Author: Baby Yit Lone

  • စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်

    စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်

    လက်ရှိ မြန်မာပြည် နွေဦးတော်လှန်စစ်ပွဲကာလအတွင်း စစ်ရေးအခြေအနေအား သုံးသပ်ကြသူများသည် မြေပြင်အခိုင်အမာအခြေအနေ အချက်အလက်များကို မျက်မှောက်ပြုပြီး သုံးသပ်ကြရန် လိုအပ်ပေသည်။ လူ့အသက်များစွာနှင့် ရင်းနှီးထားသည့် စစ်ရေးနှင့်ပတ်သက်သော သုံးသပ်ချက်များတွင် အလွန်တရာ ယေဘုယျကျသည့်အချက်များ၊ မှန်းဆချက်များ၊ ဖြစ်နိုင်ခြေများကို အခြေပြု သုံးသပ်၍ မရပေ။ ပကတိ မြေပြင်အခြေအနေကို မျက်မှောက်ပြုပြီး သုံးသပ်မှသာ မှန်ကန်သည့် သုံးသပ်ချက်ကို ရရှိပေလိမ့်မည်။

    ထိုသို့မဟုတ်ပါက မှန်ကန်သည့် သုံးသပ်ချက်များနှင့် လွဲချော်ရုံမက စစ်ကော်မရှင် (စကမ) ၏ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်နေသည့် ဆိုက်ဝါးများနှင့် မခြားသည့်အမြင်များ ထွက်ပေါ်လာနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ အထူးသဖြင့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသည့်ကာလတွင် အခြေအနေမှန်ကို သုံးသပ်ကြရန် လိုပါသည်။ ရန်သူ စကမကို စစ်မြေပြင်တွင် ရင်ဆိုင်ရာ၌ အထင်သေးရန် မလိုအပ်သကဲ့သို့ အထင်ကြီးရန်လည်း မလိုအပ်ပေ။

    နွေဦးတော်လှန်ရေးအတွင်း တိုင်းနှင့်ပြည်နယ်အလိုက် သိမ်းပိုက်ရရှိခဲ့သည့်မြို့များကို ကြည့်ပါက အောက်ပါအတိုင်း တွေ့ရ၏။

    အောက်ပါ မြို့သိမ်းတိုက်ပွဲစာရင်းနှင့် ပတ်သက်၍ မိမိပြုစုထားသည့်စာရင်းပေါ် အခြေပြုပြီး BNI-Myanmar Peace Monitor နှင့် People’s Spring သတင်းဌာနတို့မှ စာရင်းများကို ကိုးကားပေါင်းစပ်ထားပါသည်။

    မြို့အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ စာရေးသူအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) သတ်မှတ်ချက်များအပေါ် အခြေပြုထားပြီး ဤသို့တွက်ချက်ခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များ တွက်ချက်ရာတွင် လွယ်ကူစေပါမည်။

    ထို့ကြောင့် ဖီမော်၊ မုန်လုံ၊ နန့်ဖတ်ကာ၊ ဖောင်းဆိုင်၊ မိုင်းယော်၊ သင်္ဃန်းညီနောင် စသည့် ထွေအုပ်က ရွာအဆင့် သတ်မှတ်ထားသည့်နေရာများကို ထည့်သွင်း တွက်ချက်ခြင်း မပြုပါ။ မြို့များအား ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲနှင့် (သာမန်) မြို့အဆင့် သတ်မှတ်ထားသည့်အတိုင်း ခွဲခြားဖော်ပြပါသည်၊၊

    ၁။ ကချင်ပြည်နယ်

    ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များမှာ အင်ဂျန်းယန်မြို့နယ် (၂၀၊ ၁၁၊ ၂၀၂၃ )၊ ဆင်ဘိုမြို့ (၁၀၊ ၂၊ ၂၀၂၄)၊ မြို့လှမြို့နယ်ခွဲ (၂၂၊ ၂၊ ၂၀၂၄)၊ ဒေါ့ဖုန်းယန်မြို့ (၈၊ ၃၊ ၂၀၂၄)၊ လွယ်ဂျယ်မြို့ (၂၉၊ ၃၊ ၂၀၂၄)၊ ဆွမ်ပရာဘွမ်မြို့နယ် (၅၊ ၅၊ ၂၀၂၄)၊ ဆဒုံးမြို့ (၁၁၊ ၆၊ ၂၀၂၄)၊ မိုးမောက်မြို့နယ် (၁၉၊ ၈၊ ၂၀၂၄)၊ ချီဗွေခရိုင် (၂၉၊ ၉၊ ၂၀၂၄)၊ ဆော့လော်မြို့နယ် (၂၊ ၁၀၊ ၂၀၂၄)၊ ပန်ဝါမြို့ (၁၈၊ ၁၀၊ ၂၀၂၄)၊ ကံပိုင်တည် (ကံပိုက်တီ) မြို့နယ်ခွဲ (၂၀၊ ၁၁၊ ၂၀၂၄ )၊ မံစီမြို့နယ် (၈၊ ၁၊ ၂၀၂၅) တို့ဖြစ်ပြီး ပူးတွဲပါရက်စွဲများတွင် သိမ်းပိုက်ရရှိခဲ့ကာ စုစုပေါင်း ၁၃ မြို့ ရှိသည်ကို တွေ့နိုင်၏။ ခရိုင်အဆင့် တမြို့၊ မြို့နယ်အဆင့် ငါးမြို့၊ မြို့နယ်ခွဲအဆင့် နှစ်မြို့၊ သာမန်မြို့အဆင့် ငါးမြို့ ပါဝင်သည်။

    ဗန်းမော်လေဆိပ်အတွင်း အောင်ပွဲခံ မှတ်တမ်းဓာတ်ပုံရိုက်သည့် KIA အဖွဲ့ဝင်များ

    လက်ရှိ ဗန်းမော်၊ ဖားကန့်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စခန်းအချို့ကို စကမ တပ်များက သိမ်းပိုက်ရရှိထားသော်လည်း ထိုမြို့များသည် ယခင်ကတည်းက သိမ်းပိုက်ရရှိသည့် မြို့စာရင်းတွင် ပါဝင်ခြင်း မရှိသေးပေ။ လက်ရှိအချိန်အထိ ကချင်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ပူးတွဲပါရက်စွဲများတွင် သိမ်းပိုက်ရရှိခဲ့ပြီး သိမ်းပိုက်ရရှိထားသည့် မြို့ ၁၃ မြို့အနက် တမြို့မှ ပြန်လည် လက်လွှတ်ရခြင်း မရှိသေးပေ။

