Author: Baby Yit Lone

  • ပသုံးလုံးကို နိုင်ငံရေးနည်းနဲ့ ထိုးနှက်မယ့် ခြေလှမ်းတွေ

    ပသုံးလုံးကို နိုင်ငံရေးနည်းနဲ့ ထိုးနှက်မယ့် ခြေလှမ်းတွေ

    ဒီမိုကရေစီ။ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပာယ်ကို ယခုကာလမှာ လူအများ သိပြီးဖြစ်တာမို့ ဋီကာချဲ့ပြနေစရာ လိုမှာမဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ သဘောသဘာဝထဲမှာ မိမိရဲ့ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့် ရှိခြင်းဆိုတဲ့ အချက်တရပ်လည်း ပါဝင်ပါတယ်။

    ဒီအချက်တရပ်ကိုပဲ ကိုင်စွဲပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် လိုလားသူ (ဝါ) စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် အမြစ်ဖြတ်နိုင်ရေးအတွက် လတ်တလော လက်နက်ကိုင်တိုက်နေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ထိုးနှက်မယ့် ခြေလှမ်းတွေ ပေါ်ထွက်လာပါပြီ။

    စကစ အသွင်ပြောင်း စစ်ကော်မရှင်က ရွေးကောက်ပွဲ လေသံပစ်လာချိန်မှာ စစ်တပ် နောက်မြီးဆွဲ ပါတီတွေလည်း တရေးနိုးလာကြပြီပေါ့။ နောက်မြီးဆွဲအကြီးစား ကြံ့ဖွံ့ပါတီလည်း စစ်တပ်ဘက်ကနေ နိုင်ငံရေးနည်းလမ်းတွေနဲ့ အခြားအင်အားစုတွေကို ထိုးနှက်တိုက်ခိုက်မယ်လို့ သတင်းတွေ ကြိုကြားနေရပါတယ်။ ကြားနေရတာ မှန်တယ်ဆိုတာကို ဒီနေ့တော့ တွေ့မြင်လာရပါပြီ။ Voice of Myanmar (VOM) ရဲ့ (၁၇-၈-၂၀၂၅) Facebook သတင်းစာမျက်နှာမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်က ပကဖတွေကို ဒေသခံတချို့က ဆန္ဒပြတယ်ဆိုတဲ့ သတင်းကို တွေ့လိုက်ရပါတယ်။ ဆားလင်းကြီးနယ်ခံတဦးကို လှမ်းမေးကြည့်တော့ သူ မကြားမသိပါဘူး၊ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်လို့ ပြောပါတယ်။

    ဒါနဲ့ VOM က ဗီဒီယိုဖိုင်ကို သေချာပြန်ကြည့်တော့ ခြုံနွယ်တွေအကြားမှာ ဆန္ဒပြနေကြတာပဲ ရှိပါတယ်။ ဆားလင်းကြီးနယ်ထဲမှာ ဖြစ်ခဲ့တာ မှန်ကြောင်း အသိအမှတ်ပြုနိုင်လောက်တဲ့ အဆောက်အဦ၊ ရေကန်၊ ထန်းပင် စတဲ့ ဒေသမြင်ကွင်းတွေကို မမြင်မတွေ့ရပါဘူး။ တခြားတနေရာမှာ ရိုက်ကူးပြီး ဝါဒဖြန့်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေသခံ ပသုံးလုံးတွေ အနေနဲ့ ဒီလိုကိစ္စတွေ ပေါ်ထွက်လာရင် လျစ်လျူရှုမထားဘဲ အလျင်အမြန် ဖြေရှင်းသင့်တာပါ။ ကိုယ့်ဒေသထဲမှာ တကယ်ဖြစ်ခဲ့တာ မဟုတ်ရင်လည်း မဟုတ်ကြောင်း သတင်းထုတ်ပြန် အသိပေးမှသာ စစ်တပ်လိုလားသူတွေရဲ့ လိမ်ဆင်ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

    နောက်ထပ်လည်း အညာတကြောက နယ်တွေမှာ ဒီသတင်းမျိုးတွေ ထပ်မံပေါ်ထွက်လာဖို့ ရှိပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ နယ်ခံ အမာခံပါတီဝင်တချို့က ဒေသကာကွယ်ရေးအဖွဲ့တွေကို ဆန္ဒပြမှုတွေ ပြုလုပ်ကြပါလိမ့်မယ်။ ရွာတွေ မီးရှို့ခံရတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာကစလို့ ဒေသတွင်းက ပြဿနာအရပ်ရပ်ဟာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေလို့ဆိုတဲ့ ဝါဒမှိုင်းကို ဒေသခံ အရပ်သားပြည်သူတွေအပေါ် ဖြန့်ဖြူးနိုင်ဖို့ အားထုတ်ကြပါလိမ့်မယ်။ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကိုလည်း စောင့်ကြည့်ရ၊ စစ်တပ်က သွေးထိုးပေးထားတဲ့ ဒေသခံတွေနဲ့လည်း ရင်ဆိုင် ဖြေရှင်းရနဲ့ ဗျာများအောင် လုပ်ကြပါလိမ့်မယ်။

