ကွတ်ခိုင်တွင်စစ်တပ်လေယာဥ်ဝဲ၍ စာသင်ကျောင်းများအရေးပေါ်ပိတ်၊ ရုံးများတွင် MNDAA အလံသစ်များလွှင့်ထူ
စစ်ကောင်စီနှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေစဉ် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေ၍ စာသင်ကျောင်းများ အရေးပေါ်ပိတ်လိုက်ပြီး MNDAA ကလည်း ၎င်းတို့၏ ရုံးများတွင် အလံအသစ်များလွင့်ထူနေကြောင်း သတင်းရရှိသည်။
“မနက်ကကျောင်းသွားပို့တော့ပြန်လွှတ်လိုက်တယ်။ TNLA နဲ့ စစ်တပ်ဆွေးနွေးနေချိန်မှာ လေကြောင်းကနေလာပစ်မှာကို စိုးလို့တဲ့။ တနင်္လာနေ့မှာပြန်ဖွင့်မယ်လို့သိရတယ်။ ဒီနေ့မနက်ကွတ်ခိုင်မှာ ထူးခြားတာက ကိုးကန့်(MNDAA)တွေက အလံအသစ်တွေ လွှင့်နေတယ်။ ကျီးလန့်စာစားနေရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။
သြဂုတ် ၂၆ ရက်ညနှင့် ယနေ့နံနက်အစောပိုင်းအထိ ကွတ်ခိုင်ကို စစ်ကောင်စီကင်းထောက်လေယာဥ်ဝဲနေခဲ့၍ ဒေသခံများစိုးရိမ်နေကြသည်။
“ည ၇ နာရီ လောက်ကစပြီး တစ်နာရီခြားတစ်ခါလောက် လေယာဉ်ဝဲတာ။ မနက်သုံးနာရီလောက်အထိဝဲတယ်။ ကျနော်တို့ မအိပ်ဘဲနဲ့ စောင့်ကြည့်နေခဲ့ရတယ်”ဟုကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။
ကွတ်ခိုင်မြို့ကို TNLAရော MNDAA ပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။
လက်ရှိတွင် တရုတ်အစိုးရ၏ကြားဝင်မှုဖြင့်စစ်ကောင်စီ နှင့် TNLA တရုတ်နိုင်ငံ၌ ဆွေးနွေးနေသည်။ ကျောက်မဲ နှင့် နောင်ချို-မိုးကုတ်ကြားတွင်တိုက်ပွဲများပြင်းထန်နေစဥ် တရုတ်အစိုးရ အစီအစဥ်ဖြင့်ဆွေးနွေးနေကြခြင်းဖြစ်သည်။
စစ်ကောင်စီက သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့တို့မှ TNLA ဆုတ်ခွာသွားရန် ဖိအားပေးနေကြောင်း သတင်းအချို့လည်းထွက်ပေါ်နေသည်။
ယခုနှစ်ဆန်းပိုင်းတွင် တရုတ်၌ လုပ်သောဆွေးနွေးပွဲတွင်လည်း စစ်တပ်က နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊ကျောက်မဲ ၊သီပေါမြို့တို့မှ TNLA ကဆုတ်ပေးပြီး စစ်ကောင်စီကိုပြန်ပေးရန်တောင်းဆိုခဲ့ကြောင်း TNLA ကထုတ်ပြန်ခဲ့သည်။
စစ်တပ်က နောင်ချိုကို သိမ်းပိုက်ပြီး စစ်ရေးအရဖိအားပေးသော် TNLA ၏ ရပ်တည်ချက်ပြောင်းလဲမည်မဟုတ်ကြောင်း သြဂုတ် ၅ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် TNLA ကပြောကြားထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက် နံနက်ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ကောင်စီက ဗုံးကြဲခဲ့ရာအရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့သည်။
ဒဏ်ရာရရှိသူများတွင် အသက် ၂၀ အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။
ယင်းလုပ်ရပ်သည်တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကိုအရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်း MNDAA က ယင်းနေ့တွင် သတိပေးခဲ့သည်။
MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားပြီး လူထုဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ကွတ်ခိုင်မြို့အား ဗုံးကြဲပြီး နောက်ပိုင်းစစ်ကောင်စီကလေကြောင်းမှကင်းထောက်မှုများ မကြာခဏပြုလုပ်နေပြီး သြဂုတ်ညကအများဆုံးပြုလုပ်ခြင်းဟုသိရသည်။
(ကွတ်ခိုင်မြို့အဝင်ကိုတွေ့ရစဥ်(ပုံဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)


Leave a Reply