Author: Baby Yit Lone

  • “ဦးဦး သမီးကိုကယ်ပါဦး”

    “ဦးဦး သမီးကိုကယ်ပါဦး”

    “ဦးဦး သမီးကိုကယ်ပါဦး”

    မကွေးတိုင်း၊ နတ်မောက်မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာလဲဘူးဆိုတဲ့ ရွာလေးတစ်ရွာ တည်ရှိတယ်။ ဗိုလ်ချုပ်ဇာတိ နတ်မောက်မှာ လဲဘူးကျေးရွာကို လူသိများကြပါတယ်။ရွာက တောင်သူလုပ်တယ်။ ဖျာလုပ်ငန်းတွေလုပ်တယ်။

    ရောင်းရေးဝယ်တာ ဖြစ်ထွန်းတော့ မြို့အသေးလေးတခုလိုဖြစ်နေတယ်။ ဘာပဲလိုလို ဝယ်ချင်တာမှန်သမျှ မြို့လောက်နီးနီးစုံတယ်။ အနီးနားဝန်းကျင်ရွာတွေက ကျောင်းလာတက်ကြတယ်။ အလှူအတန်းပေါတယ်။ ပညာတတ်တွေများတယ်။ ဒါ့ကြောင့် လဲဘူးရွာလေးဟာ နတ်မောက်တခွင်မှာ ကောင်းသတင်းတွေနဲ့ မွှေးနေခဲ့တယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့လဲဘူးရွာလေးဟာတခြားအညာဒေသကရွာတွေလိုပါပဲ။စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့်ညနေတိုင်ပြီဆိုတာနဲ့ ရွာကလေးဟာ မီးမှိတ်တိတ်ဆိတ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ ပေါ်တာဆွဲတာတွေကြောင့် မိုးချုပ်ပြီဆို အပြင်မထွက်ရဲကြဘူး။

    အသက် ၃၇ နှစ်အရွယ် မလွမ်းပိုက လဲဘူးရွာကပါ။ ညဂုတ် ၂၄ ရက်ညက မလွမ်းပိုတို့အိမ်မှာ မလွမ်းပိုရဲ့ သမီးလေး အသက် ၁၂ နှစ်အရွယ်ရယ်၊ မလွမ်းပိုနဲ့ ညီအမတော်တဲ့မသီတာခိုင်ရယ်၊ မသီတာခိုင်ရဲ့ ၃ နှစ်အရွယ်သမီး​လေးနဲ့ ၈ နှစ်နဲ့ ၁၂ နှစ်အရွယ် သားက​လေးရယ် စကားတွေပြောနေခဲ့ကြတယ်။

    ညီအမအရင်းနှစ်ယောက်နဲ့ သူတို့သားသမီး ကလေး ၄ ယောက်ရယ်ပါ။ သူတို့ညီအမနှစ်ယောက်ရဲ့ လင်သားတွေကတော့ တိုင်းတပါးမှာ အလုပ်သွားလုပ်နေကြလို့ အိမ်မှာ ယောကျာ်းသားမရှိဘဲ ကလေးတွေနဲ့ စုအိပ်ကြတာပါ။

    ည ၈ ခွဲလောက်မှာ နိုင်ငံခြားက မသီတာခိုင်အမျိုးသားဖုန်းခေါ်တယ်။ အိမ်ပေါ်မှာလိုင်းမကောင်းတာနဲ့ မသီတာခိုင်က ၂ နှစ်သမီးလေးပွေ့ချီပြီး အိမ်ရှေ့လမ်းပေါ်ထွက်ဖို့ဆင်းလာတယ်။

    အိမ်ပေါ်မှာတော့ သူ့ညီမနဲ့ ကလေးတွေတသိုက် ကျန်ရစ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဝုန်းကနဲဆို အသံနက်ကြီးထွက်ပေါ်လာပြီး အိမ်တွေဝုန်းဒိုင်းကြဲကာ ပျက်စီးသွားတော့တယ်။

    စစ်ကောင်စီတပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံး ၂ လုံးကိုအိမ်​တွေ​ပေါ် ကြဲချလိုက်တာပါ။

    ပထမတစ်လုံးက မလွမ်းပိုတို့ အိမ်ပေါ် တည့်တည့်ကျတယ်။ စုတ်ပျက်သက်သွားတယ်။ အိမ်ရှေ့က မသီတာခိုင်လည်း လွင့်စင်သွားတယ်။

    သူချီပိုးထားတဲ့ ၂ နှစ်အရွယ်သမီးလေးလည်း ဒဏ်ရာဗရပွနဲ့ သေဆုံးသွားခဲ့တယ်။ မသီတာခိုင်လည်း သတိလစ်သွားတယ်။

    “သူ့ယောကျာ်းနဲ့ဖုန်းပြောမယ်ဆိုပြီး လိုင်းကောင်းတဲ့လမ်းဘက်အထွက် အိမ်ပေါ် ကျတာ။ ၂ နှစ်သမီးလေးချီပိုးရင်း ဖုန်းပြောနေတုန်းဖြစ်တာ။”လို့ ရွာခံတဦးက ပြောပြတယ်။

    အိမ်အပေါ်မှာ ကျန်ရစ်ခဲ့တဲ့ မလွမ်းပို ဆိုအောက်ပိုင်းတစ်ပိုင်းလုံးရှာမရခဲ့ဘဲ သေဆုံးခဲ့ရတယ်။ ၁၂ နှစ်အရွယ်သူ့သမီးလေးမချိုဇင်ဇင်ကျော်ကတော့ သွေးတွေသံတွေနဲ့။ လာကယ်ထုတ်ကြသူတွေကို သူပြောတာက “ဦးဦး သမီးကိုကယ်ပါဦး သမီးနာနေပြီ”တဲ့။

    လာကူသူတွေကလည်း သမီးဘာမှမဖြစ်ဘူးနော် အားတင်းထားနော် အားပေးခဲ့ကြတယ်။ အဲဒီ သမီး​လေးကို ဆေးရုံတော့ အရောက်ပို့ခဲ့ကြတယ်။

    အားကိုးတကြီး အကူအညီတောင်းခဲ့တဲ့ သမီးလေးဟာ ဆေးရုံအရောက်မှာဆုံးပါးခဲ့ပါတယ်။

    အိမ်အနီးနားက အသက်ကြီးပိုင်း အမျိုးသားကြီး ၂ ဦးလည်းဆုံးတယ်။ ခြေပြတ်လက်ပြတ်မို့ တခုစီလိုက်ကောက်ကြရတယ်။ “ရုပ်အလောင်းဆင်မရလို့ ဖျာနဲ့လိပ်ထားရတယ်”လို့ဒေသခံတဦးကပြောပြတယ်။

    စုစုပေါင်း ကလေး ၂ ဦးနဲ့ လူကြီး ၃ ဦး၊ ၅ ဦးသေဆုံးခဲ့ရတယ်။ နောက်ထပ် ၉ ဦးလည်း ဒဏ်ရာရတယ်။ “ခြေထောက်ကျိုးတာ၊ လက်ကျိုးတာတွေအများကြီးပဲ။”လို့ ကူညီနေသူတဦးက ပြောပြတယ်။

    ၂ နှစ်သမီးဆုံးရှုံးခဲ့ရတဲ့မသီတာခိုင်ကတော့ ခေါင်းတွေရော။ လည်ပင်းမေးရိုးကျိုးတယ်။ ဒဏ်ရာတွေ ခန္ဓာကိုယ်တစ်ခုလုံးပွလို့။ အခုထိ ဆေးရုံပေါ်မှာ အသက်လုနေရတုန်းပါ။

    သူ့သားကလေးနှစ်​ယောက်လည်းဒဏ်ရာ​တွေကိုယ်စီနဲ့။ အသက် ၁၂ သားက ဘယ်ဘက်မျက်လုံး ခိုက်မိတယ်။ သူကတော့ မျက်လုံးမကွယ်ဘူး။ ငယ်တဲ့ကောင်လေးက ကျတော့ ညာဘက်မျက်လုံး ခိုက်မိတယ်။ မျက်စိက သိပ်မသေချာဘူး။ ​”ဆရာဝန်ပြောတာက မြင်ရမယ်၊မမြင်ရဘူး မသေချာဘူးပြောတယ်။”လို့ သားချင်းတော်စပ်သူတဦးက ပြောပါတယ်။

    နေအိမ် ၈ လုံးလောက်က တော်တော်များများ ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေလည်း အသက်လုနေရတုန်းပဲ။

    တိုက်ပွဲလည်းမရှိဘူး။ အားလုံး အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေကြတာ။

    ထိခိုက်သူတွေဟာ နွမ်းပါးကြသူတွေမို့ အဝေးရောက်လဲဘူးသူ ၊လဲဘူးသားတွေရော အနီးက ရပ်ဆွေရပ်မျိုးတွေကပါ ကူညီကြ ဝိုင်းကြဝန်းကြတယ်။ သေဆုံးသူတွေအတွက် ရည်စူးပြီး လဲဘူးရွာက တစ်အိမ်ဆွမ်းတစ်ပွဲဖိတ်လို့ ဆွမ်းသွတ်ကုသိုလ်ပွဲပြုလုပ်ဖို့လည်း စီစဥ်နေကြတယ်။

    အခုလိုတိုက်ပွဲမရှိဘာမရှိနဲ့ လေကြောင်းတိုက်ခိုက်ခံရတာကို ဒေသခံတွေ အံ့သြနေကြပါတယ်။ ပြည်သူတွေမှာ စားဖို့တောင်မနည်းရုန်းကန်နေရတဲ့အချိန် အသက်လုနေရတယ်လို့ ဒေသခံတဦးက ပြောတယ်။

    “ပြည်သူကို သက်သက်မဲ့ အညှိုးထားပြီး သတ်သလိုဖြစ်နေတယ်။ မခံချိမခံသာဖြစ်တယ်။ ရင်ထဲလည်း မကောင်းပါဘူး။”လို့ ဒေသခံအမျိုးသားတဦးက ပြောပြတယ်။

    လေကြောင်းတိုက်ခိုက်ခံရတာ ၃ ညမြောက်ခဲ့ပါပြီ။ လဲဘူးရွာသူရွာသားတွေ ထိတ်လန့်နေတုန်းပဲ။

    “ညဆိုလည်း အိပ်ရမှာလိုလို ပုန်းရမှာလိုလို စိုးရိမ်စိတ်ကြီးနဲ့”လို့ ဒေသခံအမျိုးသားတဦးက ပြောလိုက်ပါတယ်။ ။

    ✍Scorpio

    (လဲဘူးရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်နဲ့ မိခင်​ပေါ်မှာပဲ ဗုံးကြံခံရပြီး ​သေဆုံးခဲ့တဲ့ အသက် ၂ နှစ်​ကျော်အရွယ်သာရှိ​သေးတဲ့က​လေးငယ်/လာကယ်ပါဦးလို့အကူအညီ​တောင်းခဲ့​ပေမယ့် ​ဆေးရုံမှာကွယ်လွန်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ်မချိုဇင်ဇင်ကျော်။ဓာတ်ပုံ-CJ )

  • စရဖ၏ ဖုန်းပျောက်သွားသည့်အတွက် ပုသိမ်တွင် ဖုန်းအရောင်းအ၀ယ်လုပ်ကိုင်သူအချို့ကို စစ်တပ်ဖမ်းဆီးထား

    စရဖ၏ ဖုန်းပျောက်သွားသည့်အတွက် ပုသိမ်တွင် ဖုန်းအရောင်းအ၀ယ်လုပ်ကိုင်သူအချို့ကို စစ်တပ်ဖမ်းဆီးထား

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဖုန်းအရောင်းအ၀ယ်ပြုလုပ်သည့် လူငယ် လေးဦးထက်ထက်မနည်းကို စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။

    ပုသိမ်မြို့အမှတ် ၆ ရပ်ကွက်၊ မြို့ပါတ်လမ်းနှင့်ကမ်းနားလမ်းတွင်နေထိုင်သော လူငယ်အချို့၏ နေအိမ်များကို ဩဂုတ် ၂၂ ရက်နေ့က စစ်ကားများဖြင့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်​။

    “ငွေဆောင်မှာ စရဖရဲ့ သေနတ်နဲ့ ဖုန်းပျောက်တဲ့ကိစ္စက ဖုန်းကို ပုသိမ်မှာလာရောင်းတယ်ဆိုလို့ ဖုန်းအဟောင်းရောင်း၀ယ်လုပ်တဲ့သူအချို့နဲ့ ဖုန်းပြင်တဲ့သူအချို့ကို ညတွင်းချင်းလာဖမ်းတာ”ဟု ပုသိမ်မြို့နယ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀င်တစ်ဦးက ပြောသည်။

    ငွေဆောင်မြို့တွင် သြဂုတ် ၁၉ ရက်နေ့က စရဖတပ်ဖွဲ့၀င် ​အောင်မြင့်ဦး ဆိုသူ၏ သေနတ်၊ ဖုန်းနှင့် ငွေသားများပျောက်ဆုံးခဲ့ပြီးနောက် ဒေသခံအချို့ဖမ်းဆီးခံခဲ့ရကာ ဖုန်းကို ပုသိမ်မြို့တွင် လာရောက်ရောင်းချသည်ဟု သတင်းရသဖြင့် ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ဖမ်းဆီးထားသူများကို စစ်ဆေးနေပြီး ယနေ့အချိန်ထိ မိသားစုနှင့် တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

    စရဖ ဗိုလ်ကြီးရဲ့ သေနတ်အပါဝင် ဝန်ထမ်းကတ်တွေကအစ အခိုးခံရမှုသတင်းဖတ်ရန် ဒီနေရာမှာနှိပ်ပါ

  • ကျောက်မဲထိုးစစ် နောင်ပိန်ရွာမှ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲပြင်းထန်နေ

    ကျောက်မဲထိုးစစ် နောင်ပိန်ရွာမှ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲပြင်းထန်နေ

    ရှမ်းပြည်နယ်၊ ကျောက်မဲကို ဦးတည်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းဟာ နောင်ပိန်ရွာနားကို ရောက်ရှိနေပြီး ဩဂုတ် ၂၇ ရက်အထိ တိုက်ပွဲက ဆက်လက်ပြင်းထန်နေပါတယ်။

    နောင်ချိုကို စစ်တပ်က ပြန်သိမ်းပိုက်ပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောက်ထပ်မြို့တွေ ဖြစ်တဲ့ ကျောက်မဲနဲ့ မိုးကုတ်ကိုလည်း ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ဆက်ပြီး ထိုးစစ်ဆင်နေတာပါ။

    ကျောက်မဲမြို့နယ်၊ နောင်ပိန်ဘက်ကို ရောက်နေတဲ့ စစ်ကြောင်းနဲ့ TNLA တို့အကြား တိုက်ပွဲက တပတ်ကျော် ကြာလာပြီဖြစ်ပြီး တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။

    “တိုက်ပွဲကတော့ ဒီနေ့အထိလည်း ဆက်ရှိပါတယ်။ ဟုတ်တယ် ပြင်းထန်တယ်။ သူတို့ဘက်ကတော့ လေကြောင်းကိုပဲ အဓိက အားကိုးတာပဲပေါ့။ ဒရုန်းတွေလည်း အများကြီးသုံးတယ်။”

    နောင်ပိန်ဘက်ကို ရောက်နေတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းမှာ လက်နက်ကြီးပစ်ကူတွေလည်း မပါတာကြောင့် အဲဒီနေရာကနေ ရှေ့ဆက်တိုးဖို့တော့ မလွယ်ဘူးလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

    ဒါ့အပြင် အဲဒီစစ်ကြောင်းမှာ ရိက္ခာလည်း အလုံးအလောက်မပါတာကြောင့် စစ်တပ်ဘက်က အင်အားဖြည့်တင်းနိုင်ဖို့ လေကြောင်းကို အဓိက အသုံးပြုဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

    တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နောင်ပိန်ရွာဟာ ကျောက်မဲမြို့နယ်နဲ့ ၁၅ မိုင်လောက် ဝေးကွာပါတယ်။ကျောက်မဲမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သား သေဆုံးမှုကလည်း ဆက်တိုက်ရှိနေတာပါ။

    မိုးကုတ်ဘက်ကို ဦးတည်နေတဲ့ စစ်ကြောင်းနဲ့လည်း နောင်ချို-မိုးကုတ်လမ်းပိုင်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။

    ✍ထက်အောင်

  • ဘုတ်ပြင်းအခြေစိုက်  အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယ စကခမှူး  ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး

    ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး

    တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ အလောင်းကို ဘုတ်ပြင်းသို့ ပြန်သယ်

    တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ ဦးတည်၍ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၃ စီးကို မြိတ်-ထားဝယ်ခရိုင်၊ လယ်က ဆော မြို့နယ်၊ ထောင်ယွန်းကျေးရွာအနီး KNLA တပ်များက စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် အပါအဝင် စစ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်မှူးကြီး မျိုးသန့်၏ အလောင်းအပါအဝင် စစ်သားအလောင်းများကို ရသမျှ ကောက်ယူကာ ဘုတ်ပြင်းမြို့ဘက်သို့ ပြန်လည် ဆုတ်သွားကြောင်း သိရှိရသည်။

    စစ်တပ်သတင်းရင်းမြစ်က ဗိုလ်မှူးကြီး မျိုးသန့်သည် လေညာမြို့သို့ ခုခံစစ် ဆင်ရေးများကို ကွပ်ကဲရန်နှင့် တပ်စစ်ဆေးရေး သွားရောက်ရန် စစ်ယာဉ်တန်းဖြင့် သွားရောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုသည်။

    ” အမှတ် ၁၃ ကွပ်ကဲမှု ဌာနချုပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် က သေဆုံးသွားခဲ့တာ မှန်ပါတယ်။ လက်နက်ငယ် ပစ်ခတ်မှုနဲ့ မှန်ပြီး သေဆုံးတယ်။ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးတစ်ယောက်က စစ်ယာဉ်တန်း ၃ စီးမှာ ခေါင်းပေါင်း In Charge လို ပုံစံမျိုးနဲ့ သွားတာဆိုတော့။ သူနဲ့အတူ ဗိုလ်မှူးအဆင့် စစ်ဦးစီးမှူး ဒုတိယတန်း တစ်ယောက်လည်း သေသွားတယ်လို့ အတည်ပြုနိုင်တယ်။ နာမည်တော့ စိစစ်နေဆဲပဲ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ကမ်းရိုးတန်းဒေသမှာ ဒုတိယတပ်မမှူးအဆင့် ပထမဦးဆုံးကာကွယ်ရေးအင်အားစုတွေရဲ့ မြေပြင်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ထိမှန်သေဆုံးခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    စကခ ၁၃ ဒုတိယစကခမှူး ဗိုလ်မှူး​ကြီး မျိုးသန့်သည် တနင်္သာရီတိုင်း ပြည်သူ့စစ်တပ်များကို ဦးစီးကွပ် ကဲရသူတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၀ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသူဖြစ်ကြောင်း၊ ၎င်းသေဆုံးမှုနှင့်တပ်သက်၍ ကမ်း ရိုးတိုင်းစစ်ဌာနချုပ်က စကခ ၁၃ စကခမှူး ထံသို့ ဖြေရှင်းချက်တောင်းခံနေပြီး စစ်ခုံရုံးဖွဲ့စစ်ဆေးမှုများ လုပ်ဆောင်ရန် ရှိနေကြောင်း သိရှိရသည်။

    “အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ စအခ မှူးကတော့ ဗိုလ်မှူးချုပ် ဇေယျာလင်း ဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကပဲ ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူးတစ်ယောက်ကို လမ်းကင်းသေချာချထားခြင်း မရှိဘဲနဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ယောက်ကျဆုံးသွားရတဲ့အတွက် တိုင်းစစ်ဌာနချုပ်ကနေတော့ ဖြေရှင်းချက်တောင်းနေတယ်။ စုံစမ်းစစ်ဆေးရေးခုံရုံးလည်း ဖွဲ့ပြီးတော့ အစစ်ခံရမယ်လို့ သိရပါတယ်။ ဒုတိုင်းမှူးအဆင့်ထက်မနိမ့်တဲ့ဟာမျိုးနဲ့တော့ စုံခုံဖွဲ့ပါလိမ့်မယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    KNU -မြိတ်-ထား ဝယ်ခရိုင်၊ သတင်းနှင့်ပြန်ကြားရေးဌာနက ဩဂုတ်လ ၂၅ ရက်နေ့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အတည်ပြု သတင်းထုတ်ပြန်ထားသည်။

  • ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    ကွတ်ခိုင်တွင်စစ်တပ်​လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ

    စစ်ကောင်စီနှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများ အရေးပေါ်ပိတ်လိုက်ပြီး MNDAA ကလည်း ၎င်းတို့၏ ရုံးများတွင် အလံအသစ်များလွင့်ထူနေကြောင်း သတင်းရရှိသည်။

    “မနက်ကကျောင်းသွားပို့‌တော့ပြန်လွှတ်လိုက်တယ်။ TNLA နဲ့ စစ်တပ်ဆွေးနွေးနေချိန်မှာ လေကြောင်းကနေလာပစ်မှာကို စိုးလို့တဲ့။ တနင်္လာနေ့မှာပြန်ဖွင့်မယ်လို့သိရတယ်။ ဒီနေ့မနက်ကွတ်ခိုင်မှာ ထူးခြားတာက ကိုးကန့်(MNDAA)တွေက အလံအသစ်တွေ လွှင့်နေတယ်။ ကျီးလန့်စာစားနေရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

    သြဂုတ် ၂၆ ရက်ညနှင့် ယနေ့နံနက်အစောပိုင်းအထိ ကွတ်ခိုင်ကို စစ်ကောင်စီကင်းထောက်လေယာဥ်ဝဲနေခဲ့၍ ဒေသခံများစိုးရိမ်နေကြသည်။

    “ည ၇ နာရီ လောက်ကစပြီး တစ်နာရီခြားတစ်ခါလောက် လေယာဉ်ဝဲတာ။ မနက်သုံးနာရီလောက်အထိဝဲတယ်။ ကျနော်တို့ မအိပ်ဘဲနဲ့ စောင့်ကြည့်နေခဲ့ရတယ်”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။

    ကွတ်ခိုင်မြို့ကို TNLAရော MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။

    လက်ရှိတွင် တရုတ်အစိုးရ၏ကြားဝင်မှုဖြင့်စစ်ကောင်စီ နှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေး​​​နေသည်​။ ​ကျောက်မဲ နှင့် ​နောင်ချို-မိုးကုတ်ကြားတွင်တိုက်ပွဲများပြင်းထန်​နေစဥ် တရုတ်အစိုးရ အစီအစဥ်ဖြင့်​ဆွေး​နွေး​နေကြခြင်းဖြစ်သည်။

    စစ်ကောင်စီက သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့တို့မှ TNLA ဆုတ်ခွာသွားရန် ဖိအားပေးနေကြောင်း သတင်းအချို့လည်းထွက်ပေါ်နေသည်။

    ယခုနှစ်ဆန်းပိုင်းတွင် တရုတ်၌ လုပ်​သော​ဆွေး​နွေးပွဲတွင်လည်း စစ်တပ်က ​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊​ကျောက်မဲ ၊သီ​ပေါမြို့တို့မှ TNLA ကဆုတ်​ပေးပြီး စစ်​ကောင်စီကိုပြန်​ပေးရန်​တောင်းဆိုခဲ့​ကြောင်း TNLA ကထုတ်ပြန်ခဲ့သည်။

    စစ်တပ်က ​နောင်ချိုကို သိမ်းပိုက်ပြီး စစ်​ရေးအရဖိအား​ပေး​​သော် TNLA ၏ ရပ်တည်ချက်​ပြောင်းလဲမည်မဟုတ်​ကြောင်း ​သြဂုတ် ၅ ရက်ကပြုလုပ်​သော သတင်းစာရှင်းလင်းပွဲတွင် TNLA ကပြောကြားထားသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာအရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့သည်။

    ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။

    ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကိုအရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်း MNDAA က ယင်းနေ့တွင် သတိ​ပေးခဲ့သည်။

    MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားပြီး လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    ကွတ်ခိုင်မြို့အား ဗုံးကြဲပြီး နောက်ပိုင်းစစ်ကောင်စီကလေကြောင်းမှကင်းထောက်မှုများ မကြာခဏပြုလုပ်နေပြီး သြဂုတ်ညကအများဆုံးပြုလုပ်ခြင်းဟုသိရသည်။

    (ကွတ်ခိုင်မြို့အဝင်ကို​တွေ့ရစဥ်(ပုံ​​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)