Author: Baby Yit Lone

  • ကပစတွေရဲ့အချုပ် ကပစ-၄ က စစ်တပ်အတွက် ဘယ်လိုအရေးပါလဲ

    ကပစတွေရဲ့အချုပ် ကပစ-၄ က စစ်တပ်အတွက် ဘယ်လိုအရေးပါလဲ

    မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ) ၂၅ ရုံထဲက ၂၄ ရုံအတွက် နေပြည်တော်၊ တပ်ကုန်းမြို့မှာရှိတဲ့ ကပစ-၄ က ပင်မထောက်တိုင်တစ်ခုဖြစ်ပါတယ်။

    မြန်မာစစ်တပ်က ထုတ်လုပ်နေတဲ့ စစ်လက်နက်အသစ်အားလုံးအတွက် စက်ပြုပြင်နဲ့ ပုံစံထုတ်ဌာနစက်ရုံဖြစ်တဲ့ ကပစ ၄ က သုတေသနပြုပြီး ဒီဇိုင်းရေးဆွဲရပါတယ်။

    စစ်လက်နက်ထုတ်တဲ့ ကပစ အားလုံးက စက်ပစ္စည်းတွေ ပုံမှန်လည်ပတ်နိုင်အောင် ပြုပြင်ထိန်းသိမ်းရေးနဲ့ အပိုပစ္စည်းထုတ်လုပ်၊ ဝယ်ယူ တပ်ဆင်တာတွေအတွက် ကပစ ၄ ကို မဖြစ်မနေ မှီခိုရပါတယ်။

    အတတ်ပညာရှင်တွေနဲ့ပဲ စုစည်းလည်ပတ်နေတဲ့ စက်ရုံလို့ စစ်တပ်အသိုင်းအဝိုင်းကြား ပြောစမှတ်တွင်တဲ့ ကပစ ၄ ကို အာဏာသိမ်းကာလတွေမှာ စစ်တပ်က အဆင့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

    ဘယ်သူကွပ်ကဲလဲ၊ ဘယ်လိုဖွဲ့စည်းထားလဲ

    ၂၀၁၉ ခုနှစ်က တကစ (၃) ကားစက်ရုံမြင်ကွင်း

    ကပစ-၄ ကို ဗိုလ်မှူးချုပ်ရာထူးအဆင့်ရှိသူက အမိန့်ပေးကွပ်ကဲပြီး က.က.ထုတ်လို့ ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးအောက်မှာ ကြီးကြပ်လည်ပတ်တာဖြစ်ပါတယ်။

    ကပစ-၄ ကို ” ဗိုလ်မှူးချုပ် သွင်အောင်က အမိန့်ပေးကွပ်ကဲနေတယ်” လို့ CDM ဗိုလ်ကြီး စင်ရော်က ပြောပါတယ်။

    ၂၀၀၂ ခုနှစ်မတိုင်ခင်အထိ ကပစ-၄ ကို ဗိုလ်ချုပ်ရာထူးအဆင့်ရှိသူတွေ ဦးဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံးအောက်မှာ ကြီးကြပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ က.က.ထုတ်အဖြစ် ပြောင်းလဲခဲ့တာပါ။

    မြန်မာစစ်တပ်ရဲ့ ကပစ-၄ ကို စစ်တပ်အရာရှိ ၁၀၀ ဝန်းကျင် အပါအဝင် လူပေါင်း ၃၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီ ၃၀၀ ထဲမှာ “၁၀၀ ကတော့ အရာရှိမဟုတ်တဲ့ စစ်သားတွေနဲ့ ကျန်တာကတော့ မိသားစုဝင်ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

    စစ်တပ်ရဲ့ ကပစ စက်ရုံအများစုမှာ အုပ်ချုပ်ရေး၊ စီမံရေး၊ ထုတ်လုပ်ရေး၊ စစ်ဆေးရေး စတဲ့ ဌာနကြီး ၄ ခုကို အဓိကထား လည်ပတ်တယ်လို့ သူက ရှင်းပြပါတယ်။

    ဒါပေမဲ့ ကပစ-၄ စက်ရုံကတော့ တခြားကပစတွေနဲ့ အနည်းငယ် ကွာခြားပါတယ်။

    ကပစ-၄ ကို ဒီဇိုင်းဌာန၊ အန်နီမေးရှင်း(Animation)နဲ့ စက်ပြုပြင်ရေးအပါအဝင် ဌာန ၁၈ခုနဲ့ ဖွဲ့စည်းထားတယ်လို့ ကပစ-၄ နဲ့နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဒါပေမဲ့ “၁၈ ဌာနက ဖွဲ့စည်းပုံအရရှိနေတာဖြစ်ပြီး တခြား ကပစတွေက ဌာနတချို့နဲ့လည်း ပေါင်းစည်းလုပ်ရတာဖြစ်လို့ ၁၈ ခုလုံး ရှိနေတာမဟုတ်ဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။

    ဒီဇိုင်းဌာနဆိုတာကတော့ လက်နက်နဲ့ ခဲယမ်းတွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို ပုံစံဒီဇိုင်းရေးဆွဲရတာဖြစ်ပါတယ်။

    လက်နက်ဒီဇိုင်းပုံစံတချို့ကိုတော့ ကပစ-၄ အပြင် မန္တလေးတိုင်းထဲက ပြင်ဦးလွင်နဲ့ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာန(တ.သ.န)တွေမှာလည်း ထုတ်ပါတယ်။

    ဒါပေမဲ့ တ.သ.န က ထွက်လာတဲ့ ပုံစံဒီဇိုင်းတွေကို ကပစ-၄ က မြေပြင်နဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြန်လည်ပြုပြင်ဖန်တီးပေးရတယ်လို့ CDM အရာရှိတစ်ဦးက ဆိုပါတယ်။

    အန်နီမေးရှင်း(Animation) ဆိုတာကတော့ ရုပ်သေပုံရိပ်တွေကို ရုပ်လုံးကြွလာအောင် ပြုလုပ်ဖန်တီးရတဲ့ ဌာနဖြစ်ပါတယ်။

    အန်နီမေးရှင်းမှာ နှစ်ဖက်မြင်တူးဒီ (2D) နဲ့ သုံးဖက်မြင်(3D)နည်းပညာတွေနဲ့ ပုံသေမြင်ရတဲ့ အရာဝတ္တုတွေကို လှုပ်ရှားလာအောင် ရေးဆွဲရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    အန်နီမေးရှင်းဌာနကို ၂၀၁၉ ခုနှစ်ဝန်းကျင်လောက်မှာ စစ်ကောင်စီက အသစ်ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

    ပြည်တွင်းက နည်းပညာပိုင်းဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီတချို့ကို ကပစ-၄ အတွက် ခေါ်ယူသင်တန်းပေးပြီးမှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

    စက်ပြင်ဌာနကတော့ ကျန်တဲ့ ကပစအားလုံးမှာ ရှိတဲ့ စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းတာတွေကို အဓိက တာဝန်ယူရပါတယ်။

    “ရေလိုင်း၊ မီးလိုင်းနဲ့ လေအေးပေးစက်(အဲကွန်း)လိုင်းတွေ ချွတ်ယွင်းရင်လည်း ကပစ ၄ က စက်ပြင်အဖွဲ့သီးသန့်စေလွှတ်ပြီး ပြုပြင်တာတွေလုပ်ရတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ကပစ စက်ရုံတိုင်းမှာ စက်ပြင်ဌာနငယ်တွေ ထားရှိထားပေမယ့် အကြီးစားပြုပြင်ဖို့ လိုအပ်လာတဲ့ စက်တွေကိုတော့ ကပစ-၄ ရဲ့ စက်ပြင်ဌာနကပဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ သူက ပြောပါတယ်။

    ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) အားလုံးမှာရှိတဲ့ စက်တွေတပ်ဆင်ထားတဲ့ အသေးစိတ်ပုံစံတွေကိုလည်း ကပစ ၄ ကပဲ ကိုင်တွယ်ထိန်းသိမ်းထားတာဖြစ်ပါတယ်။

    ဒါကြောင့် “ကပစ-၄ နဲ့ တခြား ကပစတွေက ကင်းလို့မရဘူး”လို့ သူက ထည့်ပြောပါတယ်။

    ဘယ်လိုအဆင့်မြှင့်နေလဲ

    ကပစ တစ်ခုမှာ တွေ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ပုံဟောင်း)

    အာဏာသိမ်းကာလမှာ ကပစ-၄ ကို ကြီးကြပ်နေတဲ့ အရာရှိတွေအားလုံးက ကျန်တဲ့ ကပစတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုးလုပ်လာရတာကြောင့် ပြည်ပကို သင်တန်းစေလွှတ်တဲ့အခါ ကပစ-၄ အရာရှိတွေကို ဦးစားပေးစေလွှတ်နေတယ်လို့ ကပစ-၄ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

    စစ်တပ်အာဏာမသိမ်းခင်ကတည်းက ကပစ-၄ က အရာရှိတချို့ကို တရုတ်နဲ့ ရုရှားကို ပုံမှန်စေလွှတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ နည်းပညာတွေ လေ့လာစေခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

    အာဏာသိမ်းနောက်ပိုင်းကာလတွေမှာတော့ အဲဒီအရာရှိတွေကို အင်ဂျင်နီယာပညာရပ်နဲ့ သက်ဆိုင်တဲ့ သုတေသနပြုမှုတွေကို အသေးစိတ်လေ့လာဖို့ ဘယ်လာရုစ်နိုင်ငံကို ခပ်စိတ်စိတ်စေလွှတ်နေတယ်လို့ သူက အတည်ပြုပြောပါတယ်။

    Justice For Myanmar(JFM) အဖွဲ့ကတော့ စစ်တပ်ဟာ ကပစတွေက ဝန်ထမ်းဆယ်ချီကို လက်နက်ပညာဆိုင်ရာ အဆင့်မြင့်ကျွမ်းကျင် သင်တန်းတွေပေးဖို့ ဘယ်လာရုစ်နိုင်ငံက တက္ကသိုလ်တချို့ကို ပို့ထားတယ်လို့ ၂၀၂၅ ခုနှစ် ဇူလိုင်လထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

    JFM ဟာ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းလေ့လာသုတေသနပြုနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

    JFM ရဲ့ အချက်အလက်အရ စစ်တပ်အရာရှိတွေကို Belarusian State University of Informatics & Radioelectronics (BSUIR) တက္ကသိုလ်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် ရေဒီယို-အီလက်ထရောနစ်အင်ဂျင်နီယာပညာရပ်တွေ သုတေသနပြုလေ့လာဖို့ လက်ခံသင်ကြားပေးနေတာလို့ သိရပါတယ်။

    အဲဒီအရာရှိတွေထဲမှာ ကပစ-၄ က အရာရှိတွေ ပါဝင်နေတယ်လို့ JFM က ပြောထားပါတယ်။

    အလားတူ မြန်မာစစ်တပ်က အာဏာမသိမ်းခင်အထိ ကပစ-၄ က အရာရှိနဲ့ စက်မှုစစ်သည်တချို့ကို မြောက်ကိုရီးယားနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ သင်တန်းတွေလေ့လာဖို့ စေလွှတ်ခဲ့တာမျိုးရှိတယ်လို့ CDM ဗိုလ်ကြီး စင်ရော်က ပြောပါတယ်။

    မြောက်ကိုရီးယားဘက် စေလွှတ်တဲ့အခြေအနေကိုတော့ “ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် စစ်တပ်က ထိန်းသိမ်းထားတယ်” လို့ သူက ဆိုပါတယ်။

    တစ်ဖက်မှာလည်း စစ်တပ်က ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ထိုးစစ်တွေ အရှိန်မြှင့်တင်ပြီး ဖော်ဆောင်နေတာတွေ့ရပါတယ်။

    ထိုးစစ်မြှင့်တင်နေရတဲ့ စစ်ကောင်စီတပ်အနေနဲ့ လက်နက်ခဲယမ်းတွေ ပိုတိုးထုတ်လုပ်ဖို့ ကပစ စက်ရုံတွေကို ဖိအားပေးနေတယ်လို့ ကပစတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။

    မြန်မာစစ်တပ်မှာ ပြည်ပရန်ကာကွယ်ရေးအတွက် ကပစအလိုက် အရန်သင့် ထုတ်လုပ်သိမ်းဆည်းထားတဲ့ လက်နက်ခဲယမ်းတွေရှိတဲ့အကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ “အရန်ကို အရန်အနေနဲ့ထားမယ်၊ လက်ရှိမြေပြင်မှာ သုံးသလောက်ကိုတော့ ထပ်တိုးထုတ်ခိုင်းနေတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ဒီလိုထုတ်လုပ်တဲ့အခါမှာ ကပစ စက်ရုံအသီးသီးရဲ့ လက်နက်ထုတ်တဲ့ နည်းပညာပိုင်းတွေနဲ့ စက်ပစ္စည်းတွေကို ကပစ-၄ ကပဲ စောင့်ကြည့်ထိန်းသိမ်းပြုပြင်တာတွေ လုပ်ရတယ်လို့ သူကဆိုပါတယ်။

    ဒါကြောင့် “ကပစအားလုံး ဆက်လည်ပတ်နေဖို့အတွက် ကပစ-၄ က အခရာပဲ” လို့ သူက ပြောပါတယ်။

    ကပစ-၄ က ဒီဇိုင်းတွေ၊ အပိုပစ္စည်းတွေကို တခြားကပစတွေဆီ ပို့ပြီး လက်နက်ခဲယမ်း တပ်ဆင်ထုတ်လုပ်စေတဲ့အခါမှာ မြေပြင်တိုက်ပွဲတွေနဲ့ ကိုက်ညီမယ့် အချက်အလက်တွေ၊ နည်းပညာတွေကို ထည့်သွင်းစဉ်းစားရတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

    လက်နက်ခဲယမ်းအမျိုးအစားအလိုက် ကပစ အားလုံးနီးပါးက အလျင်မီအောင် တိုးထုတ်ပေးနေရတဲ့အချိန်”ကပစ-၄ က ထုတ်ပေးရတဲ့ လက်နက်ဒီဇိုင်းတွေ၊ လက်နက်ထုတ်လုပ်တဲ့ စက်တွေနဲ့ဆိုင်တဲ့ သုတေသနနည်းပညာအသစ်တွေကို ပိုလေ့လာပြီး ပိုအသုံးချနေရတယ်” လို့ သူက ပြောခဲ့ပါတယ်။

  • တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ

    တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ

    တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်

    အနှိပ်လာခံသည့် တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့၊ 68Spa အနှိပ်ခန်းမှ မိန်းကလေးတစ်ဦးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့ကြောင်း နစ်နာသူနှင့် နီးစပ်သူများထံမှ သိရသည်။

    မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ယင်းအနှိပ်ခန်းသို့ ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးသည် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ၅ ဦီးဖြင့် လာရောက်ခဲ့ပြီး အနှိပ်ခံခဲ့ကြောင်း သိရသည်။

    ထို့နောက် ည ၁၀နာရီခွဲ တွင် တရုတ်နိုင်ငံသား တစ်ဦးက နှိပ်နင်းပေးနေသည့် မိန်းကလေးအား ၎င်းနှင့် ကာမဆက်ဆံရန် တောင်းဆိုခဲ့ရာ အသက် ၁၈ နှစ်အရွယ် ပလောင်မိန်းကလေးက ငြင်းဆန်သဖြင့် မန်နေဂျာက ရိုက်နှက်၊ ဆဲဆိုပြီး လက်ခံရန် ခိုင်းစေခဲ့သည်ဟု ဆိုသည်။

    ထိုသို့ အရိုက်ခံရသော်လည်း တရုတ်နှင့် မအိပ်နိုင်ကြောင်း ငြင်းဆန်သည့်အတွက် မန်နေဂျာက အခန်းပိတ်ပြီး ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မေးမြန်းလာလျှင် ငြင်းဆိုရန်နှင့် ဖွင့်ဟပြောကြားလျှင် သတ်ပစ်မည်ဟု ဆိုင်ရှိ ဝန်ထမ်းများအား မန်နေဂျာနှင့် ပိုင်ရှင်က ခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။

    “ဦးလေး သမီးရဲ့မမကို ဂျာကြီးက အခန်းပိတ်ပြီး ရိုက်နေတာ။ ရဲစခန်းကို ပြောပေးဦး။ မမကို တရုတ်နဲ့ နေခိုင်းတာ။ မမ ပြောတာက ကျမတို့က( – ာ သည်)တွေမှ မဟုတ်တာ မနေနိုင်ဘူးပြောလို့ ရိုက်တာ။ ပြည်သူ့စစ်က ၅ ယောက် ခါတိုင်းလာနေကျ မြို့မအဖွဲ့ကပဲ။ တရုတ်က ဦးလေးတို့အရွယ်၂ ယောက်”ဟု ရိုက်နှက်ခံရသည့် မိန်းကလေး၏ ညီမဖြစ်သူက ရင်းနှီးသူတစ်ဦးအား မက်ဆင်ဂျာမှ စာပို့ အကူအညီ တောင်းသဖြင့် ယင်းဖြစ်စဉ်ကို သိခဲ့ရခြင်း ဖြစ်သည်။

    ယင်းစာ ရရှိသည်နှင့် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာ အခင်းဖြစ်ပွားရာသို့ သွားကြည့်ပေးမည်ဟု တာဝန်မှူးက ပြောကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    သို့သော် ည ၁၂ နာရီအချိန်တွင် “ဦးလေး ရဲစခန်းကို ပြောပေးပါဦး။ မမ အရမ်းအော်နေတယ်။ ထပ်လည်း ရိုက်နေကြတယ်”ဟု ထပ်မံ စာပို့လာသည့်အတွက် ရဲစခန်း တာဝန်မှူးထံသို့ ၅ ကြိမ် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းမကိုင်တော့ကြောင်း သိရသည်။

    “ကျနော်နဲ့သိတဲ့ ကလေးမလေးတွေပါ။ အသက်လည်း ငယ်သေးတယ်။ သူတို့ မလုပ်ချင်တာကို အတင်းအဓမ္မ လုပ်ခိုင်းလို့ ကျနော့ဆီ စာပို့ပြီး အကူညီ တောင်းခဲ့ကြတာပါ။ ရဲတွေက ငွေမရလို့ ဘာမှ မလုပ်ပေးဘူး။ ငွေရမယ်ဆိုရင် ရဲစခန်းတစ်ခုလုံး သွားကြမှာ။ အဲညမှာ အရိုက်ခံရလို့ သေသွားမှာကိုလည်း သူတို့က မစိုးရိမ်ကြဘူး။ သူတို့က ငွေရတဲ့ ကျားဖြန့်အနှိပ်ခန်းနဲ့ ဘိတွေအတွက်ပဲ အလုပ်လုပ်ပေးကြတာ။ ဝန်ကြီး၊ ရဲချုပ်နဲ့ ပြည်နယ်မှူးတို့ကို မူဆယ် ရဲအရာရှိတွေက လစဥ်ကြေး ပေးကျွေးနေလို့ မူဆယ်ကရဲတွေ အလုပ်မလုပ်တာကို မသိဟန်ဆောင်နေကြတာ”ဟု မိန်းကလေး၏ အကူညီတောင်းခံရသူက မဲခေါင်သတင်းဌာနကို ပြောသည်။

    ထို့နောက် ယင်းအနှိပ်ခန်းတွင်ပင် ရှိနေသည့် ရိုက်နှက်ခံရသူ၏ ညီမဖြစ်သူက ၎င်းအား ဖမ်းဆီး နှိပ်စက်မည်ကို စိုးရိမ်၍ နံနက် ၅ နာရီတွင် ထွက်ပြေးသွားပြီး စာပို့နေသည့် အသိဆိုသူထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    လက်ရှိအချိန်ထိ အနှိပ်စက်ခံရသည့် မိန်းကလေးနှင့် ပတ်သက်၍မူ တစ်စုံတရာမှ စုံစမ်း၍ မရသေးပေ။

    ထို့ပြင် ယနေ့ထိ ရဲစခန်းမှ သွားရောက်မေးမြန်း စုံစမ်းခြင်း အကူညီပေးခြင်း ဖမ်းဆီး အမှုဖွင့်ခြင်း စသည့် အရေးယူ ဆောင်ရွက်ခြင်းလည်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

    ထို့နောက် ယမန်နေ့ နံနက် ၇ နာရီစ၍ မြို့ပေါ်၉ ရပ်ကွက်ရှိ ကာရာအိုကေ၊ အနှိပ်ခန်း၊ ပြည်တန်ဆာခန်း၊ လောင်းကစားရုံနှင့် မူယစ်ဆေး လက်လီလက်ကား အရောင်းဆိုင် အားလုံးကို ခေတ္တပိတ်ထားရန် စခန်းမှူး ဒုရဲမှူး နေယုဆန်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲနောင်နှင့် မြို့နယ်မှူးတို့က အမိန့်ပေးထားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရသည်။

  • AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေပြီး တပ်သားသစ်များဖြင့် အစားထိုးနေရ

    အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။

    ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။



    “ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ မလောက်မငဖြစ်နေတာပေါ့။ စစ်မှုထမ်းဥပဒေနဲ့ လူသစ်တပ်သား တွေနဲ့ပဲ အသက်ဆက်နေရတာ မျက်မြင်ပဲ။ ကျောက်ဖြူဘက်ဆိုရင်လည်း ရေကြောင်းရော လေကြောင်း နဲ့ပါ အင်အားပို့နေရတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    လေးမျက်နှာနှင့် သာပေါင်းတိုက်ပွဲများမှ ဒဏ်ရာအပြင်းအထန်ရသည့် စစ်ကော်မရှင်တပ်သားများကို ပုသိမ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၄) သို့ ပြန်လည်ခေါ်ယူလာနေရပြီး ဒဏ်ရာရအရာရှိများကိုမူ ရန်ကုန်သို့ ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။

    ပဲခူးနှင့် ရခိုင်အစပ်ရှိ ညောင်ကျိုးဒေသတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းဖြစ်သော ပွိုင့်-၆၆၆ တွင် စစ်ကော် မရှင်တပ်ဖွဲ့များ ပိတ်မိနေသဖြင့် သောက်ရေမှအစ ဒရုန်းဖြင့် ပို့ဆောင်နေရသည်။ အဆိုပါစခန်းသို့ ရိက္ခာနှင့် ခဲယမ်းပို့သည့် စစ်ကြောင်းများမှာလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ကစဉ့် ကလျား ထွက်ပြေးနေရကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ညောင်ကျိုးနှင့် လေသာတောင်တစ်ဝိုက် စိုးမိုးမှုရရန် ရန်ကုန်မှ ထုတ်နုတ်တပ်များကို အင်အားအလုံးအရင်းဖြင့် ဥသျှစ်ပင်မှတစ်ဆင့် စစ်ယာဉ်တန်းများဖြင့် ထပ်မံဖြည့်တင်းနေရသည်။

