အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ အပြီးသတ်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့ နတ်ရေကန် ဗျူဟာတိုက်ပွဲအကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။

ရခိုင်ပြည်နယ်က အမ်းမြို့ နဲ့ မကွေးတိုင်းက ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ် ဗျူဟာမြောက်တည်နေရာဗျူဟာမြောက်တည်ရှိနေတာပါ။
ဒါကြောင့် နတ်ရေကန်ဗျူဟာက မကွေးတိုင်းရဲ့ ဝင်ပေါက်ဖြစ်သလို ရခိုင်ပြည်နယ် အမ်းကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လည်း အရေးကြီးတဲ့ နေရာဖြစ်ပါတယ် ။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိခဲ့တဲ့ အမ်းမြို့ကို အာရက္ခတပ်တော် (AA )က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၂၀ရက်မှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပြင် စစ်သုံ့ပန်းရာချီပြီး AAက ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းဗိုလ်မှူးချုပ်တစ်ယောက်က အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်နက်ချဖို့တိုက်တွန်းတဲ့အထိ AAရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေက အောင်မြင်ခဲ့ပါတယ်။
AA ကအမ်းမြို့သိမ်းတိုက်ပွဲကိုစက်တင်ဘာလ၂၆ ရက်မှာစတင်ခဲ့ပါတယ်။ သုံးလနီးပါကြာ ထိုးစစ်အတွင်း နပခ ရော၊ မြို့နယ် တစ်ခုလုံးကိုပါသိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင် ရိုးမလမ်းအတိုင်း လာသမျှ စစ်ကြောင်းတိုင်းကိုလည်း ချေမှုန်းခဲ့ပါတယ် ။

အမ်းမြို့သိမ်းပြီး ဂွမြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့မှာ AAက သိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဂွမြို့နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံဘက်ကို AA နဲ့ မဟာမိတ်တွေကထိုးစစ်ဆင်ပါိတယ်။
ဧရာဝတီတိုင်းလိုပဲ တောင်ကုတ်မြို့နယ်နဲ့ထိဆက်နေတဲ့ ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်မှာလည်း AAနဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ စစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ တောင်ကုတ်-ဥသျှစ်ပင်လမ်းကြောတလျောက်က စစ်တပ်စခန်းတွေ ကိုဆက်လက်ထိုးစစ်ဆင်ပါတယ် ။
အလားတူ ရခိုင်ရိုးမပေါ် နဲ့ အမ်း-ပဒါန်းလမ်းက စစ်တပ်စခန်းတွေကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်ရဲ့တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်း တွေ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမ်း-ပဒါန်း လမ်းတလျှောက် ခုခံခဲ့ပါတယ်။ဒါပေမယ့် AA နဲ့ မဟာမိတ်တွေရဲ့ထိုးစစ်ကြောင့် စခန်းတွေ ဆက်တိုက်ဆုံးရှုံးပြီး ဆက်တိုက်နောက်ဆုတ်ခဲ့ရတာပါ။
AA နဲ့ ပူးပေါင်းတပ်တွေထိုးစစ်အရှိန်မြှင့်လိုက်တဲ့၂၀၂၅ ဖေဖော်ဝါရီလမှာတော့ နတ်ရေကန်ဗျူဟာနဲ့အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ တပ်မ(၉၉)က နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ စစ်သုံ့ပန်းအဖြစ်AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ကရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးခဲ့ပါတယ်။
စစ်သုံ့ပန်းဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်က သူ့ဗျူဟာထဲမှာ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိပြီး တိုက်လိုခိုက်လိုစိတ်နဲ့ ယုံကြည်မှုမရှိတော့ကြောင်းဝန်ခံခဲ့ပါတယ်။

