Author: Baby Yit Lone

  • Gurram Paapi Reddy

    Gurram Paapi Reddy

    Gurram Paapi Reddy (2025)

    လောဘသားကောင်များ

    အလွဲအချော်ပေါင်းများစွာနဲ့ လူ့လောဘကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Crime Comedy ဇာတ်ကားတစ်ကားပါ။

    ၂ နာရီကျော်ကြာ‌ပေမဲ့ လုံးဝပျင်းမသွားဘဲ ထိုင်ရယ်နေရမဲ့ကားမျိုးကြည့်ချင်သူများအတွက် ဒီကားကိုရွေးကြပါ။

    အားလုံးရဲ့အချစ်တော် ယိုဂီဘာဘူလည်း ပါဝင်ထားပါသေးတယ်။

    ဇာတ်လမ်းက ပုံမှန်မဟုတ်တဲ့ ရာဇဝတ်မှုတစ်ခုနဲ့အတူ စတင်ထားတာဖြစ်ပြီး Gurram Paapi Reddy က မထင်မှတ်ဘဲ အဲ့ဒီအရှုပ်အထုပ်ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ရပါတယ်။

    အေးအေးဆေးဆေးနေချင်တဲ့ သူ့ရဲ့ဘဝထဲကို ထူးဆန်းတဲ့ဇာတ်ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေဟာ သူထိန်းချုပ်လို့မရတော့ဘဲ လုံးဝ ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။

    အထူးသဖြင့် လူရွှင်တော်ကြီး Brahmanandam နဲ့ အဖွဲ့သားတွေရဲ့ ကြားဝင်နှောက်ယှက်မှုတွေ၊ ငွေကြေးနဲ့ လောဘနောက်ကွယ်က အလွဲအချော်တွေကြားမှာ ဇာတ်ကောင်တွေဟာ ဘယ်သူ့ကိုယုံရမှန်းမသိအောင် ဖြစ်လာကြပါတယ် ပြောရရင် ရာဇဝတ်မှုတွေရဲ့ ပြင်းထန်မှုကို ဟာသနဲ့ ဘယ်လိုခပ်မိုက်မိုက် ချိတ်ဆက်သွားမလဲဆိုတာ ကြည့်ရှုရမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

  • Not Without Hope

    Not Without Hope

    Not Without Hope (2025)

    Shazam မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားပြီး သမုဒ္ဒရာအလယ်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

    အမေရိကန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ Nickတို့သူငယ်ချင်း လေးယောက်ဟာ မက္ကဆီကိုပင်လယ်ကွေ့ထဲကို ပျော်ပျော်ပါးပါး ငါးဖမ်းထွက်ခဲ့ကြပါတယ်။

    ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့စီးလာတဲ့ လှေဟာ ပင်လယ်လယ်ခေါင်မှာ တိမ်းမှောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်စရာ ငါးဖမ်းခရီးစဉ်ဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။

    အကူအညီမဲ့နေတဲ့ သမုဒ္ဒရာအလယ်၊ အစာရေစာပြတ်လတ်မှု၊ အအေးဒဏ်နဲ့ ရက်စက်တဲ့ မုန်တိုင်းဒဏ်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြမလဲ။

    မိသားစုဆီ ပြန်ရောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း သေခြင်းတရားကို အံတုခဲ့ကြတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေက ဘယ်လောက်ထိ ခိုင်မာခဲ့သလဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုပဲဖြစ်ပါတယ်။

    Nick တို့ သူငယ်ချင်း ၄ယောက် ဒီလိုအဖြစ်ဆိုးကြီးကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • Pillion

    Pillion

    Pillion (2025)

    မင်းသားကြီး Alexander Skarsgård နဲ့ Harry Potter ရုပ်ရှင်တွေထဲမှာ ဒက်ဒလေအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Harry Mellingတို့ အဓိကပါဝင်ထားတဲ့ Queer/BL ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီဇာတ်ကားဟာ သမားရိုးကျ အချစ်ကားတွေနဲ့မတူဘဲ နာမည်ကျော် Call Me by Your Name ရုပ်ရှင်လိုမျိုး စိတ်ခံစားချက်ကို အသားပေးရိုက်ကူးထားတာပါ။

