မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအရာရှိရဲ့ မိသားစုဝင် ၂ ယောက်နဲ့ ယာဉ်မောင်းကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ Non-CDM အကျဉ်းဦးစီးဌာန ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။
မြင်းခြံမြို့နယ်၊ အကျဉ်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဝင်းနိုင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း၊ မြေးဖြစ်သူ မရွန်းချယ်ရီဟိန်း တို့နဲ့ ယာဉ်မောင်း ဦးမင်းခန့် တို့ကို အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေးလမ်းပိုင်း နွားကူးအိုင်ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “မြင်းခြံမြို့ကနေ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာကို သွားတာ။ ကားနဲ့ထွက်လာရင်း ဖမ်းဆီးခေါ်ခံရတာ။ မြင်းခြံအကျဉ်းဦးစီးဌာနက အရာရှိ ဦးဝင်းနိုင်စိုးနဲ့ ဒေါ်နီနီဝင်းတို့ မြေးဖြစ်သူ အသက် ၃ နှစ်အရွယ်လေးပါ ဖမ်းခေါ်ခံရတာ” လို့ ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲ၊ နွားကူးအိုင်ကျေးရွာအနီးမှာ မော်တော်ယာဉ်တွေကို ရပ်တန့်ခိုင်းပြီး စစ်ဆေးနေတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ယာဉ်မောင်းနဲ့အတူ ယာဉ်ပါ ဖမ်းဆီးယူဆောင်သွားတယ်လို့ သိရပါတယ်။
အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူက “ဖမ်းခေါ်ခံရတာ ဟုတ်တယ်လို့ သိရတယ်။ ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြင်းခြံမြို့နယ် အကျဉ်းဦးစီးဌာန မိသားစုဝင်တွေကို PDF တွေက ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်နေတာ တွေ့ရပါတယ်။
မြင်းခြံမြို့နယ်အတွင်း အခြေပြုလုပ်ရှားနေတဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။


Leave a Reply