    ဒီအချိန်ဟာ နယ်အသီးသီးက ပသုံးလုံးအဖွဲ့တွေနဲ့ အထူးသတိပြုကြရမယ့် အချိန်ပါပဲ။ ဆန္ဒပြပွဲတွေကို ပိတ်ပင်တားဆီးရင် မင်းတို့ပဲ ဒီမိုကရေစီစနစ်ဆို၊ ဒီမိုကရေစီလိုလားတဲ့အဖွဲ့မှန်ရင် ဆန္ဒပြတာကို လက်ခံရမှာပေါ့ဆိုတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်ကြပါလိမ့်မယ်။ စစ်တပ်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ သွေးထိုးပေးထားသူတွေဟာ ပသုံးလုံးတွေ ကိုင်တွယ်ရခက်အောင် လှုပ်ရှားကြပါလိမ့်မယ်။ နိုင်ငံရေးနည်းလမ်းတွေနဲ့ ထိုးနှက် တိုက်ခိုက်ကြပါလိမ့်မယ်။

    စစ်ရေးတိုက်ခိုက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးရမှုတွေဟာ ထင်သာမြင်သာရှိပေမဲ့ နိုင်ငံရေးနည်းနဲ့ ထိုးနှက်မှုကတော့ အတွင်းကြေ ကြေနိုင်တယ် ဆိုတာကို နယ်အသီးသီးက ပသုံးလုံး အဖွဲ့တွေ အနေနဲ့ အထူးသတိချပ်ဖို့ လိုပါမယ်။ ဒေသတွင်း လူထုအကြား စည်းလုံးမှု ပြိုကွဲနိုင်တဲ့အပြင် ပသုံးလုံးအဖွဲ့တွေအတွင်း သဘောထားကွဲခြင်းတွေ ဖြစ်ပေါ်လာနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဆန္ဒပြအဖွဲ့တွေအပေါ် ပကဖ၊ ပလဖရဲ့ ကိုင်တွယ်မှုကို ပအဖက သဘောထား မညီတာမျိုးတွေက စဖြစ်လာနိုင်ပါတယ်။

    ပါတီစုံဒီမိုကရေစီစနစ်ဆီ သွားယောင်ပြုပြနေတဲ့ စစ်ကော်မရှင် ထိန်းချုပ်ရာ နေရာတွေမှာ ဆန္ဒပြမှု မပြုဝံ့သူတွေက ပသုံးလုံး ထိန်းချုပ်ရာ ဒေသတွေမှာ ဒီမိုကရေစီနည်းနာအရဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး နိုင်ငံရေးထိုးနှက်မှုတွေ ပြုလာချိန်၊ စစ်တပ်နောက်ခံပြု မီဒီယာတွေက မီးလောင်ရာ လေပင့် ပြုလာမယ့် အချိန်တွေမှာ ဘယ်လို ကိုင်တွယ် စီမံဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြိုတင်ညှိနှိုင်း တိုင်ပင်ထားကြမှာသာ ဝိဝါဒ ကွဲပြားမှုတွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်က တသွေးတသံတမိန့်နဲ့ သူ့ပန်းတိုင်ဆီကို သွားနေချိန်မှာ ပသုံးလုံးတွေ အနေနဲ့က “ဒီမိုကရေစီနည်းနာအရ” ဆိုတဲ့ စကားလုံးတွေထဲမှာ မျက်စိလည် လမ်းမှားနေကြရင်တော့ ခဲလေသမျှ ‌သဲရေကျ ဖြစ်မှာပါပဲ။ ဒါ့ကြောင့် မလွေမသွေကြုံလာမယ့် နိုင်ငံရေးထိုးနှက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြရပါလိမ့်မယ်။

    မိမိတို့ထိန်းချုပ်ရာ ဒေသအတွင်း လူထု မငြိမ်မသက်ဖြစ်အောင်၊ ဝိဝါဒကွဲပြားအောင် စည်းရုံးလှုံ့ဆော်လာသူတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ၊ အရေးယူကြမလဲ ဆိုတာတွေကို ဒေသတွင်း ဦးဆောင်မှုပေးနေတဲ့ အဖွဲ့တွေ ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားသင့်ပါတယ်။ အထက်ကို တင်ပြထားဆဲဖြစ်ပြီး ဘာအမိန့်မရသေးလို့ စောင့်ကြည့်နေရတယ်ဆိုတဲ့ အချိန်မှာ အက်ကြောင်းက ပိုကြီးလာလိမ့်မယ် ဆိုတာကို သတိချပ်သင့်ပါတယ်။ မိမိဒေသအတွင်း သက်ရောက်လာမယ့် နိုင်ငံရေးထိုးနှက်မှုတွေကို အချိန်နဲ့တပြေးညီ ရှင်းလင်းနိုင်မှသာ လူထုရဲ့ ယုံကြည်ကိုးစားမှုကို ရမှာဖြစ်ပါတယ်။ မလုပ်သင့်သေးတဲ့ နိုင်ငံရေးနည်းလမ်း ကိုင်စွဲလာသူတွေကို သင့်လျော်တဲ့ အပြစ်ပေး အရေးယူမှုတွေ ချက်ချင်း လုပ်ဆောင်ပြမှသာ လူထု ဝေဝါးပြီး လမ်းမှားပေါ် ပါမသွားမှာ ဖြစ်ပါတယ်။

    ၂၀၂၅ ဒီဇင်ဘာလကစပြီး ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကော်မရှင်ဟာ ၎င်းတို့ လိုရာပန်းတိုင်ကို ရောက်ဖို့ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲရာမှာ စစ်ရေးနည်းလမ်းအပြင် နိုင်ငံရေးနည်းလမ်းကိုပါ ကိုင်စွဲလာတော့မှာ ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ အထူးသတိချပ်ကြရမယ့်အချိန် ဖြစ်ကြောင်းပါခင်ဗျား။

