ကျုံပျော်က ခလရ ၃၆ တပ်ရင်းမှူးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်အမှတ် ၃၆ ခြေလျင်တပ်ရင်းက တပ်ရင်းမှူးကို စစ်ကောင်စီက လာဘ်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တပ်ရင်းမှူးကို လာဘ်စားမှုအပါအဝင် အမှု ၄ ခုထက်မနည်းနဲ့ သြဂုတ် ၁၉ ရက်က စလို့ စစ်ကောင်စီရဲ့စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။

တပ်ရင်းနဲ့ နီးစပ်သူတယောက်က “အထက်အမိန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာဟုတ်ပါတယ်။ စစ်မှုထမ်း အရောင်းအဝယ်ကိစ္စ၊ အစားထိုးငွေတောင်းတဲ့ကိစ္စ၊ တပ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေအပြင် စစ်အသုံးစရိတ် ကိစ္စတွေနဲ့ စစ်နေတာလို့သိရတယ်” လို့ ပြောပါတယ်။

စရဖက တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မိသားစုဝင်တချို့နဲ့ ဆက်စပ်သူ တပ်အရာရှိအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကျုံပျော်မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “နောက်ထပ်တော့ သတင်းတော့ ထပ်မကြားရသေးဘူး။ စစ်ဆေးခံနေရတာကဟုတ်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်ရင်းမှူးတွေပေါင်းလုပ်တဲ့ လာဘ်ငွေယူပြီး စစ်မှုထမ်း အစားထိုးကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက စစ်ဆေးတာပါတယ်” လို့ ပြောပါတယ်။

ကျုံပျော်အခြေစိုက် တပ်ရင်းမှူးနဲ့ ကျုံပျော်မြို့နယ် အုပ်ချုပ်ရေးမှူးပေါင်းပြီး စစ်မှုထမ်း အပတ် စဉ် ၉ နဲ့ ၈ မှာ အရပ်သားတွေကို ဖမ်းဆီးပြီး တခြားဒေသတွေကို ရောင်းစားခဲ့တယ်သေးတယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *