Author: Baby Yit Lone

  • ကန့်လန့်ကာနောက်ကွယ်က ‘ဝ’ နှင့် စစ်တပ် ဆက်ဆံရေး

    ကန့်လန့်ကာနောက်ကွယ်က ‘ဝ’ နှင့် စစ်တပ် ဆက်ဆံရေး

    ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု UWSA ‘ဝ’ တပ်ဖွဲ့က ယမန်နေ့က ကြေညာခဲ့သည့် ဆုံးဖြတ်ချက်၏နောက်ကွယ်တွင် မည်သည့်အဖြစ်အပျက်များ ရှိနေပါသနည်း။

    UWSA ဟုလူသိများသည့် ‘ဝ’ တပ်ဖွဲ့က ၎င်းတို့၏မဟာမိတ်များဖြစ်ကြသည့် ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု ၎င်းတို့ပိုင်သတင်းဌာနများမှတဆင့် ယမန်နေ့က ကြေညာခဲ့သည်။

    “ဝ” တပ်ဖွဲ့ ဒုဥက္ကဌ ဦးကျောက်ကော်အမ်းက ၎င်း၏မဟာမိတ်များကို UWSA ‘ဝ’ တပ်ဖွဲ့ဌာနချုပ်ရှိရာ မြန်မာ-တရုတ်နယ်စပ် ပန်ဆန်း(ပန်ခမ်း)တွင် အစည်းအဝေးခေါ်ပြီး အဆိုပါဆုံးဖြတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း UWSA ‘ဝ’ ပိုင် WSTV သတင်းဌာနကဆိုသည်။

    ထို့နောက်မိနစ်ပိုင်းအကြာတွင် UWSA ‘ဝ’ ပိုင် WSTV သတင်းဌာနက အဆိုပါသတင်းကို ၎င်းတို့ Facebook မှပြန်လည်ဖြုတ်ချခဲ့သည်။

    UWSA ‘ဝ’ တပ်ဖွဲ့ဒုဥက္ကဌက အဆိုပါတွေ့ဆုံမှုကို ‘အလွန်အရေးကြီးသော အစည်းအဝေး’ ဟုရည်ညွှန်းပြီး ၎င်းတို့သည် ‘အလွန်ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။ မဟာမိတ်တို့ကို လက်နက်နှင့် ငွေကြေးမထောက်ပံ့တော့ဟုဆိုသည်။

    ‘ဝ’ တပ်ဖွဲ့သည် စစ်ကောင်စီကိုတိုက်ခိုက်နေသည့် လူမျိုးစုလက်နက်ကိုင်တပ်များနှင့် ကင်းကင်းရှင်းရှင်းနေရန် ကြိုးစားခဲ့သည်က လအနည်းငယ်ကြာပြီဖြစ်ပြီး ယခုမှလူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း အစည်းအဝေးပွဲကို တက်ရောက်ခဲ့သည့် လူမျိုးစုလက်နက်ကိုင်တပ်များဘက်မှ အမည်မဖော်လိုသူတဦးကဆိုသည်။

    အဆိုပါအစည်းအဝေးပွဲကို တအာင်းတပ် TNLA မှ ဒုတိယဥက္ကဌ ၂ ဗိုလ်ချုပ် တာခူလန်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော် ၊ ကိုးကန့်တပ် MNDAA မှ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ မဟာမိတ်တပ်တော် ဒုတိယ စစ်ဦးစီးမှူး ဗိုလ်ချုပ် Peng De Jun တို့တက်ရောက်ခဲ့သည်။ ရှမ်းတပ် SSPP/SSA ဘက်ကတက်သည့် ကိုယ်စားလှယ်၏အမည်ကိုတော့ စိစစ်နေဆဲဖြစ်သည်။

    ‘ဝ’ တပ်ဖွဲ့၏ အဆိုပါ ခြေလှမ်းသည် မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား ပို၍ပို၍ ဖိအားပေးလာသည့် တရုတ်၏ ဖိအားကြောင့်လားဟုလည်း သုံးသပ်မှုများရှိသည်။

    အဆိုပါကြေညာချက်သည် UWSA ‘ဝ’ တပ်ဖွဲ့၏ ဌာနချုပ် ပန်ဆန်းသို့ စစ်ကော်မရှင်၏ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ရောက်လာပြီး သီတင်းနှစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထိုအဖြစ်အပျက်များကြောင့် မြန်မာပြည်တွင်းလူမျိုးစု လက်နက်ကိုင်များအနက် အင်အားအကြီးဆုံးဖြစ်သည့် မြန်မာ-တရုတ်နယ်စပ်မှ UWSA ‘ဝ’ တပ်သည် မဟာမိတ်များနှင့် လက်တွဲဖြုတ်ပြီး နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် လက်တွဲပြီလားဆိုသည့် မေးခွန်းလည်းပေါ်လာသည်။