    ✍စောအဲမွန်

  • မြေပုံက ကလေးမိခင်တစ်ဦး AA စစ်သင်တန်းတက်ရောက်နေစဉ် သေဆုံး၊ ရုပ်အလောင်း လာပို့

    မြေပုံက ကလေးမိခင်တစ်ဦး AA စစ်သင်တန်းတက်ရောက်နေစဉ် သေဆုံး၊ ရုပ်အလောင်း လာပို့

    AA စစ်သင်တန်း တက်နေသော ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်ကျေးရွာက အသက် ၂၄ နှစ်အရွယ် ကလေးမိခင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ULA/AA တပ်ဖွဲ့ဝင်များက မိသားစုထံ အကြောင်း ကြားခဲ့သည်။

    အာရက္ခတပ်တော် AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် NDEP အရ အသက် ၂၄ နှစ်အရွယ် မတင်ချေမှာ စစ်သင်တန်းတက်ပြီး တစ်လအကြာ ဩဂုတ်လ ၆ ရက်နေ့မှာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    အသက် ၂၄ နှစ်အရွယ်ရှိ မတင်ချေ (ခေါ်) မတင်တင်သန်းမှာ ခရမ်းပြင်ကျေးရွာအုပ်စု ခရမ်းပြင်ကျေးရွာမှဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြောက်ဦးမြို့ရှိ AA စစ်မှုထမ်းသင်တန်းတွင် တက်ရောက်နေသူဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

    “ပထမတော့ နေမကောင်းဖြစ်နေတယ်ဆိုပြီးတော့ မတင်ချေ အမေကို အကြောင်းကြားတယ်။ သူ့ကို ဆေးရုံတင်ရမယ်ဆိုပြီးတော့ ULA/AA က အကြောင်းကြားတာပါ။ အမေကတော့ နေမကောင်းဖြစ်တယ်ဆိုပြီး မလိုက်တော့ဘူလို့ ပြောလိုက်တယ်။ သူ့ညီမတွေ လိုက်သွားတယ်။ လိုက်သွားတဲ့အချိန်မှာတော့ အလောင်းက မင်းပြားရောက်နေပြီ။ ULA/AA ဘက်က မြောက်ဦးကနေ မင်းပြားကို လာပို့တာ။ ဒီလ ဩဂုတ်လ ၇ ရက်နေ့က မိသားစုဝင်တွေကို အကြောင်းကြားတယ်။ မြောက်ဦးက စစ်သင်တန်းမှာ ဩဂုတ်လ ၆ ရက်နေ့က သေဆုံးသွားတာလို့ဆိုတယ်”ဟုပြောသည်။

    အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် NDEP အရ စစ်မှုထမ်းခေါ်ယူရာတွင် ကလေးမိခင်များအား အတင်းခေါ်ယူခြင်းမရှိဘဲ အပျိုနှင့် အိမ်ထောင်မရှိသူများကိုသာ ခေါ်ယူခြင်းဖြစ်ကြောင်း ပြောသည်။

    သို့သော်လည်း ယခု သေဆုံးသွားသူ မတင်ချေမှာ အသက် ၃ နှစ်အရွယ် ကလေးမိခင်တစ်ဦးဖြစ်ပြီး ဦးခိုင်သုခ ပြောဆိုချက်နှင့် ကွဲလွဲနေကြောင်း မိသားစုဝင်များ က ပြောပြသည်။

    မတင်ချေမှာ မည်သည့်အတွက်ကြောင့် သေဆုံးသွားသည်ဟု အလောင်းပို့လာသည့် AA တပ်သားများအား မေးမြန်းရာတွင် အစာအဆိပ်သင့်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောပြသည်ဟု မတင်ချေဝမ်းကွဲမောင်ဖြစ်သူက ပြောသည်။

    “အလောင်းလာပို့တဲ့ တပ်သားတွေကို မေးကြတော့ အစာအဆိပ်သင့်ပြီး သေသွားတာလို့ ပြောတယ်။ မတင်ချေ မျက်နှာကြည့်လိုက်တော့ မျက်လုံးနှစ်ဖက်စလုံးမှာ ထိုးကြိတ်ဒဏ်ရာတွေနဲ့ မျက်လုံးတွေက ဖူးရောင်ပြီး ညိုမဲစွဲဒဏ်ရာ တွေ့ရတယ်။ ခေါင်းက စီးကျလာတဲ့ သွေးတွေလို့ယူဆလို့ရတဲ့ နားထင်နားမှာ သွေးစတွေ ပေကျံနေတယ်။ အလောင်းကို သေချာထိတွေ့ကိုင်ခွင့်မရကြဘူး။ ကျနော်တို့ကတော့ မတင်ချ အစာအဆိပ်သင့်ပြီး သေသွားတာလို့ မယုံကြည်ဘူး။ ရိုက်နှက်ခံရပြီး သေသွားတယ်လို့ ယူဆယ်။ အထက်လူကြီးတွေ ဒါကို သိစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

    မတင်ချေ စစ်သင်တန်းသွားတက်ခဲ့သည့် မြောက်ဦးက စစ်သင်တန်းနေရာနှင့် တာဝန်ရှိသူများ၏ အမည်များအား လုံခြုံရေးအရဟုဆိုကာ မိသားစုဝင်များက စိုးရိမ်၍ ထုတ်ဖော်မပြောကြကြောင်း ပြန်လည် ပြောပြသည်။

    မတင်ချေမှာ စစ်မှုထမ်းသင်တန်း သွားရောက်ရန် မိမိသဘောဖြင့် တက်ရောက်ခြင်း ဟုတ်မဟုတ်နှင့် အာရက္ခတပ်တော် AA က အတင်းဖိအားပေး ခေါ်ယူခြင်း ဟုတ်မဟုတ် မေးခွန်းအပေါ် မတင်ချေ ဝမ်းကွဲမောင်ဖြစ်သူက ယခုလို ဆက်လက်ပြောသည်။

