Author: Baby Yit Lone

  • မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    စစ်အာဏာရှင်ကို တိုက်ခိုက်ရာတွင် ပိုမိုထိရောက်စေရန် မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်ရာတွင် ပိုမို ထိရောက်စေရန်အတွက် ရာမညမွန်တပ်တော် နှင့် မွန်လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။

    စက်တင်ဘာလ ၁၈ ရက်နေ့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည် ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် မွန် လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမည မွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    “အခုလို ပူးပေါင်းလိုက်ခြင်းဖြင့် စစ်အာဏာရှင်ကို အတူတိုက်ဖျက်နေတဲ့နေရာမှာ ပိုပြီးထိရောက်ပြီး တော့ ပိုပြီးအားဖြစ်သွားစေမယ်လို့ ယုံကြည်ပါတယ်၊ ပြောလို့ရပါတယ်။ နောက်ပြီး ကျနော်တို့ မွန် ပြည်သူတွေ အစဉ်အမြဲတိုက်တွန်းတောင်းဆိုနေတဲ့ အရာတစ်ခုက ဘာလဲဆိုတော့ မွန်တပ်တော် တစ်ခုပေါ်ထွန်းရေးအတွက်လည်း ရှေ့တစ်လှမ်းတိုး သွားစေတယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ကိုယ်တိုင်သည်ပင်လျှင် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးအတွက် နည်း လမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။

    ထိုသို့ ပေါင်းစည်းကြသော မွန်လွတ်မြောက်ရေးတပ်တော် (MLF) ဦးဆောင်ကော်မတီဝင်များနှင့်တပ် ဖွဲ့ဝင် များတို့သည် NMSP-AD/RMA ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမည် ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ် ကြောင်း အသိပေးထားသည်။

    “နောက်ပြီးတော့ MLF မွန်လွတ်မြောက်ရေးတပ်တော်က ကျနော်တို့ရဲ့မွန်ပြည်သစ်ပါတီ( စစ်အာဏာ ရှင်တိုက်ဖျက်- NMSP -AD/RMA ရဲ့ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ပူးပေါင်းတာဝန် ထမ်းဆောင်သွားမယ်လို့ သဘောတူညီမှုအရ ကျနော်တို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသေး စိတ်ဘယ်အပိုင်းမှာ ဘယ်လို တာဝန်ယူ၊ တာဝန်ပေးသွားကြမယ်ဆိုတာက တစ်ပိုင်းဖြစ်မှာပေါ့၊ အ သေးစိတ်အခြေအနေကတော့ ကျနော့်အနေနဲ့ မသိရှိရသေးပါဘူး” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောဆိုသည်။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) သည်မွန် ပြည်သူလူထုနှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာ ရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် ဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်း များ၊ ပြည်သူ့ကာကွယ် ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    “ကျနော်တို့ NMSP-AD သည် ကျနော်တို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA -AD နဲ့ မွန်လွတ်မြောက်ရေးတပ်မတော် – MLA က ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ပူးပေါင်းထားပြီးမှ ရာမည မွန် တပ်တော် – RMA ဆိုပြီးတော့ တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားတာရှိတယ်။ အခုလောလောဆယ် က တော့ RMA ပေါ်ထွန်းလာပြီးတဲ့နောက်ပိုင်း အခုနောက်ထပ် MLF ဆိုတဲ့ မွန်းလွတ်မြောက်ရေးတပ် တော်က နောက်ထပ်တပ်တစ်ခုအနေနဲ့ ဝင်ရောက်ပူးပေါင်းတာဝန်ယူခြင်းဖြစ်ပါတယ်” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ရှင်းပြသည်။

  • ကျောက်ဖြူတွင် အကြမ်းဖက်တပ်၏စပိဘုတ်ကို AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် လေးဦးသေဆုံးဟုဆို

    ကျောက်ဖြူတွင် အကြမ်းဖက်တပ်၏စပိဘုတ်ကို AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် လေးဦးသေဆုံးဟုဆို

    ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ရေကြောင်းကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်၏ စပိဘုတ်တစ်စီးကို အာရက္ခတပ်တော်(AA)က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် တပ်ဖွဲ့ဝင်လေးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