    စစ်တပ် နှင့် UWSA ‘ဝ’ ဆက်ဆံရေးက မည်သို့ရှိခဲ့ပါသလဲ။ တရုတ်အစိုးရကရော ဘယ်လိုပါဝင် ပတ်သက်နေပါသနည်း။ ကန့်လန့်ကာနောက်ကွယ်က အကြောင်းအရာများကို ကြည့်ကြရအောင်ပါ။

    ‘ဝ’ ကိုချုပ်ကိုင်ဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့သည့် စစ်ကောင်စီ

    အချိန်ကား – ၂၀၂၃၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့။

    တနည်းအားဖြင့် ၁၀၂၇ စစ်ဆင်ရေးမစတင်မီ လေးရက်အလို။

    တည်နေရာအတိအကျမသိရသည့် မြန်မာနိုင်ငံအတွင်းမှ အစည်းအဝေးခန်းတစ်ခုထဲတွင် မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းတစ်ယောက် အင်တာဗျူးဖြေဆိုရန်အတွက် စစ်ယူနီဖောင်း အပြည့်အစုံဖြင့်ထိုင်နေသည်။ သူ၏ရှေ့တွင်ရှိနေသူက တရုတ်အစိုးရပိုင် Phoenix သတင်းဌာနမှ သတင်းထောက်။

    တရုတ်သတင်းထောက်က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ‘ကျားဖြန့်’ ဟုလူသိများသည့် မြန်မာ-တရုတ် နယ်စပ်မှ အွန်လိုင်းလောင်းကစားဂိုဏ်းများ အကြောင်း အဓိကထားပြီးမေးခွန်းထုတ်ခဲ့သည်။

    “ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား” ဟု မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိရေး ခေါင်းဆောင်က တရုတ်သတင်းထောက်ကို တန်ပြန်မေးခွန်းထုတ်ခဲ့သည်။

    ထို့နောက် “ ‘ဝ’ နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူးဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးတာဖြစ်ပါတယ်” ဟုသူကဆိုသည်။

    ထို့နောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုတပ်ဖွဲ့နှစ်ခုကို ထိန်းချုပ်ရာတွင် အကူအညီပေးရန် တရုတ်အစိုးရကို သတင်းထောက်နှင့် အင်တာဗျူးမှတဆင့် တောင်းဆိုခဲ့သည်။

    မိုင်းလားဆိုသည်က UWSA ‘ဝ’ တပ်၏မဟာမိတ်၊ မြန်မာ-တရုတ်နယ်စပ်က NDAA တပ်ကိုဆိုလိုခြင်းဖြစ်သည်။ ထိုနှစ်ဖွဲ့လုံးသည် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက်ထွက်ပေါ်လာသည့် တရုတ်-မြန်မာနယ်စပ်ရှိတပ်ဖွဲ့များဖြစ်သည်။

    “ကျွန်တော်တို့ နှစ်နိုင်ငံ(တရုတ်နဲ့မြန်မာ) အနေနဲ့ ဒီအတိုင်းလွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက Phoenix သတင်းဌာနကို ပြောခဲ့သည်။

    ထိုအင်တာဗျူးအပြီး လေးရက်အကြာတွင် မြန်မာစစ်ဗိုလ်ချုပ်များသည် ‘ဝ’ နှင့် မိုင်းလားအပြင် နောက်ထပ် ခေါင်းကိုက်စရာ ပြဿနာများနှင့် ထပ်မံရင်ဆိုင်ခဲ့ရသည်။ ၂၀၂၃၊ အောက်တိုဘာလ၊ ၂၇ ရက်နေ့ တွင် ‘၁၀၂၇ စစ်ဆင်ရေး’ ဟု အမည် တပ်ထားသည့် ထိုးစစ်တခုကို မြန်မာ-တရုတ် နယ်စပ်တွင် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့က စတင်ခဲ့ကြသည်။

    မဟာမိတ်များနှင့်ဆက်ဆံရေးရပ်စဲကြောင်း ကြေညာသည့် ‘ဝ’ တပ်ဖွဲ့၏အစည်းအဝေး ( ဓာတ်ပုံ –Wa News Land)

