Author: Baby Yit Lone

  • ရွေးကောက်ပွဲ နီးလာချိန် တပ်မိသားစုများ လုံခြုံရေးအထူးဂရုစိုက်ရန် စစ်ခေါင်းဆောင် တိုက်တွန်း

    ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အရာရှိ၊ စစ်သည်တွေသာမက မိသားစုဝင်တွေပါ လုံခြုံရေးအထူး ဂရုစိုက်ပြီး နေထိုင်ကြဖို့ အောက်တိုဘာ ၁၈ ရက်က ကိုကိုးကျွန်းတပ်နယ်မှာ စစ်ခေါင်းဆောင်က တိုက်တွန်းပြောပါတယ်။

    ကိုကိုးကျွန်းဟာ နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နေရာဖြစ်သလို ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်လည်းဖြစ်လို့ အရာရှိ၊ စစ်သည်တွေနဲ့ တပ်မိသားစုဝင်တွေပါ လုံခြုံရေး အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    “မဖြစ်မနေ နိုင်ငံတော်ရဲ့အာဏာကို ရယူခဲ့ရပေမဲ့ ပြည်သူလူထု တောင့်တတဲ့ ရွေးကောက်ပွဲကို တပ်က ဦးဆောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဆန္ဒမဲပေးရာမှာလည်း နိုင်ငံ၏ အကျိုးကို အမှန်တကယ် သယ်ပိုးသူ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသူ၊ နိုင်ငံရေး၊ စီးပွားရေးအပြင် ကာကွယ်ရေးအမြင်ရှိသူကို ရွေးချယ်မဲပေးဖို့ လိုတယ်။”

    စစ်ခေါင်းဆောင်အနေနဲ့ စစ်တပ်ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးတွေနဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးစိုးရိမ်နေပုံရှိပြီး တပ်ကလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်မခံရမှာလည်း စိတ်ပူနေဟန်ရှိတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။

    “အရင်က ဆန္ဒမဲပေးရင် ဒို့တာဝန်အရေး ၃ ပါးကို လေးစားလိုက်နာသူကို မဲပေးရမယ်ဆိုပြီး ပြောတယ်။ အခုနောက်ပိုင်း ကာကွယ်ရေးအမြင်ရှိသူ ဆိုပြီး ဖြစ်သွားတယ်။ အဲဒီစကားက ပြင်ဦးလွင်တပ်နယ်မှာ စပြောတာ။ ဘာလို့လဲဆိုတော့ ပြင်ဦးလွင်မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်ပြိုင်မှာလေ။ တခြားပါတီတွေ နိုင်သွားမှာ စိုးရိမ်နေတယ်။ ကိုကိုးကျွန်းမှာက ဗိုလ်ချုပ်ကြီးညိုစော ဝင်ပြိုင်မှာ၊ တပ်က ကိုယ်စားလှယ်တွေပြိုင်မယ့် မြို့နယ်တွေမှာ တခြားပါတီတွေကို မနိုင်စေချင်တဲ့ သဘော။”

    ဒါ့အပြင် ကိုကိုးကျွန်းတပ်နယ်က အရာရှိ၊ စစ်သည်တွေကိုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာတွေကို ပြတ်ပြတ်သားသားလုပ်ဖို့ စစ်ခေါင်းဆောင်က အမိန့်ပေးခဲ့ပါတယ်။

    ဒီဇင်ဘာ ၂၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲကို ပါတီပေါင်း ၅၇ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၅, ၀၀၀ ကျော်ဝင်ပြိုင်သွားမှာဖြစ်ပြီး အဲဒီထဲမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စစ်တပ်က အရာရှိ ၄၀၀ ကျော်ကို အငြိမ်းစားပေးကာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခိုင်းတယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာပါ။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • ငလျင်ဘေး ပြန်လည်ထူထောင်ရေး ချေးငွေလျှောက်ထားနိုင်

    ငလျင်ဘေး ပြန်လည်ထူထောင်ရေး ချေးငွေလျှောက်ထားနိုင်

    စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

    ငလျင်ဒဏ်ခံခဲ့ရတဲ့ နယ်မြေဒေသတွေကို ပြန်လည်ထူထောင်ဖို့ ရန်ပုံငွေတရပ် ထားရှိထားပြီး ဒီရန်ပုံငွေကနေ ၃ နှစ်မှ ၅ နှစ်အထိ သက်တမ်းရှိတဲ့ ချေးငွေတွေကို ထုတ်ချေးသွားမယ်လို့ ဆိုပါတယ်။

    မန္တလေးဒေသခံတယောက်က “အမှန်တကယ် ထုတ်ချေး၊ မချေးတော့ မသိဘူး။ လျှောက်ကြည့်ရမှာပေါ့။ သူတို့က ဘယ်လောက်ထုတ်ချေးမလဲတော့ မသိဘူး။ ချွေးသိပ်ရုံလောက် ဆိုရင်တော့ မလျှောက်တော့ဘူး။ အရင်စုံစမ်းကြည့်မယ်” လို့ ပြောပါတယ်။

    ချေးငွေထုတ်ချေးရာမှာလည်း နေအိမ်နဲ့ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ချေးငွေအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှုချေးငွေက အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးတွေ ပြန်လည်ပြုပြင်ရေးနဲ့ လည်ပတ်နိုင်ရေးချေးငွေက အတိုးနှုန်း ၇ ရာခိုင်နှုန်းနဲ့ နိုင်ငံပိုင်အခြေခံအဆောက်အအုံတွေ တာဝန်ယူတည်ဆောက်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက် ယာယီချေးငွေက အတိုးနှုန်း ၇ ရာခိုင်နှုန်း သတ်မှတ်ထားတာဖြစ်ပါတယ်။

    ငလျင်ချေးငွေကို AYA Bank PCL ၊ UAB Bank PCL ၊ CB Bank PCL ၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best Merchant Finance Co., Ltd နဲ့ Zega Finance Co., Ltd တို့ကနေ ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ချေးငွေပမာဏ ဘယ်လောက် ထုတ်ချေးသွားမယ် ဆိုတာကိုတော့ အသိပေးဖော်ပြထားခြင်း မရှိပါဘူး။

    ပြီးခဲ့တဲ့ မတ် ၂၈ ရက်‌က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လူနေအိမ်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

  • နတ်ရေကန်ဗျူဟာကို ဘယ်လိုသိမ်းနေလဲ

    နတ်ရေကန်ဗျူဟာကို ဘယ်လိုသိမ်းနေလဲ

    အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ အပြီးသတ်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့ နတ်ရေကန် ဗျူဟာတိုက်ပွဲအကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။

    ရခိုင်ပြည်နယ်က အမ်းမြို့ နဲ့ မကွေးတိုင်းက ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ် ဗျူဟာမြောက်တည်နေရာဗျူဟာမြောက်တည်ရှိနေတာပါ။

    ဒါကြောင့် နတ်ရေကန်ဗျူဟာက မကွေးတိုင်းရဲ့ ဝင်ပေါက်ဖြစ်သလို ရခိုင်ပြည်နယ် အမ်းကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လည်း အရေးကြီးတဲ့ နေရာဖြစ်ပါတယ် ။

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိခဲ့တဲ့ အမ်းမြို့ကို အာရက္ခတပ်တော် (AA )က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၂၀ရက်မှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပြင် စစ်သုံ့ပန်းရာချီပြီး AAက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းဗိုလ်မှူးချုပ်တစ်ယောက်က အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ချဖို့တိုက်တွန်းတဲ့အထိ AAရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေက အောင်မြင်ခဲ့ပါတယ်။

    AA ကအမ်းမြို့သိမ်းတိုက်ပွဲကိုစက်တင်ဘာလ၂၆ ရက်မှာစတင်ခဲ့ပါတယ်။ သုံးလနီးပါကြာ ထိုးစစ်အတွင်း နပခ ရော၊ မြို့နယ် တစ်ခုလုံးကိုပါသိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင် ရိုးမလမ်းအတိုင်း လာသမျှ စစ်ကြောင်းတိုင်းကိုလည်း ချေမှုန်းခဲ့ပါတယ် ။

    အမ်းမြို့သိမ်းပြီး ဂွမြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့မှာ AAက သိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဂွမြို့နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံဘက်ကို AA နဲ့ မဟာမိတ်တွေကထိုးစစ်ဆင်ပါိတယ်။

    ဧရာဝတီတိုင်းလိုပဲ တောင်ကုတ်မြို့နယ်နဲ့ထိဆက်နေတဲ့ ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်မှာလည်း AAနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ စစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်-ဥသျှစ်ပင်လမ်းကြောတလျောက်က စစ်တပ်စခန်းတွေ ကိုဆက်လက်ထိုးစစ်ဆင်ပါတယ် ။