    ကျောက်ဖြူပင်လယ်ပြင်တွင်ရပ်နားထားသည့် အကြမ်းဖက်စစ်တပ်၏နေဗီများမှတဆင့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အင်အား ၁ဝ ကျော်သည် စပိဘုတ်တစ်စီးနှင့် ဟွန်ဒါစက်လှေတစ်စီးတို့ဖြင့် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ရေကြောင်းကင်းလှည့်နေစဉ် AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ စပိဘုတ်ပေါ်မှ တပ်ဖွဲ့ဝင်လေးဦး ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “နေဗီကစစ်သားတွေက စပိဘုတ်တွေ၊ ဟွန်ဒါတွေနဲ့ဆင်းပြီး မြစ်ကမ်းတစ်လျှောက်ကင်းလှည့်တယ်။ အဲဒီနေဗီ တွေကို AA က စနိုက်ဘာနဲ့ ပစ်ချလိုက်တာ။ ဗိုလ်အဆင့်အပါအဝင် လေးယောက်သေတာကို လောလောဆယ်အတည်ပြုနိုင်တယ်” ဟု ပြောသည်။

    အဆိုပါ စပိဘုတ်ပေါ်မှ သေဆုံးသွားသည့်အကြမ်းဖက်စစ်သားများ၏ရုပ်အလောင်းများကို ကျောက်ဖြူမြို့ဆေးရုံ၏ရင်ခွဲရုံသို့ အမှတ်(၁)ဆိပ်ကမ်းမှတဆင့် ကားဖြင့်တင်ဆောင်သွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။

    “အမှတ်(၁)ဖောင်တော်ကတင်ပြီး ကျောက်ဖြူဆေးရုံကိုပို့တယ်။ အလောင်းထားတဲ့နေရာမှာ ထားထားတယ်” ဟု ပြောသည်။

    သေဆုံးသွားသည့် အကြမ်းဖက်စစ်သားများ၏ အမည်၊ ရာထူးနှင့် အခြားအချက်အလက်များကို နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

    စစ်တွေ-ပေါက်တော-ကျောက်ဖြူ-မာန်အောင်- ရမ်းဗြဲရေလမ်းကြောင်းတစ်လျှောက် အကြမ်းဖက်နေဗီများကင်းချထားပြီး စပိဘုတ်များဖြင့် ရေကြောင်းကင်းလှည့်ခြင်းများ နေ့စဉ်လုပ်ဆောင်လျက်ရှိသည်။

    အဆိုပါနေဗီများပေါ်မှ အကြမ်းဖက်စစ်သားများသည် ဒေသခံငါးဖမ်းဘုတ်များအား မတရားဖမ်းဆီးခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဒဏ်ရိုက်ခြင်းများကိုလည်း နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)

  • ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

    ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

    ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

    ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကို စစ်ကော်မရှင် တပ်ဖွဲ့များ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း‌ သိရသည်။

    စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အာရက္ခ တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် လေသာတောင်ကုန်းကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “သေတဲ့လူတွေက အရာရှိတွေများတယ်လို့ သိရတယ်။ စနိုက်ဘာထိပြီးသေကြတာ။ လေသာ တောင်ကုန်းကစစ်ရေးအရ အရေးပါတော့ စိုးမိုးမှုရဖို့ အပြင်း အထန်ဖြစ်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်၏ ထိုးစစ်ကို AA ပူးပေါင်းတပ်ဖွဲ့က တန်ပြန်ထိုးစစ်ဖြင့်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများပြီး ဒဏ်ရာရသူနှင့် သေဆုံးသူ များကို နာရေးကားသုံးစီးဖြင့် ဥသျှစ်ပင် တံတား ဂိတ်မှ ပြည်မြို့ဘက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

    ထိုသို့ပို့ဆောင်ရာတွင် ထိခိုက်ဒဏ်ရာရသူများကို ရွှေတောင်မြို့ အမှတ် (၆) ခုတင် ၁၀၀ စစ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    ညောင်ကျိုးရိုးပေါ်တွင် ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်က တပ်ဆုတ်ထားရကြောင်း သိရသည်။

    လေသာတောင်ကုန်းကို စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်ဝင် ရောက်လာ ခြင်းဖြစ်ပြီး AA ဘက်က စစ်ကော်မရှင် အရာရှိများကို စနိုက်ဘာဖြင့် ရွေးချယ်ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

    တိုက်ပွဲအတွင်းမှ ပြန်သယ်လာသည့် အလောင်း ၁၀ လောင်းကျော်ရှိပြီး ဒဏ်ရာရသူများကို နာရေး ကားနှစ်စီးဖြင့် တင်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ကပစ-၆ အနီး တိုက်ပွဲများပြင်းထန် လာသော်လည်း စစ်ကော်မရှင်က စက်ရုံထုတ်လုပ်ရေးပိုင်းကို ဆက်လက်လုပ်ဆောင်နေပြီး ဆီသယ် ယာဉ် ခုနစ် စီးအထိ စက်ရုံအတွင်း အဝင်အထွက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

  • တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

    တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

    စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင် အမိန့်ပေး

    စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးလိုက်သည်။

    ယမန်နေ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ပြုလုပ်သော အရာရှိ၊စစ်သည်များနှင့်တွေ့ဆုံပွဲ အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆို အမိန့်ပေးလာခြင်းဖြစ်သည်။

    မင်းအောင်လှိုင်က ယနေ့ခေတ်မှာ သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ လူမှုကွန်ရက်များအသုံးပြုရာတွင်လည်း အကျိုးမဲ့ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကိုထိခိုက်စေနိုင်သည့် လုပ် ဆောင်ချက်များမဖြစ်အောင် တစ်ဦးချင်းအသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ပေးနေရန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    မင်းအောင်လှိုင်က လူမှုကွန်ရက် အသုံးပြုမှုများကို တောက်လျှောက်ဆိုသလို တင်းကျပ် စိစစ်ကြပ်မတ်ရန် အမိန့်ပေးနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကော်မရှင် အစည်းအဝေးတွင်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်မှုများကို ထိထိရောက်ရောက် အရေးယူရန် အမိန့်ပေးခဲ့သည်။

    ဝန်ကြီးဌာနများ၏အချက်အလက်များ၊ ဝန်ထမ်းများ၏အချက်အလက်များ သည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊လုံခြုံရေးဆိုင်ရာအချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည်တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ကျိုးပေါက်ခြင်းများဖြင့်တစ်ဦးတစ်ယောက်ချင်း ထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက်ကြပ်မတ်ခြင်းများဆောင်ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

  • လက်ပံတောင်းတောင်စီမံကိန်း- ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်တချို့အကျိုးစီးပွားဘယ်လိုဆက်နွှယ်ခဲ့သလဲ

    လက်ပံတောင်းတောင်စီမံကိန်း- ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်တချို့အကျိုးစီးပွားဘယ်လိုဆက်နွှယ်ခဲ့သလဲ

    တရုတ်ကုမ္ပဏီ ဝမ်ပေါင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲက လုပ်ငန်းတွေ ဒီနှစ်ထဲမှာ အားလုံးနီးပါး ပြန်လည်ပတ်နေပြီလို့ ဝမ်ပေါင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ဝမ်ပေါင်ဝန်ထမ်းအများစု CDM လုပ်ခဲ့တာကြောင့်၂၀၂၄ ခုနှစ်အထိ လုပ်ငန်းတချို့ ရပ်တန့်ခဲ့ရပါတယ်။

    စစ်တပ်နဲ့ အကျိုးတူပူးပေါင်းထားတဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ စီမံကိန်းနေရာတွေ တိုက်ခိုက်မခံရဖို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့ ကမ်းလှမ်းညှိနှိုင်းပြီး ယန္တရားတွေ မထိခိုက်အောင် ကာကွယ်ခဲ့ပါတယ်။

    မြန်မာစစ်တပ်ကလည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းယန္တရားကြီးတစ်ခုလုံးကို အင်အားရာနဲ့ချီရှိတဲ့ လုံခြုံရေးအင်အားတွေသုံးပြီး စောင့်ကြပ်ပေးနေတာဖြစ်ပါတယ်။

    ဝမ်ပေါင်ရဲ့ ကမ်းလှမ်းမှု

    စစ်တပ်အကျိုးအမြတ်ရနေတဲ့ ဝမ်ပေါင်ထဲက လုပ်ငန်းတွေရပ်တန့်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဖိအားပေးမှုနဲ့ တိုက်ခိုက်မှုတွေ မပြတ်လုပ်နေတာကြောင့် ကုမ္ပဏီက စီမံကိန်းတွေ ဆက်လည်ပတ်နိုင်ဖို့ အဖြေရှာခဲ့ပါတယ်။

    တရုတ်အကျိုးစီးပွားဖြစ်တဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဆက်လည်ပတ်နိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တချို့ကို ငွေကြေးနဲ့ ညှိနှိုင်းပြီး ဖြေရှင်းခဲ့တယ်လို့ သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

    တော်လှန်ရေးတပ်တွေ မကြာခဏတိုက်ခိုက်တာခံရတဲ့ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့အနည်းဆုံး ၈ ဖွဲ့ကို တိုက်ခိုက်မှုတွေ မလုပ်ဖို့ ငွေကြေးနဲ့ ကမ်းလှမ်းပြီး စီမံကိန်းကို ကာကွယ်ခဲ့တယ်လို့ ကမ်းလှမ်းခံရတဲ့အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။

    ဆားလင်းကြီးဒေသ ဝမ်ပေါင်ကုမ္ပဏီအနီးမှာရှိတဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအပြင် NUG လက်အောက်ခံ “ပသုံးလုံး”နဲ့ တပ်ရင်းတပ်ဖွဲ့တချို့ကို ကမ်းလှမ်းခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။

    အာဏာသိမ်းကာလအတွင်း ဝမ်ပေါင်စီမံကိန်းထဲမှာ လုံခြုံရေးယူထားတဲ့ စစ်တပ်ကာကင်းတချို့ကို ဆားလင်းကြီးဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တချို့က လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

    အလားတူ ကြေးနီသယ်ထုတ်တဲ့ကားတန်းတွေကို တိုက်ခိုက်တာ၊ ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်နဲ့ သယ်ယူတဲ့အခါမှာလည်း တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက် ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။

    စစ်တပ်ကလည်း ဝမ်ပေါင်ထဲကနေ ကြေးနီတွေသယ်ယူတဲ့ ကုန်းလမ်း၊ ရေလမ်းတလျှောက်ကို လုံခြုံရေးစောင့်ကြပ်ပေးနေခဲ့ပါတယ်။

    ကြေးနီးစီမံကိန်းအနီးက ရွာတချို့ကိုလည်း ဝမ်ပေါင်ထဲမှာ နေရာယူထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးတာနဲ့ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်တချို့က ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် ဝမ်ပေါင်ရဲ့ စီမံကိန်းဖြစ်တဲ့ ကြေးနီးထုတ်တဲ့ စက်ရုံဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်တပ်အင်အား ရာနဲ့ချီကိုလည်း ဝမ်‌ပေါင်က ရိက္ခာထောက်ပံ့နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်တို့ အကျိုးတူပူးပေါင်းထားတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။

    အရင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကနေဒါကုမ္ပဏီဖြစ်တဲ့ အိုင်ဗင်ဟိုး (Ivanhole) က ၁၉၉၆ ခုနှစ်မှာ လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ ကနေဒါကုမ္ပဏီက တရုတ်အစိုးရပိုင်ကုမ္ပဏီကို လွှဲပြောင်းရောင်းချခဲ့တာဖြစ်ပါတယ်။

    ဝမ်ပေါင်ဟာ တရုတ်အစိုးရပိုင် (Norinco China North Industries Group Coporation Limited)ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး စစ်အုပ်စုရဲ့ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ အစိုးရရဲ့ အမှတ် (၁) သတ္ထုတွင်းလုပ်ငန်းတို့အကျိုးတူပူးပေါင်းပြီးတော့ ၂၀၁၂ ကတည်းကလုပ်ကိုင်နေတာဖြစ်ပါတယ်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြင်ကွင်း

    လက်ပံတောင်းတောင်စီမံကိန်းရဲ့ ကြေးနီထုတ်လုပ်မှုကနေ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်း အကျိုးအမြတ်ရရှိနေတာဖြစ်ပါတယ်။

    မုံရွာမြို့တစ်ဖက်ကမ်းမှာရှိတဲ့ လက်ပံတောင်းတောင်စီမံကိန်းဟာ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ ထိစပ်တဲ့နေရာမှာ တည်ရှိနေပြီး အဲဒီဒေသမှာ စစ်တပ်က မြို့ပေါ်တွေပဲ ထိန်းချုပ်ထားနိုင်ပါတယ်။

    မြို့အပြင်က ရွာတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပသုံးလုံးတပ်ဖွဲ့တွေနဲ့ ဒေသအခြေစိုက်တပ်တွေက အပိုင်းလိုက်စိုးမိုးထိန်းချုပ်ထားပါတယ်။

    အာဏာသိမ်းပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ စီမံကိန်းရပ်တန့်နေတဲ့ ဝမ်ပေါင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ငွေကြေးကမ်းလှမ်းခဲ့ပြီး “NUG ကလည်းသိတယ်။ လက်ခံခဲ့တယ်”လို့ NUG နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    တရုတ်နဲ့ NUG ကြား သံတမန်ဆက်ဆံရေးက အကဲဆတ်တဲ့အခြေအနေဖြစ်တာကြောင့် ဝမ်ပေါင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ရတယ်လို့ NUG နဲ့ သက်ဆိုင်တဲ့သူတွေက အသံလွှင့်ခဲ့တဲ့အကြောင်း သူကပြောပါတယ်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဝမ်ပေါင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲက ဝန်ထမ်း ၈၅ ရာခိုင်နှုန်းနီးပါး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အကြမ်းမဖက်လှုပ်ရှားမှု(CDM) လုပ်ခဲ့တာကြောင့် စီမံကိန်းတစ်ခုလုံးနီးပါး ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။

    ဒါကြောင့် ဝမ်ပေါင်အနေနဲ့ စီမံကိန်းကို ပြန်လည်ပတ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုစီအတွက် ကျပ်သိန်း ၂၀၀ နီးပါးပေးခဲ့တယ်လို့ ဝမ်ပေါင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

    ဝမ်ပေါင်ဘက်က”အလှူငွေလို့ပြောပြီးပေးခဲ့တာ၊ တပ်တွေကို ထောက်ပံ့တဲ့ သဘောအနေနဲ့ ပေးခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

    “၈ ဖွဲ့လောက်ကတော့ ဝမ်ပေါင်က ပေးတဲ့ငွေကို ယူခဲ့တယ်”လို့ ဆိုပြီး ငွေယူခဲ့တဲ့ တပ်ဖွဲ့နာမည်တချို့ကို ထုတ်ပြောပေမယ့် ဆောင်းပါးထဲမှာတော့ လုံခြုံရေးအရ မဖော်ပြဖို့ တောင်းဆိုထားပါတယ်။

    တစ်ဖက်မှာလည်း အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ဝမ်ပေါင်ရဲ့ ကမ်းလှမ်းချက်ကို NUG က လက်ခံခဲ့တဲ့အပေါ် ကန့်ကွက်သံတွေ ကျယ်လောင်ခဲ့တယ်လို့ ဆားလင်းကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ပကဖ တစ်ဦးက ပြောပါတယ်။

    ဝမ်ပေါင်ရဲ့ ကမ်းလှမ်းချက်အထမြောက်ခဲ့ပေမယ့် မြေပြင်မှာတော့ ငွေကြေးမယူထားတဲ့ တော်လှန်ရေးအဖွဲ့တွေလည်းရှိတာကြောင့် ဝမ်ပေါင်ရဲ့ စီမံကိန်း တိုက်ခိုက်ခံရမှုက ရပ်မသွားခဲ့ပါဘူး။

    ဝမ်ပေါင်ကို တိုက်ခိုက်ခဲ့တဲ့အပေါ် NUG ကနေ ကန့်ကွက်ခဲ့တာတော့ မရှိပေမယ့် “တိုက်တဲ့အဖွဲ့တွေကနေ စာတွေ တရားဝင်မထုတ်ပြန်ဖို့နဲ့ NUG ရဲ့လက်အောက်ခံတပ်ဆိုရင်လည်း ထုတ်မပြောဖို့ NUG ဘက်ကနေ အသိပေးကန့်သတ်ခဲ့တာတွေရှိတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြင်ကွင်း

    ခေါင်းပြောင်းကမ်းလှမ်းလာတဲ့ ဝမ်ပေါင်

    ၂၀၂၅ ခုနှစ်မှာတော့ ဝမ်ပေါင်ဘက်ကနေ ခေါင်းစဉ်ပြောင်းပြီး ငွေကြေး ထပ်မံကမ်းလှမ်းခဲ့တယ်လို့ ကမ်းလှမ်းခံရတဲ့ အဖွဲ့နဲ့ နီးစပ်သူတချို့က ပြောပါတယ်။

    “အကျိုးတူစီးပွားရေး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ ငွေအပေးအယူသဘော ဆက်လုပ်နေတာလို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    တစ်ဖက်မှာလည်း ဝမ်ပေါင်ရဲ့ ဒီ ခေါင်းစဉ်ပြောင်းကမ်းလှမ်းမှုမှာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် သီးခြားထောက်ပံ့မှုတွေ မရှိတော့ဘူးလို့ ဝမ်ပေါင်နဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “အရင်ကတော့ ထောက်ပံ့ငွေသဘောနဲ့ လာမတိုက်အောင်ပဲ ပေးတာ၊ အခုကတော့ အကျိုးတူ၊ အပေးအယူလုပ်ပြီး ငွေပေးတာ” လို့ ဆိုပါတယ်။