    ၂။ ချင်းပြည်နယ်

    ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များမှာ မကွီအိမ်နူးမြို့ (၂၄၊ ၇၊ ၂၀၂၁)၊ ရိခေါဒါရ်မြို့ (၁၃၊ ၁၁၊ ၂၀၂၃)၊ ရေဇွာမြို့ (၂၉၊ ၁၁၊ ၂၀၂၃)၊ ဝေဘူလမြို့ (၃၀၊ ၁၁၊ ၂၀၂၃)၊ ဆူရ်ခွါးမြို့ (၃၀၊ ၁၁၊ ၂၀၂၃)၊ နှာဟရိန်မြို့ (၃၀၊ ၁၁၊ ၂၀၂၃)၊ ကျင်ဒွေးမြို့ (၂၉၊ ၄၊ ၂၀၂၄)၊ ကျီးခါးမြို့နယ်ခွဲ (၁၉၊ ၅၊ ၂၀၂၄)၊ တွန်းဇံမြို့နယ် (၂၁၊ ၅၊ ၂၀၂၄)၊ မတူပီခရိုင်မြို့ (၂၉၊ ၆၊ ၂၀၂၄)၊ လိုင်လင်းပီမြို့ (၁၁၊ ၇၊ ၂၀၂၄)၊ မင်းတပ်ခရိုင် (၂၁၊ ၁၂၊ ၂၀၂၄)၊ ကန်ပက်လက်မြို့နယ် (၂၂၊ ၁၂၊ ၂၀၂၄)၊ ဖလမ်းခရိုင် (၉၊ ၄၊ ၂၀၂၅) တို့ဖြစ်ပြီး ပူးတွဲပါရက်စွဲများတွင် သိမ်းပိုက်ရရှိခဲ့ကာ စုစုပေါင်း ၁၄ မြို့ ရှိသည်ကို တွေ့ရ၏။ ခရိုင်မြို့ သုံးမြို့၊ မြို့နယ်အဆင့် နှစ်မြို့၊ မြို့နယ်ခွဲ တမြို့၊ သာမန်မြို့ ရှစ်မြို့ပါဝင်သည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ ကိုသိမ်းပိုက်ပြီးနောက်တွေ့ရသည့်ချင်းညီနောင်တပ်ဖွဲ့ဝင်များ/ချင်းညီနောင်

    ၂၀၂၅ ခုနှစ် မိုးမကျမှီက ချင်းပြည်နယ်မြောက်ပိုင်းအား စကမ စစ်တပ်က တကြိမ်ထိုးစစ်ဆင်သော်လည်း ပြန်လန်ကျသွားပြီး ယခုချိန်အထိ ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်းမရှိပါ။ မြို့တမြို့မှ ပြန်လည် လက်လွှတ်ရခြင်း မရှိသေးပါ။

    ၃။ ရခိုင်

    ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည့် မြို့များမှာ ပလက်ဝခရိုင် (၁၄၊ ၁၊ ၂၀၂၄ )၊ ဆမီးမြို့နယ်ခွဲ (၁၆၊ ၁၊ ၂၀၂၄)၊ ပေါက်တောမြို့နယ် (၂၄၊ ၁၊ ၂၀၂၄)၊ တောင်ပြိုလက်ဝဲမြို့ (၆၊ ၂၊ ၂၀၂၄)၊ မင်းပြားမြို့နယ် (၆၊ ၂၊ ၂၀၂၄)၊ ကျောက်တော်မြို့နယ် (၇၊ ၂၊ ၂၀၂၄)၊ မြောက်ဦးခရိုင် (၈၊ ၂၊ ၂၀၂၄)၊ ကမ်းထောင့်ကြီးမြို့ (၁၅၊ ၂၊ ၂၀၂၄)၊ မြေပုံမြို့နယ် (၁၅၊ ၂၊ ၂၀၂၄)၊ မအီမြို့နယ် (၁၆၊ ၂၊ ၂၀၂၄ )၊ ပုဏ္ဏားကျွန်းမြို့နယ် (၄၊ ၃၊ ၂၀၂၄)၊ ရမ်းဗြဲမြို့နယ် (၁၁၊ ၃၊ ၂၀၂၄)၊ ရသေ့တောင်မြို့နယ် (၁၇၊ ၃၊ ၂၀၂၄ )၊ စနဲမြို့ (၉၊ ၅၊ ၂၀၂၄)၊ ဘူးသီးတောင်မြို့နယ် (၁၈၊ ၅၊ ၂၀၂၄)၊ ငပလီမြို့ (၁၁၊ ၇၊ ၂၀၂၄)၊ သံတွဲခရိုင် (၁၆၊ ၇၊ ၂၀၂၄)၊ ကျိန္တလီမြို့နယ်ခွဲ (၁၄၊ ၈၊ ၂၀၂၄)၊ တောင်ကုတ်ခရိုင် (၂၄၊ ၁၁၊ ၂၀၂၄)၊ တန်းလွှဲရွာမမြို့ (၂၄၊ ၁၁၊ ၂၀၂၄)၊ မောင်တောခရိုင် (၈၊ ၁၂၊ ၂၀၂၄)၊ ခမောက်ဆိပ်မြို့( ၈၊ ၁၂၊ ၂၀၂၄ )၊ မြင်းလွှတ်မြို့ (၈၊ ၁၂၊ ၂၀၂၄ )၊ အမ်းခရိုင် (၂၀၊ ၁၂၊ ၂၀၂၄)၊ တပ်တောင်မြို့ (၂၀၊ ၁၂၊ ၂၀၂၄)၊ ဂွမြို့နယ် (၂၉၊ ၁၂၊ ၂၀၂၄ ) တို့ဖြစ်ပြီး ပူးတွဲပါရက်စွဲများတွင် သိမ်းပိုက်ရရှိခဲ့ကာ စုစုပေါင်း ၂၆ မြို့ ရှိသည်ကို တွေ့ရ၏။ ၎င်းမြို့များတွင် ခရိုင်မြို့ ခြောက်မြို့၊ မြို့နယ်အဆင့် ၁၀ မြို့၊ မြို့နယ်ခွဲ နှစ်မြို့၊ သာမန်မြို့ ရှစ်မြို့ပါဝင်သည်။

    ယခုအခါ စကမ စစ်တပ်သည် ကျောက်ဖြူ၊ အမ်းတောင်ကြား၊ တောင်ကုတ်တောင်ကြားနှင့် ဂွ-ငသိုင်းချောင်း လမ်းများအတိုင်း AA အား ထိုးစစ်ဆင်လျက်ရှိသော်လည်း မြို့တမြို့မှ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိပါ။

    ၄။ ကရင်

    ကရင်ပြည်နယ်တွင် ကရင်တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိသည့်မြို့များမှာ ကျိုက်ဒုံမြို့နယ်ခွဲ (၁၄၊ ၃၊ ၂၀၂၄)၊ ဖာပွန်ခရိုင် (၂၈၊ ၃၊ ၂၀၂၄ )၊ လေးကေ့ကော်မြို့ (၁၇၊ ၁၀၊ ၂၀၂၄ ) နှင့် စုကလိမြို့နယ်ခွဲ (၂၀၂၄) တို့ဖြစ်ပြီး ပူးတွဲပါရက်စွဲများတွင် သိမ်းပိုက်ရရှိခဲ့ကာ စုစုပေါင်း လေးမြို့ရှိသည်ကို တွေ့ရ၏။ ခရိုင်အဆင့်တမြို့၊ မြို့နယ်ခွဲအဆင့် နှစ်မြို့၊ သာမန်မြို့အဆင့် တမြို့ပါဝင်သည်။

    ၂၀၂၅ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသော်လည်း ယခုအထိ တမြို့မှ ပြန်လည် လက်လွှတ်ရခြင်း မရှိသေးပေ။

