Author: Baby Yit Lone

  • Song Sung Blue

    Song Sung Blue

    Song Sung Blue (2025)

    ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားကြီး Hugh Jackman (X-Men မင်းသား) နဲ့ မင်းသမီး Kate Hudson တို့ အဓိကပါဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဂီတဒရာမာ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်း

    မေဝေါ်ကီ (Milwaukee) မြို့က သာမန်လူတန်းစား နှစ်ဦးဖြစ်တဲ့ Mike (Hugh Jackman) နဲ့ Claire (Kate Hudson) တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိက ပုံဖော်ထားတာပါ။

    Mike က အရက်ဖြတ်ထားတဲ့ ဗီယက်နမ်စစ်ပြန် တစ်ဦးဖြစ်ပြီး နာမည်ကြီး အဆိုတော် Neil Diamond ရဲ့ သီချင်းတွေကို လိုက်ဆိုနေတဲ့ အပျော်တမ်း အဆိုတော်တစ်ဦးပါ။

    Claire ကတော့ ကလေးနှစ်ယောက်မိခင် Single Mother တစ်ယောက်ဖြစ်ပါတယ်။

    သူတို့နှစ်ဦး ဆုံတွေ့ချစ်ကြိုက်သွားပြီးတဲ့နောက်မှာတော့ “Lightning & Thunder” ဆိုတဲ့ နာမည်နဲ့ Neil Diamond Tribute Band (အဆိုတော် နီးလ်ဒိုင်းမွန်း ဂုဏ်ပြုတေးဂီတအဖွဲ့) တစ်ခုကို ထူထောင်ခဲ့ကြပါတယ်။

    သူတို့ရဲ့ ဂီတအဖွဲ့လေး အောင်မြင်လာမယ့် အချိန်မှာပဲ ကံဆိုးမိုးမှောင်ကျစရာ မတော်တဆမှုတစ်ခု Claire အပေါ် ကျရောက်လာခဲ့ပါတယ်။

    အဲဒီမတော်တဆမှုကြောင့် သူတို့အိပ်မက်အားလုံးပျက်စီးသွားချိန်မှာ ဘယ်လို ပြန်တည်ဆောက်ကြမလဲဆိုတာ မြင်ရမှာပါ။

    ဒီကားဟာ သာမန် အောင်မြင်ကျော်ကြားရေး ဇာတ်လမ်းမျိုးထက်၊ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားကနေ လင်မယားနှစ်ယောက် လက်မတွဲဖြုတ်ဘဲ ဂီတရဲ့ စွမ်းအားနဲ့ ဘဝကို ဘယ်လို ပြန်လည်တည်ဆောက်ယူကြလဲ ဆိုတာကို ကြည်နူးဖွယ်၊ ဆွေးဆွတ်ဖွယ် ရိုက်ကူးထားပါတယ်။

    Hugh Jackman နဲ့ Kate Hudson တို့ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ လိုက်ဖက်ညီမှုကတော့ ကောင်းလွန်းပါတယ်။

    Neil Diamond ရဲ့ နာမည်ကြီး သီချင်းကောင်းတွေကို ဇာတ်ကားတစ်လျှောက် ခံစားနားဆင်ရမယ့်အပြင် Hugh Jackman ကိုယ်တိုင် သီဆိုထားတာတွေကလည်း အရမ်းကောင်းပါတယ်။

    ဘဝမှာ အခက်အခဲတွေ ကြုံလာရချိန်မှာတောင် မျှော်လင့်ချက် မပျောက်သင့်ဘူးဆိုတဲ့ ခွန်အားပေး ဇာတ်ကားမျိုး ဖြစ်ပါတယ်။

  • Bha Bha Ba

    Bha Bha Ba

    Bha Bha Ba (2025)

    အရူးများကမ္ဘာမှကြိုဆိုပါ၏

    လူ‌တွေအားလုံးကတစ်ယောက်တစ်မျိုးနဲ့ ရူးနေကြတဲ့ အရူးတွေပါ။

    ဒါပေမဲ့ ကိုယ့်ထက်ပိုရူးတဲ့ သူနဲ့တွေ့တဲ့အခါမှာတော့ကြောက်လန့် သွားတတ်ကြပါတယ်။

    ဒီဇာတ်လမ်းမှာ အမည်မသိ လူစိမ်းတစ်ယောက်က ကီရာလာပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ စီကေ ဂျိုးဆက် ကို လူထုဟောပြောပွဲတစ်ခုအတွင်းမှာ ရဲရဲဝံ့ဝံ့ ပြန်ပေးဆွဲသွားခဲ့ပါတယ်။

    ဝန်ကြီးချုပ်ရဲ့သားဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဒီအမှုကို လိုက်လံဖြေရှင်းရပါတော့တယ်။

    ပြန်ပေးဆွဲသူဟာ ဝန်ကြီးချုပ်ကို ဘာကြောင့်ဖမ်းဆီးရတာလဲ၊

    သူ့ရဲ့နောက်ကြောင်းရာဇဝင်က ဘာလဲဆိုတာကို ဟာသနှောပြီး တဖြည်းဖြည်းချင်း ဖော်ထုတ်ပြသသွားမှာဖြစ်ပါတယ်။

  • Gurram Paapi Reddy

    Gurram Paapi Reddy

    Gurram Paapi Reddy (2025)

    လောဘသားကောင်များ

    အလွဲအချော်ပေါင်းများစွာနဲ့ လူ့လောဘကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Crime Comedy ဇာတ်ကားတစ်ကားပါ။

    ၂ နာရီကျော်ကြာ‌ပေမဲ့ လုံးဝပျင်းမသွားဘဲ ထိုင်ရယ်နေရမဲ့ကားမျိုးကြည့်ချင်သူများအတွက် ဒီကားကိုရွေးကြပါ။

