Author: Baby Yit Lone

  • သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြ

    သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြ

    PDF ကိုကြောက်သဖြင့် သထုံနှင့် ကျိုက်ထိုအခြေစိုက်ပါတီများ ပြည်သူ မျက်စိနောက်အောင် မလုပ် ရဲကြသေးဟုဆို

    PDF စိုးမိုးနယ်မြေရှိသော သထုံနှင့် ကျိုက်ထိုမြို့တို့တွင် တရားမဝင်ရွေးကောက်ပွဲဝင်မည့် နိုင်ငံ ရေး ပါတီများသည် ပြည်သူ မျက်စိနောက်အောင် မလုပ်ရဲကြသေးဘဲ ငြိမ်နေကြောင်း သိရသည်။

    PDFစိုးမိုးထိန်းချုပ်နယ်မြေ ရာခိုင်နှုန်း ၄၀ ခန့်စီ ရှိသော သထုံနှင့် ကျိုက်ထိုမြို့နယ်တို့သည် ဒီဇင်ဘာ ၂၈ ရက်၊ရွေးကောက်ပွဲအပိုင်း ၁ ပြုလုပ်မည့် မြို့နယ်တို့တွင် ပါဝင်ပြီး ပါတီ ၅ ခုထက်မနည်း မြို့နယ်ရုံး များ ဖွင့်လှစ်ထားသော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိသေးကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ ထံက သိရသည်။

    “PDF တွေကို ကြောက်တာလည်း ပါမှာပေါ့။ပြီးတော့ သထုံမှာဆိုရင် ပါတီ၆ခုရဲ့မြို့နယ်ရုံးတွေရှိပေမဲ့ အရင်ကတည်းက ဖွင့်ထားတဲ့ရုံးတွေ။မြို့နယ်၂ခုစလုံး ပါတီတွေ ဘာမှ မလှုပ်ရှားဘူး။သိုသိုသိပ်သိပ် ရုံး တက်ရုံးဆင်းပဲရှိတယ်”ဟု မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။

    သထုံမြို့တွင် ပြည်ခိုင်ဖြိုးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ပါတီ၊ပြည်သူ့ရှေ့ ဆောင်ပါတီ၊ကရင်ပြည်သူ့ပါတီနှင့် ပအို့ဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးများရှိပြီး ကျိုက်ထို မြို့တွင်လည်း ပါတီ၅ခုဝန်းကျင်၏ ရုံးများရှိကြောင်း သိရသည်။

    သထုံမြို့ရှိ ပါတီများမှာ ဒေသခံပြည်သူတို့က မကြည်ဖြူမှန်းသိသဖြင့် ပြည်သူနှင့်မျက်နှာချင်းဆိုင်ရန် ဝန်လေးနေကြသည်ဟုထင်ကြောင်း သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးကဆိုသည်။

    “ဘာမှမဖမ်းဘူးဆိုတာ သေချာတယ်ဆိုရင် သထုံပြည်သူတွေ ထွေးတဲ့ တံတွေးနဲ့တင် ပါတီရုံးထဲ မျောသွားမယ်။ ပြည်သူတွေ မကြည်ဖြူမှန်း သူတို့ကိုယ်သူတို့လည်း သိတယ်”ဟု ၎င်းက ပြောသည်။

    ၂၀၂၀ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သည့် သထုံမြို့နယ်ကိုယ်စားပြု ပြည်သူ့ပါတီအမတ် လောင်းများသာ တရားမဝင် စစ်ကော်မရှင်ရွေးကောက်ပွဲကို ဝင်ပြိုင်ဦးမည်ဟု စောထူးအောင်က ပြောသည်။

    “၂၀၂၀ တုန်းက သထုံမှာ ပြည်သူ့ပါတီက ရတဲ့မဲ ၃၀ တောင်မရှိဘူး။အခုလည်း သူတို့ပဲ ထပ်ပြိုင်မယ် လို့ သိထားတယ်”ဟု ၎င်းက ပြောသည်။

    သထုံမြို့၊မြသပိတ်တောင်၏ အရှေ့ခြမ်းကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး မြသပိတ်တောင် အနောက်ခြမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားသည်။

    တရားမဝင်ရွေးကောက်ပွဲအပိုင်း ၁ ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊မော်လ မြိုင်နှင့်သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ ရက်၌ ပြုလုပ်သွားမည်ဖြစ်သည်။

  • ဒဂုံဆိပ်ကမ်းမြို့နယ်ရဲရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ

    ဒဂုံဆိပ်ကမ်းမြို့နယ်ရဲရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ

    ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ရဲတပ်ဖွဲ့မှူးရုံး ဩဂုတ် ၂၂ ရက်ညက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ရဲ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

    ပဲခူးမြစ်လမ်းနဲ့ ကျွန်းရွှေဝါလမ်းထောင့်မှာရှိတဲ့ ရဲရုံးကို မနေ့ည ၈ နာရီမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရတဲ့ရဲတွေကို ဆေးရုံပို့လိုက်တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေဆီက သိရပါတယ်။

    Mother Son Yangon Force မြို့ပြပြောက်ကျားတာဝန်ခံ ဘိုနိုင်က “ဒဂုံဆိပ်ကမ်း ပအဖအဖွဲ့နဲ့ ပူးပေါင်းပြီး လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ပထမ တလုံးက မကွဲဘူး။ နောက်တလုံးမှာကွဲခဲ့ပြီး ရဲ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဂိတ်ဝတည့်တည့်မှာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေပါရှိတယ် အနီးအနားမှာလည်း ရဲစခန်းတခုရှိတယ်။ အဓိက လုပ်ဆောင်ခဲ့တာကတော့ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေ၊ ရွေးကောက်ပွဲကို ပူးပေါင်းကြံစည်နေတာတွေ လုပ်ဆောင်နေလို့ အခုလိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ကလုပ်ဆောင်မယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့သူမှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမှာ” လို့ ပြောပါတယ်။

    တိုက်ခိုက်တဲ့အချိန်က ရဲတပ်ဖွဲ့မှူးရုံးမှာ ခရိုင်ရဲတပ်ဖွဲ့မှူးပါရောက်ရှိနေတယ်လို့သိရပြီး ဗုံးက ဂိတ်ဝကိုကျရောက်ပေါက်ကွဲတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ယောက်ပဲ ထိခိုက်ခဲ့တာလို့ မြို့ပြယူဂျီ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

  • ကျုံပျော်က ခလရ ၃၆ တပ်ရင်းမှူးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

    ကျုံပျော်က ခလရ ၃၆ တပ်ရင်းမှူးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

    ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်အမှတ် ၃၆ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးကို စစ်ကောင်စီက လာဘ်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    တပ်ရင်းမှူးကို လာဘ်စားမှုအပါအဝင် အမှု ၄ ခုထက်မနည်းနဲ့ သြဂုတ် ၁၉ ရက်က စလို့ စစ်ကောင်စီရဲ့စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။

    တပ်ရင်းနဲ့ နီးစပ်သူတယောက်က “အထက်အမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဟုတ်ပါတယ်။ စစ်မှုထမ်း အရောင်းအဝယ်ကိစ္စ၊ အစားထိုးငွေတောင်းတဲ့ကိစ္စ၊ တပ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေအပြင် စစ်အသုံးစရိတ် ကိစ္စတွေနဲ့ စစ်နေတာလို့သိရတယ်” လို့ ပြောပါတယ်။

    စရဖက တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မိသားစုဝင်တချို့နဲ့ ဆက်စပ်သူ တပ်အရာရှိအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကျုံပျော်မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “နောက်ထပ်တော့ သတင်းတော့ ထပ်မကြားရသေးဘူး။ စစ်ဆေးခံနေရတာကဟုတ်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်ရင်းမှူးတွေပေါင်းလုပ်တဲ့ လာဘ်ငွေယူပြီး စစ်မှုထမ်း အစားထိုးကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက စစ်ဆေးတာပါတယ်” လို့ ပြောပါတယ်။

    ကျုံပျော်အခြေစိုက် တပ်ရင်းမှူးနဲ့ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးပေါင်းပြီး စစ်မှုထမ်း အပတ် စဉ် ၉ နဲ့ ၈ မှာ အရပ်သားတွေကို ဖမ်းဆီးပြီး တခြားဒေသတွေကို ရောင်းစားခဲ့တယ်သေးတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို ဖောက်ခွဲ ရှင်းလင်း

    ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို ဖောက်ခွဲ ရှင်းလင်း

    ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် လက်နက်ထုတ်လုပ်ရေးစက်ရုံ- ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မီးတိုင်များကို ဖောက်ခွဲ ရှင်းလင်း

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ လက်နက်ထုတ်လုပ်ရေးစက်ရုံ- ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ် မီးတိုင်းများအား ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း ဆိပ်ဖြူ ကျားဇိုးပြောက်ကျားမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကို သွယ်တန်းထားသော မီးတိုင်များအား တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခြင်းသည် ကပစ ၂၂ မှ လက်နက်ခဲယမ်းများ၊ ဗုံးများ ထုတ်လုပ်ပြီး အရပ်သားပြည်သူများကို ပစ်ခတ် ဗုံးကျဲ သတ်ဖြတ် နေခြင်းကြောင့် လက်နက်ခဲယမ်းများ ဆက်လက် မထုတ်လုပ်နိုင်ရန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်ရှိအချိန်အထိ လျှပ်စစ် မီးတိုင်များကို လာရောက် ပြင်ဆင်ခြင်းမရှိသေးဘဲ စစ်ကြောင်း ထွက်လာပါက တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