    ၅။ ကရင်နီ

    ကရင်နီ (ကယား) တွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်မြို့များမှာ မယ်စဲ့ခရိုင် (၂၄၊ ၆၊ ၂၀၂၃)၊ မိုးဗြဲမြို့ (၁၃၊ ၁၁၊ ၂၀၂၃)၊ နန်းမယ်ခုံမြို့ (၁၃၊ ၁၁၊ ၂၀၂၃)၊ ရွာသစ်မြို့ (၂၈၊ ၁၊ ၂၀၂၄)၊ မော်ချီးမြို့ (၂၈၊ ၁၊ ၂၀၂၄)၊ ရှားတောမြို့နယ် (၁၂၊ ၁၊ ၂၀၂၄) တို့ဖြစ်ပြီး ပူးတွဲပါရက်စွဲများတွင် သိမ်းပိုက်ရရှိခဲ့ကာ စုစုပေါင်း ခြောက်မြို့ ရှိသည်ကို တွေ့ရ၏။ ခရိုင်မြို့ တမြို့၊ မြို့နယ်အဆင့် တမြို့၊ သာမန်မြို့အဆင့် လေးမြို့ပါဝင်သည်။

    ၂၀၂၅ အတွင်း စကမ တပ်များ၏ ပြန်လည် ထိုးစစ်ဆင်မှုကြောင့် မိုးဗြဲ (၁၊ ၇၊ ၂၀၂၅ )၊ နန်းမယ်ခုံ (၂၀၂၅ ဇူလိုင်လကုန်ခန့်) တွင် စကမ တပ်များက ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ ကရင်နီတော်လှန်ရေးအင်အားစုများက လေးမြို့ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။

    ၆။ ရှမ်း

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် မြောက်ပိုင်းသုံးဖွဲ့နှင့် KIA တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မြို့ပေါင်း ၂၆ မြို့ သိမ်းပိုက်ရရှိခဲ့၏။ ထို ၂၆ မြို့အနက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သိမ်းပိုက်ရရှိသည့်မြို့များမှာ ချင်းရွှေဟော်မြို့ (၂၊ ၁၁၊ ၂၀၂၃)၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ (၂၊ ၁၁၊ ၂၀၂၃ )၊ သိန္နီမြို့နယ် (၂၊ ၁၁၊ ၂၀၂၃)၊ မုန်းကိုးမြို့နယ်ခွဲ (၇၊ ၁၁၊ ၂၀၂၃)၊ ကွမ်းလုံမြို့နယ် (၁၂၊ ၁၁၊ ၂၀၂၃)၊ မော်ထိုက်မြို့နယ်ခွဲ (၁၅၊ ၁၁၊ ၂၀၂၃)၊ ကုန်းကြမ်းမြို့နယ် (၂၈၊ ၁၁၊ ၂၀၂၃)၊ တာမိုးညဲမြို့ (၂၀၊ ၂၃၊ ၂၀၂၄)၊ လောက်ကိုင်ခရိုင် (၄၊ ၁၊ ၂၀၂၄)၊ ဟိုပန်ခရိုင် (၁၀၊ ၁၊ ၂၀၂၄)၊ ပန်လုံမြို့နယ်ခွဲ (၁၀၊ ၁၊ ၂၀၂၄)၊ လားရှိုးခရိုင် (၂၅၊ ၇၊ ၂၀၂၄ ) စသည် ၁၂ မြို့ဖြစ်ပြီး ဟိုပန်နှင့်ပန်လုံ နှစ်မြို့အား ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးထား၏။

    KIA တပ်ဖွဲ့များက ရှမ်းမြောက်မှ မဘိမ်းမြို့နယ် (၂၁၊ ၁၊ ၂၀၂၄) တမြို့အား သိမ်းပိုက်ထား၏။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ နမ့်ဆန်မြို့နယ် (၁၅၊ ၁၂၊ ၂၀၂၃ )၊ နမ့်ခမ်းမြို့နယ် (၁၈၊ ၁၂၊ ၂၀၂၃)၊ မန်တုံမြို့နယ် (၂၂၊ ၁၂၊ ၂၀၂၃) ၊ နမ္မတူမြို့နယ် (၂၈၊ ၁၂၊ ၂၀၂၃)၊ ကွတ်ခိုင်ခရိုင်(၇၊ ၁၊ ၂၀၂၄ )၊ မိုင်းငေါ့မြို့နယ်ခွဲ (၃၁၊ ၁၂၊ ၂၀၂၃)၊ မိုင်းလုံမြို့နယ်ခွဲ (၂၀၂၄)၊ နောင်ချိုမြို့နယ် (၂၆၊ ၆၊ ၂၀၂၄)၊ မိုးမိတ်ခရိုင် (၁၆၊ ၇၊ ၂၀၂၄)၊ ကျောက်မဲခရိုင် (၆၊ ၈၊ ၂၀၂၄)၊ သီပေါမြို့နယ် (၁၂၊ ၈၊ ၂၀၂၄)၊ မိုးကုတ်မြို့နယ် (၂၄၊ ၇၊ ၂၀၂၄) စသည့် မြို့ ၁၂ မြို့အား သိမ်းပိုက်ထားပြီး ရှမ်းမြောက်မှ ၁၁ မြို့၊ မန္တလေးတိုင်းမှ တမြို့ဖြစ်သည်။ ကွတ်ခိုင်အား TNLA နှင့် MNDAA တို့ တခြမ်းစီ အုပ်ချုပ်နေပုံရသည်။

    စုစုပေါင်း ၂၅ မြို့အနက် ခရိုင်မြို့ ငါးခု၊ မြို့နယ်အဆင့် ၁၂ မြို့၊ မြို့နယ်ခွဲအဆင့် ခြောက်မြို့၊ သာမန်မြို့ နှစ်မြို့များ ပါဝင်သည်။

    လက်ရှိကာလတွင် MNDAA အုပ်ချုပ်အောက်ရှိ လားရှိုး (၂၂၊ ၄၊ ၂၀၂၅) အား တရုတ်၏ အကြပ်ကိုင် စွက်ဖက်မှုကြောင့် စကမတပ်အား ပြန်လွှဲပြောင်းပေးထားရပြီး TNLA ထိမ်းချုပ်မှုအောက်ရှိ နောင်ချို (၁၆၊ ၇၊ ၂၀၂၅)၊ ကျောက်မဲ (၁၊ ၁၀၊ ၂၀၂၅ ) မြို့နှစ်မြို့အား စစ်ရေးအရ ပြန်လည် လည်လက်လွှတ်ခဲ့ရ၏။ သို့ဖြစ်ရာ ရှမ်းမြောက်မှ မြို့သုံးမြို့ ပြန်လည် လက်လွှတ်ခဲ့ရသည်။

    ၇။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း

    စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း PDF များ သိမ်းပိုက်ထားသည့် မြို့များမှာ ကောလင်းခရိုင် (၆၊ ၁၁၊ ၂၀၂၃)၊ ခါမ်းပါတ်မြို့နယ်ခွဲ (၇၊ ၁၁၊ ၂၀၂၃ )၊ ရွှေပြည်အေးမြို့ (၂၂၊ ၁၁၊ ၂၀၂၃)၊ မော်လူးမြို့ (၁၃၊ ၁၂၊ ၂၀၂၃) ၊ မြို့သစ်မြို့နယ်ခွဲ (၁၁၊ ၅၊ ၂၀၂၄)၊ ပင်လည်ဘူးမြို့နယ် (၈၊ ၁၀၊ ၂၀၂၄)၊ အင်းတော်မြို့နယ် (၇၊ ၄၊ ၂၀၂၅)၊ ဗန်းမောက်မြို့နယ် (၂၀၊ ၉၊ ၂၀၂၅)၊ စဉ့်ကူးမြို့နယ် (၁၇၊ ၇၊ ၂၀၂၄)၊ တကောင်းမြို့ (၁၂၊ ၈၊ ၂၀၂၄ )၊ သပိတ်ကျင်းခရိုင် (၂၅၊ ၈၊ ၂၀၂၄) ဟု မြို့ပေါင်း ၁၁ မြို့ရှိပြီး မိုးကုတ်ကို တိုက်ရာတွင်လည်း PDF တပ်များ ပါဝင်ခဲ့၏။ ၎င်းတို့အနက် ခရိုင်မြို့ နှစ်မြို့၊ မြို့နယ်အဆင့် လေးမြို့၊ မြို့နယ်ခွဲအဆင့် နှစ်မြို့၊ မြို့အဆင့် သုံးမြို့တို့ ပါဝင်သည်။