    မကွေးအစပ် ပန်းဒါန်းတပ်နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းတွင် တပ်မ (၉၉) မှ အင်အား ၁,၅၀၀ ခန့် နေရာချထားခဲ့သော်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) နှင့် တပ်အပြောင်းအလဲလုပ်ချိန်တွင် အင်အား ၇၀၀ ခန့်သာ နောက်တန်းပြန်နိုင်ခဲ့သည်။

    ကျန်ရှိသည့် အင်အားများအနက် ၃၀၀ ခန့်မှာ ကာကင်းစခန်းများတွင် ဖြန့်ခွဲထားရပြီး ကျန်အင်အား ၅၀၀ ခန့်မှာ တိုက်ပွဲများအတွင်း သေဆုံးပျောက်ဆုံးကာ အင်အားပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ယနေ့အထိ နတ်ရေကန်စခန်းသို့ နောက်ထပ် အင်အား ၈၀၀ ခန့်နှင့် ရိက္ခာခဲယမ်းများကို အဆက်မပြတ် ထပ်မံဖြည့်တင်းနေရသည်။

    စစ်သင်တန်းရက်တိုဖြင့် စစ်မြေပြင်စေလွှတ်ခံရသည့် ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ်များသည် ရခိုင်အစပ်တိုက်ပွဲများတွင် သေဆုံးမှုနှင့် ထွက်ပြေးမှုများပြားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

  • မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍ အများအပြားဒဏ်ရာရ

    ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်က လူမှောင်ခိုပို့သော Ford Ranger အမျိုးအစား ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့၍ ယာဉ်တိုက်မှုဖြစ်ကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    မဲဆောက်မြို့ မယ်တောင်မီးပွိုင့်အနီးတွင် လူမှောင်ခိုပို့ ကားဟု သံသယရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟန့်တားခဲ့သော်လည်း ကားမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မီးပွိုင့်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်သန်းခြင်းကြောင့် ကားဘီးအား သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည်။

    မဲဆောက်မြို့နေ မြန်မာတစ်ဦးက “မယ်တောင်မီးပွိုင့်အနီးမှာ ဒီနေ့ နေ့လယ်လောက်က ထိုင်းရဲတွေက ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးတယ်လို့ ကြားတယ်။ လူမှောင်ခိုပို့တဲ့ ကားရဲ့ ဘီးကို သေနတ်နဲ့ ပစ်ခတ်တာ။ အဲဒီမှာ ကားတိုက်မှုဖြစ်ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

    လူမှောင်ခိုပို့ ကားမှာ ရှေ့က တိုယိုတာကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

    “ဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အဲနှစ်ဦးမှာ ဒဏ်ရာက တော်တော် ပြင်းတယ်လို့ ပြောတယ်။ ဦးခေါင်းရော၊ ခန္ဓာကိုယ်ရော သွေးတွေ အများကြီးထွက်နေတယ်။ တိုယိုတာ ကားက လူတွေလည်း ဒဏ်ရာရတယ်။ မှောင်ခိုပို့တဲ့ ကားတွင်းက လူတွေလည်း ဒဏ်ရာတယ်။ အခု ဆေးရုံပို့ထားတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသားတစ်ဦးသည် အထောက်အထားမဲ့ဟု ယူဆရသူ တရုတ်လူမျိုး ၄ ဦးကို တင်ဆောင်လာကြောင်းလည်း သိရသည်။

    ယာဉ်မောင်း ထိုင်းနိုင်ငံသားနှင့် အထောက်အထားမဲ့ တရုတ်လူမျိုး ၄ ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

    မဲဆောက်မြို့တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးနေပြီး ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသော မြန်မာဈေးသည်များကိုလည်း ဖမ်းဆီးနေသည်ဟု သိရသည်။

  • တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်

    တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်

    တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။

    ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။

    ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။

    ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။

    ဘယ်အရာမှ ပုံသေမရှိ။

    ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။

    ကာရစ်ဘီယံ ပင်လယ်ပြင်မှာ ဗင်နီဇွဲလား မူးယစ်ဆေးဝါး လှေတွေကို ပစ်ခတ် နှစ်မြှုပ်နေရာကအစ၊ ရေနံတင်သင်္ဘော တွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာ၊ စစ်ပြင်နေတာဟာ ဗင်နီဇွဲလားကို ဝင်သိမ်းတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

    ကြိုတင် မျှော်လင့်ထားတဲ့အတိုင်းပဲ အမေရိကန်တပ်တွေဟာ ဗင်နီဇွဲလား နိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်။

    ဒါပေမယ့် ကမ်းတက် မြေပြင်တပ်တွေ ဝင်ရောက်သွားတာ မဟုတ်ဘဲ အထူးစစ်ဆင်ရေး (Delta Force) တပ်တွေကသာ ဝင်ရောက်သွားတာဖြစ်တယ်။ စစ်ဆင်ရေး အချိန် ၂ နာရီအတွင်း မာဒူရို နဲ့ ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့တယ်။

    ဗင်နီဇွဲလား စစ်တပ်ဟာ အငိုက်မိသွားတယ်။ သတိလည်လာချိန်မှာ ခေါင်းဆောင် မာဒူရို နဲ့ ဇနီးတို့ အမေရိကန် လက်ထဲ ပါသွားပြီ။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူ ကြိုတင် ခန့်မှန်းနိုင်ခဲ့သလဲ။

    နိုင်ငံတနိုင်ငံရဲ့ ဦးခေါင်းကို ဖြတ်ယူလိုက်ခြင်းဟာ စစ်ပွဲကြီးတပွဲ ဆင်နွှဲစရာမလိုဘဲ အဲဒီနိုင်ငံကို သိမ်းပိုက်လိုက်တာပဲ ဆိုတာကို ခေတ်သစ် အမေရိကန် စစ်ရေး မဟာဗျူဟာက ပြသလိုက်တယ်။

    နိုင်ငံရေး ချိန်ခွင်လျှာဟာ ချက်ချင်း ပြောင်းလဲသွားတယ်။ ရန်သူပြိုင်ဘက်နိုင်ငံတွေ အထိတ်တလန့် ဖြစ်သွားတယ်။

    ရုရှား အလံတင် ရေနံတင် သင်္ဘောကို အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဖမ်းဆီးခဲ့တယ်။
    ဗင်နီဇွဲလားရဲ့ တရုတ်ရေနံတင်ပို့မှုကို ဖြတ်တောက်ပစ်လိုက်တယ်။ အင်အားပြိုင်ဘက် နှစ်နိုင်ငံ အငိုက်မိသွားတယ်။ နှုတ်အားဖြင့် ကန့်ကွက်ရုံမှတပါး၊ နှုတ်အားဖြင့် ပြစ်တင်ရှုတ်ချရုံမှတပါး လက်တွေ့တုန့်ပြန်မှုမှု မပြုနိုင်ဘဲ ငြိမ်ကုပ် နေကြတယ်။

    သိပ်မကြာခင်မှာပဲ ဂရင်းလန်းကျွန်းကို ဘယ်နည်းနဲ့ရရ ရအောင်ယူမယ်လို့ ဆိုလာပြန်တယ်။ ဒေါ်နယ်ထရမ့်က ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်က မထိန်းချုပ်နိုင်ရင် ရုရှား နဲ့ တရုတ်က ထိန်းချုပ် သွားမယ်လို့ ဆိုတယ်။

    ဒါက ဗင်နီဇွဲလားဖြစ်စဉ် အပြီးမှာ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အကြောင်းအရာတွေပါ။ ဒါတွေဟာ ၂၀၂၆ နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ဖြစ်သွားခဲ့တာ။ ဒီဖြစ်စဉ် ပေါ်ပေါက်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။

    နိုင်ငံရေးဟာ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုတဲ့အတိုင်း ဘာမှ ကြိုတင် ခန့်မှန်းလို့မရ။ တရားသေ ပြောလို့ မရ။ ပိုင်ပြီဆိုပြီး လုပ်လို့မရ။

    အာဏာရှင် ခေါင်းဆောင်တဦးကို စစ်ရေးနည်းနဲ့ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး ဖမ်းဆီးပြလိုက်တဲ့ အခါ ကမ္ဘာမှာ အာဏာကို မတရားရယူထားတဲ့၊ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်ရေးနည်းနဲ့ လက်နက်အားကိုးပြီး အာဏာ ရယူထားတဲ့ ခေါင်းဆောင်တွေ တုန်လှုပ်သွားကြတယ်။
    စစ်အာဏာရှင်တွေ အထိတ်တလန့် ဖြစ်သွားကြတယ်။

    အလားတူ အင်အားပြိုင်ဘက် နိုင်ငံတွေလည်း ရှေ့ခြေတလှမ်းတိုးဖို့ တွန့်ဆုတ်သွားကြတယ်။ တရုတ်ဟာ BRI ခေါင်းစဉ်နဲ့ အနောက်ကမ္ဘာကို လွှမ်းမိုးဖို့ ခြေလှမ်းပြင်နေရာက တန့်သွားတယ်။

    အမေရိကန်ရဲ့ ဗင်နီဇွဲလား စစ်ဆင်ရေးဟာ တရုတ်နဲ့ ရုရှားကို Shock ရသွားစေတယ်။ အထူးသဖြင့် နိုင်ငံငယ်တွေ အပေါ် ဩဇာလွှမ်းမိုး ဖြန့်ကျက်လာတဲ့ တရုတ်ကို ဟန့်နိုင်ခဲ့တယ်။

    အမေရိကန်ရဲ့ ဗင်နီဇွဲလား စစ်ဆင်ရေးဟာ အာဏာကို မတရားရယူ သိမ်းပိုက်ထားတဲ့ မြန်မာ စစ်ခေါင်းဆောင် အတွက် အိပ်မက်ဆိုးတခု ဖြစ်သွားတယ်။

    မြန်မာ စစ်ခေါင်းဆောင်ဟာ ကျင်းပနေဆဲ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်တခုလို့ ယူဆထားတယ်။ ကိုယ် လိုချင်သလို ပုံဖော်ထားတဲ့ ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးလို့ ယူဆနေပုံရတယ်။

    မြန်မာ စစ်ခေါင်းဆောင်ဟာ ကျင်းပနေဆဲ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်တခုလို့ ယူဆထားတယ်။ ကိုယ် လိုချင်သလို ပုံဖော်ထားတဲ့ ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးလို့ ယူဆနေပုံရတယ်။

    ဒါပေမယ့် လက်ရှိ မြေပြင် အခြေအနေဟာ စစ်ခေါင်းဆောင် စိတ်ကူးယဉ်နေသလို ဖြစ်လာမယ့် အနေအထားကို ရောက်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးဆိုတာ တွေ့ရတယ်။

    ၂၀၂၄ ညီနောင် သုံးဖွဲ့နဲ့ မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေး အပြီးမှာ လက်ရှိ စစ်ကော်မရှင်ရဲ့ အာဏာ သက်ရောက်မှုဟာ နေပြည်တော်၊ မန္တလေး နဲ့ ရန်ကုန်၊ ဧရာဝတီ လောက်ပဲ ကျန်ပါတော့တယ်။

    စစ်တိုင်း နှစ်တိုင်း ကျရှုံးသွားပြီး လားရှိုး၊ မိုးကုတ်၊ သီပေါ၊ နောင်ချို၊ မန္တလေးတိုင်း အတွင်းထိ တော်လှန်ရေး အဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်။

    လားရှိုး၊ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှစ်ခု ဖွဲ့စည်းပုံ ပျက်သွားတယ်။

    စစ်အာဏာသိမ်း ဆန့်ကျင်ရေး တော်လှန်ရေး အုပ်စုများနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ထိုးစစ်အရှိန် အမြင့်ဆုံး အရောက်မှာ တရုတ်နိုင်ငံက ကြားဝင်လာပြီး မြောက်ပိုင်း ညီနောင်အဖွဲ့ထဲက ကိုးကန့် MNDAA ကို ဆွဲထုတ်သွားတယ်။

    ၂၀၂၅ ခုနှစ်အတွင်း ပလောင်အဖွဲ့ TNLA ကိုပါ ဆွဲထုတ်သွားတယ်။ လားရှိုး၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ အဓိက မြို့ကြီးတွေကို ပြန်ပေးလိုက်ရတယ်။

    ကိုးကန့်၊ ပလောင် နှစ်ဖွဲ့အနေနဲ့ တရုတ်ရဲ့ ဖိအားကို မလွန်ဆန်နိုင်တဲ့အဆုံး သိမ်းပိုက်ပြီးသားမြို့ တချို့ကို ပြန်ပေး လိုက်ရတာ ဖြစ်တယ်။

    ဒါဟာ စစ်ကော်မရှင်ရဲ့ အောင်မြင်မှုတော့ မဟုတ်ဘူး။ တရုတ်ရဲ့ Blessing နဲ့ နယ်မြေတချို့ ပြန်ရခဲ့တာ ဖြစ်တယ်။ စစ်တိုက်ယူလို့ ပြန်ရခဲ့တာတော့ မဟုတ်ဘူး။

    လက်ရှိ ဖြစ်ပေါ်နေဆဲ ပြည်တွင်းစစ်မှာ စစ်ကော်မရှင်ရဲ့ တခုတည်းသော တိုက်နိုင်စွမ်းက လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု တခုတည်းသာ ဖြစ်တယ်။ မြေပြင်ထိုးစစ်တွေမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ အကျအဆုံး များနေဆဲလည်း ဖြစ်တယ်။

    အခု ရက်ပိုင်းအတွင်း ပြည်တွင်း မြေပြင်အခြေအနေကို ကြည့်ရင် စစ်ကိုင်းတိုင်း ကသာမြို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက် နိုင်ခဲ့သလို စစ်ကော်မရှင်တပ်ဟာ ဗန်းမော်ကိုလည်း မထိန်းချုပ်နိုင်သေးဘူး။

    ရခိုင်ပြည် စစ်မျက်နှာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ပွဲက စစ်တွေ၊ ကျောက်ဖြူ မြို့များနဲ့ ပိုမိုနီးကပ်လာတယ်။

    မြေပြန့်စစ်မျက်နှာမှာ ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ မကွေးတိုင်း အနောက်ဘက်ခြမ်းမှာ တော်လှန်ရေး အုပ်စုတွေ အရှိန်လျော့ကျသွားခြင်း မရှိသလို ချင်းပြည်နယ်ကိုလည်း ချင်းတော်လှန်ရေး တပ်တွေက ပြည်နယ် တခုလုံးနီးပါး ထိန်းချုပ် ထားတယ်။

    စစ်ကော်မရှင်ဟာ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကို ကျင်းပနေတာဖြစ်တယ်။ အပိုင်း (၁) ကို ကျင်းပပြီးတဲ့အခါ သူတို့ ပုံဖော်ထားတဲ့ အတိုင်း ရလဒ်ထွက်လာတယ်။ အပိုင်း (၂)၊ အပိုင်း (၃) တွေကို ဆက်လက်ကျင်းပပြီးတဲ့အခါ သူတို့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း အာဏာကို ပုံစံပြောင်း ရယူမယ်။

    ယူနီဖောင်းချွတ် အရပ်သားဟန်ဆောင် အစိုးရ ဖွဲ့လိုက်ပြီးရင် ကမ္ဘာက ငါတို့ကို လက်ခံပြီ။ တရားဝင်ဖြစ်ပြီလို့ ယူဆထားပုံ ရတယ်။

    ရွေးကောက်ပွဲ အပိုင်း (၂) မကျင်းပခင် အချိန်လေးမှာ တော်လှန်ရေးအဖွဲ့ အသီးသီးရဲ့ စစ်ရေး အရှိန်အဟုန် ရုတ်တရက် ပြန်လည် မြင့်မားလာတာ တွေ့ရတယ်။

    ရခိုင်ပြည်နယ် စစ်မျက်နှာမှာ စစ်မီးတောက် ပိုပြင်းထန်လာသလို မြေပြန့် ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း အနောက်ပိုင်းတို့မှာ စစ်ရေး အရှိန်မြင့်မားလာတာဟာ စစ်ကော်မရှင်ရဲ့ အခြေအနေမှန်ကို ဖော်ပြနေတယ်။

    ဒါကတော့ စစ်ကော်မရှင်ဟာ မြေပြင် စစ်ပွဲတွေမှာ ၁၀၂၇ စစ်ဆင်ရေး ကနဦး ကာလတွေလို ကျရှုံးနေဆဲဖြစ်တယ် ဆိုတာကို ပြသနေတယ်။ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်ဟန့်တားမှုသာ မပါခဲ့ရင် မန္တလေး၊ နေပြည်တော်အထိ ခြိမ်းခြောက်နေပြီဖြစ်တယ်။