    စစ်တပ်နှင့် UWSA ‘ဝ’ တပ်အကြား အပေးအယူများ

    ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့သည် UWSA ‘ဝ’ ဦးဆောင်သည့် FPNCC (ခေါ်)ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြပြီး မဟာမိတ်များလည်းဖြစ်ကြသည်။

    သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်များက စစ်ကောင်စီတပ်များကို အကြီးအကျယ် ထိုးစစ်ဆင်နေချိန်၊ ၂၀၂၃၊ နိုဝင်ဘာလ၊ ၁ ရက်နေ့တွင် UWSA ‘ဝ’ တပ် က စစ်ပွဲထဲပါမည်မဟုတ်ဟု ကြေညာချက် ထုတ်ခဲ့သည်။ မိုင်းလားတပ်ကလည်း တစ်ရက်တည်းတွင် အလားတူကြေညာခဲ့သည်။

    ‘၁၀၂၇ စစ်ဆင်ရေး’ တွင်မပါဟု ကြေညာခဲ့သော်လည်း UWSA ‘ဝ’ တပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဟိုပန်မြို့နှင့် ထိုမြို့၏ မြို့နယ်ခွဲ ပန်လုံကို စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်လိုက်သည်။ UWSA ‘ဝ’ တပ်အတွက် ထိုမြို့သိမ်းတိုက်ပွဲများက ရန်လိုသည့် စစ်တပ်အပေါ် ပညာသားပါပြီး၊ ပြီးပြည့်စုံသည့် အောင်မြင်မှုဟုပင် ရည်ညွှန်းနိုင်သည်။

    ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဟိုပန်နှင့် ပန်လုံတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA တို့က အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ထို့နောက် သီတင်းပတ်အနည်းငယ်အကြာ ၂၀၂၄၊ ဇန်နဝါရီလ၊ ၅ ရက်နေ့တွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် UWSA ‘ဝ’ တပ်များသည် ဟိုပန်နှင့် ပန်လုံသို့ ချီတက်လာခဲ့ကြသည်။ ထို့နောက်စစ်ပန်းနေပြီး စစ်ကူလာရန် မျှော်လင့်ချက် မရှိတော့သည့် စစ်ကောင်စီ တပ်သားများကို မြို့ထဲမှ ထွက်ခိုင်းခဲ့သည်။

    “ပန်လုံမှာရှိတဲ့ အခြေချဗျူဟာက စစ်တပ်ကို UWSA က ကားနဲ့တင်ခေါ်ပြီး နမ့်တစ်- တန့်ယမ်း လမ်းကနေ စစ်တပ်လက်ထဲ ပြန်ပို့လိုက်တယ်” ဟုဒေသခံတစ်ဦးကဆိုသည်။

    UWSA ‘ဝ’ တပ်များဝင်လာပြီး ငါးရက်အကြာ ၂၀၂၄၊ ဇန်နဝါရီလ၊ ၁၀ ရက်နေ့တွင် စစ်ကောင်စီခန့် ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က ဟိုပန်ဒေသကို ၎င်းတို့လက်ထဲ အပ်နှံခဲ့သည်ဟု UWSA ‘ဝ’ ဘက်က သတင်းထုတ်ပြန်သည်။

    ဦးညီနပ်သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မင်းအောင်လှိုင် ၂၀၂၁၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် NLD အစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး နောက်တစ်ရက်အကြာတွင် ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ‘စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

    ဟိုပန်နှင့် ပန်လုံ အတွက် နေပြည်တော်မှစစ်ဗိုလ်ချုပ်များနှင့် UWSA ‘ဝ’ တို့အကြား မည်သည့်သဘောတူညီချက် ရှိသည်ကို အတိအကျမသိရသော်လည်း စစ်တပ်သည် ထိုအပြောင်းအလဲအတွက် တရားဝင်ကန့်ကွက်ခြင်း မရှိခဲ့ပါ။

    ‘ဝ’ လက်ထဲရောက် ‘ဟိုပန်’ နှင့် နှစ်ခြမ်းကွဲ ‘ဝ’ ဒေသမြေပုံအပြောင်းအလဲ

    ဟိုပန်နှင့် ပန်လုံ ကို UWSA ‘ဝ’ တပ်အုပ်ချုပ်ခွင့်ရခြင်းက ‘ဝ’ ဒေသမြေပုံအပြောင်းအလဲဖြစ်စေခဲ့သည်။

    အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေနှင့် စစ်ခေါင်းဆောင်များက စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်အရှေ့မြောက်ဘက်၊ တရုတ်နယ်စပ်မှ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ် ခြောက်ခုကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့သည်။

    ထို့နောက်ရွေးကောက်ပွဲမှတက်လာသည့် သမ္မတက ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကိုခန့်အပ်ပြီး ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို အုပ်စိုးစေသည့်စနစ် ထည့်သွင်းပြဌာန်းထားသည်။

    သို့သော် နေပြည်တော်၏အာဏာစက်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ တစ်စိတ်တစ်ပိုင်းကိုသာ သက်ရောက်သည်။

    လက်တွေ့တွင်မူ ခြောက်မြို့နယ်ထဲမှ ဟိုပန် နှင့် မက်မန်း နှစ်ခုကိုသာ နေပြည်တော် ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။

    ကျန်မြို့နယ်များဖြစ်ကြသည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း နှင့် ပန်ဆန်း(ပန်ခမ်း) တို့ကို UWSA ‘ဝ’ တပ်ဖွဲ့က အုပ်ချုပ်သည်။ အစဉ်အဆက်မြန်မာအစိုးရများက UWSA ‘ဝ’ တပ်ဖွဲ့ အုပ်ချုပ်သည့်ဒေသကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၂) ဟု အမည်ပေးထားသည်။

    မေလ၊ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် နေပြည်တော်အခမ်းအနားတွင် ‘ဝ’ အမျိုးသားဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးက စစ်ခေါင်းဆောင်ထံ ကျပ် သိန်း ၃၃၀၈၇ ပေးအပ်နေပုံ (မြန်မာ့အလင်း)

    ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း စစ်တပ်က ဟိုပန်ကိုပါ UWSA ‘ဝ’ တပ်ဖွဲ့ လက်ထဲထည့်လိုက်သဖြင့် စစ်တပ်အာဏာသည် ‘ဝ’ ဒေသတွင် မက်မန်းမြို့နယ်တစ်ခုတည်းတွင်သာ ရှိတော့မည်ဖြစ်သည်။ မက်မန်းတွင် စစ်တပ်ရော၊ UWSA ‘ဝ’ တပ်ဖွဲ့ဝင်များပါ တပ်စွဲထားသည်ဟု ထိုဒေသခံများက Myanmar Now ကိုပြောသည်။

    စစ်တပ်ရွေးကောက်ပွဲ UWSA ‘ဝ’ ထောက်ခံမှာလား

    ရန်လိုသောမြန်မာစစ်ဗိုလ်ချုပ်များ ခေတ်အဆက်ဆက် မတို့မထိရဲသည့် လက်နက်ကိုင်တပ်ဖွဲ့ကို ပြပါဆိုပါက UWSA ‘ဝ’ တပ်ဖွဲ့သာရှိမည်ဖြစ်သည်။

    မည်မျှအင်အားကြီးသလဲဟုဆိုပါက ဗိုလ််ချုပ်သန်းရွှေ၊ ဦးသိန်းစိန် နှင့် NLD အစိုးရတို့ အဆက်ဆက်တို့ က ‘ဝ’ နယ်ထဲရွေးကောက်ပွဲကျင်းပခွင့်ပြုရန် တောင်းဆိုချက်ကို ငြင်းဆန်နိုင်သည်အထိပင်။

    သို့သော်စစ်ကော်မရှင်က UWSA ‘ဝ’ ထိန်းချုပ်ထားသည့်နယ်မြေများတွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာခဲ့သည်။

    UWSA ‘ဝ’ တပ်ဖွဲ့နှင့် နီးစပ်သူတဦး၏အဆိုအရ ‘ဝ’ တပ်ဖွဲ့သည် ၎င်းတို့နယ်မြေအတွင်း ရွေးကောက်ပွဲလုပ်ရန် အဆင်သင့်မဖြစ်သေးကြောင်း စစ်ကော်မရှင်ထံ အကြောင်းကြားထားသည်ဟု ဆိုသည်။ ထိုသတင်းမည်မျှ မှန်ကန်သည်ဆိုသည်ကိုတော့ Myanmar Now ဘက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