    ဘဝကို ပုံစံခွက်ထဲမှာပဲ ဖြတ်သန်းနေတဲ့ Colin ဟာ တစ်နေ့မှာတော့ သူနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့၊ လွတ်လပ်ပြီး အရိုင်းဆန်တဲ့ ဆိုင်ကယ်သမား Ray နဲ့ ဆုံတွေ့ခဲ့ပါတယ်။

    Ray ရဲ့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ လိုက်ပါရင်း တဖြည်းဖြည်းနဲ့ Colinရဲ့‌ အေးစက်‌‌နေတဲ့ ဘဝဟာလည်း ပိုမိုအသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

    မြို့ပြရဲ့ မီးရောင်အောက်မှာ ဆိုင်ကယ်စီးရင်း သူတို့နှစ်ယောက်ကြားက သံယောဇဉ်ဟာ စကားလုံးတွေမလိုဘဲ ရိုးရှင်းစွာ အမြစ်တွယ်လာပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

    ဒီဇာတ်ကားဟာ အက်ရှင်တွေ၊ ဟာသတွေထက် လူသားနှစ်ယောက်ကြားက “စစ်မှန်တဲ့ နားလည်မှု” နဲ့ “လွတ်လပ်မှု” ကို အဓိကဖော်ပြထားတာပါ။

    ရုပ်ရှင်ရဲ့ ရိုက်ချက်တွေ (Cinematography) နဲ့ နောက်ခံတေးဂီတတွေကလည်း အထီးကျန်ဆန်သလိုလိုနဲ့ နွေးထွေးတဲ့ ခံစားချက်တစ်ခုဆီ ခေါ်ဆောင်သွားပေးမှာဖြစ်လို့ Ray နဲ့ Colin နှစ်ယောက် ဘယ်လို ဇာတ်သိမ်းမျိုးရရှိသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • Killer Whale

    Killer Whale

    Killer Whale (2026)

    လူအများစုက Killer Whale (Orca) တွေကို ချစ်စရာကောင်းတဲ့ သတ္တဝါတွေလို့ ထင်မှတ်ထားကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ ငါးမန်းဖြူတွေထက် ပိုမိုပါးနပ်ပြီး ရက်စက်တဲ့ သမုဒ္ဒရာရဲ့ ဘုရင်တွေပါပဲ။

    ထရစ်ရှ်နဲ့ မက်ဒီတို့ သူငယ်ချင်းနှစ်ယောက်ဟာ အရင်က စီတိုဆိုတဲ့ Killerဝေလငါးကြီးရဲ့ အလှပြကန်မှာ အလုပ်တူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။

    စီတိုဟာ သူ့သားပေါက်လေးသေဆုံးပြီးနောက်ပိုင်းမှာ ထိန်းသိမ်းရေးဝန်ထမ်းတစ်ယောက်ကို သတ်လိုက်မိတာကြောင့် အခုအချိန်မှာတော့ စီတိုကို အလှပြတာမျိုးတွေမလုပ်တော့ဘဲ သီးသန့်ထိန်းသိမ်းထားကြပါတယ်။

    စီတိုကိုသံယောဇဉ်ရှိကြတဲ့ ထရစ်ရှ်နဲ့မက်ဒီတို့ကလည်း အလုပ်ထွက်ပြီး ကိုယ့်ဘဝနဲ့ကိုယ် အနေဝေးသွားကြပါတယ်။

    တစ်နေ့မှာတော့ ထရစ်ရှ်က သူ့သူငယ်ချင်းမက်ဒီကို အပန်းဖြေခရီးထွက်ရင်း စီတိုကိုထိန်းသိမ်းထားတဲ့‌ေနရာဆီသွားပြီး အလွမ်းပြေသွားနှုတ်ဆက်ကြမယ်လို့လာခေါ်ခဲ့ပါတယ်။