    အခုတကြိမ် စစ်မျက်နှာ အသီးသီးရဲ့ ထိုးစစ်မှာ တရုတ် ကျောထောက်နောက်ခံ မပါတော့ဘူး။

    ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ အခြေကျနေပြီ ဖြစ်သလို ကျန်စစ်မျက်နှာ အသီးသီးက တော်လှန်ရေး တပ်တွေ ကလည်း ပြီးခဲ့တဲ့ နှစ်များက အခြေအနေနဲ့ ကွာခြားသွားခဲ့ပြီ။

    တော်လှန်ရေး တပ်တွေ စစ်ရေးအတွေ့အကြုံ၊ စုဖွဲ့မှု အတွေ့အကြုံ ပိုမိုအားကောင်းပြီး ပိုမိုစနစ်ကျလာတာနဲ့အမျှ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လျော့တိလျော့လျဲ ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင် တပ်ကို အလွယ်တကူ အသာစီး တိုက်ခိုက်နိုင်လို့ စစ်ကော်မရှင်ဘက်က ကျဆုံးမှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်လာတယ်။

    ရွေးကောက်ပွဲက ဥုံဖွ မန်းလို့ အရာရာ ပျောက်ကင်းမယ်လို့ စစ်ကော်မရှင်က မျှော်လင့်နေပုံရတယ်။

    တရုတ်ကလည်း ရွေးကောက်ပွဲကို ဆေးခါးကြီးလို ထင်မှတ်ထားပုံရတယ်။ ရွေးကောက်ပွဲပြီးရင် တော်လှန်ရေး အုပ်စုတွေ တဖြည်းဖြည်း ပြိုကွဲ၊ နောက်ဆုံးမှာ တရုတ်အလိုကျ ယူနီဖောင်းချွတ် ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းလို့ မြန်မာပြည်ကို စိတ်ကြိုက် ချယ်လှယ်ဖို့ ကြံရွယ်ထားတယ်။

    စစ်ကော်မရှင်က ရွေးကောက်ပွဲ အလွန်မှာ သူ့ရဲ့ တရားဝင်မှု ရရှိမယ်လို့ မျှော်လင့်ထားသလို တော်လှန်ရေး အုပ်စုတွေလည်း တဖြည်းဖြည်း ပြိုကွဲပြီး တသက်လုံး သူတို့ အုပ်ချုပ်သွားရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

    လက်တွေ့မှာ ဒီအခြေအနေတွေ ဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ခြေ နည်းနေပြီဆိုတာ လက်ရှိမြေပြင် အခြေအနေ၊ နိုင်ငံတကာ အခြေအနေတွေက ပြသနေတယ်။

    စစ်ကော်မရှင်ရဲ့အတုအယောင် ရွေးကောက်ပွဲဟာ ကုလသမဂ္ဂရဲ့ ထောက်ခံမှု မရသလို၊ အာဆီယံ နိုင်ငံများရဲ့ ထောက်ခံမှုလည်း မရရှိခဲ့ဘူး။

    ဒီရွေးကောက်ပွဲ အလွန်မှာ တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ နိုင်ငံအချို့က ထောက်ခံမှု ပေးနိုင်ပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှုကတော့ ရနိုင်ဖွယ် မရှိဘူး။

    ရွေးကောက်ပွဲ တခြမ်းပဲ့နဲ့ ဖြစ်ပေါ်လာတဲ့ ယူနီဖောင်းချွတ် စစ်အသွင်ပြောင်း အစိုးရ အဖြစ်နဲ့သာ ဆက်ရှိနေဦးမှာ ဖြစ်တယ်။

    အာဆီယံအဖွဲ့ ဥက္ကဌသစ် ဖြစ်လာတဲ့ ဖိလစ်ပိုင်ကလည်း ယခင်ကတည်းက ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ် အတိုင်း ဆက်လက်ကိုင်စွဲထားမယ်လို့ ဆိုထားတဲ့အတွက် အာဆီယံရဲ့ နိုင်ငံရေး ပလက်ဖောင်း ကိုလည်း တက်ရောက်ခွင့် ရဦးမှာ မဟုတ်သလို လက်ရှိ ပြည်တွင်း တော်လှန်ရေး စစ်မျက်နှာ မှာလည်း စစ်ပွဲ အရှိန်အဟုန်က ဆက်ပြီး မြင့်မားနေဦးမယ့် အခြေအနေမှာ ရှိနေတယ်။

    ရွေးကောက်ပွဲအလွန်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ စစ်ကော်မရှင်က ယူဆထားတယ်။ တရုတ်ကလည်း ရွေးကောက်ပွဲအလွန် တည်ငြိမ်တဲ့ မိမိစိတ်ကြိုက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မျှော်လင့်ထားတယ်။

    ဗင်နီဇွဲလား အာဏာရှင် မာဒူရိုကို စစ်ရေးနည်းနဲ့ ဖယ်ရှားလိုက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်နဲ့အတူ ကမ္ဘာ့ အစီအစဉ်တွေဟာ ပြောင်းလဲလာနေတယ်။

    ဩဇာနယ်ပယ် ချဲ့ထွင်လာနေတဲ့ တရုတ်ဟာ ကမ္ဘာ့ အရေးတွေမှာ ထင်တိုင်းကြဲလို့ မရဘူးဆိုတာ ဒေါ်နယ်ထရမ့်က သတိပေးလိုက်တယ်။

    လတ်တလော ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ ပြည်တွင်း တော်လှန်ရေး အုပ်စုများ အားကောင်းလာမှုနဲ့ ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေးဟာ စစ်ခေါင်းဆောင် မျှော်လင့်သလို ထွက်ပေါက် မဟုတ်ဘဲ ချောက်ကမ္ဘား ဖြစ်လာနေတာ မြင်တွေ့ နေရတယ်။

    ✍နွေနေ