Author: Baby Yit Lone

  • ပဲခူး ကဝနယ် ဘုရား​ပေါ် နဂါးပူးကိစ္စ  မြို့နယ် သံဃနာယကဆင့်ခေါ်..

    ပဲခူး ကဝနယ် ဘုရား​ပေါ် နဂါးပူးကိစ္စ မြို့နယ် သံဃနာယကဆင့်ခေါ်..

    ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ

    တဲစုကျောင်းအတွင်း နဂါရုံ ဘုရားပေါ်တက်၍

    မာရ်နတ်သမီးများ အရတီ တဏှာ ရဂါ တို့ကဲ့သို့

    မတော်မရော် ကပျက်ကချော် သာသနာငြှိုးနွမ်းအောင်

    အမျိူးသမီးသုံးယောက် နဂါးပူးပြ ကပြ ကိစ္စရပ်အတွက်

    ယနေ့ 26-2-2026 ကြာသပတေးနေ့ နေ့လည်အချိန်တွင်

    ပဲခူးတိုင်း ကဝမြို့နယ် မြို့နယ်သံဃနာယကရုံးသို့

    အောက်ပါ အုပ်ချုပ်ရေးမှူး ကျောင်းထိုင်အပါ သက်ဆိုင်သူများအား

    ပဲခူးတိုင်း ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ

    အုပ်ချုပ်ရေးမှူး- ဦးသောင်းအေး။

    ဂေါပက- ဦးကျော်ဌေး

    ဦးဆောင်လမ်းညွှန် ဘိုးတော်ယောင်ယောင် ဓာတ်ယောင်ယောင် ဦးစံနိုင်။

    ခွင့်ပြုသူ – တဲစုကျောင်းဆရာတော် ဦးပဏ်။

    နဂါးရုံဘုရားပေါ်တက် နဂါးပူးပြသူ

    အမျိူးသမီးသုံးဦး

    ဦးဆောင်-

    ကျောင်းဆရာမ မမွန်မွန်မြင့်နှင့်

    အခြားအမျိူးသမီး နှစ်ဦး တဲစုရွာ။

    ခေါ်ယူ တွေ့ဆုံ အတည်ပြုပြီးပါကြောင်း။

    အထက် နိုင်ငံတော်အမိန့် စီမံချက် စောင့်လျှက်သာ

    တိုင်းအဆင့် /မြို့နယ်အဆင့် သံဃနာယက ဆရာတော်များ

    သာသနာရေးသက်ဆိုင်သူများ ရှေ့မှောက်တွင် လိုအပ်သလို

    စီမံဆောက်ရွက် သွားမည့်အကြောင်း ပဲခူး ကဝ မြို့နယ် သံဃနာယကဥက္က /ဒုဥက္ကဋ္ဌများထံမှ

    ဗုဒ္ဓဘာသာ ရဟန်းရှင်လူ ပြည်သူလူထုအား အသိပေးအပ်ပါကြောင်း။

    မစိုးရိမ်ဖေးမလက်တွဲ

    “ငါတို့ဘာသာ သာသနာ စော်ကားလှချည့်ရဲ့” လို့

    အုံးအုံးကြွပ်ကြွပ် ရင်ဘတ်စည်တီးပြီး

    ပြောတတ်ကြသူတွေ…

    ဒီလိုအပြုအမူတွေမှာတော့

    မပတာမြေလူး မဖြစ်ကြတော့ဘူးလား?

    အထွဠ်အမြတ်ထားရာ

    မြတ်သော “သိမ် “ မို့

    ရင်နာကြပါသည် မခံမရပ်ဖြစ်ကြပါသည်

    ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ခံပြင်းကြရင်

    📌နဂါးပတ်ထဲက ဗုဒ္ဓမြတ်စွာဘုရား ကို အားနာစရာ ဖြစ်မနေဘူးလား နော်.. !

    📍မြေပြင်မှာ ပူးရင်း လူးရင်း ကနေ

    ကဲ… အခု အပေါ် တက်လာကုန်ကြလေပြီ။

    အမှားကြာ အမှန်ဖြစ်

    မျက်စိတွေယဉ်ပါးနေတဲ့ အပြုအမူတွေမို့

    လူတွေက နုုတ်ဆိတ် မဆိုင်သလို တွေ ဖြစ်ကုန်တာလား။

    ဒီလိုဟာတွေကျ

    ခွင့်ပြုထားကြတာလား?

    အရေးမယူဘူးလား?

    ဒီလို ရူးတိုင်း ပူးတိုင်း

    ဒီလို တက် နန့်ခွင့် ရှိနေလား?

    လုပ်ခွင့်ပြုသူကော

    လုပ်နေကြသူတွေကော

    ကျောင်းထိုင်ဘုန်းကြီးကော

    ထိုင်ကြည့်နေသူတွေကော

    အကုန်အရေးယူ သင့်တာ..

    နောင်ဆို အဲ့လို တက်က လာကြအုံးမှာပဲ

    အဲ့ဒီအခါ ကိုယ်မှာ အဝတ်ကပ်ပါနေတာကို မြင်ရရင်တောင် ကံကောင်း..!

    တည်လိုက်ရတဲ့ အသစ်အသစ် သော

    ဘုရားစေတီ

    နဂါးစေတီ

    ပြီးတော့လည်း ရိုသေကြတာလည်းမဟုတ်

    ထိန်းသိမ်းကြတာလည်းမဟုတ်

    ပူးချင် ကချင် နန့်ချင် အလှူငွေရချင်တာတွေက အဓိက ကိုဖြစ်လို့…

    ငါတို့ဘုရား

    ဟောကြားခဲ့တဲ့ တရား​တော်​တွေနဲ့

    ဒါ​တွေနဲ့ လားလားမှ မဆိုင် …

    အတော်လေး လွဲနေတဲ့ တိုင်းပြည်!!

    မအေးပု။

  • ရန်ကုန် လေထု ဘာကြောင့် ဒီလောက်ထိ ညစ်ညမ်းလာရတာလဲ (ရုပ်/သံ)

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှုဟာ ဒီသတင်းပတ်အတွင်း တကမ္ဘာလုံးမှာ အဆင့် ၄ နေရာကို ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာရေး မှတ်တမ်းအဖွဲ့ (IQ Air) ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ လေထု ညစ်ညမ်းမှု အဆင့်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင့် ၂၅ ကို ပြန်လည်လျော့ကျလာခဲ့ပေမယ့် သန့်ရှင်းလေထုအဆင့်ကို ပြန်မရောက်သေးဘဲ အဝါရောင်အဆင့်မှာပဲ ဆက်ရှိနေဆဲဖြစ်ပါတယ်။

    ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အခုနှစ်တွေထဲမှာ တဖြည်းဖြည်းပိုဆိုးလာပြီး မြို့ပြပြဿနာတခုဖြစ်လာနေပါတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတဲ့အဆင့်ကို မကြာခဏ ရောက်တတ်တဲ့အခြေအနေ ဖြစ်နေပါတယ်။

    လေထု ညစ်ညမ်းမှုတွေ ဘာကြောင့်ဖြစ်ရတာပါလဲ။ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကို သိနိုင်ဖို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဒေါက်တာသူရက အခုလိုရှင်းပြထားပါတယ်။

  • ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်

    ဇွန်းတစ်ချောင်းဖြင့် စစ်ကြောရေး ငရဲခန်းသံတိုင်တို့ကို ဖောက်ထွက်ခဲ့သည့် UG ရဲဘော်

    အာဏာရှင်အဆက်ဆက်တို့သည် ဆန့်ကျင်တော်လှန်ကြသူများကို ဖမ်းဆီးပြီး စစ်ကြောရေးစခန်းများတွင် ချုပ်နှောင်ကာ သေခြင်းတရားနှင့် အနီးစပ်ဆုံးနေရာဆီသို့တွန်းပို့ နှိပ်စက်ခဲ့ကြသည်။ ထိုငရဲခန်းများမှ အကောင်းပကတိ ပြန်လည်ထွက်လာနိုင်သော ရာခိုင်နှုန်း အလွန်နည်းသည်။

    စစ်အာဏာရှင် လက်ဝေခံများ၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်တွင် သေရာပါဒဏ်ရာများ၊ မနောစိတ်တွင် သေသည်အထိ စွဲမြဲသွားစေနိုင်သည့် ဒဏ်ချက်များကြောင့် ထိုစစ်ကြောရေးစခန်း လူလုပ်ငရဲခန်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

    နိုင်ငံတဝန်းရှိ ငရဲခန်းများအနက် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ ကိုးမိုင် စစ်ကြောရေးစခန်းလည်း ပါဝင်သည်။ ထိုငရဲခန်းတွင် ခုနစ်ရက်တာ နေခဲ့ရပြီး ရန်သူ၏လက်မှ ရှားရှားပါးပါး လွတ်မြောက်လာခဲ့သည့် တော်လှန်ရေးရဲဘော်မှာ ကိုနေရိပ် ဖြစ်သည်။

    ယခုမူ လွတ်မြောက်နယ်မြေ တစ်နေရာရှိ သစ်ပင်များအုံ့ဆိုင်းနေသော တောအုပ်အတွင်း ဝါးတဲငယ်များကြား သစ်ငုတ်တိုတစ်ခုပေါ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်သော ကိုနေရိပ် ထိုင်နေသည်။ လွန်ခဲ့သော သုံးနှစ်က ကြုံတွေ့ခဲ့ရသည့် တစ်သက်မမေ့နိုင်သော နေ့ရက်များ၊ အချုပ်ခန်းကို သတ္တုဇွန်း တစ်ချောင်းတည်းဖြင့် ဖောက်ထွက်ခဲ့ပုံတို့အကြောင်း အသေးစိတ် ပြန်ပြောပြနေသည်။

    ဖော်ရွေတတ်ပြီး အသားဖြူဖြူ၊ အပြုံးမျက်နှာနှင့် ကိုနေရိပ်သည် ထိုအတွေ့အကြုံများကို ပြန်ပြောနေစဉ် သူ၏မျက်လုံးများက ကြမ်းတမ်းသည့် အတွေ့အကြုံများနှင့် ခက်ခဲသည့် နေ့ရက်များကို ဖြတ်သန်းခဲ့ရကြောင်း သက်သေပြနေသည်။

    စစ်တပ်ထောက်ခံသူများသည့် ဖျာပုံမြေမှ တော်လှန်ရေးမီးခဲ

    Mm News.xyz 2026 02 26 173309
    ကိုနေရိပ် (ဓာတ်ပုံ – စောရယ်)

    စစ်တပ်အားပေးထောက်ခံသူ များပြားသည်ဟု နာမည်ကြီးသည့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်သည် ကိုနေရိပ်၏ ဇာတိဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာမသိမ်းမီ ဖျာပုံတွင် သူတို့မိသားစုက တစ်နိုင်တစ်ပိုင် အသားတိုးကြက်မွေးမြူရေးနှင့် နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်သည့် အလုပ် လုပ်ကိုင်သည်။

    မွေးချင်း လေးယောက်တွင် အငယ်ဆုံးဖြစ်သော ကိုနေရိပ်သည် မိခင်ဖြစ်သူ ပါတီဝင်အဖြစ် လုပ်ကိုင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လှုပ်ရှားမှုများကို ဆယ်ကျော်သက်ဘဝကတည်းက ရင်းနှီးခဲ့သည်။

    စစ်တပ်အာဏာသိမ်းသောအခါ သူလည်း ဖျာပုံမြို့ပေါ်တွင် ပြုလုပ်သော အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် အများနည်းတူပါဝင်ခဲ့သည်၊ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသောအခါ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၂ နယ်မြေသို့သွားပြီး စစ်သင်တန်းတက်လေသည်။

    သင်တန်းအပြီး ရန်ကုန်မြို့သို့ ပြောင်းပြီး မြို့ပြအခြေစိုက်ပြောက်ကျား (Urban Guerilla – UG) အဖြစ် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

    “တဖြည်းဖြည်းနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ပိုဆိုးလာတယ်။ တောခိုတဲ့ လူငယ်တွေလည်း များလာတယ်။ အဲဒီအချိန်မှာ ဘာကို အနီးစပ်ဆုံးလုပ်နိုင်သလဲဆိုတော့ မြို့ပြ UG ပေါ့။ မြို့ပြ UG ကို ထိထိရောက်ရောက်လုပ်နိုင်မယ်ထင်လို့ ဒီလမ်းကိုရွေးခဲ့တာ” ဟု သူက ပြောသည်။

    သူက အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ Special Task Force (အထူးတပ်ဖွဲ့) လက်အောက်တွင် မြို့ပြပြောက်ကျားအဖြစ် ၁၃ လ ကြာ တာဝန်ထမ်းခဲ့သည်။

