Author: Baby Yit Lone

  • စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း

    စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း

    စစ်ကော်မရှင်က ‎ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်းသော်လည်း တိုက်ပွဲကြောင့် ပြန်ထွက်ပြေးသဖြင့် လိုက်ဖမ်းနေရ

    ‎‎ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်၍ အုပ်ချုပ်ရေးပိုင်းမှ အရာရှိနှင့် ဝန်ထမ်းများကို မြို့တွင်းရုံး ထိုင်ခိုင်းရာ အရာရှိနှင်အဖွဲ့များ တိုက်ပွဲကြောင့် ပြန်လည်ထွက်ပြေးသွားကြကြောင်း သိရသည်။

    ‎‎ဗန်းမော်မြို့ကိုသိမ်းနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများပါစတင်နိုင်ပြီဟု ဝါဒဖြန့်ခဲ့သည့် စစ်ကော်မရှင်က စစ်‌ရေယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများအပြင် ဗန်းမော်တိုက်ပွဲမှထွက်ပြေးလာသည့် အုပ်ချုပ်ရေး အဖွဲ့များကိုပါ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

    ‎‎”မြို့တွင်းအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဆိုတာပြဖို့ အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ ဒီရောက်တော့ တိုက်ပွဲအခြေအနေကြောင့် အစုလိုက်ပြေးကုန်လို့ စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

    ‎‎ပြီးခဲ့သည့် ဩဂုတ်လက ဗန်းမော်သို့ ဂေါဝိန်ဆိပ်မှလာ‌ရောက် ဆိုက်ကပ်သည့် စစ်ရေယာဉ်အုပ်စုတွင် လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများရောက်လာပြီးနောက် ဗန်းမော်တိုက်ပွဲမှာ စစ်ကော်မရှင်က စစ်ရေးအရ အရေးသာလာကြောင်းတွေ့ရသည်။

    ‎‎စစ်ကော်မရှင်သည် ခလရ ၂၃၆၊ အမြောက်တပ်ရင်း အမတ၃၆၆၊ တင့်ကားတပ်ရင်း ၅၀၁၄နှင့် လေယာဉ်ကွင်းတို့ကို ပြန်လည် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဖော်ပြခဲ့သည်။

    ‎သို့သော်လည်း တိုက်ပွဲများရှိနေသည့် ဗန်းမော်မြို့တွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနများကို အတင်းအကျပ်ဖွင့်လှစ်ခိုင်းသည့်အတွက် အရာရှိနှင့်အဖွဲ့များ ပြန်လည်ထွက်ပြေးကြ၍ ‎ထွက်ပြေးသူများကို လက်ရပြန်လည်ဖမ်းဆီးကာ ကျပ်ကျပ်မတ်မတ် စစ်ဆေးရန်လည်း ညွှန်ကြားချက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎စစ်ရေယာဉ်နှင့်ပါလာသည့် လူအင်အားနှင့် ထောက်ပို့လက်နက်များကြောင့် စစ်ရေးအပြောင်းအလဲ တစ်ခုဖြစ်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် ခလရ ၄၇ တပ်ရင်းအနောက်ဘက် ကာကင်းစခန်းနှင့် ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြန်လည် ထိန်းချုပ်ထားခဲ့သည်။

    ‎စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဆုံးရှုံးသွားသော စခန်းကုန်းများကိုစွန့်ခွာ၍ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် ချိတ်ဆက်ကာ စကခ အတွင်းသို့ ဆုတ်ပြေးကြရကြောင်း သိရသည်။

    ‎‎စစ်ကော်မရှင်က ဗျူဟာမြောက်သည့် နေရာ သုံးခုထက်မနည်းကို စစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်း ထိုးနေပြီး KIA ဘက်ကလည်း ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် တန်ပြန်ထိုးစစ်များလုပ်ဆောင်နေ၍ ဗန်းမော်တိုက်ပွဲမှာ ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်များကဆိုသည်။