    စစ်တပ်ကကြေညာထားသည့် ရွေးကောက်ပွဲကို UWSA ‘ဝ’ တပ်ဖွဲ့က ၎င်းတို့မူလ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ကျင်းပခွင့်မပြုဟု ယခင်ရွေးကောက်ပွဲများလိုပင် ငြင်းဆန်ပါက အံ့အားသင့်စရာသိပ်မရှိလှ။ သို့သော်လည်း စစ်တပ် ရွေးကောက်ပွဲကို UWSA ‘ဝ’ တပ်ဖွဲ့က ထောက်ခံ၊ မထောက်ခံဆိုသည်က ‘ဟိုပန်’ နှင့် ‘ပန်လုံ’ တွင် မဲပုံးထောင်ခွင့်ပြု၊ မပြုနှင့် ဆက်စပ်နေသည်။

    UWSA ‘ဝ’ တပ်ဖွဲ့ သိမ်းပိုက်ထားသည့် လူဦးရေ လေးသောင်းကျော်နေထိုင်သော ‘ဟိုပန်’ နှင့် ‘ပန်လုံ’ မြို့များသည် အစဉ်အဆက် ရွေးကောက်ပွဲများတွင် မဲပုံးထောင်ခဲ့သော ဒေသများဖြစ်သည်။

    ၎င်းတို့ဦးဆောင်မည့် ရွေးကောက်ပွဲကိုနှောင့်ယှက်ပါက သေဒဏ်နှင့်ထောင်ဒဏ်ရင်ဆိုင်ရမည်ဟု ကြွေးကြော်ထားသည့် စစ်ကော်မရှင်နှင့် ပြည်မရွေးကောက်ပွဲကို အမြဲတစေငြင်းဆန်လေ့ရှိသည့် UWSA ‘ဝ’ တပ်တို့၏ ဆက်ဆံရေးအခြေအနေကို မြန်မာ-တရုတ်နယ်စပ်မှ မြို့ငယ်လေးနှစ်ခုက ရွေးကောက်ပွဲကို ကြည့်ကာ သိရှိနိုင်မည်ဖြစ်သည်။

    နေပြည်တော်အတွက် UWSA ‘ဝ’ ကပေးသည့်အကူအညီများ

    မေလ၊ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် နေပြည်တော်အခမ်းအနားတွင် ‘ဝ’ အမျိုးသားဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးက စစ်ခေါင်းဆောင်ထံ ကျပ် သိန်း ၃၃၀၈၇ ပေးအပ်နေပုံ (မြန်မာ့အလင်း)

    မြန်မာ့သမိုင်းတလျှောက် အပျက်အစီးအများဆုံးဖြစ်ခဲ့သည့် ၂၀၂၅၊ မတ်လ၊ ၂၈ ရက်နေ့၊ မြေငလျင်ကြောင့် နေပြည်တော်မှ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ထောင်နှင့်ချီပျက်စီးခဲ့သည်။

    စစ်ဗိုလ်ချုပ်များဦးဆောင်သည့် အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရေးအတွက် UWSA ‘ဝ’ တပ်သည် ထိပ်သီးခရိုနီများနှင့်အတူ စစ်ကောင်စီကို ငွေကြေးအကူအညီများပေးခဲ့သည်။

    Myanmar Now ကရရှိထားသည့် စာရင်းအရ နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အခြေစိုက် UWSA ‘ဝ’ တပ် နှင့် မိုင်းလားအဖွဲ့ဟုခေါ်သည့် NDAA တို့သည် ခရိုနီများနည်းတူ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် သဘောတူခဲ့ကြောင်းသိရသည်။ ထိုနှစ်ဖွဲ့သည် အဆောက်အအုံတစ်လုံးလျှင် ကျပ်သိန်း ၂၀၀၀၀ တန်သည့် အဆောက်အအုံ နှစ်လုံးအတွက် အကုန်အကျခံခဲ့သည်။

    စစ်ကောင်စီ၏ ၂၀၂၅၊ မေလ၊ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ ‘ဝ’ အမျိုးသားဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးက စစ်ခေါင်းဆောင်ထံ ကျပ် သိန်း ၃၃၀၈၇ ပေးအပ်နေပုံကို ထည့်သွင်းပုံနှိပ်ထားသည်။ ထိုအမျိုးသား၏အမည်နှင့်ရာထူးကို ဖော်ပြမထားပေ။