    စစ်တပ်၏ ပြန်လည် ထိုးစစ်ဆင်မှုကြောင့် ကောလင်း (၃၊ ၂၊ ၂၀၂၄ ) နှင့် သပိတ်ကျင်း (၂၃၊ ၇၊ ၂၀၂၅ ) မြို့နှစ်မြို့အား ပြန်လည် လက်လွှတ်ခဲ့ရသည်။

    သို့ဖြစ်ရာ တပြည်လုံးအတိုင်းအတာအရ ခရိုင်အဆင့် ၁၉ မြို့၊ မြို့နယ်အဆင့် ၃၄ မြို့၊ မြို့နယ်ခွဲအဆင့် ၁၅ မြို့၊ သာမန်မြို့အဆင့် ၃၁ မြို့ ပါဝင်ရာ စုစုပေါင်း ၉၉ မြို့ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုမြို့များအနက် ချင်းပြည်နယ်မှ ဝေဘူလ၊ ဆူရ်ခွားမြို့၊ နှာဟရိန်မြို့ သုံးမြို့သာ စစ်တပ်က စွန့်ခွာသွားပြီး ကျန်မြို့များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းပိုက်ခဲ့ရ၏။

    ထို ၉၉ မြို့အနက် ခရိုင်မြို့ လေးမြို့၊ မြို့နယ်အဆင့် တမြို့၊ သာမန်မြို့အဆင့် နှစ်မြို့ စုစုပေါင်း ခုနစ်မြို့ ပြန်လည် စွန့်လွှတ်ခဲ့ရသဖြင့် တပြည်လုံးအတိုင်းအတာအရ ၉၂ မြို့ ထိန်းချုပ်ထားနိုင်ဆဲဖြစ်၏။ ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီတို့တွင် မြို့အချို့ လက်လွှတ်ရသော်လည်း ကချင်၊ ချင်း၊ ကရင်၊ ရခိုင်တို့တွင် ယခုအထိ တမြို့မှ လက်မလွှတ်ရသေးပေ။

    ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မုန်းမြို့၊ မြဝတီမြို့၊ ဆီဆိုင်မြို့၊ ကနီမြို့တို့အား ရက်အနည်းငယ် သိမ်းပိုက်ပြီး ပြန်လည် ဆုတ်ခွာခဲ့သည်ကို တွေ့ရ၏။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကမူ မအောင်မြင်ဘဲ ပြန်ဆုတ်ခဲ့ရ၏။

    သို့သော် လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဗန်းမော်၊ ဖားဆောင်း၊ ဝေါလေမြိုင်တို့တွင် မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေပြီး စကမတပ်ကလည်း လေးကေ့ကော်အား တိုက်ခိုက်လျက်ရှိသကဲ့သို့ ရှမ်းမြောက်တွင် နောက်တမြို့အား ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

    လက်တွေ့မြေပြင်မှ ပကတိအချက်အလက်

    သို့ဖြစ်ရာ တရုတ်၏ ဘက်စုံအကူအညီကြောင့် စစ်ရေးအတန်ငယ် ခေါင်းထောင်လာသည့် စကမသည် လက်တွေ့တွင် တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသည့် ၉၉ မြို့အနက် တရုတ်ပြန်ယူပေးသည့် လားရှိုးအပါမှ ခုနစ်မြို့သာ ပြန်လည်ယူနိုင်သေးသည်။

    ထို့ပြင် စကမ ခေါင်းထောင်လာသည်ဆိုသည့် ၂၀၂၅ အတွင်းတွင် ဖလမ်း၊ အင်းတော်၊ ဗန်းမောက် မြို့သုံးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်နိုင်သည့်အပြင် ဗန်းမော်၊ ဖားဆောင်း၊ ဝေါလေမြိုင် သုံးမြို့ကို တိုက်နေဆဲဖြစ်၏။ စကမ တပ်များက နောက်ထပ် မြို့သိမ်းထိုးစစ်ဆင်နိုင်သေးသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များကလည်း စကမတပ် အင်အားချိနဲ့သည့်ဒေသများတွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်သေးသည်။

    ဤသည်မှာ လက်တွေ့မြေပြင်မှ ပကတိအချက်အလက်ဖြစ်၏။ စကမစစ်တပ်က ထိုးစစ်ဆင်နေသော်လည်း ထိုးစစ်အကန့်အသတ်ရှိသည်ကို ဖော်ပြ၏။ စကမတပ်က ထိုးစစ်ဆင်နေသော်လည်း ရှမ်းမြောက်မှ သုံးမြို့၊ ကရင်နီမှ နှစ်မြို့၊ စစ်ကိုင်းနှင့် မန္တလေးမှ တမြို့စီနှင့် စုစုပေါင်း ခုနစ်မြို့ (တရုတ် ခြိမ်းခြောက်အကြပ်ကိုင်မှုနှင့် ပြန်ရသော လားရှိုးအပါ) သာ ပြန်လည်ရရှိသေး၏။ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်တို့တွင် သိမ်းထားသည့် မြို့တမြို့မှ လက်မလွှတ်ရသေးသည်ကို မြင်နိုင်၏။ သို့ဖြစ်ရာ စကမ၏ ပြန်လည်ထိုးစစ်နှင့်ပတ်သက်၍ မြေပြင်အချက်အလက်များအရ သုံးသပ်ရသည်မှာ

    ၁။ စကမတပ် ပြန်လည်သိမ်းပိုက်နိုင်သည်မှာ လားရှိုးပါမှ ခုနစ်မြို့သာရှိသေးပြီး တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၉၉ မြို့၏ ၇ ရာခိုင်နှုန်းသာ ရှိပါသည်။

    ၂။ စကမတပ်သည် စစ်သားသစ်များဖြင့် အင်အားဖြည့်နိုင်နေသော်လည်း တပြည်လုံးအနှံ့ ထိုးစစ်ဆင်နိုင်ခြင်း မရှိပါ။ အင်အားအကန့်အသတ်ရှိ၏။ လက်ရှိတွင် လေးကေ့ကော်မြို့အား သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး ရှမ်းမြောက်တွင် နောက်တမြို့အား ထိုးစစ်ဆင်ရန် ပြင်ဆင်ဆဲဖြစ်၏။

