ရန်ကုန်တွင် သီလရှင်ဝတ်စုံဖြင့် Miss Grand Myanmar ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်ပြီး ပွဲလက်ခံသည့် ဟိုတယ်ကို လုပ်ငန်းလုပ်ခွင့် ၆ လပိတ်

ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Grand Myanmar အလှမယ်ပြိုင်ပွဲ ၏ အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုတွင် ဗုဒ္ဓဘာသာ သီလ ရှင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ် လျှောက်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မဘသအသိုင်းအ၀ိုင်းထံမှ သိရသည်။
မေလ ၈ ရက်နေ့ စစ်ကောင်စီတရားရုံးက သာသနာရေးဝန်ကြီးဌာန၏ တိုင်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီနောက် အလှမယ် အိမွန်လွင် (တာချီလိတ်မယ်)ကို သီလရှင်ဝတ်စုံဝတ်ကာ ယှဉ်ပြိုင်ခဲ့မှုအတွက် သာသနာညိုးနွမ်းစေမှု အပါအဝင် ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်၊ Miss Grand Myanmar ပွဲစီစဉ်သူ မရမ်ဆိုင်းနော် ကို ထောင်ဒဏ် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်၊ ပွဲကျင်းပခဲ့သည့် Eravati Sule Grand Yangon ဟိုတယ်မှ မန်နေဂျာကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။

ယင်းအပြင် ပြိုင်ပွဲကျင်းပခဲ့သည့် ရန်ကုန်မြို့ Eravati Sule Grand Yangon ဟိုတယ်ကိုလည်း (၆) လယာယီပိတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Eravati Sule Grand Yangon ဟိုတယ်တွင် ကျင်းပခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲ၌ တာချီလိတ်ကိုယ်စားပြုအလှမယ် အိမွန်လွင်က သီလရှင်ဝတ်စုံကို ဝတ်ဆင်၍ မော်ဒယ်ရှိုးလျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာကို စော်ကားရာရောက်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ အရေးယူပေးရန် မေလ ၅ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် Miss Grand Myanmar အဖွဲ့အစည်းက အလှမယ် အိမွန်လွင်ကို ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သလို၊ ကျင်းပရန် ကျန်ရှိနေသည့် ဆန်ကာတင်ပြိုင်ပွဲ (Preliminary) နှင့် နောက်ဆုံးဗိုလ်လုပွဲ (Grand Final) တို့ကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အဆိုပါဟိုတယ်မှာလည်း အမိန့်ကြောင့် ပိတ်ထားရသည့်အတွက် ဧည့်သည် လက်ခံမှုများကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။