    ‘ဝ’ နှင့် ‘ကိုးကန့်’ ဒေသများအား စစ်တပ်အမှန်တကယ်စွန့်လွှတ်ပြီလား

    စစ်တပ်က ဆက်လက်ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုရှိသည်။

    ၎င်းတို့မှာ –

    (၁) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

    (၂) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

    (၃) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

    (၄) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

    (၅) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

    (၆) ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

    တို့ဖြစ်သည်။

    သို့သော်နေပြည်တော်၏ အာဏာစက်သည် ၁၀၂၇ အတွင်း ‘ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ ကို MNDAA ကိုးကန့်တပ်နှင့် ‘ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ ကို တအာင်းတပ် TNLA တို့ထံသို့ လက်လွှတ်ခဲ့ရသည်။

    ‘ဝ’ နှင့် ‘ကိုးကန့်’ ဒေသများအား စစ်တပ်ကအမှန်တကယ်စွန့်လွှတ်ပြီလားဆိုသည့် တွေးစချက်က စစ်ကောင်စီမှ စစ်ကော်မရှင်သို့ ပြောင်းခဲ့သည့် ပြီးခဲ့သည့် ဇူလိုင်လ၊ ၃၁ ရက်နေ့တွင်ဖြစ်သည်။

    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အမည်ဖြင့်ဖွဲ့စည်းလိုက်သည့် စစ်ကော်မရှင်၏ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင် ‘ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ နှင့် ‘ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း’ အုပ်ချုပ်ရေးမှူးများကို ထည့်သွင်းဖွဲ့စည်းခြင်း မရှိတော့ပါ။

    ထိုအဖြစ်အပျက်သည် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ၂၀၁၀ တွင် အစိုးရဖြစ်လာသည့် သမ္မတဦးသိန်းစိန်လက်ထက်မှစတင်ပြီး ၁၅ နှစ်အတွင်း ပထမဆုံးနှင့် အထူးခြားဆုံးအဖြစ်အပျက်ဖြစ်သည်။

    ‘ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ နှင့် ‘ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း’ အုပ်ချုပ်ရေးမှူးများ မပါတော့သည့် စစ်ကော်မရှင်၏ ရှမ်းပြည်အစိုးရစာရင်း

    အခြားတစ်ဖက်တွင် တအာင်းတပ် TNLA လက်ထဲရောက်သွားပြီး ရုံးထိုင်စရာ ရုံးခန်းပင်မရှိတော့သည့် ‘ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ အုပ်ချုပ်ရေးမှူးကို စစ်ကော်မရှင်က ဆက်လက်ခန့်အပ်ထားသည်။ စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် TNLA ရသွားသည့်နယ်မြေများကို အပြင်းအထန် ဆက်လက်ထိုးစစ်ဆင် နေသည်။

    ထိုအဖြစ်အပျက်က အနာဂတ်တွင် စစ်တပ်သည် ‘ဝ’ နှင့် ‘ကိုးကန့်’ ဒေသတွေကို စွန့်လွှတ်ပြီး၊ ‘ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ’ ကို တအာင်းတပ် TNLA လက်ထဲမှပြန်ယူရန် ရည်မှန်းထားသည်လားဆိုသည်က စိတ်ဝင်စားစရာကောင်းသည့် မေးခွန်းဖြစ်သည်။

    တချိန်တည်းတွင် UWSA ‘ဝ’ တပ်ကလည်း ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု ဆိုလာသည်။

    ယခုဆောင်းပါး၏အဆုံးသတ်တွင် အစကိုပြန်ပြောင်းပြောလိုသည်။

    ၁၀၂၇ စစ်ဆင်ရေး မစတင်မီလေးရက်အလို၊ ၂၀၂၃၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့တွင် မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တရုတ်အစိုးရပိုင် Phoenix သတင်းဌာနမှ သတင်းထောက်က အောက်ပါအတိုင်းမေးမြန်းခဲ့သည်။

    “ အဲဒီကို (‘ဝ’ နဲ့ မိုင်းလားဆီကို)သွားမယ်ဆိုရင် မြန်မာအစိုးရနဲ့ ဒေသခံတွေ တိုက်ပွဲတွေရှိနိုင်ပါသလား”

    ထိုမေးခွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက “မှန်ပါတယ်။ ဒါကြောင့် တရုတ်-မြန်မာပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေးဝင်ဖို့ လိုမယ်လို့ ပြောခြင်းဖြစ်ပါတယ်” ဟု အဖြေပေးခဲ့သည်။

  • မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

    မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

    မန္တလေးမြို့၊ ချမ်အေးသာစံမြို့နယ်မှာ ဒီနေ့ (သြဂုတ် ၂၂ ရက် ) မနက်အစောပိုင်းကားနဲ့ လူငါးဦးအဖွဲ့က ဆိုင်ကယ်ဆီပြတ်လို့တွန်းလာတဲ့ အမျိုးသားကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတယ်လို့ သိရပါတယ်။

    အဲဒီဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း ၊ ၆၂ လမ်းထောင့်မှာ ဒီမနက်အစောပိုင်း ၃ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။

    “ဆီပြတ်လို့ ဆိုင်ကယ်ကိုတွန်းနေတာ ကားနဲ့ရောက်လာပြီး သူတို့ကားပေါ်ဆွဲတင်တယ်၊ ဖုန်း Password တောင်းတယ်၊ လူကိုလည်း ရိုက်တယ်”လို့ လုယက်ခံရတဲ့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

    လုယက်သူတွေ ဟာ ပျုစောထီးတွေ ဆောင်းလေ့ရှိတဲ့ မြန်မာနိုင်ငံ အလံ တံဆိပ်ပါ ပြောက်ကျား လျှာထိုး ဦးထုပ်တွေဆောင်းထားတယ်လို့သိရပါတယ်။

    “မင်းကိုဖမ်းမယ်၊ စစ်မှုထမ်းထဲထည့်မယ်၊ ရပ်ကွက်ရုံးခေါ်သွားမယ်ပြောတာ” လို့ လုယက်ခံရသူ ကာယကံရှင်နဲ့ နီးစပ်သူကပြောပါတယ်။

    လုယက်ခံရသူတဲ့ အမျိုးသားက ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူပါ။ အိန္ဒိယထုတ် ဆိုင်ကယ်၊ ဖုန်းနှစ်လုံး၊ ငွေသား သိန်း ၂၀ နဲ့ ဆိုင်ကယ် အုံနာဘုတ် ငါးအုပ်ပါသွားတယ်လို့သိရပါတယ်။

    အခုဖြစ်စဉ်မတိုင်ခင်ကတော့မန္တလေးမြို့မှာစစ်တပ်လက်ဝေခံပျုစောထီးအဖွဲ့တွေက ကားနဲ့ပတ်ပြီး လမ်းပေါ်မှာ သွားလာနေတဲ့ အမျိုးသားတွေကို စစ်ဆေးပြီး ငွေညှစ်တာ၊ ဖုန်း လုယက်တာမျိုးတွေ ရှိခဲ့တယ်လို့ကိုယ်တိုင်ကြုံခဲ့ရသူအချို့ထံကသိရပါတယ်။

    မန္တလေးမှာ အခုလိုဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့် မြို့ကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီက အရေးယူတာမျိုးမရှိပါဘူး။

    မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပျုစောထီးတွေကို လက်နက်တပ်ဆင်ပေးပုံ (ပုံဟောင်း)

  • MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များ

    MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များ

    မတူပီမြို့နယ်မှာ MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များတဲ့ ရုပ်သံထွက်ပေါ်လာ

    ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင် MRO/CDF-Matupi တပ်ဖွဲ့က မတူပီမြို့နယ်ထဲ ဒေသခံပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတချို့နဲ့ စကားအခြေအတင်များတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။

    Matupi Revolution News မှာ ယနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ အဆိုပါ ရုပ်သံဖိုင်ထွက်ပေါ်လာတာဖြစ်ပြီး ရုပ်သံထဲမှာ MRO/CDF-Matupi ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နွေဦးလင်း နဲ့ ဒေသခံပြည်သူတွေ စစ်မှုမထမ်းမနေရကိစ္စနဲ့ပတ်သက်ပြီး စကားအခြေအတင်များနေတာ တွေ့ရပါတယ်။

    ဒီရုပ်သံဟာ မတူပီမြို့နယ် ဟာလ်သူးကျေးရွာမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တာလို့သိရပြီး ဖြစ်စဉ်အခြေအနေကိုတော့ အသေးစိတ်မသိရပါဘူး။

    MRO/CDF-Matupi တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ဩဂုတ်လဆန်ပိုင်းကစပြီး မတူပီမြို့နယ်ထဲမှာ အသက် ၁၆ နှစ်ကနေ အသက် ၄၀ ကြား ပြည်သူအားလုံး စစ်မှုထမ်းရမယ်လို့ အမိန့်ထုတ်ပြန်ထားပြီး စစ်မှုမထမ်းလိုသော ပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

    Video credit-

  • အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား

    အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား

    အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှု မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေး အကြောင်းကြား

    AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော အမ်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး အောင်ပြည့်စုံစိုး သေဆုံးမှုကို မိသားစုထံသို့ ၈ လကြာမှ စစ်တပ်က အသိပေးအကြောင်းကြားလာကြောင်း သိရှိရသည်။

    ရခိုင်ပြည်နယ် အမ်းမြို့နယ်အုပ်ချုပ်ရေးမှူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အငြိမ်းစား ဗိုလ်ကြီးအောင်ပြည့်စုံစိုးမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း AA က အမ်းမြို့နယ်တစ်ခုလုံးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်တပ်နှင့်အတူ ခုခံရင်းသေဆုံးခဲ့ခြင်းဖြစ်​ကြောင်း မိသားစုနှင့်နီးစပ်သူများကဆိုသည်။

    သေဆုံးသွားခဲ့သော ဗိုလ်ကြီး အောင်ပြည့်စုံစိုးတွင် ဇနီး သိမ့်သူသူအောင်နှင့် သမီးကျန်ရစ်ခဲ့ပြီး သမီးမှာ အမေရိကန်တွင် နေထိုင်ပညာသင်ကြားနေကြောင်း သိရှိရသည်။

    ” သူရော၊ သူ့မိန်းမရောက စခမျိုးရိုး။ သူ့မိန်းမကလည်း စစ်တပ် အားပေးပဲ။ မင်းအောင်လှိုင် အာဏာသိမ်းတဲ့အချိန် တုန်းက ဆန္ဒထွက်ပြသူတွေကို အမျိုးမျိုးလှောင်ပြောင်စော်ကားခဲ့လို့ သူ့မိန်းမ ကျောင်းနေဘက်တွေကအစ သူ့ကို Social Punishment လုပ်ထားတာ’’ ဟု ၎င်းတို့နှစ်ဦးအကြောင်း သိရှိထားသော မိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။

    စစ်တပ်မှ အငြိမ်းစားယူ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးအောင်ပြည့်စုံစိုးမှာ မသေဆုံးမီ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် AA ကို အကြမ်း ဖက်အဖွဲ့အဖြစ် လှောင်ပြောင် ပို့စ်တင်ခြင်း၊ AA ထံတွင် လက်နက်ချသူများကို တိုင်းပြည်သစ္စာဖောက်များဟု လူမှုကွန်ရက်တွင် ပို့စ်တင်၍ ရေးသားခဲ့သူဖြစ်ကြောင်း သိရှိရသည်။

  • မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို

    မြင်းခြံ ပျူရွာမှ ထွက်လာသော စစ်တပ် PDF တိုက်ခိုက်ခြင်းကြောင့် ၁၀ဦး သေဆုံးဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူစောထီးရွာမှ ထွက်လာသော စစ်တပ်ကို PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရသည်။

    ဩဂုတ် ၂၁ ရက်၊ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဆုံရွာမှ အင်အား ၃၀ ကျော်လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးနှင့် ဆိုင်ကယ် ၃ စီးကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၁ နာရီဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ သေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းက ဩဂုတ် ၂၁ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

    “ဆုံရွာနဲ့ ငါန်းမြာရဲစခန်းကူးတဲ့လမ်းမှာပါ။မြင်းခြံမြို့နယ်၊ ဆုံရွာပျူရွာကနေ ငါန်းဇွန်မြို့နယ် ငါန်းမြာရဲစခန်းဘက်ကို ပြန်တဲ့ အချိန်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပါ”ဟု မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်သားများ ကစဉ့်ကလျား ထွက်‌ပြေးကြပြီး ဆုံရွာနှင့် ငါန်းမြာရဲစခန်းမှ စစ်ကူအင်အားများရောက်လာမှ ဆုံရွာသို့ အလောင်းများ ပြန်သယ်သွားကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှုအပြီးတွင် G3 သေနတ်၃ လက် ၊ MA 11 ၁ လက် ၊ ကျည်ဘောက် ၃ ဘောက်နှင့် G3 ကျည် ၁၆ တောင့် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။

    ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း ၊ အမှတ်၁၀တပ်ရင်းနှင့်ပူး
    ပေါင်းအဖွဲ့များဖြစ်သော မန္တလေးခရိုင် တပ်ရင်း ၅ ၊ ကျားမင်း(LPDF) ၊ ငန်းနက် (LPDF) ၊ မြောက်ပိုင်းသား (LPDF) ၊ အမရပူရ (ပကဖ) တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

    စစ်သားများသေဆုံးမှုကို သီးခြားအတည်မပြုနိုင်ပါ။