    ‎‎စစ်ကော်မရှင်သည် ယခုအခါတွင် ရွှေကူအခြေစိုက်ခြေကုပ်စခန်းများကိုလည်း ခံစစ်အနေအထားမှ တိုက်စစ်ဖော်ဆောင်နိုင်သည်အထိ အင်အားဖြည့် ထိုးစစ်ဆင်နိုင်ရန် လုပ်ဆောင်မှုများရှိကြောင်း သိရသည်။

  • ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

    ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

    ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

    ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စိုးစိုးရီကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့နေ ခိုင်ဝင်းအောင် ၊ အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရှေ့နေ ဇင်ပပဦး၊ ကြံဖွတ်ပါတီ၏ ဖျာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျော်ကျော်(ခ) ကျော်မျိုးတင် ၊ တိုင်းဒေသကြီး လွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အေးပိုင် တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါတီဝင်များနှင့်တွေ့ဆုံပွဲ ဟု အမည်တပ်ကာ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်နေကြောင်း သိရှိရသည်။

    “ပြည်ခိုင်ဖြိုး ပါတီဝင်တွေ့ဆုံပွဲဆိုပြီး ကျေးရွာတွေက ပြည်သူတွေကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက ဆင့်ခေါ်ပါတယ်။ ပြီးတော့ အတင်းအကျပ် ပွဲတက်ခိုင်းတယ်။ အဲဒီမှာ အမတ်လောင်းတွေဆိုပြီး မိတ်ဆက်တယ်။ မဲထည့်ကြပါ ဆိုပြီး စည်းရုံးတယ်။ သူတို့ကို မဲထည့်ရင် ဒီအခြေအနေက ကျော်လွန်နိုင်မယ်။ ဒီစစ်အာဏာသိမ်းတာကို ကျော်လွှားပေးနိုင်တာ ပြည်ခိုင်ဖြိုး ပါတီပဲရှိတယ်ဆိုပြီး စည်းရုံးပါတယ်” ဟု ဖျာပုံမြို့မှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ထိုသို့ မဲဆွယ်စည်းရုံးရေး တရားဝင် မစတင်မီ ကြံ့ဖွတ်ပါတီဝင် ခန့်အပ်လွှာ ပေးအပ်ပွဲများ၊ စကား၀ိုင်းများနှင့် ပါတီဝင်များ တွေ့ဆုံပွဲဟု အမည် တပ်ပြီး ဖျာပုံမြို့နယ်တစ်ဝန်းတွင် ကြံ့ဖွတ်ပါတီက မဲထည့်ကြရန်နှင့် ပါတီကို ထောက်ခံကြရန် လိုက်လံစည်းရုံးလျက်ရှိသည့်အပြင် အီလက်ထရောနစ်မဲပေးစနစ် လေ့ကျင့်ရေးများတွင်လည်း ကြံ့ဖွတ်ပါတီက တက်ရောက်ကာ မဲပေးရန် စည်းရုံးမှုများ လည်းရှိနေကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တပ်နှင့်ကြံ့ဖွတ်ပါတီဝင်များက ဖျာပုံမြို့နယ်အတွင်း ပူးပေါင်းဆောင်ရွက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး လုပ်ငန်းများကို ပူးတွဲ လုပ်ဆောင်နေကြသဖြင့် အခြားနိုင်ငံရေးပါတီများထက် ကြံ့ဖွတ်ပါတီက ပိုမိုအားသာကြောင်း သိရှိရသည်။

    “လက်ရှိ ဖျာပုံဘက်မှာကတော့ အုပ်ကြီးတွေကလည်း ကြံ့ခိုင်ရေးတွေပဲ။ ပျူစောထီးတွေကလည်း ကြံ့ခိုင်ရေးတွေပဲ။ စစ်တပ်ကို သတင်းပေးနေတာကလည်း ကြံ့ခိုင်ရေးတွေပဲ။ အဲဒီတော့ သူတို့ကပဲ အုပ်ချုပ်ရေး လုံခြုံရေး စီမံခန့်ခွဲရေး အားလုံးကို စိုးမိုးထားတာ။ အခုလည်း မဲဆွယ်စည်းရုံးရေးဆိုပြီး ခိုးလုပ်နေတာ။ အုပ်ကြီးတွေနဲ့ ကြံခိုင်ရေးတွေ ခိုးလုပ်နေကြတာ” ဟု ဖျာပုံမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

    ဖျာပုံမြို့နယ်အတွင်း ကြံ့ဖွတ်ပါတီက ပါတီဝင်ထားလျှင် စစ်မှုထမ်း အဖြစ်မှ ပေါ်တာဆွဲခံရခြင်း ကင်းဝေးနိုင်သည်ဟုဆိုကာ ကျေးရွာများတွင် ပါတီဝင်များ တရားမဝင် နည်းလမ်းများဖြင့် စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

    ယင်းအပြင် ကြံ့ဖွတ်ပါတီကို မဲထည့်လျှင် ကျေးရွာများအတွက် ကွန်ကရစ်လမ်းခင်းပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း၊ စာသင်ကျောင်း၊ ဆေးခန်းများ တည်ဆောက်ပေးခြင်း၊ ကျေးရွာများကို စံပြကျေးရွာများအဖြစ် အဆင့်မြှင့်တင်ပေးမည်ဟု မက်လုံးပေး မဲဆွယ်နေကြောင်း သိရှိရသည်။

  • မြင်းခြံ၌ အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင် ၂ ဦးနှင့် ယာဥ်မောင်းတို့ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

    မြင်းခြံ၌ အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင် ၂ ဦးနှင့် ယာဥ်မောင်းတို့ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအရာရှိရဲ့ မိသားစုဝင် ၂ ယောက်နဲ့ ယာဉ်မောင်းကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ Non-CDM အကျဉ်းဦးစီးဌာန ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။

    မြင်းခြံမြို့နယ်၊ အကျဉ်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဝင်းနိုင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း၊ မြေးဖြစ်သူ မရွန်းချယ်ရီဟိန်း တို့နဲ့ ယာဉ်မောင်း ဦးမင်းခန့် တို့ကို အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေးလမ်းပိုင်း နွားကူးအိုင်ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ သိရပါတယ်။

    ဖြစ်စဉ်ကိုသိရှိသူတယောက်က “မြင်းခြံမြို့ကနေ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာကို သွားတာ။ ကားနဲ့ထွက်လာရင်း ဖမ်းဆီးခေါ်ခံရတာ။ မြင်းခြံအကျဉ်းဦးစီးဌာနက အရာရှိ ဦးဝင်းနိုင်စိုးနဲ့ ဒေါ်နီနီဝင်းတို့ မြေးဖြစ်သူ အသက် ၃ နှစ်အရွယ်လေးပါ ဖမ်းခေါ်ခံရတာ” လို့ ပြောပါတယ်။

    မြင်းခြံမြို့နယ်ထဲ၊ နွားကူးအိုင်ကျေးရွာအနီးမှာ မော်တော်ယာဉ်တွေကို ရပ်တန့်ခိုင်းပြီး စစ်ဆေးနေတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ယာဉ်မောင်းနဲ့အတူ ယာဉ်ပါ ဖမ်းဆီးယူဆောင်သွားတယ်လို့ သိရပါတယ်။

    အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူက “ဖမ်းခေါ်ခံရတာ ဟုတ်တယ်လို့ သိရတယ်။ ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

    စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြင်းခြံမြို့နယ် အကျဉ်းဦးစီးဌာန မိသားစုဝင်တွေကို PDF တွေက ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်နေတာ တွေ့ရပါတယ်။

    မြင်းခြံမြို့နယ်အတွင်း အခြေပြုလုပ်ရှားနေတဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

  • စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်

    စစ်ကောင်စီကျင်းပသည့် သီတင်းကျွတ်လပြည့်ည လူသတ်ပွဲတော်

    သီတင်းကျွတ်လပြည်နေ့ဖြစ်သော်လည်း အလုပ်မအားလပ်ဘဲ ဖုန်းတစ်လုံးနဲ့ ကိုမြကြီးတစ်ယောက် ပျာယာခတ်နေသည်။

    စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ဒေသခံလူထုအန္တရာယ်ကင်းဖို့တစ်ထောင့် တစ်နေရာမှာပါဝင်ပြီး ကိုမြကြီး တစ်ယောက်အလုပ်ရှုပ်နေခြင်းဖြစ်သည်။

    ကိုမြကြီးတို့ဒေသခံအဖွဲ့သည် ၎င်းတို့နေထိုင်သည့်ဒေသအတွင်း စစ်ကောင်စီ၏ဝေဟင်လှုပ်ရှားမှုများ၊ မြေပြင်စစ်ရေးလှုပ်ရှားမှု များကို နေ့ဒဓူဝ စောင့်ကြည့်နေသူများဖြစ်သည်။

    အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်ည ၇ နာရီဝန်းကျင်တွင် ဒေသခံလူထုအန္တရာယ်ကင်းဖို့စစ်ကောင်စီ၏ ဝေဟင် လှုပ်ရှားမှုများကို စောင့်ကြည့်နေချိန် ကိုမြကြီးတစ်ယောက် မထင်မှတ်ပဲ ကျယ်ကျယ်လောင်လောင်ပေါက်ကွဲသံနှစ်ချက်ကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။

    ပေါက်ကွဲသံသည် ကိုမြကြီးရှိနေသည့်နေရာနှင့် တစ်မိုင်ခွဲလောက်အကွာကနေထွက်ပေါ်လာခြင်းဖြစ်ပြီး အသံကြားလိုက်ရသည် နှင့် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသည်ကို ကိုမြကြီးတစ်ယောက်သိလိုက်သည်။

    “ကျနော့အနေနဲ့ဒီလောက်ထိဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်လို့တော့လုံးဝမထင်ထားခဲ့ဘူး။ အခုမနက်ဘဲ နယ်မြေရှင်းလင်း ရေးလုပ်ရင်း ကလေးလေးရဲ့ လက်တစ်ဖက်ကိုခြုံထဲမှာရှာလို့တွေ့တာ“ဟုဆိုကာ အားတင်းပြီးပြောပြနေဟန်တူသည့် ကိုမြကြီးဆီက ငိုသံတစ်ချက်တစ်ချက်ကြားရသည်။

    ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူများအတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည်နေ့ညတွင်မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ပါရာမော်တာတစ်စီးသည် သီတင်းကျွတ်ဆီမီးထွန်းသပိတ်ပြုလုပ်နေသည့် မုံရွာနှင့်ချောင်ဦးနယ်စပ် ဘုံတိုရွာ မူလတန်းကျောင်းနေရာကို အတိအကျ ဗုံးကြဲတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

    တိုက်ခိုက်ခံရချိန်သည် ည ၇ နာရီ ၂၂ မိနစ်တွင်ဖြစ်ပြီး သီတင်းကျွတ်လပြည့်ညအားလပ်ရက်ဖြစ်သည့်အပြင် ညဦးပိုင်းလည်းဖြစ် သည်မို့ လူအများနှင့်စည်ကားသိုက်မြိုက်နေသည့်အချိန်ဖြစ်သည်။

    နောက်ဆုံးသိရသည့် သတင်းများအရ အဆိုပါတိုက်ခိုက်ခံရမှုတွင် လသားအရွယ်ကလေးငယ်မှအစ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို အရွယ်စုံ လူဦးရေ ၂၆ ဦးဝန်းကျင် သေဆုံးခဲ့ရပြီးအများစုက အရပ်သားများသာဖြစ်သည်ဟု နယ်မြေရှင်းလင်းရေးတွင်ကူညီခဲ့သူများက ပြောသည်။

    ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ဝန်းကျင်ရှိပြီး သေဆုံးရုပ်အလောင်းများမှာမူ အပိုင်းပိုင်းအစစ ပြတ်ထွက်ကုန်သဖြင့် သေဆုံးသူမည်မျှရှိသည်ကိုပင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်သူများ အတိအကျမသိနိုင်သေးပေ။ ဒဏ်ရာရသူများထဲတွင်လည်း အသက်လုနေရသူများရှိနေသေးသဖြင့် သေဆုံးသူများဆက်လက်ရှိနိုင်သေးသည်ဟု ကိုမြကြီးကပြောသည်။

    “DeadBody တွေက အမျိုးသားတွေရော၊ အမျိုးသမီးတွေ ကလေးပေါက်စတွေရော လသားအရွယ်တောင်ပါအုံးမယ် တူတယ်။ အဲ့ကလေးလေးက ခါးပြတ်အပိုင်းလေးဘဲ တွေ့တာ။ တချို့ကခြေပြတ်လက်ပြတ်တွေ၊ ဗိုက်တွေပွင့်ထွက်သွားတယ်၊ ခေါင်းတွေပြတ်ကုန်တယ်။ တချို့ခန္ဓာကိုယ်တွေဆိုရင် အပုံကြီးလိုက်ဘဲကျန်ခဲ့တာ။”ဟု ကိုမြကြီးတို့အဖွဲ့က အခင်းဖြစ်နေရာကိုရောက်ရှိခဲ့သူတစ်ဦးက အခြေနေကို ပြန်ပြောင်းပြောပြသည်။

    သေဆုံးသူများထဲတွင် မုံရွာ–အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီဝင်များဖြစ်သည့် ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့် နှင့် ကိုဇော်လင်းနိုင်တို့ သေဆုံးခဲ့ကြရပြီး တချို့လည်း ပြင်းထန်ဒဏ်ရာများဖြင့်အသက်လုနေကြရသည်ဟုဆိုသည်။

    “ကြေကွဲရတာကိုပြောပြဖို့ စကားရှာမရတော့ဘူး။ အားလုံးအတူတူ ကောင်းရာရောက်ရှိကြပါစေ။ ကြယ်တွေထပ်မကြွေပါရစေ နဲ့” ဟုဆိုကာ အခုလောလောဆယ် ဘာသတင်းမှမမေးကြဖို့ မုံရွာ–အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားထားသည်။

    စစ်ကောင်စီ၏ရက်စက်မှုသည် ဤမျှလောက်နှင့်ရပ်မသွားပေ။ ဝေဟင်တိုက်ခိုက်ခံရမှုအပြီး နယ်မြေရှင်းလင်းရေးအတွက် လုံးပန်းနေကြမည်ကိုသိသည့် စစ်ကောင်စီသည် အဆိုပါ အခင်းဖြစ်နေရာကို ညသန်းခေါင် ၁၂ နာရီအချိန်ခန့်တွင် ပါရာမော်တာ နောက်တစ်စီးက ဗုံးထပ်လာကြဲချပြန်သည်။

    ထို့အပြင် မုံရွာနှင့် ချောင်းဦးအစပ် မုံရွာ–အမြင့်လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီကပါရာမော်တာဖြင့် လူသတ်ပွဲကျင်းပနေချိန် တစ်ပြိုင်နက် အခင်းနေရာနှင့် ၁၃ မိုင် အကွာ မုံရွာမြို့ပေါ်တွင် မုံရွာမြို့ ပြည်သူ့ဥယျာဥ်ဟုဆိုကာ သီတင်းကျွတ်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကျင်းပပေးနေသည်။

    အဆိုပါဥယျာဥ်ဖွင့်ပွဲတွင် ဆီမီးထွန်းပူဇော်ပွဲ၊ မီးပုံးပျံလွှတ်ပွဲ၊ စတုဒီသာမဏ္ဍပ်များနှင့်အတူ သီတင်းကျွတ်ပွဲတော်ကိုကျင်းပနေကြ ပြီး တေးဂီတဖျော်ဖြေပွဲအဖြစ် L ဆိုင်းဇီ ၊ တန်ခွန်ကျော်၊ ကောင်းမိုးယံ၊ ယွန်းသီရိကျော် နှင့် အဆိုတော်များ စွာပါဝင် သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် ဖေ့ဘုတ်စ်စာမျက်နှာများတွင်အသိပေးထားသည်။

    စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းမှစတင်ကာ စစ်ကိုင်းတိုင်းအပါအဝင် မြေပြန့်ဒေသတချို့တွင် ကုန်ကျ
    စရိတ်သက်သာသည့် ပါရာမော်တာဟုခေါ်သည့် အင်ဂျင်စက်တပ်လေထီးကိုအသုံးပြုကာ အရပ်သားများအပေါ်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

    မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပါရာမော်တာစက်တပ်လေထီးကို စစ်ကောင်စီက အစောဆုံးအသုံးပြုခဲ့ပြီး ယခုနောက်ပိုင်းတွင် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေအထိ ပျံ့နှံ့အသုံးပြုလာသည်ကိုတွေ့ရသည်။

    ပါရာမော်တာစက်တပ်လေထီးသည်အင်ဂျင်တပ်ထားသည့်လေထီးတစ်မျိုးဖြစ်ပြီး ပျံသန်းဖို့အတွက်အလွယ်တကူသင်ယူတတ်မြောက်နိုင်သည့်အပြင် တစ်နာရီ မိုင် (၆၀) နီးပါးအထိ မြန်ဆန်သည့်တိုက်ခိုက်ယာဥ်အမျိုးအစားဖြစ်သည်။

    ယခုတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်က ၁၂၀ မမ ဗုံးသီးအမျိုးအစားကိုအသုံးပြုခဲ့သည်ဟု မြေပြင်ရှိဒေသခံများကခန့်မှန်းကြ ပြီး ဒီတိုက်ခိုက်မှုဟာ သတင်းပေးမှတစ်ဆင့် တည်နေရာအတည်အကျကိုသိရှိကာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းဟု ကိုမြကြီး တို့အဖွဲ့ကောက်ချက်ချထားသည်။

    “သူတို့က တည်နေရာအတိအကျပါခဲ့တယ်။ ရွာတစ်ရွာကို ပုံမှန်လေထီးဝဲပြီဆိုရင် တည်နေရာရှာနေတာကိုကအကြာကြီးဘဲ။ မချဘဲဝှိုက်နေတာပေါ့။ အခုက ရောက်ရောက်ချင်းတစ်ခါတည်းတန်းချသွားတဲ့ပုံစံ။ အဓိကတော့ဒလန်ပေါ့ တည်နေရာကို အတိအကျရတာ” ဟုစစ်ကောင်စီ၏တိုက်ခိုက်မှုအခြေနေကိုသုံးသပ်ပြီး ကိုမြကြီးတို့အဖွဲ့ကပြောသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာတွင်လည်း ကလေးငယ် ၃၀ ကျော်အပါအဝင် လူဦးရေ ၁၇၀ ကျော်သေဆုံးခဲ့ရသည်။

    စစ်ကောင်စီတပ်၏ လေကြောင်းမှတစ်ဆင့်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာပြည်တစ်ဝှမ်း အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဥ်များစွာရှိခဲ့ပြီဖြစ်သည်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ဝန်းကျင်ကာလအတွင်း စစ်ကောင်စီတပ်က အရပ်သား ၁၀ ဦးနှင့်အထက် အစုလုက်အပြုံလိုက် သေဆုံးခဲ့ရသည့်ဖြစ်စဥ်ပေါင်း ၉၂ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၈၀၀ ကျော်သေဆုံးခဲ့ရကြောင်း မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ထုတ်ပြန်ချက်အရသိရသည်။

    ဖြစ်စဉ်များထဲမှ ၈၈ ခုကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အများစုဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ISP Myanmar က ထုတ်ပြန်ထားသည်။

    ✍ အမိုး

  • စစ်အုပ်စုရဲ့သီးတင်းကျွတ်လပြည့်ည လူသတ်ပွဲ

    စစ်အုပ်စုရဲ့သီးတင်းကျွတ်လပြည့်ည လူသတ်ပွဲ

    စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ်။

    သီတင်းကျွတ်လပြည့်နေ့ညဦးပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်က ကွင်းပြင်ကျယ်တနေရာမှာ ပြည်သူတွေဟာ ဆီမီးထွန်းနေကြတယ်။ည ၈ နာရီလောက်မှာတော့ထွန်းထားတဲ့ ဆီမီးတွေလည်း ငြိမ်းစပြုတော့ ပြန်ဖို့ပြင်ဆင်နေကြပြီ။

    အဲဒီအချိန်မှာပဲ မုံရွာမြို့ဘက်ကနေ စက်တပ်လေထီး (ပါရာ​မော်တာ)တစီး ပျံသန်းလာတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ ဒေသခံဖြစ်တဲ့ ကိုမြင့်(အမည်လွှဲ)လည်း စက်တပ်လေထီးလာနေပြီဆိုတာကိုဆီမီးထွန်းတဲ့နေရာကိုသွားအော်ပြောတယ်။ လူတွေလည်း အမြန်ထွက်ကြတယ်။ လူစုခွဲကြတယ်။ သုံးပုံတပုံလောက်ကကွင်းအပြင် ရောက်သွားကြပြီ။

    ကိုမြင့် တခြားတနေရာကို ပြေးအော်ပြောနေချိန် သူစောစောကရပ်ပြီးအော်ခဲ့တဲ့နေရာမှာ အုန်းဒိုင်းဆိုတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ တုန်ခါသွားတော့တယ်။ ပြင်းအားဘယ်လောက်ပြင်းသလဲဆိုရင် ကွင်းနဲ့ခပ်ဝေးဝေးမှာရှိတဲ့ ရွာတွေထဲက ရေအိုးဖုံးတွေ ဒန်အိုးဖုံးတွေပါ တုန်ခါပြီး ဆူညံကုန်တယ်။

    “သွားသတိပေးတဲ့အချိန်ပထမရပ်နေတဲ့နေရာကိုကျတာ။ ကံကောင်းလို့ လွတ်တာ။” လို့ ကိုမြင့်က ပြောတယ်။

    ကိုမြင့် လှမ်းကြည့်လိုက်တဲ့အချိန်မှာ ဖုန်လုံးတွေလုံးထွေးပြီး အော်သံတွေ ဆူညံနေတာကို မြင်လိုက်ကြားလိုက်ရတယ်။စစ်ကောင်စီကစက်တပ်လေထီးနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်သွားခဲ့တာပါ။

    စောစောက ဆီမီးပူ​ဇော်နေတဲ့ မိန်းမသားတွေ၊ က​လေးငယ်လေးတွေဟာ မြေပေါ်မှာ ပိုးလိုးပက်လက် လဲကျနေတယ်။ အူ​တွေထွက်​နေသူ၊ ခေါင်းပြတ်တွေ ၊​ခြေပြတ် ၊လတ်ပြတ်​တွေကွင်းထဲမှာ ပြန့်ကြဲသွားတယ်။ အနီးနားကလူတွေကို သွေးသံရဲရဲနဲ့ ခြေသလုံးဖက်ပြီး ကူပါဦးကယ်ပါဦး အကူအညီတောင်းနေသူတွေကို ကိုမြင့် မြင်လိုက်ရတယ်။ ကိုမြင့်အတွက် မကြုံဖူးတဲ့ တုန်လှုပ်စရာအခြေအနေကြီး မျက်ဝါးထင်ထင် ကြုံလိုက်ရတာပါ။

    လွတ်သူတွေက ကျန်ခဲ့သူတွေကို ကယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကွင်းပေါ်တည့်တည့်မှာ စက်တပ်လေထီးက မိနစ် ၂၀ လောက် ဝဲနေခဲ့လို့ သွားကယ်လို့ မရခဲ့ဘူးလို့ ဒေသခံတွေက ပြောတယ်။

    ပါရာ​မော်တာ ပြန်ထွက်သွားချိန်မှာ ထိခိုက်သူတွေကို သွားကယ်ကြတယ်။

    “ တချို့ကျတော့လည်း သွေးထွက်လွန်တာ။ တချို့ကျတော့လည်း ပွဲချင်းပြီး အစအန ရှာမရတော့တာရှိတယ်။ တချို့ကျဆေးရုံမှာဆုံးတာ။” လို့ ကိုမြင့်က ပြောပြတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် ​အောက်တိုဘာ ၇ ရက်ည​နေ ၄ နာရီအထိ့ People’s Spring ရရှိထားတဲ့အချက်အလက်​တွေအရ ကလေးငယ်တွေအပါအဝင် အနည်းဆုံးပြည်သူ ၃၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ ​ကျော်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။သေဆုံးသူအ​ရေအတွက်ဟာထပ်တိုးလာနိုင်​သေးပါတယ် ။

    သေဆုံးသူတွေထဲမှာ မိသားစုတစုတည်းမှာပဲ အ​ရေအတွက်များများ​ပါသွား​တွေလည်းရှိပါတယ်။ “ လေးဦး တမိသားစုကတစု၊ သုံးယောက်တမိသားစုက တစု” လို့ ဒေသခံတဦးက ပြောပါတယ်။

    “ ကလေးက အခုမှရတယ်တဲ့။ အပုံကြီးထဲ ရွေးရတယ်တဲ့ကွယ်။” လို့ မိတ်ဆွေရဲ့ဖြစ်စဥ်ကို ဒေသခံအမျိုးသမီးတဦးက ပြန်ပြောပြပါတယ်။

    ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာပဲ နောက်တကြိမ် လာရောက်တိုက်ခိုက်ပြန်ပါတယ်။ ပြည်သူတွေဟာ ရှောင်လိုက်ကြပြီမို့ အထိအခိုက်တော့ ထပ်မရှိဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

    လက်ရှိဆေးကုသမှုခံယူနေတဲ့ အနေအထားမှာလည်းစိုးရိမ်ရတဲ့သူတွေ ရှိသေးတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ ဒီနေ့မနက်အထိကို အသားတိုအသားစတွေ၊ လက်တိုလက်စတွေ ရှင်းနေရတုန်းပဲလို့ ဒေသခံတွေက ပြောတယ်။

    စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ် ။

    “အခါကြီးရက်ကြီးဖြစ်နေတော့ဒီလိုဖြစ်လိမ့်မယ်ထင်မထားဘူး။ ပြည်သူကို အဲလောက်ကြီး မုန်းတီးနေမယ်လို့လည်း မထင်ဘူးပေါ့လေ။ သိသိကြီးနဲ့လုပ်တာ။ မတရားဘူး။” လို့ ဒေသခံ ကိုမြင့်က ပြောပါတယ်။

    ဒီမနက်မှာတော့ ခန္ဓာကိုယ်မစုံမလင် နဲ့ သေဆုံးသူတွေရဲ့ နာရေးကိုအားချင်းပြုလုပ်ခဲ့ကြပါတယ်။

    “အချို့လက်မပါတော့ဘူး။ အချို့ခြေမရှိတော့ဘူး။ အချို့ကမင်္ဂလာဆောင်ပြီးတာမကြာသေး။ အချို့က မိသားစုလိုက်ဆုံးရှုံးရ။ အချို့က လူမမယ်ကလေးတွေနဲ့ အချို့က သမက်က သေ၊ သမီးက ခြေပြတ်လက်ပြတ်။” လို့ မုံရွာနယ်အခြေစိုက် တော်လှန်ရေးသမားကိုဒေါနမောင်မောင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ။

    (စစ်တပ်ဗုံးကြဲတာ​ကြောင့် ပြည်သူအစုလိုက်အပြုံလိုက်​သေခဲ့တဲ့ ဆီးမီးထွန်းပွဲမှ ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက် ။ ဓါတ်ပုံ-​ဒေသခံ)