    “မတင်ချေ စစ်သင်တန်းသွားတာကို မသိလိုက်ဘူး။ သူသွားတာက တစ်လလောက်တော့ရှိပြီ။ သေတဲ့နေ့မှ သိရတာပါ။ စစ်သင်တန်းတက်နေတယ်ဆိုတာကို။ ကိုယ့်သဘောနဲ့ ကိုယ်သွားတာလား၊ ဘာလားဆိုတာကို အတိအကျမသိပါဘူး။ ဒါပေမယ့် ရွာမှာက စစ်မှုမထမ်းမနေရ ပြောလာတော့ သွားကြရတာပဲလေ။ မလိုက်လို့မှမရတာကို” ဟု ၎င်းက ဆိုသည်။

    မတင်ချေမှာ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် (မိန်းကလေး) တစ်ဦး ကျန်ရှိခဲ့ကာ ၎င်း၏ ယောင်္ကျားဖြစ်သူမှာလည်း တရုတ်တွင် အလုပ်လုပ်နေသူ ဖြစ်ကြောင်း သိရသည်။

    နောက်ထပ် မိသားစုဝင်တစ်ဦးက “မတင်ချေမှာ အမေရော၊ အဖေရော ရှိပါတယ်။ အမေကတော့ ရွာမှာပါ။ အဖေက တရုတ်မှာ အလုပ်သွားလုပ်နေပါတယ်။ မတင်ချေမှာ အမျိုးသားလည်းရှိတယ်။ ကလေး တစ်ယောက်လည်းရှိပါတယ်။ မိန်းကလေး အသက်က ၃ နှစ်ပါ။ မတင်ချေ အမျိုးသားကလည်း တရုတ်မှာ အလုပ်သွားလုပ်နေပါတယ်။ အခု မတင်ချေ ဆုံးသွားတာတော့ သူ့သမီးက အခု အားကိုးရာမဲ့ ဖြစ်နေပါတယ်။ အဘွားနဲ့ ကျနေခဲ့တာပေါ့လေ။ အဘွားကလည်း ဘာမှ မလုပ်နိုင်တော့ ဒီကလေး ရှေ့ရေးက ရင်းလေးစရာပါ။ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။

    မတင်ချေ သမီး အသက် ၃ နှစ်အရွယ် ကလေးငယ်နှင့် ပတ်သက်၍ အာရက္ခတပ်တော် AA အနေဖြင့် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်မည်လဲဟု ဝမ်းကွဲအစ်ကိုဖြစ်သူက မေးခွန်းထုတ်ထားသည်။

    မတင်ချေ ရုပ်အလောင်းကို မင်းပြားတွင် ဩဂုတ်လ ၇ ရက်နေ့ နေ့လယ် ၃ နာရီလောက်မှာ ULA/AA က မီးသင်္ဂြိုလ်လိုက်ကြကြောင်း အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း AA ထံ စစ်မှုထမ်းသင်တန်း သွားတက်သည့် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက အသက် ၂၁ နှစ်အရွယ် ကိုရွှေစိုးမှာ ဗိုက်အောင့်ဝေဒေနာဖြင့်ဆိုကာ သေဆုံးသွားကြောင်း AA တာဝန်ရှိသူအချို့က မိသားစုဝင်များအား အကြောင်းကြားခဲ့ကြသည်။

    ကိုရွှေစိုးမှာ ကျန်းမာသန်စွမ်းသည့် လူငယ်တစ်ဦးဖြစ်ပြီး စစ်သင်တန်း မသွားရောက်မီက ဆေးရုံဆေးခန်း မသွားရောက်ဖူးသူတစ်ဦးဖြစ်ကြောင်းနှင့် ဗိုက်အောင့်ဝေဒနာဖြင့် သေဆုံးသွားခြင်းကို မိသားစုဝင်များက ယုံကြည်မှုမရှိကြဘဲ သင်တန်းဆရာ၏ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ယုံကြည်နေကြသည်။

    အာရက္ခတပ်တော်မှ ခေါ်ယူသည့် စစ်သင်တန်းသွားတက်ကြသည့် လူငယ်များတွင် မင်းပြားမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးမှာလည်း စစ်သင်တန်းအတွင်း အာဟာရပြတ်လပ်မှုဖြစ်ကာ သေဆုံးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ဖူးသည်။

    အာရက္ခတပ်တော်မှာ AA က ရခိုင်ပြည်အတွင်းရှိ အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် အမျိုးသမီးများနှင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ်အမျိုးသားများကို မဖြစ်မနေစစ်မှုထမ်းရမည့်သူများအဖြစ် ထုတ်ပြန်ကြေညာထားသည်။

    အဆိုပါအသက် အရွယ်ပိုင်းအခြားလူငယ်များကို ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာခွင့်ကိုလည်း အာရက္ခတပ်တော် AA ပိတ်ပင်ထားသည်။

  • မြင်းခြံအနီး ၁၁ ရက်ကြာတိုက်ပွဲဖြစ်

    မြင်းခြံအနီး ၁၁ ရက်ကြာတိုက်ပွဲဖြစ်

    မြင်းခြံအနီး ၁၁ ရက်ကြာတိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၇၀အထက်သေ၊ MBTရဲဘော် ၅ ဦးကျဆုံး

    (more…)

  • စစ်ကိုင်းမြို့နယ်တွင် ကုန်တင်ယာဉ်တန်းကို စစ်တပ် လေကြောင်းပစ်ခတ်၊ သေဆုံးသူ ၁၆ ဦး ရှိလာ