    ဒီလိုပျော်စရာခရီးစဉ်ကနေ မထင်မှတ်တဲ့ အပြောင်းအလဲတွေကြောင့် ပင်လယ်ပြင်ခေါင်ခေါင်ကြီးထဲ ထရစ်ရှ်ရယ် မက်ဒီရယ် စီတိုရယ် ဆုံတွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။

    ဉာဏ်ရည်မြင့် သတ္တဝါတစ်ကောင်ဖြစ်တဲ့အလျောက် သူ့ကိုပိတ်လှောင်ထားခဲ့ကြတဲ့လူတွေကို နာကျည်းမုန်းတီးနေတဲ့ အော်ကာဝေလငါးကြီး စီတို လက်ထဲကနေ ထရစ်ရှ်နဲ့မက်ဒီတို့ အသက်ရှင်လျက်လွတ်မြောက်နိုင်ကြပါမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • Mr. & Mrs. Aslan

    Mr. & Mrs. Aslan

    Mr. & Mrs. Aslan (2025)

    Mr. & Mrs. Aslan ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလလေးတင် ထွက်ရှိထားတဲ့ အက်ရှင်နဲ့ ဟာသ ရောယှက်ထားတဲ့ ရုပ်ရှင်သစ်တစ်ကား ဖြစ်ပါတယ်ဗျ။

    ဒီဇာတ်လမ်းက တူရကီရုပ်ရှင်လောကကနေ ထွက်လာတာဖြစ်ပြီး ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီ တို့ရဲ့ နာမည်ကျော် Mr. & Mrs. Smith ရုပ်ရှင်ကို အငွေ့အသက်ယူထားသလိုမျိုးပါပဲခင်ဗျာ။

    ဇာတ်ကြောင်းကတော့ အမ်ရေးနဲ့ လူနာတို့ဟာ အများအားကျရတဲ့ စုံတွဲ တွေပါ။

    ဒါပေမယ့် သာမန်ရုံးဝန်ထမ်းလေး အမ်ရေး နဲ့ မတူဘဲ သူ့မိန်းမ လူနာက‌ တော့ လျှို့ဝှက်အေးဂျင့် တစ်ယောက်ဖြစ်နေတာပါပဲ။

    လူနာက ဒါကို ဘယ်သူကိုမှမပြောဘဲ ခရီးသွားအေဂျင်စီမှာလုပ်တယ်ဆိုပြီး လိမ်ထားတာပါ။

    ဒီလိုနဲ့တစ်နေ့မှာ အရမ်း အန္တရယ်များတဲ့ ရာဇဝတ်ကောင်တစ်ကောင်ကို လူနာတို့ ဖမ်းမိရာကနေ လူနာ့ကို အငြှိုးနဲ့ နှောင့်ယှက်ခံရပါတော့တယ်။

    အမူအရာပျက်နေတဲ့ လူနာကို အမ်ရေးတစ်ယောက် သူ့သူငယ်ချင်း‌တွေ မြှောက်ပေးတာနဲ့ ဖောက်‌ပြန်နေတယ်အထင်နဲ့ လိုက်လံ စုံစမ်းရာမှ အလွဲတွေ အမျိုးမျိုးနဲ့ ကြုံတွေရာမှာတော့၊

    ဟာသတွေ အားကောင်းတဲ့ အက်ရှင်ခန်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ပြထားတာ‌ေတွ့ရမှာပါ။

    ရုပ်ရှင်က အက်ရှင်ကားဆိုပေမဲ့ ဇာတ်လမ်းတစ်လျှောက်လုံးမှာ အမ်ရေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ အလွဲတွေနဲ့ ဟာသလေးတွေ နှောထားတာမို့ ကြည့်ရတာ တော်တော်လေး စွဲဆောင်မှုရှိပါတယ်။

    အထူးသဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ အပေးအယူညီမှုက အရမ်းကောင်းတာကြောင့် အချစ်အက်ရှင်ကား ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးပါပဲဗျာ။