နှုတ်ဆက်ပါတယ်။

    ဘေကျင်းက စစ်ရေးပြပွဲမှာ စစ်ကောင်စီခေါင်းဆောင်ဟာ ဒေသတွင်းက အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့ကိုလည်းနှုတ်ဆက်တာတွေ့ရပါတယ်။

    ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီးအာဏာစသိမ်းကတည်းက နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုအသည်းအသန်လိုချင်နေတဲ့စစ်ကောင်စီခေါင်းဆောင်အဖို့ ဘေကျင်းက စစ်ရေးပြပွဲ အခမ်းအနားဟာ ကျေနပ်စရာဖြစ်နေပါတယ်။

    တဖက်မှာလည်း စစ်တပ် ဝါဒဖြန့် လူမှုကွန်ရက်တွေကမြန်မာနိုင်ငံ ယာယီသမ္မတ ၊ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့မြင်ကွင်းဆိုပြီး အကြီးအကျယ် ဝါဒဖြန့်ပါတယ်။

    NUG ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုတာ ဆိုင်းငံထားဖို့ ၊ စစ်ကောင်စီက တောင်းဆိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ပေးဖို့ကို ငြင်းပယ်ဖို့ နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတအဖြစ် မသုံးစွဲဖို့ဆိုပြီးတ​ရုတ်အစိုးရဆီ စာပေးပို့ပြီး တောင်းဆိုပါတယ်။

  • လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီး

    လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီး

    တောင်ကြီး ကြက်ခြေနီ ဥက္ကဋ္ဌ လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ် ညီညီကို စစ်တပ်က WFP မှ ပေးအပ်သည့် အကူအညီများ အလွဲသုံးစားမှု၊ အာဏာအလွဲသုံးစားမှုများဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။

    ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက်၊ ရှမ်း/တောင် ကြက် ခြေနီ အသင်း ဥက္ကဌ အဖြစ် ရောက်ရှိတာသော လေတပ် ဗိုလ်မှူးပြုတ် ညီညီ သည် နိုင်ငံတကာက ပေးအပ်ထားသည့် အကူအညီများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် – WFP မှ ပေးအပ်ထားသည့် အကူ အညီများ၊ ပြည်တွင်းပြည်ပ အလှူရှင်များက လှူဒါန်းထား သည့် ငွေကြေး၊ ပစ္စည်းများနှင့် ကြက်ခြေ နီ အသင်းပိုင်ပစ္စည်းများကို အလွဲသုံးစားမှုများဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

    “ကြက်ခြေနီ ဥက္ကဌ ညီညီကို စရဖကခေါ်စစ်တော့ စစ်တပ်က လှူဒါန်းထားတဲ့ ဆန်တွေပါ အလွဲသုံး စားလုပ်ထားတာပေါ်တယ်၊ ကျနော်တို့ သိထားတာက WFP နဲ့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေ လှူဒါန်းထားတာကိုပဲ သိထားတာ၊ ခေါ်စစ်တာက သတင်းတက်ပြီးတော့ ခေါ်စစ်ခံရတာ၊ အခုက တော့ ဥက္ကဌအဖြစ်ကနေပါ ဖြုတ်လိုက်ပြီ။” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။

    ထိုသို့ အလွဲသုံးစားမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးချုပ်၊ စရဖ၊ စအဖ၊ စစစ ၊ ကြက်ခြေနီဌာနချုပ် စသည့် ဌာနပေါင်းစုံက ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး လေတပ်ပြုတ် ညီညီက လက်သီးဖြင့် ထိုးကြိတ်ခံရသူ လားရှိုးမြို့အခြေစိုက် ရှမ်း/မြောက်ကြက်ခြေနီ အသင်းမှ ကြက်ခြေနီတပ်သားကလည်း ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

    “သူ့ကို အဆင့်ဆင့်ခေါ်စစ်နေကြတာ၊ ဝန်ကြီးချုပ်ရုံး၊ စအဖ၊ စစစ ၊ ကြက်ခြေနီဌာနချုပ် ကုန်စစ် နေတာ၊ ပြီးမှ အရေးယူမှာ။ အခုကတော့ အလုပ်ကနေဖြုတ်လိုက်ပြီ၊ ဖြုတ်စာကို မနေ့က လက်မှတ် ထိုးလိုက်ပြီ၊ နောက်ပြီးတော့ သူထိုးလိုက်တဲ့ကောင်လေးကလည်း တောင်ကြီးတ ရားရုံးမှာ တရားစွဲ ထားတာ ဒီနေ့ စစ်ဆေးနေပြီ။” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြသည်။

    ဖမ်းဆီးစစ်ဆေးခံနေရသော ညီညီသည် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌအဖြစ် ရောက်ရှိလာ ပြီးနောက် အလွဲသုံးစားငွေများဖြင့် စတိုးဆိုင်များ ဖွင့်လှစ်ခြင်း၊ မြေကွက်များဝယ်ယူခြင်း၊ ကြက်ခြေ နီအသင်းပိုင်ကား၊ ပစ္စည်းများကို ကိုယ်ပိုင်ပြုလုပ်ကာ သုံးစွဲခြင်းတို့ ရှိကြောင်း၊ ၎င်းတာဝန်ယူသည့် အချိန်မှစ၍ တခြားတိုင်းနှင့် ပြည်နယ်များမှ ကြက်ခြေနီအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ NGO အဖွဲ့အစည်းများကို ရှမ်း ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များအတွင်း ဝင်ရောက်ခွင့်မပြုပဲ ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ဖယ်ခုံမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ ဆီဆိုင်မြို့နယ်နှင့် ညောင် ရွှေမြို့နယ်အတွင်းမှ ထွက်ပြေးလာပြီး တောင်ကြီးမြို့၌ စစ်ဘေးရှောင်နေသော ပြည်သူများအတွက် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် – WFP မှ ပေးအပ်ထားသည့် ဆန်အိတ်များကိုလည်း ပြန်လည်ရောင်းချကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း သိရသည်။

  • နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်

    နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်

    နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး

    မကွေးတိုင်း၊ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို စစ်မှုထမ်းစေခိုင်းရန် ကား ၂ စီးဖြင့် လှည့်ပတ်ပေါ်တာဆွဲနေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကား ၂ စီးလည်း ပျက်စီးသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ကားတွေရပ်ပြီး ပေါ်တာဆွဲနေတုန်း လက်ပစ်ဗုံးနဲ့ စတိုက်တာ၊ ပြီးမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ ပါ၊ ၁၅ မိနစ်လောက်ကြာတယ်၊ မြို့နဲ့ အရမ်းနီးတော့ စစ်ကူတွေကြောင့် လက်နက်က မရခဲ့တာ၊ ပျူ တွေ၊ စခ၊ ရခတွေရော အင်အားကများတယ်၊ ကား ၂ စီးနဲ့၊ ကား ၂ စီးလုံးပျက်စီးတယ်၊ သေတာက ၆ ယောက်၊ ဒဏ်ရာအပြင်းအထန်ရတာက ၂ ယောက်၊ ကျန်ဒဏ်ရာရတာတွေလည်းများတယ်၊ စစ်ကူ လာမှ စိုးလို့ ကျနော်တို့ ရဲဘော်တွေ မထိခိုက်စေရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာ။ ပေါ်တာဆွဲတဲ့ အထဲမှာ နတ်မောက်ပျူခေါင်းဆောင် ခင်မောင်ဌေးကတော့ မပါဘူး။ သူ့သားပါလာတယ်၊ အခုတော့ အဲဒီပျူခေါင်းဆောင် ခင်မောင်ဌေးသားလည်း ငရဲရောက်သွားပြီ” ဟု သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ တပ်ရင်း -ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ မြေပြန့်ကျား တပ်ခွဲ ၊ ရေနံချောင်း ပကဖ၊ နတ်မောက် ပကဖ၊ မင်းဘူးခရိုင် ပကဖ၊ Chauk Revolution Army – CRA နှင့် ဒေါဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။