    အားလုံးရဲ့အချစ်တော် ယိုဂီဘာဘူလည်း ပါဝင်ထားပါသေးတယ်။

    ဇာတ်လမ်းက ပုံမှန်မဟုတ်တဲ့ ရာဇဝတ်မှုတစ်ခုနဲ့အတူ စတင်ထားတာဖြစ်ပြီး Gurram Paapi Reddy က မထင်မှတ်ဘဲ အဲ့ဒီအရှုပ်အထုပ်ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ရပါတယ်။

    အေးအေးဆေးဆေးနေချင်တဲ့ သူ့ရဲ့ဘဝထဲကို ထူးဆန်းတဲ့ဇာတ်ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေဟာ သူထိန်းချုပ်လို့မရတော့ဘဲ လုံးဝ ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။

    အထူးသဖြင့် လူရွှင်တော်ကြီး Brahmanandam နဲ့ အဖွဲ့သားတွေရဲ့ ကြားဝင်နှောက်ယှက်မှုတွေ၊ ငွေကြေးနဲ့ လောဘနောက်ကွယ်က အလွဲအချော်တွေကြားမှာ ဇာတ်ကောင်တွေဟာ ဘယ်သူ့ကိုယုံရမှန်းမသိအောင် ဖြစ်လာကြပါတယ် ပြောရရင် ရာဇဝတ်မှုတွေရဲ့ ပြင်းထန်မှုကို ဟာသနဲ့ ဘယ်လိုခပ်မိုက်မိုက် ချိတ်ဆက်သွားမလဲဆိုတာ ကြည့်ရှုရမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

  • Not Without Hope

    Not Without Hope

    Not Without Hope (2025)

    Shazam မင်းသား Zachary Levi အဓိကပါဝင်သရုပ်ဆောင်ထားပြီး သမုဒ္ဒရာအလယ်မှာ အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီရုပ်ရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကမ္ဘာကျော်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

    အမေရိကန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ Nickတို့သူငယ်ချင်း လေးယောက်ဟာ မက္ကဆီကိုပင်လယ်ကွေ့ထဲကို ပျော်ပျော်ပါးပါး ငါးဖမ်းထွက်ခဲ့ကြပါတယ်။

    ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့စီးလာတဲ့ လှေဟာ ပင်လယ်လယ်ခေါင်မှာ တိမ်းမှောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ ပျော်ရွှင်စရာ ငါးဖမ်းခရီးစဉ်ဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။

    အကူအညီမဲ့နေတဲ့ သမုဒ္ဒရာအလယ်၊ အစာရေစာပြတ်လတ်မှု၊ အအေးဒဏ်နဲ့ ရက်စက်တဲ့ မုန်တိုင်းဒဏ်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ခဲ့ကြမလဲ။

    မိသားစုဆီ ပြန်ရောက်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားပေးရင်း သေခြင်းတရားကို အံတုခဲ့ကြတဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေက ဘယ်လောက်ထိ ခိုင်မာခဲ့သလဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုပဲဖြစ်ပါတယ်။

    Nick တို့ သူငယ်ချင်း ၄ယောက် ဒီလိုအဖြစ်ဆိုးကြီးကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

  • Pillion

    Pillion

    Pillion (2025)

    မင်းသားကြီး Alexander Skarsgård နဲ့ Harry Potter ရုပ်ရှင်တွေထဲမှာ ဒက်ဒလေအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Harry Mellingတို့ အဓိကပါဝင်ထားတဲ့ Queer/BL ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီဇာတ်ကားဟာ သမားရိုးကျ အချစ်ကားတွေနဲ့မတူဘဲ နာမည်ကျော် Call Me by Your Name ရုပ်ရှင်လိုမျိုး စိတ်ခံစားချက်ကို အသားပေးရိုက်ကူးထားတာပါ။

    ဘဝကို ပုံစံခွက်ထဲမှာပဲ ဖြတ်သန်းနေတဲ့ Colin ဟာ တစ်နေ့မှာတော့ သူနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့၊ လွတ်လပ်ပြီး အရိုင်းဆန်တဲ့ ဆိုင်ကယ်သမား Ray နဲ့ ဆုံတွေ့ခဲ့ပါတယ်။

    Ray ရဲ့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ လိုက်ပါရင်း တဖြည်းဖြည်းနဲ့ Colinရဲ့‌ အေးစက်‌‌နေတဲ့ ဘဝဟာလည်း ပိုမိုအသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

    မြို့ပြရဲ့ မီးရောင်အောက်မှာ ဆိုင်ကယ်စီးရင်း သူတို့နှစ်ယောက်ကြားက သံယောဇဉ်ဟာ စကားလုံးတွေမလိုဘဲ ရိုးရှင်းစွာ အမြစ်တွယ်လာပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

    ဒီဇာတ်ကားဟာ အက်ရှင်တွေ၊ ဟာသတွေထက် လူသားနှစ်ယောက်ကြားက “စစ်မှန်တဲ့ နားလည်မှု” နဲ့ “လွတ်လပ်မှု” ကို အဓိကဖော်ပြထားတာပါ။

    ရုပ်ရှင်ရဲ့ ရိုက်ချက်တွေ (Cinematography) နဲ့ နောက်ခံတေးဂီတတွေကလည်း အထီးကျန်ဆန်သလိုလိုနဲ့ နွေးထွေးတဲ့ ခံစားချက်တစ်ခုဆီ ခေါ်ဆောင်သွားပေးမှာဖြစ်လို့ Ray နဲ့ Colin နှစ်ယောက် ဘယ်လို ဇာတ်သိမ်းမျိုးရရှိသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။