    ကရင်တွင် ဖာပွန်အား ထိုးစစ်ဆင်ရန် ပြင်ဆင်နေ၏။ မန္တလေးတိုင်းတွင် သိမ်းပိုက်ထားသည့်မြို့များအား ထိုးစစ်ဆင်ရန်ထက် မန္တလေးပတ်လည်အား ရှင်းလင်းရန် အာရုံစိုက်နေသည်ကို မြင်နိုင်၏။ သို့ဖြစ်ရာ မြို့အများစုကို ထိုးစစ်ဆင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။ ဆုံးရှုံးထားသည့် မြို့များကို အချိန်တိုတွင် ထိုးစစ်ဆင်ရန်၊ ပြန်လည် သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။

    ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်/KNDF

    ၃။ စကမ က ပြန်လည် ထိုးစစ်ဆင်နေသည်ဆိုသည့် ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဖလမ်း၊ အင်းတော်၊ ဗန်းမောက် မြို့သုံးမြို့ ထပ်မံသိမ်းပိုက်ထား၏။

    ၄။ ဤသို့သော မြေပြင်အခြေအနေတွင် စကမတပ်က တမြို့ပြီးတမြို့ သိမ်းပြန်သိမ်းနေပြီဟုလည်းကောင်း၊ ရှမ်းပြည်နယ်တွင် တော်လှန်‌ရေးတပ်ဖွဲ့များက သိမ်းထားသည့် မြို့ ၂၅ မြို့ အနက် သုံးမြို့ ပြန်လက်လွှတ်ရသည်နှင့် ၁၀၂၇ စစ်ဆင်ရေး အရှုံးနှင့်ရင်ဆိုင်ရပြီဟုလည်းကောင်း၊ သိမ်းပိုက်ထားသည့် မြို့ ၁၂ မြို့အနက် နှစ်မြို့ ပြန်လက်လွှတ်ရသည်နှင့် TNLA စစ်ရှုံးပြီဟုလည်းကောင်း သုံးသပ်ကြသည့် စစ်ရေးသုံးသပ်ချက်များသည် လက်တွေ့မကျဘဲ တခုလုံးလက္ခဏာ မဆောင်ပေ။ စကမတပ်၏ ဆိုက်ဝါးမိနေသည်ဟု ဆိုရမည်။

    ၅။ အင်အားအလုံးအရင်း၊ ပစ်ကူအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုင်းလည်း ရခိုင်၊ ချင်း၊ ကချင်၊ ကရင်တို့တွင် တမြို့မှ အလွယ်တကူ သိမ်းပိုက်နိုင်ခြင်း မရှိသေးပါ။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ မြေအနေအထားရွေးချယ်မှု၊ စစ်နည်းဗျူဟာအသုံးချမှု၊ ခံစစ်သေနှင့် လှုပ်ရှားခံစစ်ပေါင်းစပ်မှု မှန်ကန်ရန်သာ လိုအပ်သည်။ တပ်တည်ဆောက်ရေး ကျစ်လစ်ခိုင်မာရန်သာ လိုအပ်သည်။

    ၆။ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် မကွီအိမ်နူးမြို့ (၂၄၊ ၇၊ ၂၀၂၁) နှင့် မယ်စဲ့ခရိုင် (၂၄၊ ၆၊ ၂၀၂၃) တို့ကို ကြည့်ပါက မြို့သိမ်းတိုက်ပွဲ စတင်သည်မှာ ၁၀၂၇ စစ်ဆင်ရေး မစတင်မီကတည်းက ဖြစ်ပြီး ၁၀၂၇ ရပ်တန့်သွားသည့် ၂၀၂၅ ခုနှစ်ထဲတွင်လည်း မြို့သိမ်းတိုက်ပွဲများ တိုက်နိုင်ဆဲဖြစ်၏။

    ၇။ တပြည်လုံးအတိုင်းအတာအရ စကမတွင် အားနည်းသည့်နေရာများရှိရာ ထိုနေရာများတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ၊ ချေမှုန်းရေးတိုက်ပွဲများ တိုက်ခိုက်နိုင်သည်။

    စစ်ရေးသုံးသပ်ချက်များ သုံးသပ်ရာတွင် ပကတိအခြေအနေနှင့် ကိုက်ညီရန် လိုအပ်သည်။ ရန်သူကို လျှော့တွက်ရန် မဖြစ်သကဲ့သို့ ပိုတွက်ရန်လည်း မလိုအပ်ပါ။

    ဤကာလတွင် မြို့အချို့ လက်လွှတ်ရသကဲ့သို့ အချို့ဒေသများ ပြောက်ကျားဒေသ ဖြစ်သွားနိုင်ပါသည်။ တချိန်တည်းတွင် အချို့ဒေသများကို ကောင်းစွာကာကွယ်နိုင်ပြီး အချို့ဒေသများတွင် ချေမှုန်း‌ရေးတိုက်ပွဲနှင့် မြို့သိမ်းတိုက်ပွဲများကို တော်လှန်ရေးအင်အားစုများက ပြန်လည် တိုက်နိုင်မည်ဖြစ်၏။

    စကမ ၏ ထိုးစစ်ကို “ငစကောတပ်” လာပြီဆိုသကဲ့သို့ သုံးသပ်ပြောဆိုခြင်းမျိုးသည် မြေပြင်ပကတိအခြေအနေများ၊ တခုလုံးအခြေအနေများနှင့် ကင်းကွာနေပေလိမ့်မည်။

    ✍ အေးချမ်းဆု

  • သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    သန်လျင်တွင် တက္ကစီမောင်းသူကို သတ်ပြီး ကားလုယက်သူ လူငယ် နှစ်ဦး ဖမ်းမိ

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ တက္ကစီယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သူ အသက် (၁၇) နှစ်အရွယ် လူငယ်ပိုင်း အမျိုးသား နှစ်ယောက်ကို ဖမ်းမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    သာကေတမြို့နယ်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းနေ ဦးစံသိန်း (၅၆ နှစ်) ဟာ သူမောင်းနှင်တဲ့ Toyota Probox အမျိုးအစား အဖြူရောင်အဌားယာဉ်နဲ့ ထွက်ခွာသွားပြီး အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီအချိန်ထိ နေအိမ်ကို ပြန်ရောက်လာတာ မရှိဘဲ သူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားတဲ့အတွက် သက်ဆိုင်ရာ သာကေတ မြို့မရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