    စစ်ကိုင်းမြို့နယ်တွင် ကုန်တင်ယာဉ်တန်းကို စစ်တပ် လေကြောင်းပစ်ခတ်၊ သေဆုံးသူ ၁၆ ဦး ရှိလာ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စက်သုံးဆီသယ်ယာဉ်များအပါအဝင် ကုန်ကားယာဉ်တန်း တစ်ခုကို ယမန်နေ့ (ဩဂုတ်လ ၁၁ ရက်နေ့) ၌ စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၆ ဦး ရှိလာပြီး အများစုမှာ ကားသမားများ ဖြစ်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများထံက သိရသည်။

    ဒေသတွင်း တိုက်ပွဲများဖြစ်နေသဖြင့် တောင်ရင်းရွာအနီး စစ်ကိုင်း- ရွှေဘို ခရိုင်ချင်းဆက်လမ်းပေါ်တွင် ပိတ်မိနေသည့် အဆိုပါ ကုန်ကားယာဉ်တန်းကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီတွင် စစ်တပ် လေယာဉ်နှစ်စီးက နှစ်ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    “နှစ်စီး နှစ်ကြိမ် လာတာ။ ပထမ ၂ နာရီ ၄၀ မိနစ် လောက်မှာ တစ်ခါလာတယ်။ မိနစ် ၂၀ လောက် ပစ်သွားတယ်။ နောက် ၃ နာရီ ၄၀ မိနစ် မှာ တစ်ခေါက်ပြန်လာတယ်။ အလောင်းလာကောက်မှာကို စောင့်နေတဲ့ သဘောပေါ့ ဒုတိယ တစ်ခေါက်က” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပအဖ) တစ်ဦးက ပြောသည်။

    ထို့ပြင် ပစ်ခတ်လိုက်သော လေယာဉ်ကျည်များသည် ဆီသယ်ယာဉ်များပေါ် ကျရောက် ပေါက်ကွဲသဖြင့် လွင့်စင်ထွက်သည့် အစများကြောင့် အနီးဝန်းကျင်ရှိ သံဃာ နှစ်ပါးအပါအဝင် ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

    “ကားသမား ခြောက်ယောက်နဲ့ ပြည်သူတစ်ယောက်သေတယ်။ ရုပ်အလောင်းတွေကို အဲဒီနေရာမှာပဲ သင်္ဂြိုဟ်လိုက်ရတာ။ ခန္ဓာကိုယ်တွေက တစ်စစီလေ။ တချို့ဆို ခေါင်းပြတ်ကုန်တယ်။ ထိတဲ့ ပြည်သူထဲမှာ ဘုန်းကြီး နှစ်ပါး ပါတယ်။ တစ်ပါးက လက်ပြတ်သွားတယ်။ နောက်တစ်ပါးက ပေါင်ထိတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့အခြေအနေကို ပြောသည်။

    ယနေ့ (ဩဂုတ်လ ၁၂ ရက်နေ့) ညနေ ၄ နာရီအထိ သေဆုံးသူ ကိုးဦး ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး အများစုမှာ ကားသမား အမျိုးသားများ ဖြစ်သည်ဟု သိရသည်။

    “မနေ့ညတုန်းက နေရာအထိတော့ ၇ ဦးထိပဲရှိတာ။ ဒုတိယ အကြိမ်ပစ်သွားတဲ့နေရာမှာ ထပ်ပြီးတော့ ရှင်းလင်းရေးလုပ်တော့ ဒီနေ့မနက် ထပ်ပြီးတွေ့တာ။ ပဒူ ရွာထိပ် ဗောဓိပက္ခိယနားမှာက ကိုးလောင်း ထပ်တွေ့တာ။ စုစုပေါင်း ၁၆ ဦးရှိပြီ” ဟု စစ်ကိုင်း ပအဖ အဖွဲ့ဝင်က ယနေ့ ညနေတွင် ပြောသည်။

    “ကားသမားတွေပဲလို့ ကနဦး သိရတယ်။ ကားတန်းကို ပစ်သွားတာ ဆိုတော့ ကားတွေပေါ်နဲ့ ဘေးတွေမှာ သေနေတာ”ဟု ၎င်းက ဆိုသည်။

    ယခုရက်ပိုင်း စစ်ကိုင်းနှင့် အထက်ဘက် ဝက်လက်နယ်အစပ်တွင် စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ခရိုင်ချင်းဆက် လမ်းပေါ်တွင် ကုန်ကားနှင့် ယာဉ်အချို့ ရက်သတ္တပတ် နှစ်ပတ်ကျော်ခန့် ပိတ်မိနေသည်။

    ထိုယာဉ်တန်းမှာ ယနေ့ နံနက်အထိ ပိတ်မိနေဆဲဖြစ်ပြီး နယ်မြေ စစ်ရေးအခြေအနေများကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများလည်း အခက်ခဲနှင့်တွေ့ကြုံနေရကြောင်း အမည်မဖော်လိုသည့်‌ ဒေသခံ တော်လှန်ရေးသမားတစ်ဦးကလည်း ပြောသည်။

    “ခက်တာက လေကြောင်းရော၊ မတ္တရာဘက်ကလည်း ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီးတွေရော လှမ်းပစ် တာရောဘဲ။ အုန်းတောဘက်က တပ်ကလည်း ဆက်တိုက်လို ပစ်နေတာဆိုတော့ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ကို တော်တော်ခက်တဲ့ အနေအထားဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

    ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မန္တလေးတိုင်း မတ္တရာမြို့၊ စဉ့်ကူးမြို့တို့ရှိသလို မြစ်အနောက်ဘက်ကမ်းတွင် စစ်ကိုင်းတိုင်း စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘိုနယ်တို့ တစ်ဆက်တည်း တည်ရှိသည်။

    မန္တလေးမြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်တစ်ခုသာခြားသော ‌စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလှုပ်ရှားမှုများမှာ ပြီးခဲ့သည့်လပိုင်းကစပြီး ခပ်စိပ်စိပ် လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။

    စစ်ကိုင်းမြို့နယ်၊အနောက်ဘက်ခြမ်း၊ အုန်းတောရွာအနီး အမှတ် (၆၀၀၅) တင့်ကားတပ်မှ ထွက်လာသည့် သံချပ်ကာ နှစ်စီးပါ စစ်ကြောင်း လှုပ်ရှားနေသည်မှာ နှစ်လဝန်းကျင်ရှိနေပြီး မန္တလေး- ရွှေဘို ခရိုင်ချင်းဆက်လမ်းကို စိုးမိုးနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ယူဆကြသည်။

    ဆားတောင်စခန်းကို ဦးတည်နေသော သံချပ်ကာယာဉ်နှစ်စီးပါ ထိုစစ်ကြောင်းသည် လမ်းတစ်လျှောက် ပုဂံတူ၊ ကျော်ဇေယျာ၊ ချိုင်းကြီး၊ ကျားမင်းကြီး စသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးလျှက်ရှိပြီး နယ်မြေ အခြေအနေအရ ပျက်စီးဆုံးရှုံးမှု အခြေအနေ အတိအကျ မသိရသေးကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသခံများက ပြောသည်။

    ယနေ့ နံနက်တွင် စစ်ကိုင်းမြို့ပေါ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နောက်ထပ်စစ်ကြောင်းတစ်ခုသည် မြို့မြောက်ဘက်၊ ငါးမိုင် ခန့်အကွာ စကျင်ရွာထဲသို့ လက်နက်ငယ်များ ပစ်ဖောက်ဝင်ရောက်နေကြောင်း ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် Wetlet Information Network က ထုတ်ပြန်သည်။

    ယခင်လကုန်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာမှထွက်လာပြီး ဝက်လက်မြို့နယ်၊ ရှိန်းမကားဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြန်ဆုတ်သွားသည်။

    Screenshot

    ပြီးခဲ့သည့် မတ်လ၊ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ် တွင် ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် စစ်ကိုင်းမြို့နယ်၊ ကျေးရွာများတွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

    ငလျင်ဘေးဒဏ်ခံခဲ့ရသည့် စစ်ကိုင်းမြို့နယ်တွင် ငလျင်မဖြစ်ခင်ကတည်းက စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ရှိနေရာ လက်ရှိအချိန်ထိ စစ်ကြောင်း မပြတ်ထိုးနေမှုကြောင့် တစ်ပူပေါ် တစ်ပူဆင့်ရသည့် ဒေသခံများမှာ ဘေးလွတ်နိုင်မည့် ကျေးရွာများသို့ စစ်ဘေးရှောင်တိမ်းနေရသည်။

    ထို့ပြင် မန္တလေးမှ နိုင်ငံအထက်ပိုင်းဒေသများသို့ ကုန်စည်စီးဆင်းမှုကို စစ်တပ်က တင်းကျပ်လိုက်သည်။

    “လမ်းကြောင်းပိတ်လိုက်တော့ ဈေးနှုန်းက နှစ်ဆလောက် တက်သွားတယ်။ ရွှေကတော့ မရှိရင် မဝတ်ဘူး ဆိုတာမျိုး လုပ်လို့ရပေမယ့် စားသောက်ကုန်ကတော့ မရှိလည်း တက်လည်း ဝယ်စားနေရတာဆိုတော့ ပြည်သူတွေတော့ တော်တော်ဒုက္ခရောက်ပါတယ်”ဟု အထက်ပါ စစ်ကိုင်းမြို့နယ် ပအဖ အဖွဲ့ဝင်က ပြောသည်။

    ယခုနှစ်ကုန်ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့် စစ်တပ်သည် နယ်မြေစိုးမိုးနိုင်ရေးအတွက် နိုင်ငံအနှံ့ ထိုးစစ်အရှိန်မြှင့်တင်နေရာ တော်လှန်ရေး အချက်အချာဖြစ်သည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင်လည်း စစ်ကိုင်းမြို့နယ်အပါအဝင် မြို့နယ် ၁၀ ခုထက်မနည်း ဆက်တိုက် စစ်ကြောင်းထိုး လှုပ်ရှားနေသည်။

  • ကသောင်းကနင်း မြန်မာ့ပညာရေး ဘယ်လိုခရီးဆက်မလဲ

    ကသောင်းကနင်း မြန်မာ့ပညာရေး ဘယ်လိုခရီးဆက်မလဲ

    စစ်ကောင်စီမှ ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် စစ်ကော်မရှင်အဖွဲ့သစ်၏ ဦးတည်ချက် ၄ ရပ်ထဲတွင် “အမျိုးသား ပညာရေး ကဏ္ဍ အလေးထားမြှင့်တင်ရန်” ဟူ၍ပါရှိသော်လည်း ဩဂုတ် ၁ ရက်က အစိုးရအဖွဲ့အသစ်ဖွဲ့စဉ် ပညာရေးဝန်ကြီးဌာန ဖော်ပြဖို့ရာ မေ့ကျန်ခဲ့ခြင်းကြောင့် လူထုကြား ဝေဖန်ထောက်ပြစရာ ဖြစ်လာခဲ့သည်။