    ဝမ်ပေါင်ကုမ္ပဏီကပေးတဲ့ ငွေကြေးကို လက်ခံထားတဲ့ အဖွဲ့တွေက အုတ်၊ သဲ၊ ကျောက်နဲ့ စီမံကိန်းထဲမှာ လုပ်ကိုင်နေသူတွေအတွက် စားနပ်ရိက္ခာတွေ ပုံမှန်ပို့ပေးရတယ်လို့ သူကဆိုပါတယ်။

    ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ငွေကြေးသဘော ညှိနှိုင်းမှုတွေလုပ်တဲ့အခါ လူချင်းတွေ့ဆုံ တိုက်ရိုက်ညှိနှိုင်းတာမျိုးမဟုတ်ဘဲ လူတစ်ဦးကို ကြားခံထားပြီး အွန်လိုင်းပေါ်ကနေပဲ ချိတ်ဆက်ညှိနှိုင်းတယ်လို့ သူက ရှင်းပြပါတယ်။

    ငွေကြေးကိစ္စတွေညှိနှိုင်းတဲ့အခါ တော်လှန်ရေးအဖွဲ့ဘက်က သူတို့နဲ့ နီးစပ်တဲ့ အရပ်သားတစ်ဦးကို အခကြေးငွေပေး၊ နာမည်ခံခိုင်းပြီး ညှိနှိုင်းစေတယ်လို့ သိရပါတယ်။

    ဝမ်ပေါင်ဘက်ကတော့ စီမံကိန်းဝင်းထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ မြန်မာစစ်တပ်ရဲ့ အရာရှိတစ်ဦးဦးက ဦးဆောင်ပြီး ညှိနှိုင်းတယ်လို့ သူက ဆက်ပြောပါတယ်။

    ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးအသိုင်းအဝိုင်းထဲမှာတော့ ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်တချို့ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့အပေါ် တော်လှန်ရေးဗန်းပြပြီး စီးပွားရေးထူထောင်ချင်တဲ့ တပ်ဖွဲ့တွေကိုပဲ ပစ်မှတ်ထား ကမ်းလှမ်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

    တစ်ဖက်မှာလည်း ဝမ်ပေါင်က ပေးတဲ့ ထောက်ပံ့ငွေကြေးကို လက်ခံယူခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ကတော့ တရုတ်က စစ်တပ်ဘက်မှာ သိသိသာသာရပ်တည်ပြခဲ့ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ဝန်းကျင်မှာ ငွေကြေးယူတာတွေကို ရပ်လိုက်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လက်ပံတောင်းတောင်စီမံကိန်းတစ်နေရာ

    ၂၀၂၄ နှစ်စပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးနဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို စစ်တပ်လက်လွှတ်ခဲ့ရပါတယ်။

    အဲဒီအချိန်ကစလို့ တရုတ်က စစ်တပ်ဘက်ကို မျက်နှာသာပေးပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ရပ်ဖို့ ဖိအားဆက်တိုက်ပေးခဲ့ပါတယ်။

    ဝမ်ပေါင်က ပေးတဲ့ ငွေကြေးကို “တော်လှန်ရေးလမ်းကြောင်း မလွဲချင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တချို့ကတော့ မယူဖို့ ဆုံးဖြတ်ခဲ့တာ၊ ဝမ်ပေါင်နဲ့ အပေးအယူ ဆက်လုပ်နေတဲ့ အဖွဲ့တွေကတော့ ရှိနေသေးတယ်” လို့ သူက ပြောထားပါတယ်။

    ဒေသအခြေစိုက် တပ်တွေကတော့ ဝမ်ပေါင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တချို့ ပတ်သက်ဆက်နွှယ်နေတဲ့ အပေါ် လုံခြုံရေးစိုးရိမ်ချက်တွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ “လူစုလူဝေး၊ အစည်းအဝေးလုပ်မယ့်နေရာတွေ ပေါက်ကြားတာရှိတယ်” လို့ ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။

    “ငွေယူထားတဲ့ အဖွဲ့တွေက ဝမ်ပေါင်ထဲကနေ ကြေးနီတွေ သယ်ထုတ်တဲ့အခါ ဟန်ပြတိုက်ခိုက်တာ၊ နေရာတွေလွဲပြီး မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်တာကြောင့် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မတည့်ကြဘူး” လို့ သူက ပြောပါတယ်။