    အလားတူ ရခိုင်ရိုးမပေါ် နဲ့ အမ်း-ပဒါန်းလမ်းက စစ်တပ်စခန်းတွေကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။

    စစ်တပ်ရဲ့တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်း‌ တွေ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမ်း-ပဒါန်း လမ်းတလျှောက် ခုခံခဲ့ပါတယ်။ဒါပေမယ့် AA နဲ့ မဟာမိတ်တွေရဲ့ထိုးစစ်ကြောင့် စခန်းတွေ ဆက်တိုက်ဆုံးရှုံးပြီး ဆက်တိုက်နောက်ဆုတ်ခဲ့ရတာပါ။

    AA နဲ့ ပူးပေါင်းတပ်တွေထိုးစစ်အရှိန်မြှင့်လိုက်တဲ့၂၀၂၅ ဖေဖော်ဝါရီလမှာတော့ နတ်ရေကန်ဗျူဟာနဲ့အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ တပ်မ(၉၉)က နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ စစ်သုံ့ပန်းအဖြစ်AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ကရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးခဲ့ပါတယ်။

    စစ်သုံ့ပန်းဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်က သူ့ဗျူဟာထဲမှာ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိပြီး တိုက်လိုခိုက်လိုစိတ်နဲ့ ယုံကြည်မှုမရှိတော့ကြောင်းဝန်ခံခဲ့ပါတယ်။

    တဖက်မှာတော့ AAတပ်ဖွဲ့ဝင်တွေက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့ စစ်မြေပြင်အရှိတရားကို AAထံ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

    ဒါအပြင် အမ်း-ပဒါန်းလမ်းပေါ်က တိုက်ပွဲတွေမှာ စစ်တပ်ကအရာရှိတွေ AA လက်ဖြောင့်သေနတ်သမားတွေကြောင့်သေတာကိုဇူလိုင် ၂၇ ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သားသစ် နေသူမျိုးကလည်း ဖွင့်ချ ပြောပြခဲ့ပါတယ် ။

    တိုက်ပွဲဖြစ်ရင်စစ်သားသစ်တွေကိုရှေ့ကအသေခံတက်ခိုင်းပြီးပြန်ပြေးလာရင် ပစ်သတ်တာ ၊ရှေ့မတက်ရင်ပြင်းထန်စွာအပစ်ပေးတာ ၊စစ်သားသစ်တွေကို စစ်သားဟောင်းတွေကခွဲခြားဖိနှိပ်တာ ၊ထွက်ပြေးလို့မိရင် ပစ်သတ်တာစတဲ့ တပ်မ (၉၉) အောက်ကတပ်ရင်းတွေထဲမှာ တပ်ပျက်နေတဲ့ အခြေအနေကို စစ်သားသစ် နေသူမျိုးကဆက်ပြောပါတယ် ။

    တပ်မ(၉၉)ကခုခံပေမယ့် ဆက်တိုက်အထိနာခဲ့တာကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက မေလဆန်းမှာ ပြန်ဖမ်းလိုက်ပါတော့မယ်။

    နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲဟာပြီးခဲ့တဲ့မတ်လကုန်မှာတော့ ခေတ္တရပ်တန့်သွားပါသေးတယ်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုလှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် အရေးပေါ် ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးနဲ့ အတွက် AAက ယာယီအပစ်ရပ်ခဲ့တာပါ။ အဲဒီအချိန်မှာပဲစစ်ကောင်စီက အင်အားတွေဖြည့်ခဲ့ပါတယ်။

    ဒါပေမယ့် AA နဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်တင်တာနဲ့ စစ်တပ်ခံစစ်စခန်းတွေဆက်တိုက်လက်လွတ်ဆုံးရှုံးရပါတယ် ။စက်တင်ဘာလမှာတော့ တပ်မ(၉၉)အထိနာလှပြီဖြစ်တာကြောင့် ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း ၊မိုင်းပန်မြို့မှာအခြေစိုက်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -၁၇ (စကခ ၁၇) လက်အောက်က တပ်ရင်းတွေကို နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်းလမ်းက စစ်စခန်းတွေကို လဲလှယ်ပို့လိုက်ပါတယ် ။