    စစ်ကော်မရှင်အဖွဲ့သစ် ပွဲဦးထွက်မှာပင် ပညာရေးဝန်ကြီးဌာန မေ့ကျန်ခဲ့၍ လူအများ အယုံကြည်မံ၍ ပျက်ရယ်ပြုနေစဉ် ၂၀၂၅ တက္ကသိုလ် ဝင်တန်း စာမေးပွဲအမှတ်စာရင်းများ အမှားမှားအယွင်းယွင်းကြောင့် ဩဂုတ် ၄ ရက်မှစ၍ အမှတ်စာရင်း ထုတ်ပေးခြင်းအား ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပညာရေးဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် သိရသည်။

    မင်းအောင်လှိုင် စစ်ကော်မရှင်ရဲ့ အနာဂတ် မြန်မာ့ပညာရေးမျှော်မှန်းချက်

    ရလဒ်အမှတ်စာရင်းမှားယွင်းခဲ့သော ဖြစ်စဉ်အများစုသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းက စာစစ်ဌာနများတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေသည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စာမေးပွဲ အဖြေလွှာများ ပျက်စီးသွားသဖြင့် စာမေးပွဲ ပြန်လည် ကျင်းပခဲ့ရသော ဒေသများထဲမှ တခုအပါအဝင်လည်း ဖြစ်သည်။

    ယခုကဲ့သို့ မှားယွင်းမှုများကြောင့် “အမှတ်စာရင်းကိုပင် မှန်အောင် မထုတ်ပြန်နိုင်တဲ့ စစ်တပ်သည် မဲစာရင်းဆိုပါက ပို၍ ဆိုးမည်” ဟူသော ပြည်သူများ၏ ဝေဖန်သံများလည်း မြင့်တက်လျက် ရှိသည်။

    “ကျဆင်းလာသော အောင်နှုန်း၊ ထိခိုက်နစ်နာနေသော ကျောင်းသားများ”

    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူအားလုံး၏ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အောင်မြင်မှုနှုန်းသည် ၂၀၂၄ ခုနှစ် အောင်ချက် ရာခိုင်နှုန်း ထက် ၉ ဒသမ ၈၄ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ အောင်ချက် ရာခိုင်နှုန်း သိသိသာသာကျဆင်းသွားရသည့်အပြင် အမှတ်စာရင်းများ ထုတ်ပေးရာတွင် အလွဲအချော် များရှိနေခြင်းက စိတ်ဒဏ်ရာများကြားမှ ၂ ခါတိတိ စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့ရသည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထပ်ဆင့် စိုးရိမ်ပူပန်စရာလည်း ဖြစ်နေသည်။

    စစ်တပ်ထောက်ခံသူတဦးလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်လည်း ဖြစ်သည့် ဘူးလက် လှဆွေက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် “၁၂ တန်းဆိုတာက လူ့ဘဝကြီး တဆစ်ချိုး ပြောင်းလဲသွားတာဗျ။ ပညာရေးဝန်ကြီး ဌာနက ဒါကို ပေါ့တီးပေါ့ပျက်လုပ်နေတာပဲ။ ကွန်ပြူတာ အယ်ရာတွေဘာတွေ လာပြောမနေပါနဲ့။ စစ်လေ၊ သူတို့ အဲဒီလို စစ်ဖို့ လစာတွေ ယူထားတာ မဟုတ်ဘူးလား” ဆိုပြီး ပြင်းထန်စွာ ဝေဖန်ပြောဆိုထားသည်။

    တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား သင်ကြားရေးစခန်းများ ဖွင့်လှစ်သင်ကြားပေးနေစဉ်/MWD

    “လှပသောစကားများနှင့် ခါးသီးသော အမှန်တရား”

    စစ်ခေါင်းဆောင်က “ပညာတတ်များရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်” ၊ “ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို အကောင်အထည် ဖော်ရမည်” ဟု မေလ ၂၀ ရက်ထုတ် ကြေးမုံသတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ကြွေးကြော်ခဲ့ ဖူးသော်လည်း၊ ထိုလှပသော စကားလုံးများ နောက်ကွယ်တွင် ခါးသီးသော အမှန်တရားများစွာ ရှိနေသည်။

    အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ပညာရေးစနစ်သည် အကြီးအကျယ် ပြိုလဲခဲ့သည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် နိုင်ငံအနှံ့အပြားရှိ ကျောင်းများ ပိတ်ထားရပြီး၊ စာသင်ကျောင်းများအပါအဝင် အရပ်သားနေရာများကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းက ပညာရေးတိုးတက်မှုအတွက် မျှော်လင့်ချက်များကို ပိုမိုပျက်စီးစေခဲ့သည်။

    အင်တာနက်ပိတ်ဆို့မှုနှင့် ဆင်ဆာဖြတ်တောက်မှုများကြောင့် အွန်လိုင်းသင်ကြားမှုမှာလည်း အဟန့်အတားဖြစ်နေပြီး၊ ဆရာများနှင့် ကျောင်းသားများသည် ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုများ ရင်ဆိုင်နေရသည်။

    မန္တလေးငလျင်ကြောင့် စာမေးပွဲအဖြေလွှာများပျက်စီးသွားသဖြင့် ပြန်လည်ဖြေဆိုရန် စီစဉ်ခြင်းဖြင့် “နိုင်ငံတကာ စံချိန်စံ ညွှန်းများ” ထိန်းသိမ်းရန် စစ်ကောင်စီက လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျောင်းသားများစွာသည် မိသားစုဝင်များ ဆုံးရှုံးပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသည့်ကြားမှ စာမေးပွဲ ပြန်လည် ဖြေဆိုခဲ့ရသည်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်း လူပေါင်း ၄ ဒသမ ၅ သန်းကျော်သည် ပညာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်ဟုလည်း ဆိုသည်။

    “ဦးနှောက်ယိုစီးမှုနှင့် နိုင်ငံ၏ အနာဂတ်အတွက် အန္တရာယ်”

    စစ်ခေါင်းဆောင်၏ အုပ်ချုပ်မှု မအောင်မြင်ခြင်း၏ အကျိုးဆက်အနေဖြင့် မြန်မာ့လူငယ်များစွာ နိုင်ငံခြားသို့ ထွက်ခွာနေကြ ပြီး၊ ပြန်လာရန် ဆန္ဒရှိသူ အနည်းငယ်သာ ရှိသည်။ စီးပွားရေးပြိုလဲမှု၊ မလုံခြုံမှုနှင့် အခွင့်အလမ်းများ မရှိမှုတို့က ဤ “ဦးနှောက်ယိုစီးမှု” (Brain Drain) ကို အရှိန်မြှင့်ပေးနေသည်။

    ဂျပန်၊ တောင်ကိုရီးယား၊ ဒူဘိုင်း၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အနောက်နိုင်ငံများသို့ လူငယ်များထွက်ခွာမှုသည် နိုင်ငံ အတွင်း မျှော်လင့်ချက်မရှိသည့် အခြေအနေများကြောင့် ပိုမို များပြားလာသည်။

    “အလုပ်ရှိရင်တောင် မြန်မာမှာ ဘဝက ခက်ခဲတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပိုက်ဆံပိုရချင်တယ်” ဟု ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော အသက် ၂၅ နှစ် အရွယ် လူငယ်တဦးက သူ၏အခက်အခဲကို ဖွင့်ဟပြောဆိုသည်။

    ဤ ဦးနှောက်ယိုစီးမှု/ ဦးနှောက်ထွက်ပြေးမှုသည် နိုင်ငံပြန်လည်တည်ဆောက်ရန် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးစေနိုင်သည့် ကြီးမားသော အန္တရာယ်တရပ်လည်း ဖြစ်သည်။

    ၂၀၂၅ ဇွန်လ ၁၀ ရက်က မန္တလေးမြို့ရှိ စာသင်ကျောင်းတချို့သို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့စဉ်/CINCDS

    “မဖြည့်ဆည်းနိုင်သော ကတိများနှင့် နောက်ကျန်ရစ်သော နိုင်ငံ”

    စစ်ခေါင်းဆောင်က သူ၏အစိုးရသည် “ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပြီး ပညာတတ် လူ့စွမ်းအားဖြင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်နေသည်” ဟု ကြွေးကြော်သော်လည်း၊ နိုင်ငံ၏ လက်တွေ့အခြေအနေမှာ စစ်တပ်ပုံစံ အုပ်ချုပ် ရေးစနစ်၊ ဖျက်ဆီးခံရသော ကျောင်းများ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသော ကျောင်းသားများနှင့် စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့လာသော ပြည်သူများဖြင့် ပြည့်နှက်နေသည်။

    ဝေဖန်သူများကမူ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အကြပ်အတည်းသည် စစ်တပ်က အာဏာလက်လွှတ်ရန် ငြင်းဆိုမှုနှင့် ဆန့်ကျင်သူများကို ရက်စက်စွာ ဖိနှိပ်မှု၏တိုက်ရိုက် ရလဒ်ဖြစ်သည်ဟု ထောက်ပြသည်။

    မြန်မာ့ပညာရေး အကြပ်အတည်းသည် စစ်ခေါင်းဆောင်ပြောသည့်အတိုင်း “ဖျက်ဆီးတတ်သော စိတ်သဘောထား” သို့မဟုတ် “ပညာရေးအဆင့် နိမ့်ကျမှု” ကြောင့် မဟုတ်ပေ။ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ပညာရေး အကြပ်အတည်း သည် ပြည်သူထက် အာဏာကို ဦးစားပေးသော၊ ပြုပြင်ပြောင်းလဲမှုထက် ဖိနှိပ်မှုကို ရွေးချယ်လေ့ရှိသော၊ တိုးတက်မှုထက် ဝါဒဖြန့်မှုကို အားပေးလေ့ရှိသော စစ်ကော်မရှင်ကြောင့် ဖြစ်သည်။ စစ်ခေါင်းဆောင်၏ အပြစ်ပုံချမှုသည် နိုင်ငံ၏ ဒဏ်ရာ များကို ပိုမိုနက်ရှိုင်းစေရုံသာဖြစ်သည်။

    မြန်မာ့အနာဂတ်သည် ပညာရေးပေါ်တွင် အမှန်တကယ် မူတည်နေပါက၊ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ နိုင်ငံကို ဤအခြေအနေသို့ ပို့ဆောင်ခဲ့သူများထံမှ စစ်မှန်သော တာဝန်ယူမှု ဖြစ်သည်။ ထိုသို့ မဖြစ်မချင်း၊ စစ်ခေါင်းဆောင်၏ ကတိ များသည် အဓိပ္ပာယ်မဲ့သော စကားလုံးများအဖြစ်သာ ရှိနေမည်ဖြစ်ပြီး၊ မြန်မာ့ကလေးများသည်လည်း ပညာရေး နိမ့်ကျမှု၏ အကျိုးဆက်များကို ဆက်လက် ခံစားနေရမည်သာ ဖြစ်သည်။ ။

    ✍စောအောင်ထွန်း