    ရဲစခန်းအချင်းချင်း ချိတ်ဆက်ပြီး စုံစမ်းရှာဖွေခဲ့ရာ အောက်တိုဘာ ၆ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ သန်လျင် မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ အလယ်ရွာ ကျေးရွာ၊ သီလဝါခြောက်လမ်း သွားကားလမ်း မိုင်တိုင် ၈ မိုင်၊ ၇ ဖာ လုံ နဲ့ ၉ မိုင်အကြား လမ်းဝဲဘက်ခြမ်း အမှိုက်ပုံမှာ ဦးစံသိန်းကို ထိုးသွင်းဒဏ်ရာ ၃၁ ချက်နဲ့ သေဆုံးနေတာကို ပြန်လည် တွေ့ရှိတဲ့အတွက် သန်လျင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ကျူးလွန်သူတွေမှာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာ တောင်ဘက်ကွင်းနေ ထက်ရှိုင်းဇော် (၁၇) နှစ် နဲ့ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာ အဆောင်နေ သက်ဝေဦး (၁၇) နှစ် တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရတဲ့အတွက် ဖမ်းမိနိုင် ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၆ ရက်၊ ညနေ ၅ နာရီလောက်မှာ ထက်ရှိုင်းဇော်ကို သန်လျင်မြို့နယ်၊ အမှုထမ်း ရပ်ကွက်ရှိ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ အခင်းဖြစ်စဉ်က လုယက်ယူဆောင်ခဲ့တဲ့ Probox မော်တော် ယာဉ်နဲ့အတူ ဖမ်းမိခဲ့ပြီး နောက်ထပ် အတူပါဝင်သူ သက်ဝေဦးကိုတော့ အဲဒီနေ့ ညပိုင်းမှာ သူနေထိုင်တဲ့ အဆောင်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ် အောက်တိုဘာ ၅ ရက်၊ ညပိုင်းက သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားပွဲ မှာ အရက်သေစာ သောက်စားမူးယစ်ပြီးတော့ အသတ်ခံရသူ ဦးစံသိန်း မောင်းတဲ့ အဌားယာဉ်ကို စီးနင်းခဲ့ကြောင်း၊ သန်လျင်-ကျိုက်ခေါက် ဘုရားကားလမ်း ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်မောင်းက ယာဉ်စီးခ တောင်းခံတာ နဲ့ ပတ် သက်လို့ စကားများပြီး ထက်ရှိုင်းဇော်က ယူဆောင်လာတဲ့ ကတ်ကြေးနဲ့ ထိုးရာ ယာဉ်မောင်းက ဝက်အူလှည့်နဲ့ ပြန် လည် ခုခံတိုက်ခိုက်လို့ သက်ဝေဦးကနေ ဝက်အူလှည့်ကို လုယူပြီး ပြန်လည်ထိုးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ယာဉ်မောင်းသေဆုံးသွားတဲ့အခါ ထက်ရှိုင်းဇော်က ယာဉ်ကို မောင်းနှင်လာပြီး သီလဝါခြောက်လမ်းသွားလမ်းပေါ်အရောက် ယာဉ်မောင်းရဲ့ အလောင်းကို စွန့်ပစ်ခဲ့ကာ ယာဉ်နံပါတ်ပြား နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို စစ်ပင်ကွင်းကျေး ရွာ အနီးမှာ စွန့်ပစ်ခဲ့ကြောင်း ဖော်ထုတ်သိရတဲ့အတွက် သွားရောက်သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

    အခုလို အငှားယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ်ကို လုယက်ခဲ့တဲ့ ထက်ရှိုင်းဇော်နဲ့ သက်ဝေဦး တို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

  • မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး

    မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team (BMT) က ရုပ်သံမှတ်တမ်းတွေနဲ့အတူ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွာတွေဘက်ကိုဆင်းပြီး ဆက်ကြေးတောင်းဖို့ ထွက်လာတဲ့ Honda Fit ကားကို မုံရွာမြို့နယ်ထဲမှာရှိတဲ့ သာစည်လမ်း-အက်တောအဝိုင်းပတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ)၊ ကျောင်းသားတပ်တော် (SAF)၊ Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

    ပကဖ တာဝန်ခံတယောက်က “ရဲတွေက မကြာခဏဆိုသလို အဲဒီကားနဲ့ ရွာတွေဘက်ကိုထွက်ပြီး ဆက်ကြေးတောင်းလေ့ရှိတယ်။ အခုလည်း သတင်းကြိုရလို့ သာစည်လမ်း-အက်တော အဝိုင်းပတ်က စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာ ကားပေါ်မှာပါလာတဲ့ ဒုရဲအုပ်သိန်း​ဇော် အပါအ၀င် ရဲ ၄ ယောက်လုံး သေတယ်။ ကားကတော့ ဆက်မောင်းလို့ မရတော့တာကြောင့် လက်နက်တွေပဲ သိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေဆီကနေ G3 သေနတ် ၂ လက်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ဖုန်း ၅ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

    ပြည်သူတွေအနေနဲ့လည်း ရဲကား၊ စစ်ကားတွေနဲ့ နီးကပ်စွာ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

  • အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော်  ကို လိမ်ယူ

    အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူ

    စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ

    စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော် ထံကနေ သိန်းပေါင်း ၁၂၀၀၀ ကျော်ကို လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ တွေထံ က သိရပါတယ်။

    ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တောင်သူကုန်း မှာ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ လို့ ရုံးခန်း ဖွင့်လှစ်ပြီး ပြည်ပ သွားရောက်ချင်တဲ့ လူငယ်တွေကို စင်္ကာပူ နိုင်ငံက လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ပေးမယ်ဆိုပြီး တစ်ဦး ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း၂၀၀ ကျော်အထိ ယူဆောင်သွားတယ်လို့ နစ်နာသူ တွေကပြောပါတယ်။

    “”ညီမက သူ့ဆီမှာ အစောဆုံး အလုပ်အပ်သူလို့ပြောလို့ရတယ်။ အခုနှစ်ဇန်နဝါရီလကထဲ က စင်္ကာပူ ကို သူနာပြုနဲ့သွားဖို့ သိန်း ၅၀ သွင်းထားရတယ်။ စင်္ကာပူရောက်ရင် ၂လစာ ကို ဖြတ်မယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ ပထမပြောတေ့ာသုံးလ လေးလ လောက်ပဲကြာမယ် ဆိုပြီး ရက်တွေ ဟိုနေ့ ဒီနေ့ ဆိုပြီးရွှေ့လာတာ ပြီးခဲ့တဲ့ ၉လ ပိုင်း၂၉ရက်နေ့မှာ ရုံးကိုလည်း သော့ခတ်ပြီး ပိတ်ထားတယ်။ ဆက်သွယ်တာလည်းမရတော့ဘဲ လိမ်ပြေးသွားတာ ညီမက သိန်း၅၀ ဆိုပေမယ့် ညီမသူငယ်ချင်းတွေဆို သိန်း၂၀၀လောက်ပါသွားတာ။ အတိုးတွေနဲ့ ယူပေးရတာလေ အခုတော့ သူတို့ ဒုက္ခအတော်လေးရောက်နေတယ် ပတ်စပို့ တွေလည်း သူ့ဆီပါသွားတော့ ပိုပြီးခက်ခဲကုန်တာပေါ့””လို့ နစ်နာသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

    အဆိုပါ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ အနေနဲ့ ပြည်ပကို ပို့ဆောင်လိုက်တဲ့ လုပ်သားအနည်းငယ်ရှိပေမယ့် ရောက်ရှိသွားသူတွေမှာ အလုပ်အမျိုးအစား ကွဲလွဲတာတွေ စာချုပ်ချုပ်စဉ်ကအတိုင်း မဖြစ်တာတွေ ကြောင့် တစ်ဖက်နိုင်ငံမှာအခက်ခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

