မြင်းခြံအနီး ၁၁ ရက်ကြာတိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၇၀အထက်သေ၊ MBTရဲဘော် ၅ ဦးကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးလာလုပ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒေသတော်လှန်ရေးတပ်တွေပူးပေါင်းပြီး ၁၁ရက်ကြာ ခုခံတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က အကျအဆုံးများပြားခဲ့သလို တော်လှန်ရေးတပ်တွေဘက်ကလည်း အကျအဆုံးတွေရှိခဲ့ပြီး ကာကင်းကျေးရွာအချို့ကနေ ခဲယမ်းပြတ်တောက်မှုကြောင့် ပြန်လည်ဆုတ်ခွါပေးလိုက်ရပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၁ရက်နေ့ကစပြီး အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၀၀၀ကျော်နဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် MBTတပ်ဖွဲ့ရှေ့တန်းကာကင်းတွေနဲ့ အနီးကပ်တိုက်ပွဲ ဩဂုတ်လ ၁၀ ရက်နေ့အထိ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ၇၀ကျော်သေ၊ ၁၇၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ခဲယမ်းအချို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့နဲ့က အနီးကပ်ဆုံးအထိ တိုက်ပွဲဖြစ်တာ။ ပထမဆုံးတိုက်ပွဲဖြစ်ချိန် မိုင်းကွင်းထဲ ဝင်လာချိန်မိုင်းဆွဲခံရတော့ ခွေးဘက်က အသေဆုံးများတယ်။ ဖောကား၂စီးတိုက်အလောင်းတွေသယ်သွားရတယ်။ ဒီအတိုင်းမြေပြင်ကဆို ဘယ်လောက်လာလာ ပြသနာမဟုတ်ဘူး။ အခုကလေကြောင်းကနေ တရစပ်ဗုံးကြဲတော့ ကျနော်တို့တပ်တွေအပါဝင် မဟာမိတ်တွေဘက်ကရော ခဲယမ်းပြတ်လာတယ်။ တိုက်ပွဲတွေက အခုဒီနေ့အထိမနက်က ဖြစ်နေသေးတယ်။ ဒီမနက်လည်း ၅ ကောင်ခွေးဘက်ကကျသွားသေးတယ်”လို့ MBT တာဝန်ခံဗိုလ်မိုက်ခဲကပြောပါတယ်။

တိုက်ပွဲဖြစ်စဉ် အစမှာ MBTတပ်နဲ့ ညီနောင်မဟာမိတ်တွေ လက်တွဲညီညီပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲကနဦးဖြစ်ပွားတဲ့ ရှေ့ရက်တွေမှာ အကြမ်းဖက်စစ်အုပ်စုကို တပ်လှန်ပြေးအောင်အကောင်းဆုံးခုခံနိုင်ခဲ့ပြီး အထိနာသွားတဲ့ စစ်အုပ်စုက လေကြောင်းကနေ တရစပ်ပစ်ကူပေးကာ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် ၁၁ရက်ကြာခုခံပြီးနောက် ကာကင်းစခန်းအချို့ကို စွန့်လွတ်ပေးလိုက်ရတယ်လို့သိရပါတယ်။

“အဓိက ခဲယမ်းအခက်အခဲကြောင့် တိုက်စစ်ကနေ ပြောက်ကျားနည်းနဲ့ ပြန်ပြီးစစ်ပုံစံပြောင်းလိုက်ရတာ။ ကျနော်တို့ပြည်သူတွေကို မကာကွယ်နိုင်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်။ အခု ကျနော်တို့ ဆက်ပြီးအကောင်းဆုံးကြိုးစားတိုက်ခိုက်နေဆဲပါ။ ကျနော်တို့စိုးမိုးနယ်မြေကို ပြန်ရအောင်ယူမှာ။ စင်တင်မ သီတာယုမွန်က လိုင်းပေါ်မှာဝါဒဖြန့်နေတာတွေကို လက်တလော စစ်ရေးအရ အလုပ်ရှုတ်နေတဲ့အတွက် ပြန်မရှင်းသေးတာ။ ပြည်သူကို ဒုက္ခပေးနေတဲ့ စခ၊ ရခ၊ ပခနဲ့သီတာယုမွန်တို့ဆီကနေ ကျားမဲတွေ အကြွေးလာတောင်းအုံးမှာ”လို့ MBT တာဝန်ခံဗိုလ်မိုက်ခဲကပြောပါတယ်။

၁၁ရက်ကြာတိုက်ပွဲအတွင်း Myingyan Black Tiger (MBT)အထူးကိုမာန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီး (တပ်စိပ်မူး)၊ရဲဘော်ဝန (ဒု- တပ်စိပ်မူး)၊ရဲဘော်ကျွဲကြီး၊ရဲဘော် Black Shar နဲ့MBTစစ်ကြောင်း-၅မှ ရဲဘော်ကိုဖက် စုစုပေါင်း ရဲဘော် (၅)ဦးအပါဝင် ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တချို့ထိခိုက်ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းတချို့ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့အတူ ဒေသတွင်းညီနောင်မဟာမိတ်တွေဖြစ်တဲ့ တပ်ရင်း (၁၊၂၊၇၊၈)၊ဗိုလ်စားပြောက်တပ်၊ဝံပုလွေတပ်ဖွဲ့၊မြင်းခြံခရိုင် ပကဖ၊တောင်သာမြို့နယ် ပကဖတပ်ဖွဲ့တို့က လက်တွဲညီညီပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တဆက်ထဲမှာ MBTတပ်အနေနဲ့ လိုအပ်နေတဲ့ခဲယမ်းတွေကို အမြန်ဆုံးပြန်လည်ဖြည့်တင်းကာ အကောင်းဆုံးကြိုးစားပြီး ရန်သူစကစတပ်အား ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဗိုလ် မိုက်ခဲတို့အဖွဲ့က ပြည်သူလူထုအား ကတိပြုထားပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *