တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။

ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။

ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။

ဘယ်အရာမှ ပုံသေမရှိ။

ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။

ကာရစ်ဘီယံ ပင်လယ်ပြင်မှာ ဗင်နီဇွဲလား မူးယစ်ဆေးဝါး လှေတွေကို ပစ်ခတ် နှစ်မြှုပ်နေရာကအစ၊ ရေနံတင်သင်္ဘော တွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာ၊ စစ်ပြင်နေတာဟာ ဗင်နီဇွဲလားကို ဝင်သိမ်းတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

ကြိုတင် မျှော်လင့်ထားတဲ့အတိုင်းပဲ အမေရိကန်တပ်တွေဟာ ဗင်နီဇွဲလား နိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်။

ဒါပေမယ့် ကမ်းတက် မြေပြင်တပ်တွေ ဝင်ရောက်သွားတာ မဟုတ်ဘဲ အထူးစစ်ဆင်ရေး (Delta Force) တပ်တွေကသာ ဝင်ရောက်သွားတာဖြစ်တယ်။ စစ်ဆင်ရေး အချိန် ၂ နာရီအတွင်း မာဒူရို နဲ့ ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့တယ်။

ဗင်နီဇွဲလား စစ်တပ်ဟာ အငိုက်မိသွားတယ်။ သတိလည်လာချိန်မှာ ခေါင်းဆောင် မာဒူရို နဲ့ ဇနီးတို့ အမေရိကန် လက်ထဲ ပါသွားပြီ။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူ ကြိုတင် ခန့်မှန်းနိုင်ခဲ့သလဲ။

နိုင်ငံတနိုင်ငံရဲ့ ဦးခေါင်းကို ဖြတ်ယူလိုက်ခြင်းဟာ စစ်ပွဲကြီးတပွဲ ဆင်နွှဲစရာမလိုဘဲ အဲဒီနိုင်ငံကို သိမ်းပိုက်လိုက်တာပဲ ဆိုတာကို ခေတ်သစ် အမေရိကန် စစ်ရေး မဟာဗျူဟာက ပြသလိုက်တယ်။

နိုင်ငံရေး ချိန်ခွင်လျှာဟာ ချက်ချင်း ပြောင်းလဲသွားတယ်။ ရန်သူပြိုင်ဘက်နိုင်ငံတွေ အထိတ်တလန့် ဖြစ်သွားတယ်။

ရုရှား အလံတင် ရေနံတင် သင်္ဘောကို အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဖမ်းဆီးခဲ့တယ်။
ဗင်နီဇွဲလားရဲ့ တရုတ်ရေနံတင်ပို့မှုကို ဖြတ်တောက်ပစ်လိုက်တယ်။ အင်အားပြိုင်ဘက် နှစ်နိုင်ငံ အငိုက်မိသွားတယ်။ နှုတ်အားဖြင့် ကန့်ကွက်ရုံမှတပါး၊ နှုတ်အားဖြင့် ပြစ်တင်ရှုတ်ချရုံမှတပါး လက်တွေ့တုန့်ပြန်မှုမှု မပြုနိုင်ဘဲ ငြိမ်ကုပ် နေကြတယ်။

သိပ်မကြာခင်မှာပဲ ဂရင်းလန်းကျွန်းကို ဘယ်နည်းနဲ့ရရ ရအောင်ယူမယ်လို့ ဆိုလာပြန်တယ်။ ဒေါ်နယ်ထရမ့်က ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်က မထိန်းချုပ်နိုင်ရင် ရုရှား နဲ့ တရုတ်က ထိန်းချုပ် သွားမယ်လို့ ဆိုတယ်။

ဒါက ဗင်နီဇွဲလားဖြစ်စဉ် အပြီးမှာ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အကြောင်းအရာတွေပါ။ ဒါတွေဟာ ၂၀၂၆ နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ဖြစ်သွားခဲ့တာ။ ဒီဖြစ်စဉ် ပေါ်ပေါက်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။

နိုင်ငံရေးဟာ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုတဲ့အတိုင်း ဘာမှ ကြိုတင် ခန့်မှန်းလို့မရ။ တရားသေ ပြောလို့ မရ။ ပိုင်ပြီဆိုပြီး လုပ်လို့မရ။

အာဏာရှင် ခေါင်းဆောင်တဦးကို စစ်ရေးနည်းနဲ့ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး ဖမ်းဆီးပြလိုက်တဲ့ အခါ ကမ္ဘာမှာ အာဏာကို မတရားရယူထားတဲ့၊ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်ရေးနည်းနဲ့ လက်နက်အားကိုးပြီး အာဏာ ရယူထားတဲ့ ခေါင်းဆောင်တွေ တုန်လှုပ်သွားကြတယ်။
စစ်အာဏာရှင်တွေ အထိတ်တလန့် ဖြစ်သွားကြတယ်။

အလားတူ အင်အားပြိုင်ဘက် နိုင်ငံတွေလည်း ရှေ့ခြေတလှမ်းတိုးဖို့ တွန့်ဆုတ်သွားကြတယ်။ တရုတ်ဟာ BRI ခေါင်းစဉ်နဲ့ အနောက်ကမ္ဘာကို လွှမ်းမိုးဖို့ ခြေလှမ်းပြင်နေရာက တန့်သွားတယ်။

အမေရိကန်ရဲ့ ဗင်နီဇွဲလား စစ်ဆင်ရေးဟာ တရုတ်နဲ့ ရုရှားကို Shock ရသွားစေတယ်။ အထူးသဖြင့် နိုင်ငံငယ်တွေ အပေါ် ဩဇာလွှမ်းမိုး ဖြန့်ကျက်လာတဲ့ တရုတ်ကို ဟန့်နိုင်ခဲ့တယ်။

အမေရိကန်ရဲ့ ဗင်နီဇွဲလား စစ်ဆင်ရေးဟာ အာဏာကို မတရားရယူ သိမ်းပိုက်ထားတဲ့ မြန်မာ စစ်ခေါင်းဆောင် အတွက် အိပ်မက်ဆိုးတခု ဖြစ်သွားတယ်။

မြန်မာ စစ်ခေါင်းဆောင်ဟာ ကျင်းပနေဆဲ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်တခုလို့ ယူဆထားတယ်။ ကိုယ် လိုချင်သလို ပုံဖော်ထားတဲ့ ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးလို့ ယူဆနေပုံရတယ်။

မြန်မာ စစ်ခေါင်းဆောင်ဟာ ကျင်းပနေဆဲ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်တခုလို့ ယူဆထားတယ်။ ကိုယ် လိုချင်သလို ပုံဖော်ထားတဲ့ ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးလို့ ယူဆနေပုံရတယ်။

ဒါပေမယ့် လက်ရှိ မြေပြင် အခြေအနေဟာ စစ်ခေါင်းဆောင် စိတ်ကူးယဉ်နေသလို ဖြစ်လာမယ့် အနေအထားကို ရောက်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးဆိုတာ တွေ့ရတယ်။

၂၀၂၄ ညီနောင် သုံးဖွဲ့နဲ့ မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေး အပြီးမှာ လက်ရှိ စစ်ကော်မရှင်ရဲ့ အာဏာ သက်ရောက်မှုဟာ နေပြည်တော်၊ မန္တလေး နဲ့ ရန်ကုန်၊ ဧရာဝတီ လောက်ပဲ ကျန်ပါတော့တယ်။

စစ်တိုင်း နှစ်တိုင်း ကျရှုံးသွားပြီး လားရှိုး၊ မိုးကုတ်၊ သီပေါ၊ နောင်ချို၊ မန္တလေးတိုင်း အတွင်းထိ တော်လှန်ရေး အဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်။

လားရှိုး၊ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှစ်ခု ဖွဲ့စည်းပုံ ပျက်သွားတယ်။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး တော်လှန်ရေး အုပ်စုများနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ထိုးစစ်အရှိန် အမြင့်ဆုံး အရောက်မှာ တရုတ်နိုင်ငံက ကြားဝင်လာပြီး မြောက်ပိုင်း ညီနောင်အဖွဲ့ထဲက ကိုးကန့် MNDAA ကို ဆွဲထုတ်သွားတယ်။

၂၀၂၅ ခုနှစ်အတွင်း ပလောင်အဖွဲ့ TNLA ကိုပါ ဆွဲထုတ်သွားတယ်။ လားရှိုး၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ အဓိက မြို့ကြီးတွေကို ပြန်ပေးလိုက်ရတယ်။

ကိုးကန့်၊ ပလောင် နှစ်ဖွဲ့အနေနဲ့ တရုတ်ရဲ့ ဖိအားကို မလွန်ဆန်နိုင်တဲ့အဆုံး သိမ်းပိုက်ပြီးသားမြို့ တချို့ကို ပြန်ပေး လိုက်ရတာ ဖြစ်တယ်။

ဒါဟာ စစ်ကော်မရှင်ရဲ့ အောင်မြင်မှုတော့ မဟုတ်ဘူး။ တရုတ်ရဲ့ Blessing နဲ့ နယ်မြေတချို့ ပြန်ရခဲ့တာ ဖြစ်တယ်။ စစ်တိုက်ယူလို့ ပြန်ရခဲ့တာတော့ မဟုတ်ဘူး။

လက်ရှိ ဖြစ်ပေါ်နေဆဲ ပြည်တွင်းစစ်မှာ စစ်ကော်မရှင်ရဲ့ တခုတည်းသော တိုက်နိုင်စွမ်းက လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု တခုတည်းသာ ဖြစ်တယ်။ မြေပြင်ထိုးစစ်တွေမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ အကျအဆုံး များနေဆဲလည်း ဖြစ်တယ်။

အခု ရက်ပိုင်းအတွင်း ပြည်တွင်း မြေပြင်အခြေအနေကို ကြည့်ရင် စစ်ကိုင်းတိုင်း ကသာမြို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက် နိုင်ခဲ့သလို စစ်ကော်မရှင်တပ်ဟာ ဗန်းမော်ကိုလည်း မထိန်းချုပ်နိုင်သေးဘူး။

ရခိုင်ပြည် စစ်မျက်နှာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ပွဲက စစ်တွေ၊ ကျောက်ဖြူ မြို့များနဲ့ ပိုမိုနီးကပ်လာတယ်။

မြေပြန့်စစ်မျက်နှာမှာ ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ မကွေးတိုင်း အနောက်ဘက်ခြမ်းမှာ တော်လှန်ရေး အုပ်စုတွေ အရှိန်လျော့ကျသွားခြင်း မရှိသလို ချင်းပြည်နယ်ကိုလည်း ချင်းတော်လှန်ရေး တပ်တွေက ပြည်နယ် တခုလုံးနီးပါး ထိန်းချုပ် ထားတယ်။

စစ်ကော်မရှင်ဟာ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကို ကျင်းပနေတာဖြစ်တယ်။ အပိုင်း (၁) ကို ကျင်းပပြီးတဲ့အခါ သူတို့ ပုံဖော်ထားတဲ့ အတိုင်း ရလဒ်ထွက်လာတယ်။ အပိုင်း (၂)၊ အပိုင်း (၃) တွေကို ဆက်လက်ကျင်းပပြီးတဲ့အခါ သူတို့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း အာဏာကို ပုံစံပြောင်း ရယူမယ်။

ယူနီဖောင်းချွတ် အရပ်သားဟန်ဆောင် အစိုးရ ဖွဲ့လိုက်ပြီးရင် ကမ္ဘာက ငါတို့ကို လက်ခံပြီ။ တရားဝင်ဖြစ်ပြီလို့ ယူဆထားပုံ ရတယ်။

ရွေးကောက်ပွဲ အပိုင်း (၂) မကျင်းပခင် အချိန်လေးမှာ တော်လှန်ရေးအဖွဲ့ အသီးသီးရဲ့ စစ်ရေး အရှိန်အဟုန် ရုတ်တရက် ပြန်လည် မြင့်မားလာတာ တွေ့ရတယ်။

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ စစ်မီးတောက် ပိုပြင်းထန်လာသလို မြေပြန့် ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း အနောက်ပိုင်းတို့မှာ စစ်ရေး အရှိန်မြင့်မားလာတာဟာ စစ်ကော်မရှင်ရဲ့ အခြေအနေမှန်ကို ဖော်ပြနေတယ်။

ဒါကတော့ စစ်ကော်မရှင်ဟာ မြေပြင် စစ်ပွဲတွေမှာ ၁၀၂၇ စစ်ဆင်ရေး ကနဦး ကာလတွေလို ကျရှုံးနေဆဲဖြစ်တယ် ဆိုတာကို ပြသနေတယ်။ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်ဟန့်တားမှုသာ မပါခဲ့ရင် မန္တလေး၊ နေပြည်တော်အထိ ခြိမ်းခြောက်နေပြီဖြစ်တယ်။

အခုတကြိမ် စစ်မျက်နှာ အသီးသီးရဲ့ ထိုးစစ်မှာ တရုတ် ကျောထောက်နောက်ခံ မပါတော့ဘူး။

ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ အခြေကျနေပြီ ဖြစ်သလို ကျန်စစ်မျက်နှာ အသီးသီးက တော်လှန်ရေး တပ်တွေ ကလည်း ပြီးခဲ့တဲ့ နှစ်များက အခြေအနေနဲ့ ကွာခြားသွားခဲ့ပြီ။

တော်လှန်ရေး တပ်တွေ စစ်ရေးအတွေ့အကြုံ၊ စုဖွဲ့မှု အတွေ့အကြုံ ပိုမိုအားကောင်းပြီး ပိုမိုစနစ်ကျလာတာနဲ့အမျှ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လျော့တိလျော့လျဲ ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင် တပ်ကို အလွယ်တကူ အသာစီး တိုက်ခိုက်နိုင်လို့ စစ်ကော်မရှင်ဘက်က ကျဆုံးမှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်လာတယ်။

ရွေးကောက်ပွဲက ဥုံဖွ မန်းလို့ အရာရာ ပျောက်ကင်းမယ်လို့ စစ်ကော်မရှင်က မျှော်လင့်နေပုံရတယ်။

တရုတ်ကလည်း ရွေးကောက်ပွဲကို ဆေးခါးကြီးလို ထင်မှတ်ထားပုံရတယ်။ ရွေးကောက်ပွဲပြီးရင် တော်လှန်ရေး အုပ်စုတွေ တဖြည်းဖြည်း ပြိုကွဲ၊ နောက်ဆုံးမှာ တရုတ်အလိုကျ ယူနီဖောင်းချွတ် ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းလို့ မြန်မာပြည်ကို စိတ်ကြိုက် ချယ်လှယ်ဖို့ ကြံရွယ်ထားတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ အလွန်မှာ သူ့ရဲ့ တရားဝင်မှု ရရှိမယ်လို့ မျှော်လင့်ထားသလို တော်လှန်ရေး အုပ်စုတွေလည်း တဖြည်းဖြည်း ပြိုကွဲပြီး တသက်လုံး သူတို့ အုပ်ချုပ်သွားရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

လက်တွေ့မှာ ဒီအခြေအနေတွေ ဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ခြေ နည်းနေပြီဆိုတာ လက်ရှိမြေပြင် အခြေအနေ၊ နိုင်ငံတကာ အခြေအနေတွေက ပြသနေတယ်။

စစ်ကော်မရှင်ရဲ့အတုအယောင် ရွေးကောက်ပွဲဟာ ကုလသမဂ္ဂရဲ့ ထောက်ခံမှု မရသလို၊ အာဆီယံ နိုင်ငံများရဲ့ ထောက်ခံမှုလည်း မရရှိခဲ့ဘူး။

ဒီရွေးကောက်ပွဲ အလွန်မှာ တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ နိုင်ငံအချို့က ထောက်ခံမှု ပေးနိုင်ပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှုကတော့ ရနိုင်ဖွယ် မရှိဘူး။

ရွေးကောက်ပွဲ တခြမ်းပဲ့နဲ့ ဖြစ်ပေါ်လာတဲ့ ယူနီဖောင်းချွတ် စစ်အသွင်ပြောင်း အစိုးရ အဖြစ်နဲ့သာ ဆက်ရှိနေဦးမှာ ဖြစ်တယ်။

အာဆီယံအဖွဲ့ ဥက္ကဌသစ် ဖြစ်လာတဲ့ ဖိလစ်ပိုင်ကလည်း ယခင်ကတည်းက ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ် အတိုင်း ဆက်လက်ကိုင်စွဲထားမယ်လို့ ဆိုထားတဲ့အတွက် အာဆီယံရဲ့ နိုင်ငံရေး ပလက်ဖောင်း ကိုလည်း တက်ရောက်ခွင့် ရဦးမှာ မဟုတ်သလို လက်ရှိ ပြည်တွင်း တော်လှန်ရေး စစ်မျက်နှာ မှာလည်း စစ်ပွဲ အရှိန်အဟုန်က ဆက်ပြီး မြင့်မားနေဦးမယ့် အခြေအနေမှာ ရှိနေတယ်။

ရွေးကောက်ပွဲအလွန်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ စစ်ကော်မရှင်က ယူဆထားတယ်။ တရုတ်ကလည်း ရွေးကောက်ပွဲအလွန် တည်ငြိမ်တဲ့ မိမိစိတ်ကြိုက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မျှော်လင့်ထားတယ်။

ဗင်နီဇွဲလား အာဏာရှင် မာဒူရိုကို စစ်ရေးနည်းနဲ့ ဖယ်ရှားလိုက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်နဲ့အတူ ကမ္ဘာ့ အစီအစဉ်တွေဟာ ပြောင်းလဲလာနေတယ်။

ဩဇာနယ်ပယ် ချဲ့ထွင်လာနေတဲ့ တရုတ်ဟာ ကမ္ဘာ့ အရေးတွေမှာ ထင်တိုင်းကြဲလို့ မရဘူးဆိုတာ ဒေါ်နယ်ထရမ့်က သတိပေးလိုက်တယ်။

လတ်တလော ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ ပြည်တွင်း တော်လှန်ရေး အုပ်စုများ အားကောင်းလာမှုနဲ့ ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေးဟာ စစ်ခေါင်းဆောင် မျှော်လင့်သလို ထွက်ပေါက် မဟုတ်ဘဲ ချောက်ကမ္ဘား ဖြစ်လာနေတာ မြင်တွေ့ နေရတယ်။

✍နွေနေ


Leave a Reply

Your email address will not be published. Required fields are marked *