    “”ဦးလေး သူငယ်ချင်းရဲ့ သားက သူ့အေဂျင်စီကနေ စင်္ကာပူကို ရောက်သွားတော့ မှန်ကန်တယ်ထင်ပြီး ဦးသားကို ဟိုတယ် အလုပ်နဲ့ ပို့ဖို့ ၇လပိုင်းက အလုပ်အပ်ခဲ့တာ အခု ၁၀ လပိုင်း ၂ရက်နေ့မှာ လေယာဉ်တတ်ရမယ်ဆိုပြီး ၉လပိုင်း၂၃ရက်မှာအပြီးပိုက်ဆံချေပါဆိုလို့ပေးလိုက်ရတယ် အားလုံးသိန်း၂၀၀ ပေးလိုက်ရတယ်။ အခုဦးလေးသူငယ်ချင်းရဲ့သားလည်း ဒီမှာစာချုပ်ချုပ်တော့၂နှစ်ဆိုပြီး ဟိုရောက်တော့ ၃လ ဘဲ ရတယ် တချို့စင်္ကာပူ ဆိုပြီး ထိုင်းရောက်သွားတာတွေ၅ယောက်လောက်ရှိတယ်။ သူတို့တွေလည်းဟိုမှာဒုက္ခရောက်နေတယ် အခု ရုံးပိတ်ပြီး ထွက်ပြေးတယ်လို့ သတင်းကြားတော့ သူ့ဆီမှာ အလုပ်အပ်ထားတာ ဦးစာရင်းလုပ်ထားတာကိုဘဲ ၅၆ ယောက်ရှိတယ် အလုပ်အမျိုးမျိုးနဲ့ အကြွေးစနစ်နဲ့မို့သိန်း၅၀ပါသွားတာမျိုး အပြည့်ပေးချေတဲ့သူတွေ က သိန်း၁၅၀၊သိန်း၂၀၀ တွေပါသွားကြတာ “”လို့ နစ်နာသူလုပ်သားရဲ့ဖခင်ဖြစ်သူဦးအောင်မင်းကပြောပါတယ်။

    အခုလို လုပ်သား ၇၀ ကျော်ထံမှ ငွေကြေးကျပ်သိန်း ၁၂၀၀၀ ကျော် လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ အမျိုးသမီး ကို နစ်နာသူတွေက အင်းစိန်မြို့နယ်ရဲစခန်းနဲ့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း သိရပါတယ်။

    “”ရုံးခန်းပိတ်တယ်လို့ ကြားတော့ နစ်နာသူတွေ အယောက် ၆၀ လောက်ရောက်လာတယ် သူတို့နေအိမ်ကိုလိုက်သွားတော့ လိမ်သွားတဲ့အမျိုသမီးရဲ့ အမျိုးသားကိုတွေ့တယ်။ ဒါနဲ့သူ့အမျိုးသားနဲ့ဝန်ထမ်းတွေကို ​တွေကို ရဲစခန်းကို ပို့တယ် ၃၀ရက်နေ့ပေါ့ အဲ့နေမှာ လိမ်သွားတဲ့ အမျိုးသမီးနဲ့ ဖုန်းအဆက်သွယ်ရတော့ လာဖြေရှင်းပေးမယ်လို့ပြောတယ်။ နောက်အဲ့ညမှာဘဲ စခန်းမှာ တပ်မတော်ဘက်က အရာရှိတစ်ယောက်က အာမခံနဲ့ သူ့အမျိုးသားနဲ့ဝန်ထမ်းတွေ ကို ထုတ်ပေးလိုက်တယ် သိရတယ်။ လက်ရှိအချိန်ထိ ဘာအဆက်သွယ်မှမရသေးပါဘူး””လို့ ဦးအောင်မင်းကရှင်းပြပါတယ်။

    လက်ရှိမှာ ငွေကြေးများစွာ လိမ်လည်ခံလိုက်ရတဲ့ လုပ်သား ၇၀ ကျော်မှာ အခက်ခဲ ဒုက္ခ များစွာ ရင်ဆိုင်နေရပြီး တိမ်းရှောင်နေတဲ့ အမျိုးသမီး ကို လာရောက်ဖြေရှင်းပေးဖို့ လူမှုကွန်ယက်စာမျက်နှာ တွေကနေတစ်ဆင့် အသိပေးထားပါတယ်။

  • စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ

    စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ

    စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေပြီး စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူ ပိုင် ပစ္စည်းများကို လုယက်ခိုင်းဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဝန်ခံ

    အကြမ်းဖက်စစ်တပ်အတွင်း လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ ဆွဲသွင်းအသုံးပြုနေပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းကဝန်ခံ ပြောဆိုလိုက်သည်။

    စက်တင်ဘာလ ၂၉ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍ စစ်မှုထမ်းတပ်သားဖြစ်လာသူဖြစ်ကာ အပတ်စဉ် ၅ သင်တန်းဆင်း စစ်မှုထမ်းတပ်သားတစ်ဦးဖြစ်သည်။

    အကြမ်းဖက်စစ်တပ်တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ခိုင်းစေနေရာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်း၊ မဲပေါက်ခြင်းနှင့် ငွေကြေးအတွက် ဝင်လာရခြင်းဟူ၍ ၃ မျိုးရှိကြောင်း၊ အများစုမှာ ပေါ်တာဆွဲဖမ်းဆီးခံရ၍ ဝင်လာသူများဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်ကြီးရင့်နေသော အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကို စစ်သားအဖြစ် အသုံးပြုနေကြောင်း၊ မူးယစ်ဆေးဝါးများလည်း စိတ်ကြိုက် သုံးခွင့်ရှိပြီး ဆေးကြောင်နေသော စစ်မှုထမ်းလူငယ်အများစုရှိနေကြောင်း၊ ပေါ်တာဆွဲရာတွင် ကျန်းမာရေးမကောင်းသူမှစ၍ စိတ်ဝေဒနာရှင်များအထိ ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်ထဲဆွဲသွင်းကြောင်း ၎င်းက ပြောဆိုသည်။

    “မဲပေါက်လို့ ဝင်လာတာရှိတယ်။ ဒီငွေကြေးကြောင့် ဝင်လာရတာရှိတယ်။ ပေါ်တာဆွဲလို့ ဝင်လာရတာ ရှိတယ်ဗျ။ သုံးမျိုးသုံးစားရှိတယ်ဗျ အဲဒီမှာ။ စစ်မှုထမ်းချင်ပါတယ်ဆိုပြီးတော့ ဝင်လာတဲ့ လူတော့ မရှိဘူး။ ပစတွေကို အရှေ့က တက်ခိုင်းတယ်ဗျ။ အဲ့ဒီ သန္ဓေဆရာတွေက အရှေ့က တက်ခိုင်းတယ်ဗျ။ ဆေးတွေ ဘာတွေလည်း ဒီလို ခိုးဝယ်သုံးရတယ်ဗျ။ ဆေးက ၁၀၂ က ဝယ်ရတယ်ဗျ။ ရာမတို့ ဘာတို့က တပ်မှာဆိုလည်း ရှိတယ်ဗျ၊ ရယ်နေတဲ့ ကောင်၊ ကြောင်နေတဲ့ ကောင်တွေ အများကြီးပါတယ်။ တချို့ကျတော့လည်း ခုနကလို ရယ်တဲ့ကောင်တွေက ရယ်နေတာ၊ ငိုတဲ့ ကောင်တွေကလည်း ငိုနေတာ။ ဒါပေမဲ့ သူတို့အိမ်လည်း သူတို့မသိဘူး၊ သူတို့နာမည်တောင် သူတို့မသိတော့ဘူး အဲ့ဒါမျိုး ကောင်တွေ များတယ်ဗျ။ အဘိုးကြီးလေးတွေလည်း ပါတယ်ဗျ။ အသက် ၇၀ ကျော်နေပြီ၊ ဆံပင်မွေးတွေ ဖြူနေပြီ။ တချို့ သွားတွေတောင်မရှိတော့ဘူး အဲ့လိုအဘိုးကြီးမျိုးတွေ ပါတယ်ဗျ စစ်တပ်မှာ လူမျိုးစုံပဲ။ ခြေထောက် ဒီလေငန်းဆွဲတဲ့ လေငန်းဆွဲပြီး ပြန်ကောင်းတဲ့လူက အစ ပါတယ်ဗျ။ ဦးနှောက်မမှန်တဲ့ လူတွေလည်း ပါတယ်ဗျ။” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောဆိုသည်။

    စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားများနှင့် အောက်ခြေတပ်သားများကို အဆင့်အဆင့် အနိုင်ကျင့်ပြီး ရာထူးအဆင့်အတန်းအလိုက် အနိုင်ကျင့်ကြကြောင်း၊ အောက်ခြေ တပ်သားနှင့်ရဲဘော်များမှာ အနိုင်ကျင့်မှုကို အခံရဆုံးဖြစ်ကြောင်း သိရှိရသည်။

    “တပ်ကြပ်ကြီးတွေက အောက်က ပစတွေကို အနိုင်ကျင့်တယ်ဗျ။ တပ်ကြပ်ကြီးတွေ အထက်မှာ CQ ဆိုတာရှိတယ်။ CQ ကလည်း တပ်ကြပ်ကြီးတွေကို အနိုင်ကျင့်တယ်။ ကိုယ့်အဖေအရွယ်လောက်ကို သားလောက်တွေက အနိုင်ကျင့်နေတာဗျ။ ခေါင်းဖြူကြီးတွေကို သားလောက်တွေက အနိုင်ကျင့်နေလည်း ခံရတယ်ဗျ။ ကျွန်တော်တို့ဆိုတာ ဝေလာ ဝေးပေါ့ဗျာ။ ကျွန်တော်တို့ ပစတွေဆိုတာကတော့ ။ သူတို့ အချင်းချင်းတောင် အနိုင်အရမ်းကျင့်တာဗျ။ ကောင်းစားသွားတော့လည်း အရာရှိကပဲ ကောင်းစားသွားတာ ။ ရင်းတော့ ရဲဘော်တွေက ရင်းရတာဗျ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    စစ်တပ်အတွင်း လစာနှင့် ရိက္ခာများမှာလည်း အဆင့်ဆင့် ဖြတ်စားကြသဖြင့် အောက်ခြေတပ်သားနှင့်ရဲဘော်များမှာ အာဟာရ ပြည့်အောင် မစားရဘဲ လစာလည်း အပြည့်အ၀ မရကြောင်း သိရှိရသည်။

    “စားရတာဆိုလည်း ရှေ့တန်းမှာ လုံးဝအဆင်မပြေဘူး။ အာဟာရမရှိဘူးဗျ။ အဆင်မပြေဘူးဗျ။ အသားတုစားရတယ် ငါး ခြောက်ဆိုလည်း လောက်တက်နေတဲ့ ငါးခြောက်စားရတယ်။ သင်္ဘာသီးနဲ့ အသားတု ချက်ကျွေးတာတို့ ၊ အာလူးတို့ ချက်ကျွေးတာတို့၊ နှစ်ပတ်မှ ကြက်သားတစ်တုံးပဲ စားရတယ်။ ကြက်သားဆို တစ်တုံးပဲ။ ကျန်တာတွေက သူတို့ဖြတ်စားတယ်ဗျ ။ မသေရုံတမယ် ထမင်းစားရတယ်ဗျ။ ထမင်းတွေလည်း ငတ်တယ်ဗျ။ ကျနော်တို့ ငွေတွေကိုတော့ သူတို့ လူကြီးတွေ ယူတယ်ဗျ။ ယူပြီးတော့မှ ကျနော်တို့ စားဖို့ဆိုပြီး ကျွန်တော် စောင့်ကျွေးတာဗျ။ ရှေ့တန်းမှာ ဒီနေရာမှာ လုံးဝအဆင်မပြေဘူးဗျ။ စားတာနေရတာ အာဟာရမရှိဘူးဗျ။ ကောင်းကောင်းမကျွေးဘူးဗျ” ဟု သူက ရှင်းပြသည်။

    အရပ်သားပြည်သူများကိုလည်း PDF ဟုဆိုကာ သတ်ဖြတ်လေ့ရှိပြီး လက် နက်ကိုင်သော PDF များကို ဖမ်းမိပါကလည်း အရှင်မထားဘဲ သတ်ဖြတ်ပစ်ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများစွန့်ခွာသွားသော နေအိမ်များမှ ပြည်သူများ၏ပစ္စည်းများကိုလည်း စစ်နိုင်သဖြင့် ယူခွင့်ရှိသည်ဟုဆိုကာ လုယက်ခိုင်းကြောင်း သိရှိရသည်။

    “PDF ဆိုရင် အရပ်သားလည်း PDF ဆိုရင် PDF လုပ်ပစ်တာဗျ။ ကျွန်တော်တို့က အသာလေးကြည့်ရတာဗျ၊ သတ်တာကတော့ မိတာတော့ မိတယ်ဗျ။ သွားနေတဲ့ အရပ်သားလည်း PDF လုပ်ရင် လုပ်ပစ်တာဗျ။ အိမ်တစ်အိမ်ဝင်လို့ရှိရင် ကျွန်တော်တို့ကို အကုန်ယူခိုင်းတယ်ဗျ။ အကုန်ယူတယ်ဗျ။ နောက်ဆုံး ဓာတ် ကြိုးတွေ ခွာတယ်ဗျာ။ ဓာတ်ကြိုးခွာပြီးတော့ ကြေးခွာတယ်လို့ သူတို့ခေါ်တယ်ဗျ​။ ပြည်သူပိုင်အိမ်က ပစ္စည်းတွေကတော့ အကုန်ယူတယ်ဗျ။ ရေခဲသေတ္တာတွေ့ ရေခဲ သေတ္တာယူတယ်။ အပ်ချုပ်စက်တွေ့ စက်ယူတယ်။ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ယူတယ်။ အဲဒါ ကျွန်တော်တို့ မီးစက်တွေ့ မီးစက်ယူတာ။ အကုန်ယူတယ်ဗျ။ ပြည်သူပိုင် ပစ္စည်းကို သူတို့က ။ သူတို့ ပြောတာကျတော့ ငါတို့ စစ်နိုင်လို့ ငါတို့ ယူတာလို့ ပြောတာဗျ” ဟု ၎င်းက ရှင်းပြသည်။

    စစ်တပ်အတွင်း ပြည်သူ့စစ်များကို ၂ နှစ်သာ တာဝန်ထမ်းရမည်ဟု ပြောဆိုထားသော်လည်း နှစ်ပြည့်လျှင်လည်း ပြန်လည် ထွက်ခွင့်ပြုမည့် အခြေအနေ မမြင်ရကြောင်း၊ ရှေ့တန်းတွင် စစ်မှုထမ်းတပ်သားများ သေဆုံးပါက လမ်းဘေးမြုပ်နှံပြီး မိသားစုများထံ အသိပေး အကြောင်းကြားခြင်းမရှိကြောင်း၊ တပ်တွင်း ဖိနှိပ်မှုများစွာရှိနေပြီး ထွက်ပြေးလျှင် တော်လှန်ရေး တပ်များက အလင်းဝင်သူများကို သတ်ဖြတ်သည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရသည်။