    “ကျနော်တို့ ဩဂုတ်လ ၁၇ ရက်နေ့ မိုးရွာတွေနေတဲ့ ကြားထဲက သွားရောက် မိုင်းဆွဲ ရှင်းလင်းခဲ့တာပေါ့။ စစ်ခွေးတွေကတော့ အခုထိ လာရောက် ပြင်ဆင်ခြင်းမရှိသေးဘူး။ စစ်ခွေး စစ်ကြောင်းတွေ လှုပ်ရှားနေတာတွေလည်းရှိတော့ ကျနော်တို့ ဒီမီးလိုင်းကို မရရအောင် ဖြတ်တောက်ရတာပေါ့။ ဒီ ကပစ ၂၂ က ထုတ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ မကြာခဏ လုပ်နေတဲ့ အတွက် ကျနော်တို့ မီးလိုင်းကို ဖြတ်တောက် တိုက်ခိုက်ခဲ့တာပါ” ဟု ဆိပ်ဖြူ ကျားဇိုးပြောက်ကျားမှ တာဝန်ရှိသူ က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ မြောက်ပိုင်း တပ်ဖွဲ့၊ ပေါက်မြို့နယ် ပကဖ နှင့် ဆိပ်ဖြူ ကျားဇိုးပြောက်ကျား တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- တော်လှန်ရေးတပ်တချို့က စစ်တပ်ထံသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်တချို့ကို ရှင်းလင်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူး ပြောတဲ့ ထန်းရှောက်ခံရွာ ဖြစ်စဉ်  (ရုပ်သံ)

    ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူး ပြောတဲ့ ထန်းရှောက်ခံရွာ ဖြစ်စဉ် (ရုပ်သံ)

    ထန်းရှောက်ခံကျေးရွာရှိ လူသေအလောင်းများမှာ အကြမ်းဖက်စစ်သားများ၏ အလောင်းများသာဖြစ်ကြောင်း ကျေးရွာသားများ အခိုင်အမာပြောဆို

    ‎ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ တန်းလျှောက်ခံ (ထန်းရှောက်ခံ)ကျေးရွာရှိ အလောင်းများမှာ အကြမ်းဖက်စစ်သားများ၏ လူသေအလောင်းများသာဖြစ်သည်ဟု ‌ကျေးရွာသားများက အခိုင်အမာပြောဆိုကြသည်။



    ‎ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က သတင်းသမားများသည် အဆိုပါကျေးရွာသို့ သွားရောက်ပြီး မြေပြင်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာသားများနှင့် တွေ့ဆုံမေးမြန်းစဉ် ထိုအလောင်းများမှာ အကြမ်းဖက်စစ်သားများ၏ အလောင်းများသာဖြစ်ကြသည်ဟု ဆိုသည်။

    ‎ထိုအလောင်းများရှိသည့်နေရာတွင် အရပ်သားများ၏ အသုံးအဆောင်၊ အဝတ်အစားများအား မတွေ့ရဘဲ အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ဦးထုပ်၊ အီကွေ့မန့်၊ စစ်အင်္ကျီ၊ စစ်တပ်သုံး ရေဗူးနှင့် အရိုးစုအချို့ကို သတင်းသမားများက တွေ့ရှိခဲ့ကြရသည်။

    ‎ထို့အပြင် မွတ်ဆလင်အရေးလှုပ်ရှားနေသည့် ပြည်ပရောက် ဦးနေဆန်းလွင်တို့ စွပ်စွဲထားသလို ၂ဝ၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တန်းလျှောက်ခံကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမှုလည်း မရှိသလို အစုလိုက်အပြုံလိုက် လူသေဆုံးမှုလည်း မရှိကြောင်း ရွာသားများက ပြောသည်။



    ‎၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅)မှ တပ်ဆုတ်လာသည့် အကြမ်းဖက်စစ်တပ်မှ တပ်သားများသည် တန်းလျှောက်ခံကျေးရွာတွင် တပ်စွဲခဲ့ကြသည်။

    ‎ထိုသို့ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် အာရက္ခတပ်တော် (AA)သည် ဦးလှဖေကျေးရွာအနီးမှ အသံချဲ့စက်ဖြင့်အော်ပြီး မွတ်ဆလင်ကျေးရွာသားများအား ကယ်ထုတ်ခဲ့သည့် ရုပ်သံဖိုင်များကိုလည်း တွေ့ရှိခဲ့ရသည်။

    ‎ထိုနေ့တွင် အကြမ်းဖက်စစ်တပ်၏ ဘူးသီးတောင်ဗျူဟာကုန်းဖက်မှပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် ရွာသားအနည်းငယ် ထိခိုက်‌သေဆုံးမှု ရှိသည်ကလွဲ၍ ပြည်ပရောက် မွတ်ဆလင်များစွပ်စွဲထားသလို အစုလိုက်၊ အပြုံလိုက် အသတ်ခံရမှုမရှိဟု တန်း‌လျှောက်ခံ (ထန်းရှောက်ခံ)ကျေးရွာ ရပ်မိရပ်ဖ ဦးဇော်လော်ဒိန်က ပြောသည်။



    ‎”အာရက္ခတပ်တော်က ကျနော်တို့ရွာက လူပေါင်း ၆၀၀ လောက်ကို သတ်လိုက်တယ်လို့ ပြောတာကို ကျနော်တို့ လုံးဝလက်မခံ၊ ဒါက လုံးဝမဟုတ်ဘူး။ ရွာသားတွေက မသေဘူး။ မွတ်ဆလင် လက်နက်ကိုင်ပြည်သူ့စစ်တွေရှိတယ်။ သူတို့နည်းနည်းပါးပါး သေပါတယ်” ဟု ပြောသည်။

    တန်းလျှောက်ခံ (ထန်းရှောက်ခံ)ကျေးရွာသည် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၅၁ နှင့် သုံးဖာလုံခန့်အကွာတွင်တည်ရှိပြီး ရွာတောင်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲနေထိုင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။”မေလ (၂) ရက်နေ့မှာ တပ်မက စစ်ကောင်စီတပ်သား ၂၀၀ လောက်က ကျနော်တို့ရွာကို ဝင်လာတယ်။ အရင်တုန်းကလည်း ခမရ (၅၅၁)က ရွာတောင်ပိုင်းမှာ တပ်တစ်ခု စွဲထားတာရှိပါတယ်။ ကျနော်တို့ရွာသားကို ထွက်ပြေးခွင့်မပေးဘူး။ ဗမာစစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ မွတ်ဆလင်လူမျိုး ပြည်သူ့စစ်တွေလည်း ပါတယ်” ဟု သူက ဆက်ပြောသည်။

    စစ်ကောင်စီလက်ထက်မှစ၍ ယခုချိန်ထိ ကျေးရွာဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် ဆော်ယောဒ်ဟူဆောန်ကလည်း အာရက္ခတပ်တော်၏ ဆော်ဩမှုနောက်ကို ကျေးရွာသားများ လိုက်ခဲ့ကြပြီး ယခုကျေးရွာအနီးတွင် ရှိနေသည့် အရိုးစုများမှာ အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင်များ၏ အလောင်းများသာဖြစ်သည်ဟု ဆိုသည်။

    “ဒါက အရိုးတွေက အားလုံး ဗမာစစ်တပ်က အရိုးတွေပါ။ မေ ၂ ရက်နေ့မှာ တပ်မက စစ်သား ၂ဝဝ လောက် ဝင်လာပါတယ်။ ပြီးတော့ ရွာသားတွေကို မင်းတို့ မပြေးကြနဲ့။ မင်းတို့ကို တာဝန်ယူမယ်ဆိုပြီးတော့ ပြောတယ်။ နောက်ဆုံးမှာ တာဝန်ယူလို့မရဘူး။ အာရက္ခတပ်တော်က အသံချဲ့စက်နဲ့အော်တယ်။ မိတ်ဆွေတို့ထွက်လာကြပါ။ ငါတို့ကူညီပေးမယ်။ ဒီမှာက တိုက်ပွဲဖြစ်တော့မယ်ဆိုပြီးတော့ အော်တယ်။ မင်းတို့သေသွားရင်လည်း မကောင်းဘူး။ အဲလိုပြော‌တော့ ရွာသားတွေ အားလုံးက သူတို့ရှိရာဆီကို ထွက်ပြေးသွားကြပါတယ်” ဟု ပြောသည်။

    ‎၂ဝ၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ဘူးသီးတောင်အခြေစိုက် စကခ (၁၅)သည် AA ထံ ကျသွားခဲ့ပြီး ဗိုလ်မှူးကြီးများအပါအဝင် တပ်ဖွဲ့ဝင်အချို့သည် ခမရ (၅၅၁) သို့ သွားရောက်ကာ ပူးပေါင်းခဲ့ကြသည်ဟု စကခ (၁၅)မှ ဒုစကခမှူး ကြည်း (၃၃၂၁၆) ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။

    ”ကျနော်တို့ မေ ၂ ရက်နေ့မှာ စကခ (၁၅) ကျပါတယ်။ ကျသွားတဲ့အတွက် ကျနော်တို့ ၅၅၁ ကို သွားရောက်ပူးပေါင်းပါတယ်။ သွားရောက်ပူးပေါင်းတဲ့အချိန်မှာ ကျနော်တို့ တပ်တွေကို အဖွဲ့လိုက် အဖွဲ့လိုက် ခွဲပြီးတော့ ၅၅၁ ကို ဆုတ်ပါတယ်။ ကျနော်နဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးတို့က နောက်ဆုံးကနေ လိုက်ပါပြီး ဆုတ်ခွာပါတယ်။ ကျနော်တို့ တပ်မနဲ့ ၅၅၁ ကြားမှာ ထန်းရှောက်ခံကျေးရွာရှိပါတယ်။ အဲဒီရွာကို ရောက်တဲ့အချိန်မှာ တပ်မ (၂၂) ရဲ့ တပ်အချို့ အင်အင်း (၅၀) လောက်ကို အဲဒီရွာမှာ ဖြန့်ကြက်ပြီးတော့ နေရာချပေးပါတယ်။ အဲလိုချပေးတဲ့အချိန်မှာပဲ ရွာသားအများစုက မရှိတော့ပါဘူး။ ရွာသားနည်းနည်းလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်မှာ ရွာသားတွေကို ခင်ဗျားတို့မသွားပါနဲ့။ ကျနော်တို့ ရောက်ပါပြီ။ ဘာမှ မဖြစ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ရွာသားတွေက သူတို့မနေရဲကြဘူးဆိုပြီးတော့ အထုပ်အပိုးတွေနဲ့ ထွက်သွားကြပါတယ်။ ကျနော်တို့တပ်တွေ နေရာချပြီးတဲ့ အချိန်မှာတော့ ရွာသားတွေမရှိတော့ဘူး” ဟု ပြောသည်။

    အာရက္ခတပ်တော်နှင့် အကြမ်းဖက်စစ်သားတို့သည် မေလ (၃) ရက်နေ့တွင် ထန်းရှောက်ခံကျေးရွာတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သူက ဆက်ပြောသည်။

    “၃ ရက်နေ့မှာ ၅၅၁ က ကျနော်တို့ ဆုတ်ခွာရပါတယ်။ အဲဒီနေ့မှာ ရွာသားတစ်ယောက်မှ မတွေ့တော့ပါဘူး။ ကျနော်တို့ တပ်မက ဆုတ်ခွာတဲ့အချိန်မှာ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင် ပြည်သူ့စစ် ၂၀၀ ကျော်လောက် ပါလာပါတယ်။ ၃ ရက်နေ့မှာ ထန်းရှောက်ခံကျေးရွာကနေ ဘူးသီးတောင်မြို့ကို ထိုးဖောက်ဖို့အတွက် ကျနော်တို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ ၃ ရက်နေ့ တစ်နေ့လုံးရော၊ တစ်ညလုံးရော ကျနော်တို့ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ ကျနော်တို့က နေ့ခင်းဖက်ဆိုရင် လေကြောင်း ပစ်ကူတွေပါယူပြီး တိုက်ခိုက်ရပါတယ်။ ညဘက်မှာလည်း အကြိမ်ကြိမ် ထိုးဖောက်ပါတယ်။ ထိုးဖောက်တဲ့အတွက် ကျနော်တို့ဖက်က အရာရှိစစ်သည်တွေရယ်၊ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင် ၁၀၀ ကျော်လောက် ထိခိုက်ကျဆုံးခဲ့ပါတယ်။ ကျနော်တို့ ရဲမေ၊ မှီခိုသူမိသားစုတွေလည်း တော်တော်များများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဆိုသည်။

    မေ (၃) ရက်နေ့တွင် တန်းလျှောက်ခံ (ထန်းရှောက်ခံ)ကျေးရွာအတွင်း ကျေးရွာသားများလည်း မရှိသလို အဆိုပါကျေးရွာအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ကျဆုံးသွားခဲ့ရသည့်သူများမှာ အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်တပ်က စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များသာဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်ဖက်မှ တိုက်ပွဲကို ဦးဆောင်ခဲ့သည့် ဗိုလ်မှူးကြီး ကောင်းမြတ်က ဝန်ခံ ပြောဆိုသည်။

    “လမ်းဘေးမှာရော၊ ရွာပတ်လည်မှာရော ကျနော်တို့စစ်သည်တွေရယ်၊ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေရယ်၊ တော်တော်များများ ကျဆုံးခဲ့ပါတယ်။ အခုတွေ့ရတဲ့ အရိုးစုတွေက ကျနော်တို့ စစ်သည်တွေရယ်၊ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေရဲ့ အရိုးစုတွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

    အဆိုပါကျေးရွာတွင်တွေ့ရသော အရိုးစုများသည် AA က သတ်ဖြတ်ထားသည့် ကျေးရွာသားများ၏အရိုးစုများဖြစ်သည်ဟုလည်း အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

    ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်မှာ ပွဲလန့်တုန်း ဖျာခင်းသည့်ပြောဆိုချက်သာဖြစ်ပြီး အဆိုပါအလောင်းများမှာ AA က သတ်ဖြတ်ထားသည့်အလောင်းများမဟုတ်ဟု နိရဉ္စရာကို တုံ့ပြန်ပြောဆိုထားသည်။

    ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံ (တန်းလျှောက်ခံ)ရွာမှာ မွတ်ဆလင် ၆၀၀ ကျော်ကို AA က သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မွတ်ဆလင်အရေးလှုပ်ရှားသူတွေက စွပ်စွဲထားကြပါတယ်။

    သက်သေအထောက်အထားအဖြစ်လည်း လူအရိုးစုတွေစုပြုံနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

    ဒီစွပ်စွဲချက်အပေါ် AA က ပယ်ချထားသလို အရိုးစုတွေဟာလည်း စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေရဲ့ အရိုးစုတွေသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

    ထန်းရှောက်ခံရွာမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ၊ အရိုးစုတွေကရော ဘယ်သူတွေဖြစ်မလဲ စတာတွေနဲ့ ပတ်သက်လို့ ထန်းရှောက်ခံရွာတိုက်ပွဲမှာ AA ထံ လက်နက်ချခဲ့တဲ့ စကခ (၁၅) ဒုတပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က အခုလိုပြောထားပါတယ်။

    ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာတွင် တွေ့ရှိသည့် အရိုးစုများမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရိုးစုများသာဖြစ်ကြောင်း ဒေသခံများနှင့် စကခ ၁၅ ဒု-စကခမှူး အတည်ပြု

    ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း ထန်းရှောက်ခံရွာ (တန်းလျှောက်ခံရွာ)သား မူဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော်က အစုလိုက်အပြုလိုက် သတ်ဖြတ်ခဲ့သည်ဟု ပြည်ပရောက် မူဆလင်အချို့နှင့် မီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်ကို တွေ့ရှိရ၍ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့တွင် ရက္ခိုင်တွင်ရှိသည့် သတင်းထောက် ၂၀ နီးပါးသည် ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာ(တန်းလျှောက်ခံရွာ) သို့ သွားရောက်၍ ကွင်းဆင်း စိစစ် သတင်းရယူခဲ့ကြသည်။

    ဖြစ်စဥ်မှာ မှန်ကန်မှုရှိ မရှိ စိစစ်နိုင်ရန်အတွက် အရိုးစုများ တွေ့ရှိရာ နေရာ၊ တိုက်ပွဲအတွင်း ကိုယ်တွေ့ ကြုံခဲ့ရသည့် ထန်းရှောက်ခံ(တန်းလျှောက်ခံ) ရွာမှ ရွာသားများ၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅)မှ အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်ခဲ့သည့် ဒုတိယ-စကခမှူး အပါအဝင် ထန်းရှောက်ခံ(တန်းလျှောက်ခံ) ရွာ ပတ်ဝန်းကျင်မှ တိုက်ပွဲအတွင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ဒေသခံများအား မေးမြန်းစိစစ်ခဲ့ကြသည်။

    တွေ့ရှိချက်များ

    (၁) ၂၀၂၃ ခုနှစ် စစ်ကောင်စီ၏ လဝက စာရင်းအရ တန်းလျှောက်ခံရွာတွင် အိမ်ခြေ ၁၁၄ ဆောင်နှင့် လူဦးရေ ၉၃၃ ဦးရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာအတွင်း လူဦးရေ ၇၉၀ ဦးရှိပြီး ပြည်ပထွက်ခွာသူ ၁၃၈ ဦးရှိသည်။

    (၂) တန်းလျှောက်ခံရွာသား ၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုထားသည့် နေရာတွင်လည်း စစ်ဖက်ဆိုင်ရာ အသုံးအဆောင်များဖြစ်သည့် စစ်ဦးထုပ်၊ စစ်ယူနီဖောင်း၊ အီကွေ့မန့်၊ ကျည်ကာနှင့် ရုပ်ကြွင်းအရိုးစုအချို့ တို့ကိုသာတွေ့ရသည်။

    (၃) တန်းလျှောက်ခံရွာတွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားစဥ် ရွာသားများ လုံးဝမရှိတော့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ရာချီကျဆုံးမှုရှိခဲ့ကာ အလောင်းအချို့ကို ကျေးရွာအနီးတွင် မြှုပ်ထားခဲ့ကြောင်း ဘူးသီးတောင်မြို့အခြေစိုက် စကခ-၁၅ ဒုစကခမှူး ကြည်း-၃၃၂၁၆ ဗိုလ်မှူးကြီးကောင်းမြတ်က ပြောသည်။

    (၄) AL-JAZEERA မီဒီယာတွင် တန်းလျှောက်ခံရွာသား မျက်မြင်သက်သေများအဖြစ် သတင်းအင်တာဗျူး ဖြေဆိုထားသူ ၄ ဦးအနက် မျက်နှာ ဖော်ထားသူ Ansar Ullah သည်လည်း တန်းလျှောက်ခံရွာသား မဟုတ်သည့်အပြင် ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ် အရေးအခင်းကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးသွားသူဖြစ်ကြောင်း ၎င်းနဲ့အတူ စီးပွားရေး လုပ်ကိုင်ဖူးသူက အတည်ပြုထားသည်။

    ဤအထက်ဖော်ပြပါ တွေ့ရှိချက်များအရ တန်းလျှောက်ခံရွာသား ၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟူသည့် စွပ်စွဲချက်မှာ သတင်းအချက်အလက်အမှားများကို အခြေခံသည့် စွပ်စွဲဖော်ပြချက်များသာ ဖြစ်ပြီး မှန်ကန်မှု လုံးဝ မရှိသည်ကို တွေ့ရသည်။

    ‎တန်းလျှောက်ခံရွာသား ဦးနော်ဂျီမူလ္လာက “၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့ နံနက် ၈ နာရီလောက်မှာ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ မှ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျနော်တို့ရွာကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ စကခ ၁၅ ကျသွားပြီထင်ပြီး ကျနော်တို့ရွာသားတွေထွက်ပြေးဖို့ပြင်နေပါတယ်။ ပြီးတော့ ဦးလှဖေကျေးရွာနားက အာရက္ခတပ်တော်က မိုက်နဲ့ကျနော်တို့ရွာသားတွေကို အော်ခေါ်တယ်။ အဲဒီသံကြားလို့ ကျနော်တို့ သူတို့နဲ့အတူ ထွက်ပြေးသွားခဲ့ကြပါတယ်” ဟု ပြောဆိုသည်။

    ‎“ကျနော်တို့ ထွက်ပြေးလာတဲ့အချိန်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျနော့်နောက်က သက်ကြီးပိုင်း ၁ ဦးသေဆုံးသွားခဲ့တယ်။ အသက် ၇၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ ရွာမှာ ဘယ်နှစ်ယောက်လောက်ကျန်ခဲ့လဲတော့ ကျနော်လည်းမသိဘူး။ လမ်းမလျှောက်နိုင်တဲ့ သူတွေကို AA က ထမ်းပို့တယ်။ ချောင်းမကူးနိုင်တဲ့သူတွေကို ထမ်းပို့တယ် “ ဟု မော်လဝီဆရာ နူရ်ဆာလမ် ဦးကလည်း ဆိုသည်။

    ဘူးသီးတောင်အခြေစိုက် စကခ ၁၅ မှာ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က အာရက္ခတပ်တော် AA ထံကျရှုံးသွားသည့်အတွက် စကခ ၁၅ မှ ဒုစကခမှူး ကြည်း-၃၃၂၁၆ ဗိုလ်မှူးကြီးကောင်းမြတ်အပါအဝင် တပ်သားများ ခမရ ၅၅၁ ကို သွားရောက်ပူးပေါင်းခဲ့ပြီးနောက် တန်းလျှောက်ခံကျေးရွာတွင် တပ်ဖြန့်နေထိုင်ခဲ့ကြောင်း အာရက္ခတပ်တော်ထံတွင် စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းခံထားရသည့် ဒုစကခမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောဆိုသည်။

    ‎“ကျနော်တို့ မေ ၂ ရက်နေ့မှာ စကခ (၁၅) ကျပါတယ်။ ကျသွားတဲ့အတွက် ကျနော်တို့ ၅၅၁ ကို သွားရောက်ပူးပေါင်းပါတယ်။ သွားရောက်ပူးပေါင်းတဲ့အချိန်မှာ ကျနော်တို့ တပ်တွေကို အဖွဲ့လိုက် အဖွဲ့လိုက် ခွဲပြီးတော့ ၅၅၁ ကို ဆုတ်ပါတယ်။ ကျနော်နဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးတို့က နောက်ဆုံးကနေ လိုက်ပါပြီး ဆုတ်ခွာပါတယ်။ ကျနော်တို့ တပ်မနဲ့ ၅၅၁ ကြားမှာ တန်းလျှောက်ခံ ကျေးရွာရှိပါတယ်။ အဲဒီရွာကို ရောက်တဲ့အချိန်မှာ တပ်မ (၂၂) ရဲ့ တပ်အချို့ အင်အင်း (၅၀) လောက်ကို အဲဒီရွာမှာ ဖြန့်ကြက်ပြီးတော့ နေရာချပေးပါတယ်။ အဲလိုချပေးတဲ့အချိန်မှာပဲ ရွာသားအများစုက မရှိတော့ပါဘူး။ ရွာသားနည်းနည်းလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီအချိန်မှာ ရွာသားတွေကို ခင်ဗျားတို့က မသွားပါနဲ့။ ကျနော်တို့ ရောက်ပါပြီ။ ဘာမှ မဖြစ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ရွာသားတွေက သူတို့မနေရဲကြဘူးဆိုပြီးတော့ အထုပ်အပိုးတွေနဲ့ ထွက်သွားကြပါတယ်။ ကျနော်တို့တပ်တွေ နေရာချပြီးတဲ့ အချိန်မှာတော့ ရွာသားတွေမရှိတော့ဘူး” ဟု ပြောဆိုသည်။

    ‎‎ထပ်မံပြီး ၎င်းက “၃ ရက်နေ့မှာ ၅၅၁ က ကျနော်တို့ ဆုတ်ခွာရပါတယ်။ အဲဒီနေ့မှာ ရွာသားတစ်ယောက်မှ မတွေ့တော့ပါဘူး။ ကျနော်တို့ တပ်မက ဆုတ်ခွာတဲ့အချိန်မှာ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မူဆလင် ပြည်သူ့စစ် ၂၀၀ ကျော်လောက် ပါလာပါတယ်။ ၃ ရက်နေ့မှာ တန်းလျှောက်ခံကျေးရွာကနေ ဘူးသီးတောင်မြို့ကို ထိုးဖောက်ဖို့အတွက် ကျနော်တို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ ၃ ရက်နေ့ တစ်နေ့လုံးရော၊ တစ်ညလုံးရော ကျနော်တို့ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ ကျနော်တို့က နေ့ခင်းဖက်ဆိုရင် လေကြောင်း ပစ်ကူတွေပါယူပြီး တိုက်ခိုက်ရပါတယ်။ ညဘက်မှာလည်း အကြိမ်ကြိမ် ထိုးဖောက်ပါတယ်။ ထိုးဖောက်တဲ့အတွက် ကျနော်တို့ဖက်က အရာရှိစစ်သည်တွေရယ်၊ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မူဆလင် ၁၀၀ ကျော်လောက် ထိခိုက်ကျဆုံးခဲ့ပါတယ်။ ကျနော်တို့ ရဲမေ၊ မှီခိုသူမိသားစုတွေလည်း တော်တော်များများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဆက်ပြောသည်။

    ‎နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည့်အချိန် တပ်မ ၅၅၁ စစ်ကောင်စီတပ်သားများနှင့် တန်းလျှောက်ခံကျေးရွာမှ ဘူးသီးတောင်မြို့သို့ဆုတ်ခွာသည့်အချိန်တွင် လမ်းဘေးပတ်လည်နှင့် ရွာပတ်လည်တွင် စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးထားသည့်မူဆလင်လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်သားအများအပြားကျဆုံးခဲ့ကြောင်း ဒုစကခမှူးက ဆက်ပြောသည်။

    ‎”ကျနော်တို့ တပ်မ ၅၅၁ က ဆုတ်လာတဲ့အချိန်မှာရော ၊ ထန်းရှောက်ခံကျေးရွာကနေ ဘူးသီးတောင်ကို ဆုတ်ခွာဖို့ ထိုးဖောက်တဲ့အချိန်မှာရောဆိုတေ့ာ လမ်းဘေးမှာရော၊ ဒီရွာပတ်လည် ၊ လယ်ကွက်တွေမှာရော ကျနော်တို့စစ်သည်တွေရယ်၊ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မူဆလင်တွေရယ်၊ တော်တော်များများ ကျဆုံးခဲ့ပါတယ်။ အခုတွေ့ရတဲ့ အရိုးစုတွေက ကျနော်တို့ စစ်သည်တွေရယ်၊ ကျနော်တို့ စစ်သင်တန်းပေးထားတဲ့ မူဆလင်တွေရဲ့ အရိုးစုတွေပဲ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

    ‎ထို့အပြင် Al-Jazeera မီဒီယာတွင် ဖြေဆိုထားသည့် တန်းလျှောက်ခံရွာသားအမည်ခံ Ansar Ullar မှာလည်း တန်းလျှောက်ခံရွာသားမဟုတ်ဘဲ နန်းရာကုန်း ကူးတို့ဆိပ်ကျေးရွာမှ အန်နဝါ အူလ္လာသာဖြစ်ကြောင်း ၎င်းနှင့်အတူ စီးပွားရေးလုပ်ဖူးသူ ကင်းတောင် တောင်ပိုင်းရွာသား အသက် ၃၆ နှစ်အရွယ် မာမားရောရ်ဟိန် ပြောဆိုချက်အရ သိရသည်။



    ‎ထို့အပြင် ၎င်းမှာ ARSA အဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ် စစ်ကောင်စီနှင့် ARSA တို့ တိုက်ပွဲဖြစ်စဥ်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူ ဖြစ်ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ဘူးသီးတောင်မြို့အခြေစိုက် စကခ-၁၅ နှင့် ခမရ ၅၅၁ တပ်ရင်းတို့ တပ်ဆုတ်ခွာကာ တန်းလျှောက်ခံကျေးရွာသို့ ဝင်ရောက်လာစဥ် ရွာသားများအား အာရက္ခတပ်တော်က ဦးလှဖေကျေးရွာမှ အသံချဲ့စက်များဖြင့် ခေါ်ထုတ်ခဲ့ပြီး လမ်းလျှောက်ရန် ခက်ခဲသူများအား AA တပ်ဖွဲ့ဝင်များက ထမ်းပိုးကာ လုံခြုံသည့် နေရာများသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

    စစ်ကောင်စီပြောခွင့်ရ ဦးဇော်မင်းထွန်းကလည်း AA က မူဆလင် ၆၀၀ ကျော်တို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားပြီး အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကမူ ထိုစွပ်စွဲ ပြောဆိုချက်များမှာ အခြေအမြစ်မရှိသည့် စွပ်စွဲပြောဆိုချက်များသာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန် ပြောဆိုထားသည်။

    ပုံ/စာ – ဘူးသီးတောင်မြို့နယ်၊ တန်းလျှောက်ခံရွာတွင် သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်အသုံးအဆောင်ပစ္စည်းများ