    တစ်ဖက်မှာလည်း ဝမ်ပေါင်ရဲ့ စီမံကိန်းဝင်း ပတ်ပတ်လည်မှာ စစ်တပ်က ခြံစည်းရိုးတွေ ခတ်ထားသလို ဝင်းအထဲ ပတ်ပတ်လည်မှာလည်း ဘန်ကာတွေ ထပ်တိုးဆောက်ထားပြီး ခံစစ်ပြင်ထားတယ် ဝမ်ပေါင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    “ကာကင်းတွေအပြည့် နေရာယူထားတယ်၊ ဝမ်ပေါင်ထဲမှာ စစ်တပ်က တပ်ရင်းတစ်ရင်းထက် မကတဲ့ အင်အားနဲ့ လုံခြုံရေးယူပေးနေတာ” လို့ သူက ဆိုပါတယ်။

    CDM တွေကို ဝမ်ပေါင် ဘယ်လိုစည်းရုံးခဲ့လဲ

    ဝမ်ပေါင်ရဲ့ ကြေးနီတောင် စီမံကိန်းထဲက အရေးပါတဲ့ လုပ်ငန်းတွေအားလုံး ပြန်လည်ပတ်နေပြီလို့ သတင်းရင်းမြစ်က အတည်ပြုပြောပါတယ်။

    “တူးဖော်ရေးဌာန၊ လုံခြုံရေးဌာန၊ ကြေးပြားထုတ်တဲ့ဌာန၊ ပတ်ဝန်းကျင်ဆိုင်ရာ ဌာန၊ ကုန်ကြမ်းဌာန” စတဲ့ ဌာနကြီးတွေ အားလုံးပြန်လည်ပတ်နိုင်နေပြီလို့ သူက ဩဂုတ်လထဲမှာ ပြောပါတယ်။

    တူးဖော်ရေးဌာနကတော့ တောင်တွေကိုဖောက်ခွဲဖြိုပြီးနောက် ထွက်လာတဲ့ မြေစာပုံထဲကနေ သတ္တုရိုင်းတွေကို ရှာဖွေပေးရတဲ့ ဌာနပဲဖြစ်ပါတယ်။

    အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဝမ်ပေါင်ကုမ္ပဏီက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို ငွေကြေးမပြတ်ထောက်ပံ့ပြီး စည်းရုံးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ၂၀၂၁ ခုနှစ်အတွင်း ဝမ်ပေါင်က CDM ဝန်ထမ်းတွေကို ရာထူးအလိုက် လစာတစ်ဝက်ပေးပြီးထောက်ပံ့ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ဆက်ပြီး ထောက်ပံ့ပေးထားတယ်လို့ ဝမ်ပေါင်ကနေ CDM လုပ်ထားသူ တစ်ဦးက ပြောပါတယ်။

    “ရာထူးအလိုက် တစ်လ အနည်းဆုံး ကျပ် ၁ သိန်း ၂ သောင်းကနေ စပေးတယ်။ လစာအပြည့်မဟုတ်ပေမယ့် ရာခိုင်နှုန်းအလိုက် ထောက်ပံ့ပြီး စည်းရုံးတယ်” လို့ ဝမ်ပေါင်မှာ ကြီးကြပ်သူရာထူးနဲ့လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

    လက်ပံတောင်း ကြေးနီ စီမံကိန်း မှာ လျော်ကြေး မယူရသေး တဲ့မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ၂၀၁၅ ခုနှစ်က ခြံစည်းရိုး ခတ်ခဲ့စဥ်

    ဝမ်ပေါင်ကနေ လစဉ် ကျပ် ၂၂၀,၀၀၀ ထောက်ပံ့နေတုန်းပဲလို့ သူက ပြောပါတယ်။

    ၂၀၂၅ နှစ်ဝက်ကျော်လာချိန်မှာတော့ ဝမ်ပေါင်ရဲ့ တူးဖော်ရေးဌာနကနေ ” CDM တွေ လုပ်ငန်းခွင်ထဲ ပြန်မဝင်ရင် ထောက်ပံ့ပေးနေတဲ့ ကျပ် ၁ သိန်းကျော်ကို ဆက်မပေးမယ့်အကြောင်း ဝမ်ပေါင်ဘက်က အသံလွှင့်နေတယ်” လို့ သူက ပြောပါတယ်။

    တူးဖော်ရေးဌာနဟာ ဝမ်ပေါင် ကုမ္ပဏီရဲ့ လက်အောက်မှာ ရှိပေမယ့် အခြား တရုတ်ကုမ္ပဏီ ၂ ခုကို ကန်ထရိုက်သဘောမျိုး လုပ်ခွင့်ပေးထားတာဖြစ်ပြီး ကန်ထရိုက်ကုမ္ပဏီတွေကပဲ ဌာနရဲ့ ဝန်ထမ်းတွေအရေး စီမံတယ်လို့ ဝမ်ပေါင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    ဒါပေမဲ့ ဝမ်ပေါင်အနေနဲ့ “ဖိအားပေးတဲ့အခြေအနေတွေအားလုံးကို သိထားတယ်” လို့ သူက ထပ်ပြောပါတယ်။

    ၂၀၂၅ နှစ်ဝက်မှာ ဝမ်ပေါင်ကုမ္ပဏီထဲက ကြေးနီစီမံကိန်းထဲမှာ ဝန်ထမ်းအင်အား ၇၀ ရာခိုင်နှုန်းကျော်နဲ့ ပြန်လည်ပတ်နိုင်နေပြီး တခြား CDM လုပ်ထားတဲ့သူအားလုံး လုပ်ငန်းခွင်ပြန်ဝင်ရေးအတွက် ဝမ်ပေါင်အပါအဝင် မိတ်ဖက်ကန်ထရိုက်ကုမ္ပဏီတွေက ကြိုးပမ်းနေတယ်လို့ သူက ရှင်းပြပါတယ်။

    တစ်ဖက်မှာလည်း NUG က ဝမ်ပေါင်ရဲ့ ကြေးနီတောင်စီမံကိန်းကနေ CDM လုပ်လာတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့တာ မရှိခဲ့ဘူးလို့ ၅/ဆလက(ဆာလင်းကြီး) လူထုသပိတ်အင်အားစုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းပြီးကတည်းက NUG အနေနဲ့ ဝမ်ပေါင်ရဲ့ CDM ဝန်ထမ်းတွေအပေါ် “မြေပြင်မှာ စိတ်ပိုင်း ရုပ်ပိုင်းဖြည့်ဆည်းပေးတာ ဘာမှမရှိဘူး” လို့ သူက ပြောပါတယ်။

    NUG အနေနဲ့ “CDM လုပ်ခိုင်းရုံနဲ့ မရဘူး။ ထောက်ပံ့မှု၊ အသိအမှတ်ပြုမှုရှိဖို့လိုတာပေါ့။ မဟုတ်ရင် ဘယ်သူက ထမင်းလာကျွေးမှာလဲ” လို့ သူက ပြောထားပါတယ်။

    တစ်ဖက်မှာလည်း ဝမ်ပေါင်အပြင် ကြေးနီတောင်စီမံကိန်းထဲမှာ ပါဝင်တဲ့ တခြားကုမ္ပဏီက CDM တွေကို ထောက်ပံ့ဖို့အတွက် NUG ရဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အောက်ကနေ ဆပ်ကော်မတီ ဖွဲ့စည်းထားတယ်လို့ ပအဖနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    “CDM ကတ်ထုတ်ပေးဖို့ စာရင်းတွေကောက်ပြီးပေမယ့် ဆပ်ကော်မတီဘက်ကနေ စာရင်းအတည်ပြုမရသေးဘူး။ CDM အဝင်အထွက်တွေ များနေတာ” လို့ သူက ဆက်ပြောပါတယ်။

    ဘီဘီစီကို သတင်းရင်းမြစ်ပေးပို့တဲ့ ဓာတ်ပုံထဲမှာလည်း ဆားလင်းကြီးမြို့နယ်ရဲ့ပအဖ တံဆိပ်နဲ့ CDM နံပါတ်အမှတ်ပါတဲ့ CDM ကတ်ပြား ထုတ်ပေးထားတာကို တွေ့ရပါတယ်။

    NUG လက်အောက်ခံ မြို့နယ် ပအဖ ကနေ ဆပ်ကော်မတီတွေဖွဲ့၊ ကတ်ပြားတွေ ထုတ်ထားပေမဲ့ ဝမ်ပေါင်ကနေ CDM လုပ်ထားသူတွေကို NUG က မထောက်ပံ့ခဲ့ဘူးလို့ CDM တချို့က ပြောပါတယ်။

    ၀မ်ပေါင်က NUG လက်အောက်ခံတပ်တွေကို ငွေပေးတာရော CDM ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပါ NUG ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

    BBC Burmese