    သူအထူးပြုလုပ်သည်မှာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သည့် မိုင်းနှင့် ဗုံးများ ထုတ်လုပ်ခြင်းဖြစ် သည်။ “ပျံလွှားအောင်စစ်ဆင်ရေး”၊ “နန်းထိုက်အောင်စစ်ဆင်ရေး” စသည်တို့တွင် ပါဝင်ခဲ့သည်။

    လွတ်မြောက်ခြင်းနှင့် အဖမ်းခံရခြင်း

    Screenshot 2568 11 01 At 11.42.11 1024x708 1
    စစ်ကြောရေးစခန်းမှ ကိုနေရိပ်ထွက်ပြေးစဉ် ဝတ်ဆင်ခဲ့သော အဝတ်အထည်များ။ (ဓာတ်ပုံ – စောရယ်)

    ၂၀၂၂ ခုနှစ် ဧပြီလတွင် အဖမ်းခံရမည့် အန္တရာယ်နှင့် ကိုနေရိပ် ပထမဆုံးကြုံရသည်။ ကားငှားစီးစဉ် ယာဉ်မောင်းက သူ့ကို တော်လှန်ရေး ရဲဘော်တစ်ဦးဖြစ်ကြောင်း သံသယ ရှိသွားပြီး စစ်တပ်ထံ သတင်းပို့ရာမှ နောက်ယောင်ခံ လိုက်ခံရမှုကြောင့် လွတ်မြောက်အောင် ကြိုးပမ်းခဲ့ရသည်ဟု သူက ဆိုသည်။

    “တော်တော်လေးကို အမှတ်ရစရာကောင်းပါတယ်။ ကားတွေအများကြီးနဲ့လိုက်တာ၊ အဲဒီအချိန်မှာ မှတ်ပုံတင်အတုတွေ ကိုင်ထားတာရှိတယ်။ အဲဒါတွေလွှင့်ပစ်၊ ကိုယ်လွယ်ထားတဲ့အိတ်ကို လွှင့်ပစ်။ အရေးကြီးတာက ဖုန်းနဲ့ပိုက်ဆံအိတ်ဆိုတော့ ပိုက်ဆံအိတ်ကြားထဲမှာ ဖုန်းကိုညှပ်ပြီးတော့ ပြေးခဲ့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

    တက္ကသိုလ်ရိပ်သာလမ်း ရေမြောင်းအတွင်း တစ်ညပုန်းအောင်း၍ နောက်ယောင်ခံ လိုက်သူများကို ခြေရာဖျောက်ပြီးနောက် ရန်ကုန်မြို့မှ ခေတ္တတိမ်းရှောင်ခဲ့ရသည်။

    ၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းတွင် သူက ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်ပစ်ဗုံး နှစ်လုံးကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ထံပေးရန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင်၌ ရောက်ရှိနေခဲ့သည်။ ထိုအချိန်တွင် အရပ်ဝတ် အမျိုးသားများ ရောက်လာပြီး လက်ထိပ်ခတ်၊ ခေါင်းကို အိတ်စွပ်ကာ Toyota ProBox ကားပေါ်တင်၍ ဖမ်းဆီးသွားတော့သည်။“စောင့်နေတဲ့အချိန်မှာ ပထမဆုံး ဘတ်စ်ကားတစ်စီးနဲ့ ပိတ်လိုက်တယ်။ ဘတ်စ်ကားပေါ်မှာ လူမပါဘူး။ ၃၉ ဘတ်စ်ကားဖြစ်မယ်ထင်တယ်။ ၃၉ နဲ့ပိတ်ပြီး ProBox တစ်စီးနဲ့ဝင်လာပြီး ကျွန်တော်က လာယူမယ့်သူကို ကျွန်တော်ရောက်နေတဲ့ နေရာပြောဖို့ ဖုန်းကိုကြည့်နေတဲ့အချိန်မှာပဲ လက်ထိပ်ဝင်ခတ်သွားတာ” ဟု ကိုနေရိပ်က ပြောသည်။

    ငရဲခန်းသို့ ခရီးကြမ်း

    Screenshot 2568 11 01 At 11.44.03 1024x685 1
    စစ်ကြောရေးစခန်းမှ ကိုနေရိပ်ထွက်ပြေးစဉ် ဝတ်ဆင်ခဲ့သော အဝတ်အထည်များ။ (ဓာတ်ပုံ – စောရယ်)

    ကိုနေရိပ် ကားပေါ်ရောက်သည်နှင့် အာဏာသိမ်းတပ်၏လက်ပါးစေတို့၏ နှိပ်စက်မှု ချက်ချင်းအစပြုလေသည်။ ဦးခေါင်း၊ ဒူးခေါင်း၊ ခြေသလုံး၊ လက်ဆစ်များကို တုတ်ဖြင့်ရိုက်ကြသလို မေးခွန်းများလည်း အဆက်မပြတ်မေးကြသည်၊ လက်လုပ်မိုင်းများ ထုတ်လုပ်သည့် တည်နေရာကိုမေးပြီး ထိုနေရာသို့ ဦးစွာ သွားကြသည်။

    “စစ်ကြောရေးမရောက်ခင် တစ်ခါတည်းလိုက်ပြခိုင်းတာ။ လိုက်ပြပြီးတော့မှ စစ်ကြောရေးကို ပထမဆုံးအကြိမ် ရောက်သွားတယ်” ဟု ကိုနေရိပ်က ဆိုသည်။

    စစ်တပ်စစ်ကြောရေးစခန်းသို့ ရောက်သောအခါ ထပ်မံမေးမြန်းစစ်ဆေးပြီးနောက် သူပြသခဲ့သည့်နေရာသို့ ထပ်မံသွားကြည့်ကြပြန်သည်ဟု သူကဆိုသည်။

    သို့သော် ကိုနေရိပ်သည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း မိုင်းအမှန်တကယ် ထုတ်လုပ်သည့်နေရာ မပြဘဲ အဖမ်းခံရပါက ပြသနိုင်ရန် ဖန်တီးထားသည့်နေရာကိုသာ ပြသခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိုင်းနှင့် ဖောက်ခွဲရေး ပစ္စည်းများမတွေ့ရသည့် စစ်သားများ ဒေါသထွက်ပြီး ကိုနေရိပ်ကို ထပ်မံနှိပ်စက်ခဲ့ကြသည်။

    “ကျွန်တော့် ခေါင်းကို ဆွဲပြီး ဓာတ်လှေကားနံရံနဲ့ ဆောင့်တာတို့၊ စတီးပေတံနဲ့ ရိုက်တာတို့ လုပ်တယ်” ဟု ကိုနေရိပ်က ပြောသည်။ ကိုနေရိပ်သည် ပထမတွင် လမ်းမှားပြသခဲ့သော်လည်း ဒေါသထွက်လာသော ရန်သူ၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့ဘဲ မိုင်းအလုံး ၃၀ ခန့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများရှိသည့် နေရာမှန်ကို ထုတ်ပြောလိုက်ရသည်။

    မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်စစ်ကြောရေးစခန်းတွင် ၇ ရက်ကြာခဲ့သည်။ ထိုစခန်းသည် ဧက ၃၀၀ ခန့် ကျယ်ပြီး အနောက်ဘက်တွင် ပြည်လမ်း၊ မြောက်ဘက်တွင် ဥက္ကလာလမ်း၊ အရှေ့မြောက်ဘက်တွင် ရေဒီယိုစတေရှင်လမ်း၊ အရှေ့ဘက်တွင် သုခလမ်း၊ တောင်ဘက်တွင် မစိုးရိမ်လမ်းတို့ရှိသည်။

    စစ်ဆေးမေးမြန်းကြစဉ် လက်ထိပ်နောက်ပြန်ခတ်ခံထားရသည့် သူက ခေါင်းငုံ့ထားရပြီး တုတ်ဖြင့် မကြာခဏ ရိုက်နှက်ခံရသည်။ စစ်တပ်နှင့် ပူးပေါင်းပါက သက်တောင့်သက်သာ နေခွင့်ပေးမည်ဟုလည်း ကမ်းလှမ်းကြသည်။ အသားညိုညို မျက်နှာဝိုင်းဝိုင်းနှင့် စစ်ဆေး‌မေးမြန်းသည့် အမျိုးသားသည် အရပ်ဝတ် ဝတ်ထားပြီး မကြာခဏ ကွမ်းဝါးနေတတ်သည်ဟု ကိုနေရိပ်က ဆိုသည်။

    “သူတို့နဲ့ပူးပေါင်းမယ်ဆိုရင် စောင်နဲ့ ဘယ်လိုသိပ်မယ်၊ နောက်တစ်ဆင့် ငါတို့မေးတာကို မင်းက ပြေပြေလည်လည် ဖြေမယ်ဆိုရင် ခုတင်နဲ့သိပ်မယ် စသဖြင့် ဒီလိုမျိုးမက်လုံးပေး စည်းရုံးတာရှိတယ်” ဟု ကိုနေရိပ်က ဆိုသည်။

    “မင်းတို့နဲ့ ပတ်သက်တဲ့ အဖွဲ့တွေကို မင်းက ချိတ်ပေးနိုင်မယ်ဆိုရင် အခန်းသန့်သန့်၊ ခုတင်တွေ ဘာတွေနဲ့ အဲကွန်းနဲ့ သေချာထားမယ်လို့တောင် ပြောပါတယ်”

    သူနေခဲ့ရသည့် ကိုးပေပတ်လည် အခန်းတွင် ခေါင်းအုံး၊ ဂွမ်းကပ်မွေ့ရာငယ်၊ သောက်ရေတစ်ဘူး၊ ဆီးသွားရာတွင် သုံးရန် ရေသန့်ဘူးအခွံ နှစ်ဘူး၊ ကျောက်ခဲ သုံးလုံး၊ အုတ်နီခဲ တစ်ခဲ၊ သွေးအလိမ်းလိမ်း ပေနေသည့် ပတ်တီးစတို့ ရှိသည်။

    တတိယမြောက်နေ့တွင်မှ လက်ထိပ်ဖြုတ်ပေးကြသည်။ ထိုနေ့တွင် သူ့ကို အပြင်ထုတ်မစစ်တော့ဘဲ ဖုန်းတစ်လုံးပေးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်စေသည်။

    “ပစ္စည်းအပေးအယူတွေ ပြန်လုပ်ဖို့ပြောခိုင်းတာပါ။ ဘယ်ရောက်နေပြီလဲ။ ဘယ်မှာလဲ အဲဒီဟာတွေကို ကျွန်တော်တို့ အဖွဲ့ဝင်တွေဆီ ပို့ခိုင်းတာပေါ့။ မေးခိုင်းတာပေါ့။ ကျွန်တော်မေးတဲ့အထဲမှာ ကျွန်တော်တို့ရဲဘော်တွေချင်း သိနိုင်တဲ့ Secret Code တွေ ထည့်ပြီး မေးလိုက်တော့ ကျွန်တော့်လူတွေက ကျွန်တော်အဖမ်းခံရတာကို သိသွားကြပါတယ်” ဟု ကိုနေရိပ်က ဆိုသည်။

    အချုပ်ခန်းထဲတွင် နံနက်၊ နေ့လယ်၊ ညစာ သုံးနပ်စားရသော်လည်း ဆေးခတ်ထားသည်ဟု ယူဆရသောကြောင့် စစ်တပ်ပေးသည့် သောက်ရေကို လုံးဝမသောက်ဘဲ အိမ်သာဘုံပိုင်ရေကိုသာ ကိုနေရိပ် သောက်ခဲ့သည်။

    “ဆီးဘူးသွန်တဲ့အချိန် ရေသန့်ဘူးအလွတ်ရော၊ ဆီးဘူးရော ယူသွားတယ်။ ဆီးဘူးသွန်တယ်။ ရေသန့်ဘူးအလွတ်ထဲမှာ အိမ်သာဘုံပိုင်ရေကို ထည့်တယ်။ ကျွန်တော့်ကိုပို့တဲ့သူက ဘယ်ဘက်က လိုက်ရင် ညာဘက်က ညှပ်သယ်တယ်။ ညာဘက်က လိုက်ရင် ဘယ်ဘက်က ညှပ်သယ်။ ရေသန့်တော့ မဟုတ်ဘူးပေါ့။ အိမ်သာ ဘုံပိုင်က ရေကို သောက်ခဲ့ရတယ်” ဟု ကိုနေရိပ်က ပြောပြသည်။

    ဇွန်းတစ်ချောင်းကကူညီသည့် လွတ်မြောက်ခြင်းစွမ်းအား

    Screenshot 2568 09 24 At 10.55.17 AM 1024x506 1
    ကိုနေရိပ် ချုပ်နှောင်နှိပ်စက်ခံရသည့် စစ်ကြောရေးစခန်း တည်နေရာနှင့် ထွက်ပြေးလွတ်မြောက်ခဲ့ရာ လမ်းကြောင်းပြမြေပုံ။

    အခန်းထဲရှိ ကျောက်ခဲတစ်လုံးဖြင့် အချုပ်ခန်း သံတိုင်အောက်ခြေရှိ သစ်သားကို ရည်ရွယ်ချက်မရှိဘဲ ထိုးဆွကြည့်ရာ သစ်သားစပဲ့ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေမည့် အချက်ပြမီးပင်ဖြစ်သည်။

    ထိုနေရာကို အချုပ်ခန်းစောင့် မသိသာစေရန် ဂရုတစိုက် ပြန်ဖုံးလိုက်ပြီး အချုပ်ခန်းကို စနစ်တကျ ဖောက်ရန် ကိုနေရိပ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် အချုပ်ခန်း အပြင်ထုတ်ချိန်တွင် သတ္တု ထမင်းစားဇွန်း တစ်ချောင်းအား ယူထားလိုက်ပြီး ဇွန်းကိုသွေး၍ အချုပ်ခန်းသံတိုင်အောက်ခြေ သစ်သားကို တိတ်တဆိတ်ဖောက်သည်။

    “ဇွန်းက စတီးဇွန်းအပါးသားဆိုတော့ ဇွန်းဖင်ကို အံသွားနဲ့ပဲ ကိုက်လိုက်တယ်။ ပြားသွားတဲ့နေရာကို သံမံတလင်းနဲ့ ပွတ်တိုက်လိုက်တဲ့အခါ အရမ်းထက်သွားတယ်။ အဲဒီမှာ အရင်ထက် ငါးဆ၊ ခြောက်ဆလောက်ကို တာသွားတော့တာ။ ပြီးတော့မှ ဒေါင်လိုက်ထိုးလိုက်၊ အပြားလိုက်ထိုးလိုက်နဲ့ သစ်သားကို ဖြတ်တာ” ဟု သူက ပြောသည်။

    သစ်သားဆွေးနေခြင်းသည် ကိုနေရိပ်အတွက် ကံကြမ္မာ၏ မျက်နှာသာပေးမှုတစ်ခုလည်းဖြစ်သည်။ နေ့ခင်းဘက်တွင် အချုပ်ခန်းစောင့်ပေးထားသည့် သောက်ရေဖြင့် သစ်သားပွစေရန် ရေလောင်းထားလိုက်သည်။

    “သံတိုင်စွပ်ထားတဲ့နေရာတွေမှာ ရေအပြည့်လိုက်ဖြည့်တယ်။ သစ်သားအပေါက်ထဲမှာ သံတိုင် စွပ်ထားတာ။ တံခါးတစ်ခုလုံးက သံတိုင်ချည်းပဲ မဟုတ်ဘူး။ အဲဒီအောက်ခြေပိုင်းမှာ ရေလိုက်ထည့်ပြီး နူးထားတာပေါ့” ဟု သူက ပြောသည်။

    ဩဂုတ်လ ၁၀ ရက်နေ့၊ ည ၁၁ နာရီ။ မီးပျက်နေပြီး မီးစက်သံ ဆူညံနေချိန်။ ကိုနေရိပ်သည် သစ်သားစများကို ဇွန်းဖြင့် ဖယ်ရှားလိုက်သည်။ ထို့နောက် သံတိုင်များကို ပတ်တီးစဖြင့် ဘေးသို့ဆွဲကားလိုက်ရာ လူတစ်ကိုယ်စာထွက်နိုင်သည့် အနေအထား ဖြစ်လာသည်။ ထိုသံတိုင်များကြားမှပင် အချုပ်ခန်းအပြင်ဘက်သို့ ထွက်နိုင်ခဲ့သည်။ ပျော်လွန်း၍ ကခုန်မိသည်အထိ ဖြစ်ခဲ့ရကြောင်း သူက ပြောပြသည်။

    ငရဲခန်းမှ လွတ်မြောက်ခြင်းနှင့် နောက်ဆုံးခက်ခဲမှု

    အချုပ်ခန်းထဲမှ ထွက်လာနိုင်သော်လည်း အဆောင်ထဲမှာပင် သူရှိနေသေးသည်၊ ထို့နောက် အချုပ်ဆောင် ခေါင်မိုးပေါ်တက်၍ လွတ်လမ်းရှာသော်လည်း ချက်ချင်း မတွေ့။

    “လူကလည်း ဇောချွေးတအားပြန်နေပြီ။ မျက်နှာကြက်ပေါ်မှာပဲ ဘာလုပ်ရမလဲဆိုတာ စဉ်းစားတာ။ ဒီအခြေအနေနဲ့မိရင်သေမှာ။ အထဲကိုပြန်ဝင်ပြီး မသိမသာနေလိုက်ရင် ကောင်းမလားလို့စဉ်းစားတယ်” ဟု ကိုနေရိပ်က ပြောသည်။

    ထိုစဉ် မိုးရွာလာပြီး အုတ်ကြွပ်မိုး တစ်ပေခန့်အက်ကြောင်းမှ မိုးရေစက်များ ယိုစိမ့်ကျလာသည်ကို တွေ့ရသည်။ ထိုအပေါက်ကို အားကုန်တွန်းဖောက်ပြီး ထွက်လမ်းရှာဖွေနိုင်မည်ဟု သူတွေးလိုက်သည်။

    “မီးစက်က နှိုးထားတယ်။ အဲဒီအချိန်မှာ ဆောင့်ကြောင့်ထိုင်တယ်။ ခေါင်းပေါ်ကို လက်နှစ်ဖက်တင်တယ်။ ခါးဆန့်ပြီးတွန်းတင်တယ်။ အသံအကျယ်ကြီး သုံးချက်မြည်တယ်။ ဝုန်း ဝုန်း ဝုန်း ဆိုပြီး ပွင့်သွားတာ။ ပွင့်သွားတဲ့အချိန် တအားဝမ်းသာသွားတယ်။ အပေါက်က တစ်ကိုယ်စာလေးပဲ” ဟု ကိုနေရိပ်က စိတ်လှုပ်ရှားတက်ကြွစွာ ပြောပြသည်။

    ခေါင်မိုးပေါ်မှ ရေစင်လှေကားအတိုင်း အချုပ်ဆောင်အပြင်သို့ ဆင်းသက်နိုင်ခဲ့သည်။

    စစ်ကြောရေး အချုပ်ဆောင်အပြင်သို့ရောက်အောင် ဖောက်ထွက်လာနိုင်သော်လည်း အပြည့်အဝ လွတ်ပြီဟုမဆိုနိုင်ပေ။ ဖမ်းဆီးထားစဉ် ထွက်ပြေးသူများကို သားကောင်သဖွယ် လိုက်ဖမ်းတတ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် လက်မရွံ့ ပါးကွက်သားများလက်မှ လွတ်ရန် ကြိုးပမ်းရပေဦးမည်။

    စစ်ကြောရေးစခန်း၏ အရှေ့ဘက် မရမ်းကုန်း (၅) ရပ်ကွက်ဘက်မှတစ်ဆင့် သဗ္ဗညုပုထိုးတော်ကြီး ရှိရာ မြောက်ဥက္ကလာပ မြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးခဲ့သည်။ အချုပ်ဆောင်အတွင်းမှ ထွက်ပြေးလာပြီးနောက် ရေကန် သုံးကန်ကို ကူးဖြတ်၍ သုံးမိုင်ကျော်ခန့် ခပ်သုတ်သုတ်လျှောက်ခဲ့ရကြောင်း ကိုနေရိပ်က ဆိုသည်။

    လက်ပစ်ကူးခဲ့ရသည့် ပထမရေကန်သည် ပေ ၂၀၀ ခန့် ကျယ်ပြီး ဒုတိယ ရေကန်သည် ပေ ၆၀၀ ခန့် ကျယ်သည်။ ဒုတိယရေကန်ကိုကူးချိန်တွင် တွေ့ရသည့် ဖော့ပြာအဟောင်းတစ်ချပ်ကို သုံးပြီး ကူးခပ်ခဲ့ရသည်။

    “ဘယ်နေရာရောက်နေမှန်းတော့မသိဘူး။ ကျွန်တော်သွားတဲ့အချိန် ပဋ္ဌာန်းရွတ်သံကြားရတယ်။ ပဋ္ဌာန်းသံထွက်လာတဲ့ ဘက်ကိုပဲ ဦးတည်ပြီးသွားတယ်”ဟု သူက ပြောပြသည်။

    လမ်းတွင် ခွေးသုံးကောင်နှင့် တွေ့သော်လည်း ခွေးများ မဟောင်ဘဲ နေခဲ့ခြင်းကလည်း သူ၏ ကံကောင်းခြင်းဖြစ်သည်။ ကိုနေရိပ်သည် သဗ္ဗညုပုထိုးတော်ကြီးရှိရာ သုခလမ်းကို ဖြတ်ပြီး ရေဒီယိုစတေရှင်လမ်းပေါ်သို့ တက်သည်။ ထို့နောက် ရထားလမ်းအတိုင်း ဦးတည်လမ်းလျှောက်လာရာ မရမ်းကုန်း (၅) ရပ်ကွက်သို့ရောက်သည်။ ထိုမှတစ်ဆင့် YBS- 64 ကားတက်စီး၍ ထွက်ပြေးရန် စီစဉ်သည်။ သို့သော် ကားခ မရှိ။

    ပထမဦးစွာ နံနက်ခင်း ဆိုင်ဖွင့်ရန် ပြင်နေသည့် ထမင်းကြော်ဆိုင်တစ်ခုထံ ဝင်ရောက်တောင်းရမ်းခဲ့ရာ ဆိုင်ရှင်အမျိုးသမီးက မောင်းထုတ်ခဲ့ကြောင်း ကိုနေရိပ်က ပြောပြသည်။

    “ကျွန်တော် အခက်အခဲဖြစ်နေလို့ ကျွန်တော့်ကို ငွေကြေးနည်းနည်းလောက် ကူညီပါလို့ ပြောတဲ့အချိန်မှာ ကျွန်တော့်ကို ပြန်ပြောတဲ့စကားက ‘ဘာတွေလာပြောနေတာလဲ။ ဒီမှာ ဈေးရောင်းမကောင်းတဲ့ကြားက မရှိဘူး … သွား’ ဆိုတာပဲ။ အဲဒီအချိန်က ဝမ်းအနည်းဆုံးအချိန်ပဲ” ဟု သူက ပြောသည်။

    ဒုတိယအကြိမ် ဝင်တောင်းသည့် ကွမ်းယာဆိုင်မှ အမျိုးသမီးတစ်ဦးကမူ ငွေ ၂၀၀ ပေးသည်။ သို့သော်လည်း ကားခ ပေးနိုင်ရန် ၁၀၀ လိုနေသေးသည်။ ထိုအချိန်တွင် တွေ့ရသည့် လူတစ်ယောက်ကို သူက PDF ရဲဘော်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကားခတောင်းရာ ငွေ ၁၅၀ နှင့် နှာခေါင်းစည်းတစ်ခု ရခဲ့သည်။ ထို့နောက် နှာခေါင်းစည်းတပ်၊ ဘတ်စ်ကားစီး၍ ချိတ်ဆက်ရမည့်သူထံ ဖုန်းဆက်ပြီး ငရဲခန်းမှ ပို၍ဝေးရာသို့ ထွက်ခွာနိုင်ခဲ့သည်။

    အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်လျှင် သေဆုံးခြင်း သို့မဟုတ် ထောင်ချခံရခြင်းနှင့် အဆုံးသတ်နေသည့် ကာလတွင် သူ၏ လွတ်မြောက်လာမှုမှာ ရှားပါးဖြစ်ရပ် ဖြစ်နေသည်။

    ယုံကြည်မှုနှင့် ရှေ့ဆက်မည့်ခရီး

    Screenshot 2568 11 01 At 11.41.01 1024x676 1
    ကိုနေရိပ် (ဓာတ်ပုံ – စောရယ်)

    လွတ်မြောက်လာပြီး ရှစ်ရက်အကြာတွင် KNU တပ်မဟာ (၆) နယ်မြေရှိ PDF တပ်ဖွဲ့ဝင်များထံ ကိုနေရိပ် ရောက်ရှိသည်။ သို့သော် ချက်ချင်း လွတ်လပ်ခွင့် မရသေး။ သူ့ကို သံသယဖြင့် ကာလတစ်ခုကြာ စောင့်ကြည့်ခြင်း ခံရသည်။

    “သံသယဒဏ်ခံရမယ်ဆိုတာ သိပြီးသား၊ ဒါပေမဲ့ ကိုယ်က မှန်မှန်ကန်ကန် ဖြတ်ကျော်လာသူဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဘူး” ဟု သူက ဆိုသည်။

    နောက်ဆုံးတွင် သူ၏ ရိုးသားမှုကို ယုံကြည်ပြီး PDF တပ်ဖွဲ့ဝင်များက လက်ခံခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဆင်ရေးနယ်မြေအမှတ် (၂) တွင် အကျုံးဝင်သည့် ပဲခူးတိုင်း၌ အခြေစိုက်သော ၃၇၀၂ တပ်ရင်း၏ တပ်ခွဲ (၄) တွင် တာဝန်ထမ်းဆောင်နေသည်။

    ကိုနေရိပ်တို့အဖွဲ့ကို Project Home အဖွဲ့ဟု တော်လှန်ရေးတပ်အသိုင်းအဝိုင်းက သိကြသည်။ သူက အဖွဲ့၏ ထုတ်လုပ်ရေးကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ သူတို့က တော်လှန်ရေးတပ်များ လိုအပ်သည့် ရှေ့ထွက်မိုင်းများ၊ Drop Bomb (ဒရုန်းဗုံးသီး)၏ ထိပ်တွင် တပ်ဆင်ရသည့် ထိကွဲစနစ်ပါ လက်နက်ပစ္စည်းများသာမက ကျောပိုးအိတ်၊ ပုခက်၊ ကျည်ကာအင်္ကျီ၊ သေနတ်လွယ်ကြိုးနှင့် ကျည်ထည့်သည့်အိတ်များ ထုတ်လုပ်နေသည်။

    စစ်ကြောရေးငရဲခန်း၏ သံတိုင်တပ် တံခါးကို ဇွန်းတစ်ချောင်းဖြင့် ဖြတ်တောက်ဖောက်ထွက်ခဲ့သည့် ကိုနေရိပ်သည် အချိန်ရလျှင် စစ်ကြောရေးစခန်းမှ လွတ်မြောက်ခဲ့ပုံကို စာအုပ်တစ်အုပ် ရေးသားထုတ်ဝေလိုသည်။ စာအုပ်ရောင်းရငွေကို လူတက်မောင်းနိုင်သည့် Ultralight Trike ခေါ် အပေါ့စား လေယာဉ်ငယ် တီထွင်ထုတ်လုပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။

    သူ့အတွက် အာဏာသိမ်းတပ်၏အချုပ်ခန်းထဲမှ သက်စွန့်ဆံဖျားထွက်ပြေးလွတ်မြောက်လာနိုင်ခြင်းသည် တော်လှန်ရေးတာဝန်ကျေခြင်း မဟုတ်သေးပေ။

    “ကျွန်တော်တို့အတွက် ခံယူချက်က ရှင်းတယ်၊ တော်လှန်ရေးအတွက် တာဝန်ကျေတယ်ဆိုတာ … ကျွန်တော်သေရင်သေ၊ မသေရင်တော်လှန်ရေးအောင်။ အဲဒီ နှစ်ခု မပြီးမချင်း တော်လှန်ရေးမှာ ဆက်ရှိနေမယ်” ဟု ကိုနေရိပ်က ပြောလိုက်သည်။

  • တပ်ကိုယ်စားလှယ်လောင်းများ အရှက်မရှိ ရာထူးတောင်းနေဟု ဘူးလက်လှဆွေ ပြော

    တပ်ကိုယ်စားလှယ်လောင်းများ အရှက်မရှိ ရာထူးတောင်းနေဟု ဘူးလက်လှဆွေ ပြော

    ကြံ့ခိုင်ရေးပါတီ မိုးထဲရေထဲရောက်ချိန်မှာ ဂူအောင်းနေပြီး ရွေးကောက်ပွဲအနိုင်ရမှ တပ်ကိုယ်စားလှယ်တချို့က စစ်တက္ကသိုလ် အပတ်စဥ် ပြောပြီး ရာထူးနေရာတွေ တောင်းတာဟာ ရှက်စရာကောင်းတယ်လို့ ကြံ့ခိုင်ရေးပါတီ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ဝေဖန်ပြောဆိုပါတယ်။

    ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက သူအသုံးပြုနေတဲ့ Tiktok အကောင့်ကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပါတီအတွင်း ရာထူးနေရာ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး Live လွှင့် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    “တချို့က အခုမှဝင်လာတယ်ဗျ။ ကျနော်တို့ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ လုပ်နေတုန်းက ဒီလူတွေက ဂူအောင်းနေတယ်။ အခုမှ ဝင်လာပြီးတော့ ကျနော်က ဘယ်သူနဲ့ တပတ်စဥ်တည်းပါ၊ ကျနော့်ကို ဘာရာထူးပေးပါ လာပြောတော့ ရယ်ရတယ်။ ဦးလှဆွေကြီး ဘာရာထူးယူမလဲဆိုတော့ ကျနော်က တပ်သားအဆင့်ပဲ ထားပါလို့ အစကတည်းက ပြောထားတာ။ ကျနော်တို့ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်နေတုန်းက ဂူအောင်းနေတယ်။ အဲဒီတုန်းက ကြံ့ခိုင်ရေးပုဆိုးအစိမ်းဝတ်ရမှာကို ကြောက်နေတဲ့သူတွေက အခုကျတော့ ဟိုနေရာလိုချင် ဒီနေရာလိုချင်နဲ့ အဲလိုမျိုးတွေဖြစ်နေတယ်။ ရှက်စရာကြီး၊ ကျနော်က အဲဒီအထဲမပါဘူး။”

    အာဏာခွဲဝေမှုမှာ တပ်က အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီက ဝင်ရွေးတဲ့ ကိုယ်စားလှယ်တွေနဲ့ မူလ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေကြား မကျေလည်မှုတွေရှိတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကိုယ်စားလှယ်ချင်းတူပေမဲ့ အငြိမ်းစားရပြီး ဝင်ပြိုင်ရတာချင်း မတူဘူး။ ကြံ့ခိုင်ရေးပါတီမှာ အမြင့်ဆုံးက ကစထမှူးပဲရှိတယ်။ တပ်က လွှတ်လိုက်တဲ့ သူတွေထဲမှာ ဗိုလ်ချုပ်ကြီးအဆင့် ၄ ယောက်ပါတယ်၊ ကျန်တာ ကစထမှူးတွေ၊ ဗိုလ်ချုပ်တွေ မဖြစ်မနေမို့သာ ကြံ့ခိုင်ရေးပါတီ အောက်ကနေဝင်ပြိုင်ရပေမဲ့ မပြိုင်ခင်ကတည်းက အနိုင်ရရင် အစိုးရသစ်ဖွဲ့ရင် ဘယ်ရာထူးပေးမယ် ဆိုတာ တပ်ချုပ်က ပြောပြီးသား၊ ရာထူးတောင်းစရာမလိုဘူး။”

    လာမဲ့ အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူမယ်လို့ သတင်းထွက်နေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်တဲ့ စာရင်းအရ လွှတ်တော် ၃ ရပ်မှာ ကိုယ်စားလှယ်ပေါင်း ၁,၀၂၅ ယောက်မှာ ကြံ့ခိုင်ရေးပါတီက ၇၃၉ နေရာ အနိုင်ရရှိထားပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာ ၅ နှစ်သက်တမ်းပြည့်တဲ့အချိန်မှာ စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားပါတယ်။

  • ကျားဖြန့်ဖြိုခွင်းရန် FBI အေးဂျင့်စေလွှတ်မှု မြန်မာအပေါ်  ဘယ်လိုသက်ရောက်မလဲ

    ကျားဖြန့်ဖြိုခွင်းရန် FBI အေးဂျင့်စေလွှတ်မှု မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲ

    လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိမှုတွေ တစုတစည်းတည်း ပါဝင်နေတဲ့ အရှေ့တောင်အာရှက ကျားဖြန့်ဂိုဏ်းတွေကိုဖြိုခွင်းဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အေးဂျင့်တွေကိုလည်း စေလွှတ်ထားတယ်လို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဆင့်မြင့်အရာရှိက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ FBI ရဲ့ နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။

    သူ့အနေနဲ့ ငွေလိမ်စခန်းတချို့ကို ကိုယ်တိုင်သွားကြည့်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ FBI အေးဂျင့်တွေကို ထိုင်းရဲတပ်ဖွဲ့ဆီ စေလွှတ်ထားကြောင်းပြောပြီး ဒါဟာ ဘယ်နိုင်ငံတခုတည်းကမှ တဦးတည်း မတိုက်ဖျက်နိုင်တဲ့ ဒေသတွင်း ပြဿနာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

    ဒ့ါအပြင် FBI အနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေ ဘယ်နေရာမှာပဲရှိရှိ ပြင်းပြင်းထန်ထန် လိုက်လံ နှိမ်နင်းသွားမယ်လို့ FBI နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲ ဒု-လက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှယ်လ်ဘီက ပြောပါတယ်။

    “ဒါဟာ ဆိုက်ဘာရာဇဝတ်မှုသက်သက် မဟုတ်တော့ပါဘူး။ ဒါဟာ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေ အားလုံး တစုတစည်းတည်း ပါဝင်နေတဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှု ဖြစ်ပါတယ်။ ဒီငွေလိမ်စခန်းတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ဖို့ဆိုရင် အဲဒီလိုပဲ စုပေါင်းညှိနှိုင်းတဲ့ နည်းလမ်းမျိုး လိုအပ်ပါလိမ့်မယ်။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ ဥပဒေတွေ ဒါမှမဟုတ် ပထဝီဝင် နယ်နိမိတ်တွေကို ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ နိုင်ငံအသီးသီးရဲ့ ဥပဒေတွေကို အခွင့်ကောင်းယူပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရသလို လုပ်ဆောင်နေကြတာပါ။”

    မြန်မာအပါအဝင် အရှေ့တောင်အာရှက နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေဟာ ဒီရာဇဝတ်မှုကို စက်မှုလက်မှု လုပ်ငန်းကြီးတခုပုံစံ အတိုင်းအတာအထိ ချဲ့ထွင်လုပ်ကိုင်နေတယ်လို့လည်း သူက ပြောပါတယ်။

    ဒီလုပ်ငန်းတွေကြောင့် ၂၀၂၅ ခုနှစ် တနှစ်တည်းမှာတင် အမေရိကန်ရဲ့ အင်တာနက်ရာဇဝတ်မှု တိုင်ကြားရေးဗဟိုဌာန (IC3) ဆီကို တိုင်ကြားစာပေါင်း ၈၀,၀၀၀ ကျော်ရောက်ရှိခဲ့ပြီး ငွေကြေး ဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကျော် ရှိခဲ့ပါတယ်။

    အခုစစ်ဆင်ရေးမှာ FBI အပြင် DOJ လို့ခေါ်တဲ့ တရားရေးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွေအပြင် ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်က လူတွေလည်း ပါဝင်တာကြောင့် မြန်မာနယ်စပ်က ငွေလိမ်လုပ်ငန်းတွေအတွက် ကြီးမားတဲ့အကျပ်အတည်း ဖြစ်လာလိမ့်မယ်လို့ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းရွှေက သုံးသပ်ပါတယ်။

    “ဘာဖြစ်လို့လဲဆိုရင် စောစောက ပြောသလိုပဲ ဒီ Multi-agency (အေဂျင်စီပေါင်းစုံ)ရဲ့ ဖိအားနဲ့ဆိုတော့၊ သူတို့ ဒီ နယ်ခြားစောင့်တပ်တို့၊ သူတို့ရဲ့ စီးပွားရေးမိတ်ဖက်တွေက နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ ဝရမ်းထုတ်ခံရနိုင်ခြေရှိတာ။ အဲဒီတော့ သူတို့ရဲ့ ပြည်ပကို သွားလာခဲ့ရင်၊ ပြည်ပပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခံရမယ့် အန္တရာယ်တွေ ဖြစ်လာနိုင်တာပေါ့နော်။”

    ငွေလိမ်ဂိုဏ်းတွေ မရှိမဖြစ်အသုံးပြုရတဲ့ အင်တာနက် ဆက်သွယ်ရေးပစ္စည်းတွေကို ဖြတ်တောက်တာအပြင် ငွေကြေးခဝါချရာမှာ အသုံးပြုတဲ့ ဘဏ်စာရင်းတွေ၊ Crypto Wallet တွေကိုလည်း ပိတ်ပင်နိုင်တဲ့ အနေအထားရှိလာတယ်လို့ သူက သုံးသပ်ပါတယ်။

    နည်းပညာ ပိတ်ဆို့မှုတွေကြောင့် ဒီဂိုဏ်းတွေရဲ့ အမြတ်တွေ လျေ့ာကျလာနိုင်သလို လာဘ်ယူနေသူတွေအနေနဲ့လည်း ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ စဉ်းစားလာနိုင်တယ်လို့ ကိုဂျိမ်းရွှေက ခန့်မှန်းပြောပါတယ်။

    တဖက်မှာလည်း သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားက မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

    အဲဒီတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအပြင် အွန်လိုင်းလောင်းကစား၊ တရားမဝင်လုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်မယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။