တဖက်မှာတော့ AAတပ်ဖွဲ့ဝင်တွေက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့ စစ်မြေပြင်အရှိတရားကို AAထံ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
ဒါအပြင် အမ်း-ပဒါန်းလမ်းပေါ်က တိုက်ပွဲတွေမှာ စစ်တပ်ကအရာရှိတွေ AA လက်ဖြောင့်သေနတ်သမားတွေကြောင့်သေတာကိုဇူလိုင် ၂၇ ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သားသစ် နေသူမျိုးကလည်း ဖွင့်ချ ပြောပြခဲ့ပါတယ် ။
တိုက်ပွဲဖြစ်ရင်စစ်သားသစ်တွေကိုရှေ့ကအသေခံတက်ခိုင်းပြီးပြန်ပြေးလာရင် ပစ်သတ်တာ ၊ရှေ့မတက်ရင်ပြင်းထန်စွာအပစ်ပေးတာ ၊စစ်သားသစ်တွေကို စစ်သားဟောင်းတွေကခွဲခြားဖိနှိပ်တာ ၊ထွက်ပြေးလို့မိရင် ပစ်သတ်တာစတဲ့ တပ်မ (၉၉) အောက်ကတပ်ရင်းတွေထဲမှာ တပ်ပျက်နေတဲ့ အခြေအနေကို စစ်သားသစ် နေသူမျိုးကဆက်ပြောပါတယ် ။
တပ်မ(၉၉)ကခုခံပေမယ့် ဆက်တိုက်အထိနာခဲ့တာကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက မေလဆန်းမှာ ပြန်ဖမ်းလိုက်ပါတော့မယ်။
နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲဟာပြီးခဲ့တဲ့မတ်လကုန်မှာတော့ ခေတ္တရပ်တန့်သွားပါသေးတယ်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုလှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် အရေးပေါ် ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးနဲ့ အတွက် AAက ယာယီအပစ်ရပ်ခဲ့တာပါ။ အဲဒီအချိန်မှာပဲစစ်ကောင်စီက အင်အားတွေဖြည့်ခဲ့ပါတယ်။
ဒါပေမယ့် AA နဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်တင်တာနဲ့ စစ်တပ်ခံစစ်စခန်းတွေဆက်တိုက်လက်လွတ်ဆုံးရှုံးရပါတယ် ။စက်တင်ဘာလမှာတော့ တပ်မ(၉၉)အထိနာလှပြီဖြစ်တာကြောင့် ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း ၊မိုင်းပန်မြို့မှာအခြေစိုက်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -၁၇ (စကခ ၁၇) လက်အောက်က တပ်ရင်းတွေကို နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်းလမ်းက စစ်စခန်းတွေကို လဲလှယ်ပို့လိုက်ပါတယ် ။
စစ်ကောင်စီဟာ တပ်မ(၉၉)ရဲ့ အရှက်ကို ဖုံးကွယ်ဖို့လုပ်ကြံဇာတ်လမ်းတွေနဲ့ဝါဒဖြန့်ခဲ့ပြန်ပါတယ်။ တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉)ဟာ ပြီးခဲ့တဲ့စက်တင်ဘာလဆန်းမှာမိခင်တပ်ရင်းဆီပြန်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာသယောင် ကြိုဆိုရေးလုပ်ပြခဲ့ပါတယ်။

AAကို တိုက်ခိုက်ဖို့ အမိန့်ပေးခံရတဲ့ စကခ (၁၇) လက်အောက်ခံတပ်ရင်းတွေဟာ နတ်ရေကန်ဗျူဟာ နဲ့ အမ်း-ပဒါန်းလမ်းတိုက်ပွဲတွေမှာ အလူးအလဲ ခံရပါတော့တယ် ။
စစ်ကောင်စီက စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းက စစ်သားတွေနဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ် အများအပြားကိုစေလွှတ်ခဲ့တာပါ။ အင်အားဖြည့်တင်းပြီးAA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကို စက်တင်ဘာလဆန်းမှာ ပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့အထိ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် စကခ(၁၇)ရဲ့ တန်ပြန်ထိုးစစ်တွေကို AA နဲ့ မဟာမိတ်တွေက ရိုက်ချိုးပြီး ထိုးစစ်ကို အရှိန်မြှင့်လိုက်ပါတော့တယ်။
နတ်ရေကန်ဗျူဟာရဲ့အဓိကခံစစ် စခန်းနှစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာကုန်းကို စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ AAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူပြီးတဲ့နောက်ပိုင်း ဗျူဟာထဲက စစ်ကောင်စီအရာရှိတွေဟာ အောက်တိုဘာလ ၉ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေသိရပါတယ်။

လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ AAက အောက်တိုဘာလ ၁၅ရက်ညမှာထုတ်ပြန်ခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာအချို့သာ ကျန်တော့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေပြီး လက်နက်ချ အလင်းဝင်ရောက်လာသူ တွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ လက်ခံထားကြောင်းအသိပေးထားတာပါ။
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၅၀၀၀ ဝန်းကျင်အမြင့်မှာတည်ရှိတဲ့နတ်ရေကန်ဗျူဟာမှာ စစ်တပ်က အရင်က ရခိုင်ရိုးမ အနောက်ခြမ်း နိုင်ငံဧရိယာတွေအတွက် လေကြောင်းရန် ကာကွယ်ဖို့ ရေဒါပါတပ်ဆင်ခဲ့တာပါ။
AAက ထိုးစစ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ AAရဲ့ထိုးစစ်တွေကိုကြောက်နေတဲ့ စစ်တပ်ဟာ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာ တပ်ဆင်ထားတဲ့ ရေဒါကို ဖြုတ်သိမ်းပြီး ရွှေ့ပြောင်းလိုက်ပါတော့တယ်။ P-18 Early Warning Radar လို့ ခေါ်ပြီး အကွာအဝေးကီလိုမီတာ၂၅၀( မိုင်နဲ့ ဆိုရင် ၁၅၅မိုင်ခန့်) အထိ စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့အဲဒီ ရေဒါဟာဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ တပ်ဆင်ထားတာဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို ခြေလျင်ဗျူဟာကုန်းအဖြစ်ဖွဲ့စည်းပြီး ခုခံဖို့ပြင်ခဲ့တာပါ။စစ်ရေးသတင်းကို သိုသိုသိပ်သိပ်ထားတတ်တဲ့ AAက နတ်ရေကန်ဗျူဟာကိုချေမှုန်းတဲ့တိုက်ပွဲသတင်းတွေ ပြင်ပကို အကျယ်တဝင့်ထွက်မလာပေမယ့် အတွင်းစည်းမှာတော့ စစ်တပ်ဟာ စိတ်ပန်းရောရုပ်ပိုင်းပါ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး သုံ့ပန်းတွေထပ်မံဖမ်းမိထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဟာ အမ်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားတဲ့စစ်ဆင်ရေး ပျက်စီးသွားပြီဖြစ်သလို မကွေးတိုင်းအနောက်ခြမ်းကိုလည်း တော်လှန်ရေးအင်အားစုတွေက နယ်မြေစိုးမိုးမှုအပြည့်အဝရရှိ ဖို့လမ်းပွင့်သွားပြီလို့ AAရဲ့မဟာမိတ်တပ်ဖွဲ့တွေကပြောပါတယ်။
စစ်ရေးလေ့လာသူ တစ်ဦးကတော့”အဲဒါ(နတ်ရေကန်)ရပြီဆိုတော့ အောက်လွင်ပြင်ကို စီးသွားပြီ။ ပဒါန်းလွင်ပြင်ကို စီးသွားပြီ။ ပဒါန်းက အမြောက်တပ်ဌာနချုပ် တစ်ခုရှိမယ်။ ပကစတွေ ရှိတာကိုး။ အဲဒါကို စိုးမိုးသွားပြီ။ ချက်ချင်းကြီးတော့ ဆင်းလာနိုင်မှာ မဟုတ်ဘူးပေါ့ဗျာ။ အပေါ်ကို ချုပ်ကိုင်ပြီးသွားရင်၊ အခြေကုပ်ယူသွားပြီးရင်တော့ တဖြည်းဖြည်းဆင်းလာရတာ လွယ်သွားတာပေါ့။ စစ်တပ်အနေနဲ့ကျ ခက်သွားပြီ။ စစ်တပ်ကို အများကြီးခြိမ်းခြောက်နိုင်တာပေါ့။ ကပစတွေကို ခြိမ်းခြောက်ပြီးသွား ဖြစ်သွားတာကိုး။ အတိုက်ခံရဖို့ ပိုနီးလာတာပေါ့။”လို့သုံးသပ်ပါတယ်။
ဒါအပြင် စစ်တပ်ကြွေးကြော်နေတဲ့ တောင်ကုတ်တို့၊ အမ်းတို့ကို ပြန်သိမ်းဖို့ ပိုအလှမ်းဝေးသွားပြီလို့ သူကသုံးသပ်ပါတယ် ။

ဒါအပြင် နတ်ရေကန်ဗျူဟာကနေ ၁၀ မိုင်ကျော် ပဲဝေးတဲ့ ပဒါန်းမြို့ပါ မကျဖို့ စစ်တပ်က တပ်မတစ်ခု ထပ်ဖြည့်ခံစစ်ပြင်ဖို့ ပြင်နေရပြီလို့ အထက်ပါစစ်ရေးလေ့လာသူကဆက်ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေမှာလည်း ဗျူဟာကျကျတိုက်ပွဲတွေဖော်ဆောင်နေရသလို စိတ်ဓာတ်စစ်စင်ရေးတိုက်ပွဲပါ တစ်ပြိုင်နက်တည်းဖော်ဆောင်နေတဲ့ AAရဲ့ နတ်ရေကန်ဗျူဟာသိမ်းတိုက်ပွဲဟာ အပြီးသတ်နိုင်ဖို့ လက်တစ်ကမ်းအလိုကိုရောက်နေပြီလို့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
AA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ PDF တဦးကတော့”ထိုင်းထီဘတ် ၆သန်းဆုနဲ့ နတ်ရေကန်ဗျူဟာ နှစ်ခုမှာ ဘယ်ဟာကိုယူမလဲဆိုရင် နတ်ရေကန်ဗျူဟာကိုယူမယ်။ ဒီဟာက စစ်ကောင်စီရဲ့အရှိုက်တည့်တည့်ကိုထိုးနှက်တာဖြစ်တယ်” လို့ ဆိုလိုက်ပါတယ်။
Video by လူထုနွေဦး


Leave a Reply