    စစ်ကောင်စီဟာ တပ်မ(၉၉)ရဲ့ အရှက်ကို ဖုံးကွယ်ဖို့လုပ်ကြံဇာတ်လမ်းတွေနဲ့ဝါဒဖြန့်ခဲ့ပြန်ပါတယ်။ တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉)ဟာ ပြီးခဲ့တဲ့စက်တင်ဘာလဆန်းမှာမိခင်တပ်ရင်းဆီပြန်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာသယောင် ကြိုဆိုရေးလုပ်ပြခဲ့ပါတယ်။

    AAကို တိုက်ခိုက်ဖို့ အမိန့်ပေးခံရတဲ့ စကခ (၁၇) လက်အောက်ခံတပ်ရင်းတွေဟာ နတ်ရေကန်ဗျူဟာ နဲ့ အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ အလူးအလဲ ခံရပါတော့တယ် ။

    စစ်ကောင်စီက စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းက စစ်သားတွေနဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ် အများအပြားကိုစေလွှတ်ခဲ့တာပါ။ အင်အားဖြည့်တင်းပြီးAA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကို စက်တင်ဘာလဆန်းမှာ ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အထိ ကြိုးစားခဲ့ပါတယ်။

    ဒါပေမယ့် စကခ(၁၇)ရဲ့ တန်ပြန်ထိုးစစ်တွေကို AA နဲ့ မဟာမိတ်တွေက ရိုက်ချိုးပြီး ထိုးစစ်ကို အရှိန်မြှင့်လိုက်ပါတော့တယ်။

    နတ်ရေကန်ဗျူဟာရဲ့အဓိကခံစစ် စခန်းနှစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာကုန်းကို စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ AAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူပြီးတဲ့နောက်ပိုင်း ဗျူဟာထဲက စစ်ကောင်စီအရာရှိတွေဟာ အောက်တိုဘာလ ၉ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေသိရပါတယ်။

    လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ AAက အောက်တိုဘာလ ၁၅ရက်ညမှာထုတ်ပြန်ခဲ့ပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့သာ ကျန်တော့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေပြီး လက်နက်ချ အလင်းဝင်ရောက်လာသူ တွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ လက်ခံ‌ထားကြောင်းအသိပေးထားတာပါ။

    ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၅၀၀၀ ဝန်းကျင်အမြင့်မှာတည်ရှိတဲ့နတ်ရေကန်ဗျူဟာမှာ စစ်တပ်က အရင်က ရခိုင်ရိုးမ အနောက်ခြမ်း နိုင်ငံဧရိယာတွေအတွက် လေကြောင်းရန် ကာကွယ်ဖို့ ရေဒါပါတပ်ဆင်ခဲ့တာပါ။

    AAက ထိုးစစ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ AAရဲ့ထိုးစစ်တွေကိုကြောက်နေတဲ့ စစ်တပ်ဟာ နတ်ရေကန်လေကြောင်းရန်ကာကွယ်‌ရေးစခန်းမှာ တပ်ဆင်ထားတဲ့ ရေဒါကို ဖြုတ်သိမ်းပြီး ရွှေ့ပြောင်းလိုက်ပါတော့တယ်။ P-18 Early Warning Radar လို့ ခေါ်ပြီး အကွာအဝေးကီလိုမီတာ၂၅၀( မိုင်နဲ့ ဆိုရင် ၁၅၅မိုင်ခန့်) အထိ စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့အဲဒီ ရေဒါဟာဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ တပ်ဆင်ထားတာဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ထားပါတယ်။

    အဲဒီနောက် နတ်ရေကန်လေကြောင်းရန်ကာကွယ်‌ရေးစခန်းကို ခြေလျင်ဗျူဟာကုန်းအဖြစ်‌ဖွဲ့စည်းပြီး ခုခံဖို့ပြင်ခဲ့တာပါ။စစ်ရေးသတင်းကို သိုသိုသိပ်သိပ်ထားတတ်တဲ့ AAက နတ်ရေကန်ဗျူဟာကိုချေမှုန်းတဲ့တိုက်ပွဲသတင်းတွေ ပြင်ပကို အကျယ်တဝင့်ထွက်မလာပေမယ့် အတွင်းစည်းမှာတော့ စစ်တပ်ဟာ စိတ်ပန်းရောရုပ်ပိုင်းပါ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။

    စခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး သုံ့ပန်းတွေထပ်မံဖမ်းမိထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဟာ အမ်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတဲ့စစ်ဆင်ရေး ပျက်စီးသွားပြီဖြစ်သလို မကွေးတိုင်းအနောက်ခြမ်းကိုလည်း တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးမှုအပြည့်အဝရရှိ ဖို့လမ်းပွင့်သွားပြီလို့ AAရဲ့မဟာမိတ်တပ်ဖွဲ့တွေကပြောပါတယ်။

    စစ်ရေးလေ့လာသူ တစ်ဦးကတော့”အဲဒါ(နတ်ရေကန်)ရပြီဆိုတော့ အောက်လွင်ပြင်ကို စီးသွားပြီ။ ပဒါန်းလွင်ပြင်ကို စီးသွားပြီ။ ပဒါန်းက အမြောက်တပ်ဌာနချုပ် တစ်ခုရှိမယ်။ ပကစတွေ ရှိတာကိုး။ အဲဒါကို စိုးမိုးသွားပြီ။ ချက်ချင်းကြီးတော့ ဆင်းလာနိုင်မှာ မဟုတ်ဘူးပေါ့ဗျာ။ အပေါ်ကို ချုပ်ကိုင်ပြီးသွားရင်၊ အခြေကုပ်ယူသွားပြီးရင်တော့ တဖြည်းဖြည်းဆင်းလာရတာ လွယ်သွားတာပေါ့။ စစ်တပ်အနေနဲ့ကျ ခက်သွားပြီ။ စစ်တပ်ကို အများကြီးခြိမ်းခြောက်နိုင်တာပေါ့။ ကပစတွေကို ခြိမ်းခြောက်ပြီးသွား ဖြစ်သွားတာကိုး။ အတိုက်ခံရဖို့ ပိုနီးလာတာပေါ့။”လို့သုံးသပ်ပါတယ်။

    ဒါအပြင် စစ်တပ်ကြွေးကြော်နေတဲ့ တောင်ကုတ်တို့၊ အမ်းတို့ကို ပြန်သိမ်းဖို့ ပိုအလှမ်းဝေးသွားပြီလို့ သူကသုံးသပ်ပါတယ် ။

    ဒါအပြင် နတ်ရေကန်ဗျူဟာကနေ ၁၀ မိုင်ကျော် ပဲဝေးတဲ့ ပဒါန်းမြို့ပါ မကျဖို့ စစ်တပ်က တပ်မတစ်ခု ထပ်ဖြည့်ခံစစ်ပြင်ဖို့ ပြင်နေရပြီလို့ အထက်ပါစစ်ရေးလေ့လာသူကဆက်ပြောပါတယ်။

    မြေပြင်တိုက်ပွဲတွေမှာလည်း ဗျူဟာကျကျတိုက်ပွဲတွေဖော်ဆောင်နေရသလို စိတ်ဓာတ်စစ်စင်ရေးတိုက်ပွဲပါ တစ်ပြိုင်နက်တည်းဖော်ဆောင်နေတဲ့ AAရဲ့ နတ်ရေကန်ဗျူဟာသိမ်းတိုက်ပွဲဟာ အပြီးသတ်နိုင်ဖို့ လက်တစ်ကမ်းအလိုကိုရောက်နေပြီလို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

    AA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ PDF တဦးကတော့”ထိုင်းထီဘတ် ၆သန်းဆုနဲ့ နတ်ရေကန်ဗျူဟာ နှစ်ခုမှာ ဘယ်ဟာကိုယူမလဲဆိုရင် နတ်ရေကန်ဗျူဟာကိုယူမယ်။ ဒီဟာက စစ်ကောင်စီရဲ့အရှိုက်တည့်တည့်ကိုထိုးနှက်တာဖြစ်တယ်” လို့ ဆိုလိုက်ပါတယ်။

    Video by လူထုနွေဦး

  • စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်

    စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်

    စစ်တပ်ပြိုကွဲရေး နှင့် ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်

    စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ် ဂုဏ်သိက္ခာ ထိခိုက်စေရန် လုပ်ဆောင်ခြင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေခြင်း အပါအဝင် သတ်မှတ်ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေနှင့်မညီသော မဲဆွယ်စည်းရုံးမှုများကို အရေးယူမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ခေါ်ယူသတိပေးလိုက်သည်။

    ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နေပြည်တော်တွင် နိုင်ငံရေးပါတီများကို ထိုသို့ ခေါ်ယူစဉ် ၎င်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

    ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ပြီးဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် အပိုင်းတစ်ပိုင်းတည်းအတွက်မဟုတ်ဘဲ ရွေးကောက်ပွဲ အပိုင်းအားလုံးအတွက် ယင်းကာလအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်အခါ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀-က၊ နည်းဥပဒေအခန်း (၁၀) ပါ သတ်မှတ်ချက်များ၊ ရွေးကောက်ပွဲဥပ‌ဒေအခန်း ၁၃ ပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များနှင့် အခန်း ၁၄ တွင်ပါသည့် တရားမဲ့ပြုကျင့်မှုများကို အထူးသတိပြုရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပါတီဝင်များ၊ ပါတီထောက်ခံသူများကိုလည်း သိရှိအောင် အသိပေးထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေများအရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ငြိစွန်းခြင်းမရှိစေရေးကိုလည်း သတိပြုစေလိုကြောင်း စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက ပြောဆိုသတိပေးသည်။

    ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သန်းစိုးက နိုင်ငံရေးပါတီများအနေဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်မည့် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ အတွက် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲနည်းဥပဒေ အခန်း ၁၀ ပါ သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာလျှင် အရေးယူမည်ဖြစ်ကြောင်း အထူးသတိပေး ပြောဆိုသည်။

    “ရွေးကောက်ပွဲနည်းဥပဒေ အခန်း ၁၀ ဆိုတာက မဲဆွယ်စည်းရုံးရာမှာ ကန့်သတ်ထားတဲအချက် ၁၀ ချက်ကိုပြောတာပါ။ အဲဒီအချက်တွေကတော့ ဒို့တာဝန်အရေး ၃ ပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိခိုက်ပြုမူဆောင်ရွက်မှုတွေ မလုပ်ရဘူး၊ တပ်မတော်ကို ပြိုကွဲအောင် ဂုဏ်သိက္ခာကျအောင် မဟောပြောရဘူး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်း သာယာရေးကို ထိခိုက်အောင် မလုပ်ရဘူး။ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာရမယ်ပေါ့။ အခြားအချက်တွေလည်းရှိသေးတယ်။ အဓိက အချက်ကြီးတွေက အဲဒါတွေပါ” ဟု နိုင်ငံရေးပါတီမှ မြို့နယ် ဥက္ကဋ္ဌတစ်ဦးက ရှင်းပြသည်။

    မဲဆွယ်စည်းရုံးရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များကို မလိုက်နာပါက ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်အညီ အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ ထောင်ဒဏ် ၃ နှစ်အထိ ထောင်ဒဏ်၊ ငွေဒဏ်များကိုပါ ချမှတ်မည့်အပြင် ကိုယ်စားလှယ်လောင်းအဖြစ်မှပါ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေဖြင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သန်းစိုးက ခြိမ်းခြောက်ပြောဆိုသွားသည်။

    အကြမ်းဖက် စစ်တပ်က ယခုနှစ်ကုန်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ဥပဒေကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

    စစ်တပ်က ပြဋ္ဌာန်းခဲ့သော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

  • ကရင်နီတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံး

    ကရင်နီတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံး

    ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်က လက်လွှတ်ထားရ​သော နယ်မြေများ ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင်နွှဲစဉ် စစ်တပ်ဘက်မှ ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးသွားကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် မိတ်ဆွေဖြစ်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။

    အောက်တိုဘာလ ၁၄ ရက်နေ့ တိုက်ပွဲအတွင်း ဗိုလ်မှူး/ဗိုလ်ကြီး အောင်မင်းသူ သေဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းကိုမူ တပ်ရင်းတပ်ဖွဲ့ထံသို့ ပြန်လည် သယ်ယူနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

    “ကယားပြည်နယ်ဘက်မှာ ကျတာလို့ သိရတယ်။ သူက မြစ်ကြီးနားဇာတိပါ။ ဗိုလ်မှူးအပွင့်မတင်သေးဘူး။ ဒါပေမယ့် လစာတော့ စားနေပြီ” ဟု သေဆုံးသူ ဗိုလ်ကြီးအောင်မင်းသူ၏ အွန်လိုင်းမှ မိတ်ဆွေက ဆိုသည်။

    သေဆုံးချိန်တွင် ဗိုလ်ကြီးအောင်မင်းသူထံတွင် မိန်းမဖြစ်သူ မေဖြူဖြူဇင်နှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။